အလွန်အကျူး သရုပ်ဆောင်ခြင်း
Vol. 13 Ch. 1247
ပိုင်ရှောင်ချီမှာ အနည်းငယ်သံသယများဝင်လာပြီး တွေဝေနေသည့်ပုံပေါ်လာတော့သည်။ သူသည် သူ့သခင်ဟောင်း၏ အငွေ့အသက်ကို အာရုံခံမိခဲ့သည်မှာ သေချာပါသော်လည်း ယခု သူ ကြားလိုက်ရသည့် စကားများမှာ အရှက်မဲ့ပြီးလိမ်လည်လှည့်ဖျားတတ်သည့် ပိုင်ရှောင်ချန်းသာ ပြောမည့်စကားများနှင့် တစ်ထေရာထဲတူနေသည်။
လောကတာအိုမှာ သမိုင်းတစ်လျှောက်ရှိ စွမ်းအားအကြီးဆုံး မိုးမြေဧကရာဇ်များထဲမှ တစ်ယောက်ဖြစ်သည်။ အဘယ်ကြောင့် ဤကဲ့သို့ အံ့သြဖွယ်ရာကောင်းလွန်းလှသည့် စကားများကို သူ ပြောပါမည်နည်း။
သို့သော်လည်း ပိုင်ရှောင်ချီမှာ ထိုအငွေ့အသက်ကြောင့် မည်သည်ကိုမှ တပ်အပ်မပြောနိုင်လောက်အောင် ဖြစ်နေရတော့သည်။
ပိုင်ရှောင်ချီတစ်ယောက် တွေဝေကာ ငေးကြည့်နေစဥ် ပိုင်ရှောင်ချန်းမှာ မျက်လုံးများမှိတ်ကာ ညှို့မှိုင်းသောအမူအရာဖြင့် မလှုပ်မယှက် မတ်တတ်ရပ်နေပြီး သူ့ကိုယ်သူ ကျေနပ်နေ၏။ လောကတာအို၏ မဆုတ်မနစ်သောစိတ်ဆန္ဒမှာ သူ၏ခန္ဓာကိုယ်အား ခေတ္တမျှ ထိန်းချုပ်သွားခဲ့ပါသော်လည်း တချိန်လုံး သူ အသိစိတ်ရှိနေခဲ့သည်ဖြစ်ပြီး အရာရာတိုင်းအား သူ၏ခန္ဓာကိုယ်ပြင်ပမှနေ၍ လိုက်လံကြည့်ရှုနေခဲ့သည်။ စစချင်း သူ အံ့အားသင့်သွားခဲ့ရပြီး အထူးသဖြင့် ပိုင်ရှောင်ချီ၏ မျက်ရည်များကြောင့် အလွန်အံ့သြသွားခဲ့ရသည်။ ထိုအချိန်က ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် အေးစက်စက်နှာမှုတ်လိုက်ပြီး အလေးသိပ်မထားခဲ့ပေ။ သူသည် သူ၏ခန္ဓာကိုယ်က ထိုတိမ်တိုက်များထဲသို့ ဝင်သွားကာ အထီးကျန်နေသော သင်္ဘောကြီးနှင့် ၎င်းပေါ်ရှိရုပ်အလောင်းတို့ကို ကြည့်နေခဲ့ရသည့်အတွက် သူ၏စိတ်ထဲတွင် ကြောက်စိတ်များသာစိုးမိုးနေခဲ့သည်။ ပိုင်ရှောင်ချန်းမှာ လောကတာအိုအာရုံခံနိုင်ခဲ့သည့် အရာရာတိုင်းကို အာရုံခံမိခဲ့သည်။
ထိုအချင်းအရာများအားလုံးကြောင့် သူ၏စိတ်နှလုံးထဲတွင် ပူဆွေးသောကများနှင့် အကြောက်တရားများကြီးစိုးလာပြီး ချုံးပွဲချ ငိုကြွေးခဲ့ရသည်။ ထိုတောင်ကြားထဲရှိ မြူခိုးများမှာ အလွန်အန္တရာယ်များလွန်းသည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်၏ ပတ်ပတ်လည်တွင် ဝန်းရံနေသည့် အကာအကွယ်စိတ်ဆန္ဒကို တဖြည်းဖြည်းချင်း ဖျက်ဆီးနေခဲ့သည် မဟုတ်ပါလော။ ထိုမြူခိုးများထဲမှ အပြင်သို့ထွက်လာသည့်အချိန်တွင်မှ လောကတာအို၏ မဆုတ်မနစ်သောစိတ်ဆန္ဒမှာ လွင့်ပါးပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ လောကတာအိုမှာ ပိုင်ရှောင်ချန်းကို မည်သည့်နည်းနှင့်မျှ မလွှမ်းမိုး မချုပ်ကိုင်နိုင်တော့ပေ။ အဆုံးသတ်တွင် ပိုင်ရှောင်ချန်းမှာ အခွင့်အရေးကောင်းတစ်ခု ရသွားတော့သည်။ လောကတာအို၏ မဆုတ်မနစ်သောစိတ်ဆန္ဒမှာ အချိန်အနည်းငယ်မျှသာ သူနှင့်အတူရှိနေခဲ့ပါသော်လည်း သူ၏အငွေ့အသက်အချို့ ကျန်ရစ်ခဲ့သည်။ ပိုင်ရှောင်ချန်းမှာလည်း ထိုအငွေ့အသက်ကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ရှိသွားခဲ့သည်။ သူသည် အချို့ကဏ္ဍများတွင် လောကတာအိုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
သူသည် လောကတာအို၏တိုက်ပွဲစွမ်းရည်ကို မပိုင်ဆိုင်ထားပါသော်လည်း ထိုအငွေ့အသက်ကိုအသုံးချ၍ အခြားလူများ၏ စိတ်နှလုံးထဲသို့ အကြောက်တရားများကို ရိုက်သွင်းနိုင်မည်မှာ သေချာပေါက်ပင်။
ထိုအချင်းအရာကို သူ နားလည်သွားစဥ် ပိုင်ရှောင်ချီတစ်ယောက် သူ၏ရှေ့တွင် ဝေခွဲမရဖြစ်နေခဲ့သည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချီတစ်ယောက် လောကတာအို၏ခြေထောက်ကို မလွှတ်တမ်းဖက်ထားခဲ့သည့် ပုံရိပ်ကို ပြန်လည်တွေးတောမိလိုက်သည်။ ထိုဖြစ်ရပ်မျိုးကို သူယခင်က တစ်ခါမှမကြုံခဲ့ဖူးသဖြင့် လောကတာအိုအသွင် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ လိမ်ဆင်မှာ ပိုင်ရှောင်ချီအား အံ့အားသင့်သွားစေခဲ့ပါသော်လည်း အလုပ်ဖြစ်သည့်ပုံပင်။ ထိုလိမ်ဆင်ကြောင့် အနာဂတ်တွင် အစောင့်အရှောင်ဝိညာဥ်လေးအား ပို၍လွယ်ကူစွာ ထိန်းချုပ်နိုင်တော့မည်ဟု ထင်ရပေသည်။
ပိုင်ရှောင်ချန်းမှာ ဤဖြစ်ရပ်များအားလုံးကြောင့် ဝမ်းမြောက်နေပြီး အထူးသဖြင့် တောင်ကြားထဲမှ ဘေးမသီရန်မခ ပြန်ထွက်လာနိုင်ခဲ့သည်ဖြစ်၍ အပျော်ကြီးပျော်နေ၏။ ယခုတွင်မူ သူ ဘေးကင်းကြောင်း သေချာသွားပြီဖြစ်၍ မျက်လုံးများကို အချိန်အနည်းငယ်ထပ်၍ မှိတ်ထားလိုက်ပြီးမှ ပြန်ဖွင့်လိုက်တော့သည်။
ထို့နောက် သူ၏ဟန်ဆောင်မှုကို ပို၍ပီပြင်စေရန်အတွက် စီခနဲအော်ဟစ်လိုက်ပြီး ဘေးဘီဝဲယာသို့ အလန့်တကြား လှည့်ပတ်ကြည့်ရှုလိုက်တော့သည်။
" ဘာဖြစ်သွားတာလဲ။ သောက်ကျိုးနည်း ဘာလို့ ငါက ဒီမှာ ရပ်နေရတာတုန်း။ ငါအိပ်ပျော်သွားပြီးတော့ ဘာကိုမှမမှတ်မိနိုင်လောက်အောင် ဖြစ်သွားတာပါလား "
သူသည် မျက်နှာဖြူဆုတ်သွားပြီး အကြောက်တရားများပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ရတနာယပ်တောင်ကြီးထံ အရှိန်ကုန်ထုတ်၍ ပျံသန်းသွားတော့သည်။
ပိုင်ရှောင်ချီမှာ ယခုတွင် ယခင်ကထက်ပင် ပို၍သံသယရှိနေပြီ ဖြစ်သော်လည်း အမှန်တရားကို ဖော်ထုတ်နိုင်မည့် နည်းလမ်းမရှိပေ။ ထို့ကြောင့် သူသည် သက်ပြင်းသာချလိုက်ပြီး ကံစီမံရာအတိုင်း လက်ခံလိုက်ကာ ပိုင်ရှောင်ချန်းနောက်သို့လိုက်၍ ယပ်တောင်ကြီးထံ ပြန်သွားလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ သူ အနည်းငယ်ခန့်ပို၍ လွန်လွန်ကျူးကျူး သရုပ်ဆောင်ခဲ့မည်ကို စိုးရိမ်နေသည်။ ၎င်းမှာ သူ၏အားနည်းချက်တစ်ခု မဟုတ်ပါလော။ ယပ်တောင်ပေါ်သို့ပြန်ရောက်သောအခါ သူသည် ပိုင်ရှောင်ချီအား တည်ကြည်စွာကြည့်လိုက်ပြီး သူ သတိလစ်သွားပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့်အရာများနှင့် ပတ်သတ်၍ မေးခွန်းမျိုးစုံ မေးမြန်းလိုက်တော့သည်။
ယခင်ကဆိုလျှင် ပိုင်ရှောင်ချီမှာ သူ့ကို အမှန်အတိုင်း လုံးဝပြောမည် မဟုတ်ပေ။ အကယ်၍ အမှန်အတိုင်းပြောပြခဲ့မည်ဆိုလျှင်တောင် အသေးစိတ် ရှင်းပြမည် မဟုတ်သည်မှာ အသေအချာပင်။ ပိုင်ရှောင်ချန်းမှာ သူ့အား နာမည်ပြောင်းသည့် ဗျူဟာနှင့် မခြိမ်းခြောက်သရွေ့ သူ အချိန်ဖြုန်းနေမည် မဟုတ်ပေ။
သို့သော် ယခုတွင်မူ သူ၏သခင်က သူ့အားပေးခဲ့သည့် နောက်ဆုံးတာဝန်မှာ သူ၏အတွေးထဲတွင် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် အရာအားလုံးကို ရှင်းပြလိုက်ပြီး အင်မော်တယ်ဧကရာဇ်၏ နောက်ဆုံးစကားများကို သူ့နည်းသူ့ဟန်ဖြင့် ပြန်၍ပြောပြလိုက်တော့သည်။
" လောကတာအိုက မင်းကို ဒုက္ခရောက်စေလိုတဲ့ဆန္ဒ အလျဥ်းမရှိပါဘူး။ သူ့ရဲ့ မဆုတ်မနစ်တဲ့စိတ်ဆန္ဒ လွင့်ပါးပျောက်ကွယ်နေတုန်းကဆိုရင် မင်းကိုတောင် ချီးကျူးသွားခဲ့သေးတာ "
ပိုင်ရှောင်ချီမှာ ပိုင်ရှောင်ချန်းတစ်ယောက် လောကတာအိုအား စိတ်ဆိုးနေမည်စိုး၍ ထိုအခြေအနေနှင့်ပတ်သတ်၍ အနည်းငယ်ရှင်းပြရန် ပြင်လိုက်သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ဆတ်ခနဲတုန်ရီသွားပြီး သူ၏လက်ကိုဝှေ့ယမ်းကာဆိုလိုက်သဖြင့် ပိုင်ရှောင်ချီမှာ အံ့အားသင့်သွားရသည်။
" အဲဒီလောက်ကတော့ ပြောနေစရာတောင် မလိုပါဘူး။ လောကတာအိုက ငါ့ဆရာဆိုလည်း ဟုတ်တာပဲကို။ သူသာမရှိရင် ငါသေနေတာ ကြာလှပေါ့။ ပြီးတော့ ငါလောကနတ်ဘုရားအဆင့်ကို လုံးဝတက်လှမ်းနိုင်မှာတောင် မဟုတ်ဘူး "
" သူကသာ ငါ့ခန္ဓာကိုယ်ကို သုံးချင်တယ်ဆိုရင် အချိန်မရွေးသုံးလို့ရတယ်။ အဲဒီအဘိုးကြီးအတွက် ဘယ်အရာကိုမဆို ရင်ဆိုင်ကျော်ဖြတ်ဖို့ အသင့်ပဲ။ အင်မော်တယ် ဧကရာဇ် လောကတာအိုကသာ အမိန့်ပေးမယ်ဆိုရင် ပိုင်ရှောင်ချန်းဆိုတဲ့ငါက မျက်တောင်တစ်ချက်တောင် မခတ်စေရဘူး "
" ငါက ကျေးဇူးတရားနဲ့ အငြှိုးအတေးဆိုတဲ့ အရာနှစ်ခုကြားထဲက ခြားနားချက်ကို သိတဲ့လူပါကွ။ သူငါ့အတွက် လုပ်ပေးခဲ့တဲ့အရာတွေကို ငါ့တစ်ဘဝလုံးစာ အမှတ်ရနေမှာပါ "
သူသည် နှလုံးသားထဲမှ ထွက်ပေါ်လာသော ရိုးသားမှုအပြည့်ဖြင့် ဆိုနေသည့်အလား သူ၏ စကားသံမှာ အလွန် အံ့သြဖွယ်ကောင်းလှပြီး သမာဓိအပြည့်ရှိနေ၏။ ထို့ကြောင့် ပိုင်ရှောင်ချီမှာ အလွန်အမင်း စိတ်နှလုံးလှုပ်ရှားသွားရပြီး ရုတ်တရက် ပိုင်ရှောင်ချန်းအား အလွန်လေးစားသွားတော့သည်။
" သခင် "
ပိုင်ရှောင်ချီမှာ ရိုးစင်းနုံအလွန်းသူဖြစ်၍ ချက်ချင်းပင် လောကတာအိုပြောခဲ့သည့် ပိုင်ရှောင်ချန်း၏ အကြောင်းများကို ပြန်၍တွေးတောမိလိုက်တော့သည်။ ထိုအချိန်တွင် သူသည် လောကတာအိုမှာ ပိုင်ရှောင်ချန်းအပေါ်တွင် ကြီးကြီးမားမား လွှမ်းမိုးသွားခဲ့မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ ယခု သူ မြင်နေရသည့် ပိုင်ရှောင်ချန်းမှာ စောစောက လောကတာအိုဖော်ပြခဲ့သည့် အချင်းအရာများနှင့် တစ်ထေရာထဲ ထပ်တူကျနေသည် မဟုတ်ပါလော။
သူသည် စိတ်လှုပ်တရှားဖြင့် လောကတာအို သူ့အားခိုင်းစေခဲ့သည့်အတိုင်း လိုက်လုပ်ကာ ပိုင်ရှောင်ချန်းအား အစွမ်းကုန် ဂရုစိုက်မည်ဟု သူ့ကိုယ်သူ ကတိပေးလိုက်တော့သည်။
သူသည် စိတ်အားတက်ကြွစွာဖြင့် ချက်ချင်းပင် ယပ်တောင်ကြီးအား ထိန်းချုပ်လိုက်ပြီး မကြာသေးမီက ပိုင်ရှောင်ချန်း အမိန့်ပေးခဲ့သည့်အတိုင်း စွမ်းအားအကုန်ထုတ်၍ အမြန်ဆုံးနည်းဖြင့် ထိုယပ်တောင်ကြီးအား ဟင်းလင်းပြင်ထဲတွင် မောင်းနှင်စေလိုက်တော့သည်။
ထိုအချင်းအရာများ ဖြစ်ပျက်နေစဥ် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အားပေးအားမြှောက်ပြုနေသည့် အပြုံးတစ်ပွင့် ပေါ်လာတော့သည်။ သူသည် ယခင်ကထက်ပို၍ အံ့သြဖွယ်ရာကောင်းသွားပြီဖြစ်သောကြောင့် သူ့ကိုယ်သူကျေနပ်နေပြီး တင်ပျဥ်ခွေထိုင်ချလိုက်တော့သည်။ ယခု သူသည် လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားပြီဖြစ်ပါသော်လည်း သူ၏ အဓိကရည်ရွယ်ချက်ပန်းတိုင်မှာ မပြောင်းလဲသေးပေ။
သုံးဆယ်ရောင်ခြယ်မီးတောက်ကို သူ ဖန်တီးချင်နေဆဲပင် ဖြစ်သည်။
သူသည် နှစ်ဆယ့်ကိုးရောင်ခြယ်မီးတောက်တွင် ရှေ့မဆက်နိုင်အောင် ပိတ်ဆို့နေသည့် အတားအဆီးတစ်ခုနှင့် ကြုံနေရသည်။ ၎င်းမှာ အဆင့်မြင့်သော ကျင့်ကြံခြင်းအခြေခံတစ်ခု ရှိရန်လိုအပ်သည့် အတားအဆီးမျိုးဖြစ်သည်။ ယခုတွင် သူသည် လောကနတ်ဘုရားအဆင့်သို့ ရောက်သွားပြီဖြစ်၍ နှစ်ဆယ့်ကိုးရောင်ခြယ်မီးတောက်ဖန်တီးနည်း အပေါ်တွင် အာရုံအပြည့်စိုက်လိုက်ပြီး အမျိုးမျိုးသော နိမိဖတ်ခြင်းအတတ်များနှင့် တွက်ချက်မှုများကို ပြုလုပ်လိုက်သည်။ ယခုတွင် သူသည် ထိုတွက်ချက်မှုများကို လောကနတ်ဘုရားအဆင့် နတ်ဘုရားအာရုံဖြင့် အားဖြည့်ပေးနိုင်စွမ်းရှိနေပြီဖြစ်၍ အရာရာတိုင်းမှာ ယခင်ကထက် ပို၍ လျင်လျင်မြန်မြန်၊ ပို၍အကျိုးရှိရှိ ပြီးစီးသွားကြတော့သည်။
သိပ်မကြာခင် ထိုဖန်တီးနည်းအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လိုက်ပြီးနောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဥ်အမြောက်အမြားကို ထုတ်ယူလိုက်တော့သည်။
သူ ကောင်းကင်ဧကရာဇ်အဆင့်တွင် ရှိခဲ့စဥ်က သူ့ကျရှုံးမှုများ၏ တစ်စိတ်တစ်ပိုင်းမှာ ဖန်တီးနည်း၏အခက်အခဲကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံသည် စိုက်ထုတ်ရသောအားကို လောက်ငှစွာ ထုတ်မပေးနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုပြဿနာများအားလုံးကို သူ ဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။ သူ၏မီးတောက်ဖန်တီးခြင်း လုပ်ငန်းစဥ်များမှာ ယခင်ထက်များစွာပို၍ ချောချောမွေ့မွေ့ ပြီးဆုံးသွားတော့သည်။ တစ်လတိတိကုန်ဆုံးသွားပြီး ယပ်တောင်ကြီးမှာ အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများကြားထဲမှ ပျံထွက်လာစဥ် မျက်စိကျိန်းမတတ် စူးရှတောက်ပနေသည့် အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအလင်းရောင်ကား နှစ်ဆယ့်ကိုးရောင်ခြယ်မီးတောက်ပင်ဖြစ်သည်။
" ပန်းတိုင်ရောက်တော့မယ်။ အခုငါ သုံးဆယ်ရောင်ခြယ်မီးတောက်တစ်ခုကိုပဲ လိုတော့တာ... "
ထိုနှစ်ဆယ့်ကိုးရောင်ခြယ်မီးတောက်အား သူ၏လက်ဖမိုးပေါ်ရှိ ပိုင်ဟောက်၏အမှတ်သားထဲသို့ ထည့်သွင်းလိုက်သောအခါ ပိုင်ဟောက်၏ သက်စောင့်အားများ စတင်လှုပ်ရှားလာသည်ကို အာရုံခံမိလိုက်သဖြင့် သူ ကျေနပ်အားရသွားတော့သည်။ သူ့အား အသက်ပြန်သွင်းနိုင်ရန်အတွက် အတားအဆီးအနည်းငယ်ကိုသာ ချိုးဖျက်ရန်လိုတော့သည့်အလားပင်။
သူသည် စိတ်လှုပ်တရှားဖြင့် သုံးဆယ်ရောင်ခြယ်မီးတောက်ကို တစ်ခါထဲ ဆက်လက်ဖန်တီးရန် ပြင်လိုက်ပါသော်လည်း ရုတ်တရက် သူ၏အမူအရာ ပြောင်းလဲသွားရတော့သည်။ သူသည် ဟင်းလင်းပြင်ကြီးထဲသို့ လှမ်းကြည့်လိုက်ပြီး သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါ ဆွဲငင်အားများ ပေါ်ထွက်လာပြီး ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုမှာ အောက်သို့ အိကျသွားသည်။ အချိန်များပင် နဂိုအတိုင်းမဟုတ်တော့ပဲ ပုံပျက်သွားသကဲ့သို့ ဖြစ်သွားသောကြောင့် ပိုင်ရှောင်ချီမှာ အံ့သြတုန်လှုပ်သွားရသည်။ သို့သော် ပိုင်ရှောင်ချီမှာ သူတို့ကြုံတွေ့နေရသည့် ဖြစ်ရပ်ကြီးကို သဘောပေါက်မိသွားဟန်တူပြီး ယပ်တောင်ကြီးအား ရှေ့သို့ ပို၍လျင်မြန်စွာ မောင်းနှင်လိုက် တော့သည်။ ထိုစဥ် လောကနတ်ဘုရားအလင်းတန်း ဒါဇင်ပေါင်းများစွာ ဟင်းလင်းပြင်ကြီးထဲသို့ ပျံထွက်သွားကြသည်။
" လောကနတ်ဘုရားအဆင့် ကျေးကျွန်တွေ " ပိုင်ရှောင်ချန်းမှာ အရောင်လက်နေသည့် မျက်ဝန်းများဖြင့် အော်ဟစ်လိုက်သည်။ ထိုအခါ သူ၏ လောကနတ်ဘုရားအဆင့် ကျေးကျွန်နှစ်ယောက် ပေါ်ထွက်လာပြီး ယပ်တောင်ကြီးပေါ်သို့ ပျံတက်၍ ဟင်းလင်းပြင်ကြီးထဲသို့ ဦးတည်သွားလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် အာကာသအချိန်တို့ ပုံပျက်နေသည့်နေရာမှ သရဲအဘွားကြီး၏ အော်ဟစ်သံ ပဲ့တင်ထွက်လာတော့သည်။
" တောက်ကွာ။ ခင်ဗျားကြီးက ဘယ်တော့မှ လက်လျှော့မှာတုန်း။ ဒီနေရာမှာ ကျုပ်ကိုချုံခိုတိုက်ခိုက်ဖို့ စီစဥ်ထားတာ ကျုပ်ဖြင့် မယုံနိုင်ဘူး "
ယခင်ကဆိုလျှင် ပိုင်ရှောင်ချန်းမှာ အသိစိတ်ပျောက်လုမတတ် ကြောက်လန့်နေမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် လောကနတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်၍ ယုံကြည်မှုများ ပြည့်နှက်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ဆူပွက်နေသည့် တိုက်ခိုက်လိုစိတ်များဖြင့် ဟင်းလင်းပြင်ထဲသို့ လှမ်းကြည့်လိုက်တော့သည်။