← Chapters

လိမ်လိမ်မာမာနေ ရှောင်ချီ

Vol. 13 Ch. 1246

လိမ်လိမ်မာမာနေ ရှောင်ချီ

Vol. 13 Ch. 1246

ထိုစွမ်းအားကြီးကျင့်ကြံသူထံမှ ဖိအားကြီးကို သေဆုံးနေပြီဖြစ်ပြီး ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲတွင် အကာအကွယ်ယူထားသည့် အင်မော်တယ်ဧကရာဇ် လောကတာအိုပင် မခုခံနိုင်ချေ။

ယခု လောကတာအိုက အာရုံစူးစိုက်မှုနှင့် စိတ်ဆန္ဒအသွင်ဖြင့်သာ ရှိနေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းကိုယ်တိုင်မှာလည်း လောကနတ်ဘုရားအဆင့်သာ ရှိနေသေးသည်။ ထို့ကြောင့် ထိုအာရုံစူးစိုက်မှုနှင့် စိတ်ဆန္ဒတို့မှာ ၎င်းတို့၏သာမန်တိုက်ပွဲစွမ်းရည်မှ တစ်စိတ်တစ်ပိုင်းခန့်ကိုသာ ထုတ်လွှတ်ပေးနိုင်သည်။

ထို့အပြင် အင်မော်တယ်ကမ္ဘာကြီးမှာလည်း ယခုတွင် အပျက်အစီးများ ဖြစ်နေပြီ မဟုတ်ပါလော။ ထို့ကြောင့် လောကတာအိုမှာ ယခုတွင် သူ့စွမ်းအားအစစ်အမှန်၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ပိုင်ဆိုင်ထားသည်။

" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါ့ခန္ဓာကိုယ်အစစ် ဒီနေရာကိုရောက်ခဲ့ရင်တောင် ဒီရုပ်အလောင်းရဲ့ရှေ့မှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ အဲဒီရုပ်အလောင်းကို ထိလည်းထိနိုင်မှာမဟုတ်ဘူး "

သူ သင်္ဘောပေါ်သို့ပင် မတက်ရဲတော့ပေ။

အကယ်၍ ထိုသို့တက်လိုက်ပါက သူ၏ခန္ဓာသာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားမည် ဖြစ်သည်။

ဤရုပ်အလောင်းမှာ စိတ်ကူးနှင့်ပင် ပုံဖော်၍မရနိုင်လောက်သည့်အဆင့်အထိ အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေသည်။ ၎င်း၏ စွမ်းအားအဆင့်မှာ မြင့်မားလွန်းလှသဖြင့် ထိုပုဂ္ဂိုလ်အသက်ရှင်နေခဲ့စဥ်က အလွန်အစွမ်းထက်ခဲ့မည်ကို တွေးကြည့်မိရုံဖြင့် အံ့သြမှင်တက်သွားရသည်။

လောကတာအို၏ မယိမ်းယိုင်သော စိတ်ဆန္ဒမှာ ယခုတွင် တွေးနေသည်။ သူ နားမလည်သည့် အခြားအရာများစွာ ရှိနေသေးပါသော်လည်း တစ်ချက်ကိုတော့ သေသေချာချာ ရှင်းရှင်းလင်းလင်းသိသွားပြီ ဖြစ်သည်။ သူ၏နှလုံးသားထဲတွင် ယခင်ထဲကရှိနေခဲ့သည့် သံသယစိတ်ကြီးတစ်ခု ဖျောက်ဖျက်နိုင်လိုက်ပြီဖြစ်သည်။

ရုပ်အလောင်းထဲတွင် ရောယှက်နေသည့် သေခြင်းတရားစိတ်ဆန္ဒကြောင့် သူ ၎င်း၏တာအိုကို ဖော်ထုတ်သွားနိုင်ပြီဖြစ်သည်။

၎င်းမှာ သေမင်းတာအိုဖြစ်သလို ကမ္ဘာဖျက်တာအိုလည်း ဖြစ်သည်။

၎င်းမှာ အဆုံးသတ်တွင် လွန်စွာ အေးစက်ကာ တစ်ကိုယ်ကောင်းဆန်ပြီး အဖော်မဲ့နေသည့် လူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့မည့် တာအိုဖြစ်သည်။ ထိုတာအို၏ အောင်မြင်မှုမှာ ကြယ်တာရာကောင်းကင်ကြီးကိုဖျက်ဆီးကာ သက်ရှိများအားလုံးကို ချေမှုန်း၍ ရှိသမျှအရာအားလုံးကို အဆုံးသတ်လိုက်ခြင်းပင် ဖြစ်သည်။

ဘေးပတ်ပတ်လည်ရှိ တိုက်စားနိုင်စွမ်းရှိသော မြူခိုးများမှာ ပိုင်ရှောင်ချန်းကို ဖုံးလွှမ်းကာဝန်းရံပေးထားသည့် မိုးမြေဧကရာဇ်စိတ်ဆန္ဒများကို တိုက်စားနေစဥ် လေပေါ်တွင် ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေကြပြီး သူ၏အရိုးပေါ်မှ အသားများကိုဆွဲဆုတ်၍ သူ့အား ဝါးမျိုရန် စောင့်ဆိုင်းနေကြသည်ကို မြင်နိုင်သည်။

" ဒီအမည်မသိတဲ့ အနှိုင်းမဲ့တန်ခိုးရှင်ရဲ့တာအိုက သံယောဇဥ်မဲ့လူသားရဲ့ တာအိုနဲ့တူတူပဲလား… "

လောကတာအိုမှာ ဤရုပ်အလောင်းအားတွေ့လိုက်ရပြီး ၎င်း၏တာအိုကို ဖော်ထုတ်သွားနိုင်သောအခါ သူ၏ မေးခွန်းအများစုအတွက် အဖြေများပေါ်လာတော့သည်။

" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုံးက သံယောဇဥ်မဲ့လူသားက ဒီနေရာထဲကိုဝင်ရောက်ပြီး သေသွားခဲ့ရမှာ။ ဒါပေမဲ့ သူက မသေသွားပဲနဲ့ အံ့သြမှင်တက်စရာကောင်းတဲ့ အခွင့်အရေးကောင်းတစ်ခုကို ရသွားခဲ့တာပဲ။ ကြည့်ရတာ ... သူဒီရုပ်အလောင်းကို တို့ထိခဲ့တာပဲ ဖြစ်ရမယ် "

ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ကို ဝန်းရံနေသည့် မိုးမြေဧကရာဇ်စိတ်ဆန္ဒမှာ ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်၍ မကြာမီ သူက ဤမြူခိုးများနှင့် ထိသွားတော့မည်ဖြစ်သည်။

" အဲဒါကို ဒီလောက်စွမ်းအားကြီးတဲ့ ကျင့်ကြံသူကို ဘယ်သူကသတ်နိုင်ခဲ့တာလဲ... "

လောကတာအိုမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုရုပ်အလောင်းကို အချိန်အနည်းငယ်ခန့်ထပ်၍ ငုံ့ကြည့်လိုက်ပြီး ၎င်းထံမှပေါ်ထွက်နေသည့် မိုးထိုးလုမတတ် မြင့်မားနေသော သေမင်းစိတ်ဆန္ဒများကို ဆက်၍အာရုံခံလိုက်သည်။ သို့သော်လည်း မည်သည့်အဖြေကိုမှ ထပ်၍မဖော်ထုတ်နိုင်ခဲ့ပေ။ ထို့အပြင် ဘယ်သောအခါမှ ထပ်၍ဖော်ထုတ်နိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သူကသိသွားသည်။

ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည့် မဆုတ်နစ်သော အာရုံစူးစိုက်မှုစီးကြောင်းမှာ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် သူ၏အတွေးများမှာ လုံးဝကျန်ရှိနေတော့မည် မဟုတ်ပေ။ သူ၏နတ်ဘုရားဝိညာဥ်နှင့် အပြင်ခန္ဓာကိုယ်တို့မှာ အတိတ်က ပျက်စီးသေဆုံးခဲ့ပြီဖြစ်၍ ယခုတွင် သူ၏အသိစိတ် အနည်းငယ်မျှသာ ပြန်ရောက်လာခြင်း ဖြစ်သည်။

သူသည် သက်ပြင်းချလိုက်ပြီး နောက်သို့လှည့်၍ သင်္ဘော၏ဝေးရာနှင့် တောင်ကြားထဲရှိ တိမ်တိုက်များ၏အပြင်သို့ ထွက်သွားတော့သည်။

သူ ထိုသို့ထွက်ခွာသွားစဥ် သူ၏အသံမှာ သူ၏နောက်တွက် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့တော့သည်။

" သံယောဇဥ်မဲ့လူသား ... မင်းက... မင်းရောဟုတ်သေးရဲ့လား။ တကယ်လို့ ဟုတ်သေးတယ်ဆိုရင်လည်း သင်္ဘောထဲက ရုပ်အလောင်းကြီးရဲ့ အမွေဆက်ခံသူ ဖြစ်သွားခဲ့တာလား "

" ဘာဖြစ်လို့ အဲဒီရုပ်အလောင်းကသေသွားခဲ့ပေမဲ့ သူ့တာအိုက အသက်ဆက်ရှင်နေခဲ့ပြီး ကံ၊ကံရဲ့အကျိုးကြောင့် ပြန်လည်မွေးဖွားလာတယ်လို့ ငါကထင်နေရတာတုန်း ... "

တောင်ကြားအပြင်ဘက်တွင် ပိုင်ရှောင်ချီမှာ မလှုပ်မယှက်ရှိနေဆဲဖြစ်ပြီး ဝဲကတော့ပမာ လည်ပတ်နေသောတိမ်တိုက်များကိုကြည့်၍ သူ့ဘဝ၏ အရေးကြီးဆုံးလူပုဂ္ဂိုလ် ပြန်ထွက်လာသည်ကို စောင့်ဆိုင်းနေဆဲပင်။ သူ၏စိတ်နှလုံးထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသည်။ တစ်ဖက်တွင် သူသည် တဖန်ပြန်ပေါ်ထွက်လာခဲ့သည့် သူ၏သခင်ဟောင်းဖြစ်သော အင်မော်တယ်ဧကရာဇ်လောကတာအိုအား တွေ့ချင်နေသည်။ အခြားတစ်ဖက်တွင်လည်း ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကြောင့် အန္တရာယ်နှင့်ကြုံရမည်ကို သူက မမြင်ချင်ပေ။

မကြာသေးမီက ပိုင်ရှောင်ချန်း၏နှုတ်မှ လောကတာအိုပြောခဲ့သည့် စကားများကြောင့် သူ၏စိတ်နှလုံး ပျော့ပြောင်းသွားရပါသော်လည်း တချိန်ထဲမှာပင် သူ၏စိတ်ထဲတွင် ခံစားချက်ပေါင်းစုံပေါ်ထွက်လာရပြီ ဖြစ်သည်။

သူသည် အကြာကြီးမစောင့်လိုက်ရပဲ အဆုံးတွင် တိမ်တိုက်များအကြားမှ လူတစ်ယောက် လမ်းလျှောက်၍ ထွက်ပေါ်လာတော့သည်။ စစချင်း ပိုင်ရှောင်ချီမှာ ထိုလူကို သေသေချာချာ မမြင်ရသဖြင့် စိုးထိတ်သွားပြီး နှလုံးခုန်မြန်လာတော့သည်။

သို့သော် တခဏအကြာတွင် သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။ ထိုလူကား ပိုင်ရှောင်ချန်းပင်။

" သခင် "

ပိုင်ရှောင်ချီက အံ့အားသင့်စွာအော်ခေါ်လိုက်ပြီး စိုးစိုးထိတ်ထိတ်နှင့် ရှေ့သို့ ပြေးထွက်သွားတော့သည်။ ထိုလူက လောကတာအို ဟုတ်၊ မဟုတ်ကိုမူ သူ သေချာ မသိပေ။

သူသည် မျက်လုံးများမှိတ်လျက်သားဖြင့် တိမ်တိုက်များအကြားမှ ပေါ်ထွက်လာပြီးနောက် အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေလေသည်။ ပိုင်ရှောင်ချီကမူ မည်သည့်စကားမှ မပြောရဲသဖြင့် မတ်တတ်သာ ရပ်နေတော့သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လောက် ကုန်ဆုံးသွားပြီးနောက် မိုးမြေဧကရာဇ်အငွေ့အသက် လွင့်ပါးပျောက်ကွယ်စပြုလာတော့သည်။ အနည်းငယ်မျှသာ ကျန်ရစ်ခဲ့ပါသော်လည်း ထိုအနည်းငယ်လေးမှာ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိပြီး အထူးကဲဆုံးသောစွမ်းအားတစ်ခုကို ထုတ်လွှတ်နေဆဲပင်။

ထိုနေရာတစ်ဝိုက်တွင် လေများမှာ ဝဲဂယက်တစ်ခုကဲ့သို့ ချာချာလည်နေဆဲဖြစ်ပြီး ဟင်းလင်းပြင်ကြီး တုန်ရီသွားသည်။ ပိုင်ရှောင်ချီ မှတ်မိသလောက်ဆိုလျှင် သူအာရုံခံမိနေသည့် အငွေ့အသက်မှာ သူ၏သခင်ဟောင်းဖြစ်သော လောကတာအို၏ အငွေ့အသက်နှင့် တစ်ပုံစံထဲပင်။

ပိုင်ရှောင်ချီ မည်သည့်အရာမှ မလုပ်နိုင်ခင် ပိုင်ရှောင်ချန်းမှာ မျက်လုံးများပွင့်လာတော့သည်။ ထိုမျက်လုံးများမှာ အလွန်ရှေးကျကာ နက်နဲသိမ်မွေ့လှပြီး လွန်ခဲ့သော နှစ်ပေါင်းကုဋေကုဋာမှနေ၍ လှမ်းကြည့်နေသကဲ့သို့ပင်။ သူက ပြန်လည်မွေးဖွားလာသည့်ပုံစံနှင့်ပင် တူနေတော့သည်။

ထိုရှေးကျမှုထဲတွင် အိမ်၊ မိသားစု၊ မိတ်ဆွေများနှင့် ချစ်ရသူများကိုဆုံးရှုံးခဲ့ရသည့် ပူဆွေးသောကများ ရောယှက်နေသည်။ ကူရာကယ်ရာမဲ့ပြီး ဇဝေဇဝါဖြစ်နေရသည့် ဝမ်းနည်းမှုမျိုးဖြစ်သည်။

ယခုလောလောဆယ်တွင် သူ၏ရှေ့တွင်ရပ်နေသူမှာ ပိုင်ရှောင်ချန်းမဟုတ်ပဲ သူ၏သခင်ဟောင်းဖြစ်ကြောင်း ပိုင်ရှောင်ချီမှာ လုံးဝသေချာသွားတော့သည်။ သူသည် စိတ်လှုပ်တရှားဖြင့် ဒူးထောက်အရိုအသေပေးလိုက်ပြီး မျက်ရည်စက်များမှာ သူ၏နှာခေါင်းပေါ်မှ မြေပြင်ပေါ်သို့ ကျဆင်းလာတော့သည်။

ပိုင်ရှောင်ချန်းမှာ လက်ကိုဆန့်ထုတ်ကာ ပိုင်ရှောင်ချီ၏ ဆံပင်ကိုထိုးဖွလိုက်တော့သည်။

" အာ ရှောင်ချီရယ် " သူကညင်သာစွာ ဆိုလိုက်သည်။

" ငိုနေပြန်ပြီလား "

ပိုင်ရှောင်ချီမှာ ထိုစကားသံကိုကြားလိုက်ရသောအခါ ချုံးပွဲချငိုလိုက်ပြီး ရှေ့သို့တွားသွားကာ ကလေးတစ်ယောက်က သူ၏ဖခင်၏ခြေထောက်ကို ဖက်လိုက်သကဲ့သို့ ပိုင်ရှောင်ချန်း၏ခြေထောက်ကို ဖက်ထားလိုက်တော့သည်။

" မငိုပါနဲ့ ရှောင်ချီရယ် " ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင် နွေးထွေးသောအပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

" မင်းတာဝန်ကျေပါတယ် ကလေးရယ်။ နှစ်ပေါင်းများစွာတိုင်အောင် မင်းအတွက်မလွယ်ကူခဲ့တာ ငါသိပေမဲ့ မင်း အခုထက်ပိုပြီး ကောင်းအောင်နေလို့ရပါတယ်။ တကယ်တော့ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်လေးက ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ။ မှန်ကန်ဖြောင့်မတ်မှုတွေနဲ့ နိုးကြားနေတဲ့ စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်ဆိုလည်း မမှားဘူး။ သူက ခံ့ညားထယ်ဝါပြီး ဂုဏ်ကျက်သရေနဲ့ပြည့်စုံတဲ့အပြင် ငါ့ထက်အများကြီးပိုပြီး အရည်အချင်းရှိတယ်။ တကယ့်ကို ရှားမှရှား လက်ရွေးစင်သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာတာပဲ "

သူထိုသို့ပြောဆိုနေစဥ်တွင် ပိုင်ရှောင်ချီမှာ အငိုရပ်သွားပြီး ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် လောကတာအို၏ ထင်မြင်ယူဆချက်များကြောင့် အနည်းငယ် အံ့အားသင့်သွားရသည့်ပုံပေါ်လာတော့သည်။

" သခင် ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က... " ပိုင်ရှောင်ချီမှာ စကားပင်ဆုံးအောင် မပြောရသေးချိန်တွင် ကြားဖြတ်၍ဝင်ပြောခံလိုက်ရတော့သည်။

" သူ ငါ့ခေတ်တုံးက အသက်မရှိခဲ့တာ တော်တော်ဆိုးတာပဲ။ နို့မို့ဆို ငါ မိုးမြေဧကရာဇ်ဖြစ်လာမှာ မဟုတ်လောက်ဘူး ဒါပေမဲ့ သူသာ အဲဒီအချိန်တုံးက ရှိခဲ့မယ်ဆိုရင် တခြားကိစ္စရပ်တွေရဲ့ အဆုံးသတ်တွေက ပြောင်းလဲသွားနိုင်ခြေ အများကြီးရှိတယ် "

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် အတိတ်ကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များ ထင်ဟပ်နေပြီး သူခံစားနေရသော ပူဆွေးသောကများကိုလည်း အတိုင်းသား မြင်နေရသည်။

ပိုင်ရှောင်ချီမှာ ကြားဖြတ်၍ ဝင်ပြောရန်ပြင်လိုက်ပါသော်လည်း သူခံစားနေရသည့် ဝမ်းနည်းမှုများကို မြင်လိုက်ရသောအခါ မပြောတော့ပဲ သူ့ကိုယ်သူ ပြန်လည်ချုပ်တည်းလိုက်သည်။ သို့သော် အဘယ့်ကြောင့် အင်မော်တယ်ဧကရာဇ်မှာ ပိုင်ရှောင်ချန်းအား ဤကဲ့သို့ အထင်ကြီးနေရသည်ကို သူကလုံးဝ နားမလည်နိုင်ပေ။ ထို့နောက် သူသည် သူမြင်တွေ့ခဲ့ရသည့် ပိုင်ရှောင်ချန်းမှာ သူရဲကောင်းမဆန်သောပုံစံ ရှိနေသည့် ပိုင်ရှောင်ချန်းများဖြစ်နေမလားဟု တွေးတောနေမိတော့သည်။

" ငါသွားရတော့မယ်။ ဒါပေမဲ့ ငါထွက်မသွားခင် မင်းကို နောက်ဆုံးတာဝန်တစ်ခုပေးဖို့ ရှိတယ်... "

ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်ရှောင်ချီအား အလွန်တည်ကြည်စွာ စိုက်ကြည့်လိုက်တော့သည်။

ထိုအခါ အစောင့်အရှောက်ဝိညာဥ်လေးမှာ ဤတာဝန်ကို သိရရန် မစောင့်ဆိုင်းနိုင်တော့သည့်အလား သူ၏ မျက်နှာ အလွန်တည်ကြည်သွားတော့သည်။

" ငါ့စကားတွေကိုမှတ်ထား။ အခုကစပြီး မင်းပိုင်ရှောင်ချန်းရဲ့စကားကို အမြဲတမ်းနာခံရမယ်။ သူ့ကို လုံးလုံး မလှည့်စားနဲ့။ သူပြောသမျှ စကားတိုင်းကို သေချာနားထောင်ပြီး သူခိုင်းသမျှအကုန်လုံးကို လုပ်ပေးလိုက်။ သူပေးတဲ့ အမိန့်တိုင်းကို ငါ့ဆီကလာတဲ့ အမိန့်တွေအတိုင်း မင်းသဘောထားရမယ်။ သူက မင်းကိုတစ်ခုခု ခိုင်းပြီဆိုရင် အစွမ်းကုန်လုပ်ပေးလိုက်။ သူတစ်ခုခုကို လိုချင်ပြီဆိုရင်လည်း မင်းက အတတ်နိုင်ဆုံးကူညီပေးလိုက်။ သူ့ကိုယုံကြည်ပေး။ သူ့ကို တခြားလူတွေ အနိုင်ကျင့်နေရင် သွားကယ်ပေး။ သူနဲ့အတူတူရှိရတာ မင်းအတွက် အကောင်းဆုံး အခွင့်အရေးပဲ ရှောင်ချီ "

" ပြီးတော့ သူ့ကိုပျော်အောင်ထားဖို့ မင်းအကောင်းဆုံးကြိုးစား။ အဲဒါဆို မင်းလည်းပျော်ရွှင်ရလိမ့်မယ်။ သူ့နဲ့တူတူ ပျော်ရွှင်မှုတွေရော ပူဆွေးသောကတွေကိုပါ မျှဝေခံစား။ သူ မပျော်မရွှင်ဖြစ်နေပြီဆိုရင် သူ့အတွက်ကူပြီး ဝမ်းနည်းပေးလိုက်။ ကောင်းပြီရှောင်ချီ။ ဒါမင်းအတွက် ငါ့ရဲ့နောက်ဆုံးတာဝန်ပဲ။ မင်းလက်ခံမှာလား "

သူထိုသို့ပြောပြီးသွားသည့်အချိန်တွင် သူ၏လေသံမှာ လုံးဝခက်ထန်ကာ မရွှင်မပျဖြစ်နေပြီဖြစ်သည်။

ပိုင်ရှောင်ချီမှာ အနည်းငယ်ဆွံ့အနေရပြီဖြစ်ပြီး အကယ်၍ သူရှင်းရှင်းလင်းလင်း အာရုံခံမိနေသည့် အငွေ့အသက်ကြောင့်သာမဟုတ်ပါက ဤစကားများကို ပြောနေသူမှာ လောကတာအို မဖြစ်နိုင်ဟု သံသယဝင်မိမည်ပင်ဖြစ်သည်။

ယခုတွင်မူ သူသည် သူ့သခင်၏မျက်ဝန်းထဲမှ တည်ကြည်လွန်းလှသော အကြည့်ကို ကြည့်လိုက်ပြီး အံကြိတ်၍ ဆိုလိုက်တော့သည်။

" ဟုတ်ကဲ့ပါ ဆရာ "

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်မှ တည်ကြည်သောအမူအရာ ပျောက်ဆုံးသွားပြီးနောက် စင်ကြယ်သော နွေးထွေးမှုများက အစားထိုးဝင်ရောက်လာသည်။ သူသည် ပိုင်ရှောင်ချီ၏ ဆံပင်ကို နောက်ထပ်တစ်ကြိမ် ထိုးဖွပေး၍ နှုတ်ဆက်အားပေးစကားအနည်းငယ် ဆိုလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်တော့သည်။ ပိုင်ရှောင်ချီမှာမူ ယခုသည် သူ၏သခင်ကိုမြင်ရမည့် နောက်ဆုံးအကြိမ်ဖြစ်ကြောင်းသိ၍ သူ၏စိတ်နှလုံးမှာ တဆစ်ဆစ်နာကျင်နေရတော့သည်။

ပိုင်ရှောင်ချန်းက သူ၏မျက်လုံးများကို မှိတ်လိုက်ပြီးနောက် တစ်ခဏမျှ တင်းမာမှုများ မြင့်တက်လာပြီး မျက်လုံးများပြန်ပွင့်လာသောအခါ ထိုတင်းမာမှုများ ပျောက်ကွယ်သွားတော့သည်။

သူသည် ပိုင်ရှောင်ချီ၏ ရိုးသားမှုကို စိတ်ပူနေသည့်ပုံဖြင့် ထပ်ပြောလိုက်တော့သည်။

" ငါအခု ထွက်သွားရမှာဆိုပေမဲ့ မင်းကို အခွင့်သင့်ရင် သင့်သလို ပြန်လာကြည့်ပါ့မယ်... "

ပိုင်ရှောင်ချီမှာ ဆွံ့အနေပြီး ငေးကြည့်နေစဥ် ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်လိုက်ပြီး မျက်လုံးများ ပြန်မှိတ်သွားတော့သည်။

All Chapters