← Chapters

စစ်သ​​ေင်္ဘာတစ်စင်းနှင့်အရိုးစုတစ်စု

Vol. 13 Ch. 1245

စစ်သ​​ေင်္ဘာတစ်စင်းနှင့်အရိုးစုတစ်စု

Vol. 13 Ch. 1245

ပိုင်ရှောင်ချီမှာ ယခင်ကနှင့်မတူလောက်အောင် အသားများတုန်ရီနေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်း ပြန်ရောက်လာစဥ်ကတည်းက သူ၏ခန္ဓာကိုယ်ပေါ်တွင် ရင်းနှီးနေသော အငွေ့အသက်တစ်ခုကို အာရုံခံမိခဲ့သည်။ ထိုအငွေ့အသက်မှာ လောကနတ်ဘုရားအဆင့်သို့ သူ တက်လှမ်းနေစဥ်အတွင်း ပို၍အားကောင်းလာခဲ့သည်။

ထိုအငွေ့အသက်ကြောင့် ပိုင်ရှောင်ချန်းအား သူ ပို၍ လေးစားလာတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကိုသတိထားမိလိုက်ပြီး သူ၏အပြုအမူကို တမင်သက်သက် ပြောင်းလဲလိုက်သဖြင့် ပိုင်ရှောင်ချီ၏ရင်ထဲမှ ထိုခံစားချက်များမှာ ပျောက်ကွယ်သွားရတော့သည်။

သူ အမြင်မှားခဲ့ခြင်းသာဖြစ်ပြီး ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ အနည်းငယ် ထူးဆန်းနေခြင်းဖြစ်မည်ဟုသာ ယူဆခဲ့သည်။ သို့သော်ငြား ယခုတွင်မူ တိမ်များဖုံးနေသည့် တောင်ကြားရှေ့တွင်ရပ်နေသော ပိုင်ရှောင်ချန်းအား ကြည့်လိုက်မိသောအခါ သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။

ဤကဲ့သို့သော ကိစ္စမျိုးတွင် သူအမြင်မှားလိမ့်မည် မဟုတ်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။ သူကြည့်နေသည့်လူကား အင်မော်တယ်ဧကရာဇ် လောကတာအို မဟုတ်သည်မှာ သေချာပါသော်လည်း ထိုလူ၏အငွေ့အသက်ကြောင့် ဟင်းလင်းပြင်ကြီးပင် တုန်ရီနေရသည်။ ထိုအချင်းအရာမျိုးကို သူ၏သခင်ဖြစ်သူသာ လုပ်နိုင်လိမ့်မည်ဟု ပိုင်ရှောင်ချီက ယုံကြည်ထားသည်။

ပိုင်ရှောင်ချီ၏ မျက်လုံးများထဲတွင် ဟင်းလင်းပြင်ကြီးအပါအဝင် သူ၏ပတ်ပတ်လည်ရှိ အပျက်အစီးများအားလုံးသာမက အရာရာတိုင်း ပျောက်ကွယ်သွားကာ တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေသည့် လူရိပ်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများမှာလည်း ထိုနည်းတူပင်။ ရှေးအကျဆုံးသော အချိန်ကာလများကတည်းက သေဆုံးနေခဲ့သည့် သတ္တဝါကြီးတစ်ကောင် နိုးထလာသကဲ့သို့ ၎င်းတို့အားလုံး တုန်ရီသွားကြသည်။ ဝိညာဥ်တစ်ခု ပြန်လည်မွေးဖွားလာသဖြင့် အရာရာတိုင်း အင်မော်တယ်ဧကရာဇ်အား ဝပ်တွားခယ၍ အရိုအသေပေးလိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ရစ်ဝဲနေသော အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသည့် တောင်ကြား၏အရှေ့တွင် မလှုပ်မယှက် တိတ်ဆိတ်ငြိမ်သက်စွာရပ်နေဆဲပင်။ အဆုံးတွင် သူက မော့ကြည့်လိုက်ပြီး ထိုအခါ သူသည် စွမ်းအားကြီးမားပြီး အရပ်မြင့်မားနေသည့်ပုံစံ ပေါက်သွားတော့သည်။ သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို လှုပ်ယမ်းပစ်နိုင်ပြီး ကြယ်တာရာကောင်းကင်ကြီးကို တုန်ရီသွားအောင် ပြုလုပ်နိုင်နေပြီဖြစ်သည်။ သူ၏အငွေ့အသက်မှာ တုဖက်ကင်းလောက်အောင် ကျက်သရေအပေါင်းနှင့်ပြည့်စုံကာ ခမ်းနားထည်ဝါနေပြီး ရပ်တန့်၍ မရနိုင်သော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

အရာအားလုံး တုန်ရီနေစဥ် ပိုင်ရှောင်ချန်းမှာ ရတနာယပ်တောင်ပေါ်တွင် ရှိနေဆဲဖြစ်သည့် ပိုင်ရှောင်ချီဘက် ဖြည်းညင်းစွာ လှည့်လိုက်သည်။

သူ၏ မျက်နှာသွင်ပြင်များမှာ ပိုင်ရှောင်ချန်း၏မျက်နှာအသွင်အပြင်အတိုင်း ဖြစ်နေပါသော်လည်း ယခုတွင်မူ သူ့အား အကြိမ်အနည်းငယ်ခန့်သာ တွေ့မြင်ဖူးသည့်လူပင် သူက ပိုင်ရှောင်ချန်းမဟုတ်ကြောင်း သိလိုက်ကြမည် ဖြစ်သည်။

သူ၏မျက်ဝန်းများထဲတွင် ပိုင်ရှောင်ချန်း မပိုင်ဆိုင်ထားသည့် ရှေးကျသော အကြည့်တစ်ခုသာမက အလွန်နက်ရှိုင်းသော ပူဆွေးသောကများကိုပါ မြင်နေရသည်။ ယခုတွင် သူသည် မိုးမြေဧကရာဇ်တစ်ပါးနှင့်ပင် ဆင်တူနေပြီး သူ့အား မြင်လိုက်ရသည့်လူတိုင်း ဒူးများထောက်၍ အရိုအသေပေးကြမည့် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သွားတော့သည်။

" ရှောင်ချီ ... "

သူက ခပ်တိုးတိုးလေး ဆိုလိုက်သည်။

ပိုင်ရှောင်ချီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရှေ့သို့ ပြေးထွက်သွားတော့သည်။ ထို့နောက် ဒူးထောက်ချလိုက်ပြီး ခေါ်လိုက်တော့သည်။

" သခင် "

ပိုင်ရှောင်ချန်းမှာ ပိုင်ရှောင်ချီနှင့် သူ၏မျက်ဝန်းထဲမှ မျက်ရည်စက်များ၊ သူ၏စိတ်လှုပ်တရှားဖြစ်နေသောအမူအရာများတို့ကို အချိန်အတော်အတန်ကြာသည်အထိ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက ပြုံးလိုက်တော့သည်။ ထိုအပြုံးမှာ ခံစားချက်များစွာပါဝင်နေသည့် အပြုံးတစ်စဖြစ်ပြီး အလွန်ရှေးကျသော အချိန်များမှ အမှတ်တရများဖြင့် ပြည့်နှက်နေသည်။ သူ၏မျက်ဝန်းများထဲရှိ တောက်ပမှုများကိုကြည့်၍ သူသည် နှစ်ပေါင်းများစွာတိုင်အောင် မြင်တွေ့ခွင့်မရှိခဲ့သော အရာများအား လှည့်ပတ်ကြည့်ရှုနေသည်ကို မြင်နိုင်သည်။

" မငိုနဲ့ ရှောင်ချီ "

သူသည် ခပ်တိုးတိုးလေးဆိုလိုက်ပြီး လက်ကိုဆန့်ထုတ်၍ ကလေးတစ်ယောက်၏ ဦးခေါင်းပေါ်မှ ဆံပင်များကို လူကြီးတစ်ယောက်က လက်ဖြင့်ထိုးဖွလိုက်သကဲ့သို့ အစောင့်အရှောင်ဝိညာဥ်လေး၏ ဆံပင်ကိုထိုးဖွလိုက်တော့သည်။ ပိုင်ရှောင်ချီ၏ မျက်နှာပေါ်တွင် မျက်ရည်များထပ်၍ စီးကျလာပြီး သူသည် ရှေ့သို့တိုး၍ ပိုင်ရှောင်ချန်း၏ ခြေထောက်ကို ဖက်ထားလိုက်တော့သည်။ အကယ်၍သူသာ ထိုသို့မဖက်ထားပါက သူ၏သခင် ပျောက်ကွယ်သွားမည်ကို သူက စိုးရိမ်နေတော့သည်။

" မင်းတာဝန်ကျေပါတယ်။ ငါ့အတွက် ကောင်းမွန်တဲ့ အမွေဆက်ခံသူ တစ်ယောက်ကို မင်းရှာနိုင်ခဲ့တာပဲ... " ပိုင်ရှောင်ချန်း၏ အသံမှာ ယခင်ကကဲ့သို့ ပေါ့ပါးကာ အလေးအနက်သိပ်မထားသည့်ပုံ ပေါက်နေပါသော်လည်း တချို့တစ်ဝက်မှာ နက်နဲကာ ရှေးဆန်လွန်းနေသဖြင့် အဘိုးကြီးတစ်ယောက်နှင့်ပင် တူနေတော့သည်။

" ငါက မရှိတော့ဘူးလေ။ ကျန်ခဲ့တာတွေဆိုလို့ ငါ့မှတ်ဉာဏ်တွေနဲ့ အဲဒီမှတ်ဉာဏ်တွေထဲက အာရုံစူးစိုက်မှုတွေပဲ ရှိတော့တာ။ အဲဒါတွေကလည်း ကြာကြာခံမှာ မဟုတ်ဘူး။ ဒီတိမ်တွေဖုံးနေတဲ့ တောင်ကြားကိုသာ ငါမမြင်ခဲ့ရဘူးဆိုရင် ဒီတောင်ကြားလည်း နှစ်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကွယ်သွားတော့မှာ "

ပိုင်ရှောင်ချန်းမှာ တိမ်မည်းများ ဖုံးနေသည့် တောင်ကြားဘက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းထဲမှ အာရုံစူးစိုက်မှုမှာ ပို၍အားကောင်းလာတော့သည်။

" ရှောင်ချီရေ... မင်းရဲ့သခင်အသစ်ပြန်လာတာကို ဒီနေရာမှာပဲစောင့်နေ ... အခုကစပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်။ ပြီးတော့ လိမ်လိမ်မာမာနေ "

ပိုင်ရှောင်ချီမှာငိုကြွေးနေစဥ် ပိုင်ရှောင်ချန်းမှာ သူ၏အိမ်အဟောင်းကြီးကို ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ တောင်ကြားဆီသို့ ဦးတည်သွားတော့သည်။

သူ ရှေ့သို့ လျှောက်လှမ်းသွားသည်နှင့်အမျှ သူ၏အငွေ့အသက်မှာ ပို၍အားကောင်းလာပြီး ပို၍စွမ်းအားကြီးမားလာသဖြင့် ထိုနေရာတစ်ဝိုက်တွင် ဖိအားများစွာ ပို၍ သက်ရောက်လာတော့သည်။ တခဏအကြာ ထိုအငွေ့အသက်မှာ လောကနတ်ဘုရားအဆင့်ထက် သာလွန်သွားပြီး မိုးမြေဧကရာဇ်အဆင့်ဆီသို့ ချဥ်းကပ်လာတော့သည်။

သူ၏မှတ်ဉာဏ်များထဲမှ နောက်ဆုံးလက်ကျန် စိတ်ဆန္ဒများနှင့် အာရုံစူးစိုက်မှုများ လောင်ကျွမ်းပျက်သုဥ်းသွားသောအချိန်တွင် သူ၏စွမ်းအင်များမှာ ခေတ္တမျှ မြင့်တက်သွားတော့သည်။

အကယ်၍ ထိုနေရာတွင် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေမည်ဆိုပါက ထိုကဲ့သို့ ပြင်းအားများကို တောင့်ခံနိုင်မည်မဟုတ်ပဲ ခန္ဓာသာမက ဝိညာဥ်ပါ ချက်ချင်း ဇီဝိန်ချုပ်သွားမည်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ တောင်ကြားထဲသို့ လျှောက်လှမ်းသွားပြီး တိမ်တိုက်များနှင့် ထိတွေ့လိုက်သောအခါ ထိုခေတ္တမျှ မြင့်တက်နေသည့်စွမ်းအင်ကြီးကြောင့် အရာအားလုံး တုန်ရီသွားရတော့သည်။

တလိပ်လိပ်ထနေသည့် ထိုတိမ်တိုက်များထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်စားနိုင်သည့် စွမ်းအားများ ပါဝင်နေပါသော်လည်း ၎င်းတို့ကား မိုးမြေဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ထံမှ အရှိန်အဟုန်ဖြင့် ချီတက်လာသော စိတ်ဆန္ဒနှင့် ရင်ဆိုင်လိုက်ရသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ လုံးဝ ဒဏ်ရာမရလိုက်ပေ။ သူသည် တိမ်တိုက်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချီမှာမူ မျက်ရည်စက်လက်ဖြင့် တောင်ကြားထဲသို့လှမ်းကြည့်နေဆဲပင်။

တိမ်တိုက်များထဲတွင် ပိုင်ရှောင်ချန်းမှာ တည်ငြိမ်အေးချမ်းမှု အပြည့်ပင်။ သူသည် မဆုတ်မနစ်သော အာရုံစူးစိုက်မှုနှင့်အတူ တောင်ကြားထဲသို့ ဆက်၍လျှောက်လှမ်းသွားတော့သည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏ပတ်ပတ်လည်တွင် တလိပ်လိပ်ထနေသည့် မြူခိုးများသာရှိသည်။ အချိန်အနည်းငယ် ကြာပြီးနောက် တောင်ကြား၏ အတွင်းထဲထိ သူ ရောက်ရှိသွားသောအခါတွင် လေပေါ်၌ ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။

တခဏအကြာတွင် ထိုပုံရိပ်ကြီးကို ရှင်းလင်းစွာမြင်လိုက်ရတော့သည်။ ၎င်းသည်ကား ဧရာမစစ်သင်္ဘောကြီးတစ်စင်း ဖြစ်သည်။

ထိုစစ်သင်္ဘောကြီးကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများမှာ တောက်ပစွာ လင်းလက်လာတော့သည်။ သူသည် လမ်းဆက်လျှောက်ရင်း အရှိန်တင်လိုက်ပြီးနောက် အဆုံးသတ်တွင် သဲနှင့်ကျောက်တုံးများ၏အကြားတွင် သောင်တင်နေသည့် ပျက်စီးယိုယွင်းနေသော သင်္ဘောကြီးတစ်စင်းကို တွေ့လိုက်ရတော့သည်။

ထိုသင်္ဘောကြီးမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးသည့်ပုံပင်။ ၎င်း၏ အရောင်ကား အနက်ရောင်ဖြစ်ပြီး စုတ်ပြဲနေသည့် ရွက်များကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ၎င်းမှာ အလွန်သက်တမ်းရင့်နေပြီဖြစ်ပြီး ရှေးကျလွန်းလှသဖြင့် အင်မော်တယ်ကမ္ဘာထက်ပင် များစွာပို၍ ရှည်ကြာစွာတည်ရှိနေခဲ့သည်မှာ အသေအချာပင်။

ပိုင်ရှောင်ချန်းမှာ ထိုယိုယွင်းပျက်စီးနေသည့် ရှေးဟောင်းစစ်သင်္ဘောကြီးရှေ့တွင် နားလည်မှု အရိပ်အယောင်များတောက်ပနေသည့် မျက်ဝန်းများဖြင့် ရပ်နေသည်။ ဤတောင်ကြားထဲတွင်ရှိနေသော လျှို့ဝှက်ဆန်းကြယ်မှုများကို ယခင်ကတည်းက သူ ခန့်မှန်းခဲ့ဖူးသည်ဖြစ်ပြီး ယခု သူ၏ခန့်မှန်းချက်များ မှန်ကန်နေပြီဖြစ်သည်။

" အဲဒီတော့ " သူကရေရွတ်လိုက်သည်။

" ဒဏ္ဍာရီတွေက... တကယ်အမှန်ပဲ "

သူသည် လေပေါ်သို့ပျံတက်သွားပြီး သင်္ဘောဦးနှင့် တစ်တန်းထဲဖြစ်သွားသောအခါ သူ့ကိုကျောပေး၍ တင်ပျဥ်ခွေ ထိုင်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

၎င်းမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာထဲက သေဆုံးခဲ့ပြီးဖြစ်သည့် ရုပ်အလောင်း တစ်ခုသာဖြစ်သည်။ ၎င်းပေါ်ရှိ အဝတ်အစားများမှာ အချိန်၏တိုက်စားမှုကြောင့် စုတ်ပြဲနေပြီဖြစ်ပြီး ၎င်းမှာ တောင်ကြားထဲတွင်ပြည့်နှက်နေသည့် မြူခိုးများ၏ မူလဇာတ်မြစ်လည်း ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုရုပ်အလောင်းကို မြင်လိုက်သည်နှင့် ပင့်သက်ရှိုက်မိသွားပြီး သူ၏မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်လာတော့သည်။ ဤရုပ်အလောင်းမှာ အလွန်အိုဟောင်းနေပြီဖြစ်ပြီး ဤသင်္ဘောကြီးထက်ပင် ပို၍သက်တမ်းရင့်နေမည်မှာ အသေအချာပင်။

ထို ရှေးဆန်လွန်းလှသော ခံစားချက်ကြီးမှာ ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးထက်ပင် ပို၍သာလွန်နေတော့သည်။

ထိုရုပ်အလောင်းကြီးမှာ သေဆုံးနေပြီဖြစ်ပါသော်လည်း ၎င်း၏ အငွေ့အသက်ကြောင့် ပိုင်ရှောင်ချန်းမှာ မိုးမြေဧကရာဇ်အဆင့်ထက်ပင် သာလွန်သည့် မြင့်မြတ်ထူးကဲလှပြီး အဆုံးမဲ့သော စွမ်းအားများကို ခံစားလိုက်ရတော့သည်။

သေခြင်းတရား၏ အငွေ့အသက်နှင့် အားကောင်းလှသော ဖိအားများက ပြင်းထန်လွန်းလှသဖြင့် ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်ရှိ မိုးမြေဧကရာဇ်အငွေ့အသက်မှာ စတင်ပျက်စီးလာတော့သည်။

တချိန်ထဲမှာပင် သူသည် သေလုဆဲဆဲဖြစ်နေသည့် လူပေါင်းများစွာ၏ အော်ဟစ်မြည်တမ်းသံများကို ကြားလိုက်ရသည်။

သူ၏မျက်နှာဖြူဆုတ်သွားပြီး အားတင်း၍ ရုပ်အလောင်းနားသို့ ကပ်သွားလိုက်သောအခါ ၎င်းမှာ လုံးဝခြောက်သွေ့နေပြီဖြစ်ပါသော်လည်း ၎င်း၏နဖူးပေါ်တွင် ဒဏ်ရာတစ်ခုရှိနေသည်ကို မြင်လိုက်ရတော့သည်။

ထိုဒဏ်ရာမှာ ဤရုပ်အလောင်းသေဆုံးသွားခဲ့ရသည့် အကြောင်းအရင်း အစစ်အမှန်ဖြစ်သည်။ သူကား လက်ချောင်းတိုက်ကွက်တစ်ကွက်ထဲဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

All Chapters