← Chapters

အင်မော်တယ်ဧကရီကို ကိုင်တွယ်ခြင်း

Vol. 13 Ch. 1248

အင်မော်တယ်ဧကရီကို ကိုင်တွယ်ခြင်း

Vol. 13 Ch. 1248

" ကဲ အင်မော်တယ်ကမ္ဘာက သူ့ဆီမှာ နောက်ဆုံးကျန်နေတဲ့ ချီစီးဆင်းမှုအနည်းငယ်ကို ငါ့ဆီပေးအပ်ခဲ့တယ်။ လောကတာအိုကလည်း ငါ့ကိုကြင်ကြင်နာနာ ဆက်ဆံခဲ့တာ။ သူ့တာအိုလက်တွဲဖော်က အသေဆိုးနဲ့သေခဲ့ရတယ်။ ခံစားချက်ကို ရှေ့တန်းတင်ပြီးပဲ တွေးတွေး၊ အကျိုးသင့်အကြောင်းသင့်ပဲ တွေးတွေး ငါသူ့ကိုတိုက်ခိုက်မနေသင့်ဘူး "

ပိုင်ရှောင်ချန်းမှာ တရားမျှတမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များကို လုံးလုံးလျားလျား လျစ်လျူရှုတတ်သည့် လူစားမျိုး မဟုတ်ပေ။ အနှီသရဲအဘွားကြီးမှာ သူ့အား ထပ်ခါထပ်ခါ တိုက်ခိုက်ခဲ့ပြီး သတ်ရန် ဆန္ဒပြင်းပြနေသည်မှာ သေချာနေပါသော်လည်း ကျေးဇူးတရားကို သူ သိသေးသည်။

ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တိုက်ခိုက်လိုစိတ်များကို ချုပ်တည်းကာ လောကနတ်ဘုရားကျေးကျွန်များအား ရပ်တန့်ရန်အမိန့်ပေးလိုက်သည်။ ထို့အပြင် သူ၏လောကနတ်ဘုရားအလင်းတန်းဆယ်တန်းကိုလည်း အာကာသအချိန် ချုပ်နှောင်ခံထားရသည့် နေရာသို့မရောက်ခင် ရပ်တန့်သွားအောင်ပြုလုပ်လိုက်သည်။ ထို့နောက် ဤအဘွားကြီး သူ၏နောက်သို့လိုက်၍ သူ့ကိုသတ်ရန် ကြိုးစားနေသည်ကို ရပ်တန့်နိုင်မည့်နည်းလမ်းအား စဥ်းစားလိုက်တော့သည်။ သို့သော် သူ များများစားစား မတွေးတောနိုင်ခင်မှာပင် ဟင်းလင်းပြင်ကြီးမှာ တဖြည်းဖြည်းကျယ်လောင်လာသည့် သရဲအဘွားကြီး၏ အော်ဟစ်သံများကြောင့် အက်ကွဲသွားသည့်ပုံစံ ပေါ်လာတော့သည်။

အဆုံးသတ်တွင် သူမက ဆွဲငင်အားပုံပျက်နေသည့် နေရာတွင် မသဲမကွဲနှင့် ပေါ်ထွက်လာတော့သည်။ သို့သော် သူမ၏ပုံရိပ်က ချက်ချင်းပင် ရှင်းလင်းပြတ်သားသွားပြီး ပိုင်ရှောင်ချန်းဆီသို့ ရှေးရှု၍လာလိုက်တော့သည်။

သူမ၏အမြန်နှုန်းမှာ အံ့သြဖွယ်ကောင်းလွန်းလှသဖြင့် တစ်ခဏလေးအတွင်း ရတနာယပ်တောင်ကြီးနှင့် မီတာရာဂဏန်းအနည်းငယ်သာ ကွာဝေးတော့သည့် အနေအထားသို့ ရောက်ရှိသွားသည်။ သို့သော် ထိုအကွာအဝေးထိသာ သူမ သွားနိုင်သည့် ပုံပင်။ သူမကို ပုံပျက်နေသည့် ဆွဲငင်အားက ချုပ်နှောင်ထားဆဲဖြစ်၍ သူမ၏ပုံစံမှာ ရှည်မျောမျောနှင့် ဆန့်ထွက်နေသကဲ့သို့ ဖြစ်နေသည်။

ပိုင်ရှောင်ချန်းမှာ အစတွင် ထိတ်လန့်သွားရပါသော်လည်း သူမသည် သူ့အား ယာယီမျှ လိုက်၍မဖမ်းနိုင်တော့ကြောင်း သိလိုက်ရသောအခါ ချောင်းဟန့်လိုက်ပြီး ယပ်တောင်၏အစွန်းနားသို့ လျှောက်သွားကာ လက်များယှက်၍ ဦးညွှတ်လိုက်တော့သည်။

" ဂုဏ်ကျက်သရေရှိလှပါသော အင်မော်တယ်ဧကရီ ခင်ဗျား။ ကျွန်တော်က ပိုင်ရှောင်ချန်းပါ။ ကျွန်တော်က မြင့်မြတ်လှတဲ့ လောကတာအိုဆီက တာအိုအမွေကို လက်ခံရရှိခဲ့ပြီး အင်မော်တယ်ကမ္ဘာကြီးရဲ့ နောက်ဆုံးလက်ကျန် ချီစီးဆင်းမှုအနည်းငယ်ကိုလည်း ပိုင်ဆိုင်ထားတာပါ။ အရှင်မကို ကျွန်တော် အရင်က စော်ကားမိခဲ့တယ်ဆိုတာ သိပေမဲ့ အဲဒီအမှားကို ကျွန်တော် ပြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် "

သူသည် ရိုးသားမှုအပြည့်ဖြင့် တစ်ဖန်ထပ်၍ လက်ယှက်လိုက်ပြီး ဦးညွှတ်လိုက်ပြန်သည်။

သို့သော် သူပြန်ရလိုက်သည့် တစ်ခုတည်းသော တုံ့ပြန်မှုသည်ကား ဒေါသတကြီးအော်ဟစ်သံတစ်သံသာ ဖြစ်သည်။ ယခင်ကနှင့် မတူညီသည့်အချက်မှာမူ ဤတစ်ခေါက်တွင် သူမ၏ ထိုစူးရှသောအော်သံများထဲတွင် အန္တရာယ်ပြုလိုသည့် စကားသံများ ပါဝင်နေခြင်းပင်ဖြစ်သည်။

" ငါ... နင့်ရဲ့ဝိညာဥ်ကို လိုချင်တယ် "

သူမ၏စကားသံမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူမသည် ပိုင်ရှောင်ချန်းအား သတ်ချင်နေသည်မှာ သူက သူမ၏လက်အောက်ငယ်သံများထံမှ ဝိညာဥ်များကို ခိုးယူခဲ့ခြင်းကြောင့်မဟုတ်ပဲ သူ၏ဝိညာဥ်က ထူးခြားနေသဖြင့် သူမ၏စိတ်ထဲတွင် လောဘစိတ်များနှင့် သူ့ကိုဝါးမျိုလိုသည့်ဆန္ဒများဖြင့် ဖုံးလွှမ်းသွားရခြင်း ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူမ၏စကားကို ကြားလိုက်ရသောအခါ သူ၏မျက်ဝန်းများမှာ အရောင်လက်သွားပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တော့သည်။ သူသည် သရဲအဘွားကြီးကိုကြည့်၍ စိတ်မပါလက်မပါ မေးလိုက်တော့သည်။

" အရှင်မခင်ဗျား။ တကယ်လို့ ကျွန်တော်သာ အရှင်မကို ကျွန်တော့်ရဲ့ဝိညာဥ်ကို မပေးဘူးဆိုရင် အရှင်မက တကယ်ပဲ ကျွန်တော့်ကိုသတ်နိုင်တဲ့အချိန်အထိ လိုက်ဖမ်းနေတော့မှာလား "

ဤတစ်ခေါက်တွင်လည်း သူပြန်ရလိုက်သည့် တစ်ခုတည်းသော တုံ့ပြန်မှုသည်ကား သူ၏ အချိန်လွှမ်းမိုးမှုနယ်မြေကို အက်ကွဲသွားစေသည့် ဒေါသများဖြင့်တုန်ရီနေသည့် အော်ဟစ်သံတစ်သံသာ ဖြစ်သည်။ ထိုသရဲအဘွားကြီးမှာ အချိန်မရွေး လွတ်ထွက်လာတော့မည်ဖြစ်သည်။

" အင်မော်တယ်ဧကရာဇ်လောကတာအိုက ကျွန်တော့်ရဲ့ ရင်နှီးရတဲ့မိတ်ဆွေတစ်ယောက်လေဗျာ။ အင်မော်တယ်ဧကရီ … အရှင်မဆီမှာ ကျန်ရစ်ခဲ့တဲ့တစ်ခုထဲသောအရာက စုတ်ပြတ်သပ်နေပြီး ခန္ဓာမရှိတော့တဲ့ ဝိညာဥ်လေးတစ်ခုပဲရှိတော့တာ။ အရှင်မက ပြောင်းလဲသွားပြီပဲ။ အရှင်မက ခွင့်လွှတ်ပေးလို့မရနိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်လိုက်တာပဲ "

သူသည် လုံးဝတွေဝေမနေပဲ ရှေ့သို့လှမ်းသွားလိုက်ပြီး သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်၍ သူ၏လောကနတ်ဘုရားအဆင့် ကျေးကျွန်နှစ်ယောက်အား ချက်ချင်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်း လောကနတ်ဘုရားအဆင့်ရှိသော တိုက်ပွဲစွမ်းရည်မှာ ဖျက်ဆီးနိုင်စွမ်းအပြည့်ဖြင့် ပေါ်ထွက်လာတော့သည်။

ထစ်ချုန်းသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းမှာ လောကနတ်ဘုရားအလင်းတန်း ဆယ်တန်းကို ချုပ်တည်းထားရာမှ လွှတ်ပေးလိုက်သောအခါ ၎င်းတို့မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တလက်လက်တောက်ပသွားပြီး လောကနတ်ဘုရားအဆင့် ကျေးကျွန်များနှင့် ပူးပေါင်း၍ သရဲအဘွားကြီးအား တိုက်ခိုက်လိုက်ကြတော့သည်။

ထိုသရဲအဘွားကြီး ရုန်းကန်၍ လွတ်ထွက်လာချိန်တွင် လောကနတ်ဘုရားအဆင့်ကျေးကျွန်များ၏ နတ်ဘုရားစွမ်းရည်များနှင့် အသက်ကိုနှုတ်ယူနိုင်လောက်အောင် စွမ်းအားကြီးမားသော လောကနတ်ဘုရားအလင်းတန်းတို့က သူမ၏ခန္ဓာကိုယ်အား ဖောက်ထွင်းသွားတော့သည်။

ထိုအခါ သရဲအဘွားကြီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တစ်စစီပြိုကွဲသွားပြီး ပေါက်ကွဲသွားတော့သည်။

သူမ၏ခန္ဓာကိုယ် ပျက်စီးသွားသောအခါ အနက်ရောင်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ထိုနေရာတစ်ဝိုက်ကို လွှမ်းခြုံသွားသည်။ တချိန်ထဲမှာပင် သူမ၏နောက်တွင် မီးပင်လယ်တစ်စင်း ပေါ်ထွက်လာပြီး ဒေါသများကြောင့် ရှုံ့မဲ့ကာ အဆုံးမဲ့သော ရူးသွပ်မှုများနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည့် ချောမောလှပသော မျက်နှာတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

ထိုမျက်နှာကြီးက ငယ်သံပါအောင်အော်ဟစ်လိုက်သောအခါ ထွက်ပေါ်လာသည့် အသံလှိုင်းများမှာ အနက်ရောင်မီးတောက်များကို မရေမတွက်နိုင်လောက်အောင် များပြားသော သရဲဦးခေါင်းများအသွင်သို့ ပြောင်းလဲသွားစေလိုက်သည်။ ထိုသရဲဦးခေါင်းများမှာ ပါးစပ်ကြီးများဟ၍ တောင်များကိုပြိုလဲသွားစေနိုင်ပြီး ပင်လယ်များကိုခန်းခြောက်သွားစေနိုင်သည့် စွမ်းအားမျိုးဖြင့် ပိုင်ရှောင်ချန်းထံ ပျံသန်းလာသည်။

ပိုင်ရှောင်ချန်းကမူ ခေါင်းသာယမ်းလိုက်၏။ အင်မော်တယ်ဧကရီ၏ စွမ်းအားများမှာ အံ့သြစရာကောင်းသည့်ပုံပေါ်ပြီး ယခင်က သူ ချက်ချင်းထွက်ပြေးရလောက်အောင် ကြောက်မက်ဖွယ်ကောင်းခဲ့ပါသော်လည်း ယခုတွင်မူ သူတွေးပူနေစရာ မရှိတော့ကြောင်း သိလိုက်ပြီ ဖြစ်သည်။

" ထွက်သွားပါ " သူက ဆိုလိုက်သည်။

" ကျွန်တော် အရှင်မကို အခွင့်ရေးတစ်ခု ထပ်ပေးမယ် "

သို့သော် အင်မော်တယ်ဧကရီမှာ နောက်သို့ဆုတ်မသွားပေ။ ထို့အပြင် သူမသည် မီးပင်လယ်ထဲမှ သရဲမျက်နှာများကိုပင် ထပ်၍ စေလွှတ်နေတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွားသော်လည်း သူကိုယ်တိုင် မတိုက်ခိုက်ပေ။ သူသည် ရတနာယပ်တောင်ကြီးထဲသို့ နတ်ဘုရားအာရုံအချို့ ထည့်သွင်းလိုက်သောအခါ ၎င်းထဲရှိ အထီးကျန်နေသော လှေကလေး ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲတွင် ပြန်၍ထွက်ပေါ်လာသည်။ ထိုလှေကလေးမှာ အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး ယပ်တောင်၏ ပတ်ပတ်လည်တွင် လှည့်ပတ်၍ ၎င်းနှင့်ထိတွေ့မိသမျှ သရဲမျက်နှာအားလုံးကို ဖျက်ဆီးနေတော့သည်။ မရေမတွက်နိုင်သော သရဲမျက်နှာများစွာကို ဖျက်ဆီးလိုက်ပြီးနောက် ၎င်းမှာ ဦးတည်ချက်ပြောင်းလိုက်ပြီး အင်မော်တယ်ဧကရီဘုရင်မဆီသို့ တည့်မတ်စွာ သွားလိုက်တော့သည်။

ထိုအခါ သူမ၏မျက်ဝန်းထဲမှ ဒေါသစိတ်များ ပို၍ပြင်းထန်လာကာ သူမသည် ရုတ်တရက် တစ်စစီကြေမွသွားပြီး အဖြူရောင်မီးအိမ်များအသွင် ပြောင်းလဲသွားသည်။ ထို့နောက် ထိုမီးအိမ်များ၏ စွမ်းအားများ လွင့်ပျံသွားကာ ဟင်းလင်းပြင်ကြီး၏ သဘာဝ၍ဥပဒေသများကိုပြောင်းလဲလိုက်ပြီး ၎င်းတို့နှင့်ထိတွေ့မိသမျှအရာအားလုံးကို စက္ကူများအသွင် ပြောင်းလဲလိုက်တော့သည်။

လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှစ်ယောက်မှာလည်း ထိုသို့ပြောင်းလဲခံလိုက်ရပြီး အထီးကျန်နေသော လှေကလေးမှာမူ စက္ကူဘဝသို့မရောက်သွားပါသော်လည်း သိသိသာသာ နှေးကွေးသွားသည်။ အင်မော်တယ်ဧကရီကမူ ထိုလှေကို ရှောင်တိမ်းကာ ယပ်တောင်ကြီးဆီသို့ ပျံသန်းလာပြီး သူမ၏ စူးရှချွန်ထက်နေသောသရဲလက်ကြီးဖြင့် ပိုင်ရှောင်ချန်းအား လှမ်း၍ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

" တော်လောက်ပြီ "

သူက စူးရှစွာစိုက်ကြည့်၍ ဆိုလိုက်တော့သည်။ သူသည် တချိန်လုံး စွမ်းအားအပြည့်ထုတ်မသုံးပဲ ချုပ်တည်းနေခဲ့ရသည်ဖြစ်၍ ယခုတွင် စိတ်မရှည်တော့ပေ။ သူသည် လောကတာအို မဟုတ်ပေ။ ထို့အပြင် ယခုဖြစ်ရပ်များကြောင့် လောကတာအို၏ မဆုတ်မနစ်သောစိတ်ဆန္ဒမှာ သူ့အပေါ်သက်ရောက်မှု မရှိတော့ကြောင်း သူကသိလိုက်ပြီဖြစ်သည်။ အကယ်၍ ထိုစိတ်ဆန္ဒသာ ရှိနေသေးပါက ၎င်း၏လွှမ်းမိုးမှုကို သူ သတိထားမိမည်သာဖြစ်သည်။

တစ်ဖက်တွင် သူသည် ထိုအချင်းအရာကို စမ်းသပ်နိုင်ရန်အတွက် ဤအခြေအနေကိုအသုံးချနိုင်ရန် မျှော်လင့်ခဲ့သည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း သူသည် ကျေးဇူးတရားကို ရန်ငြိုးဖြင့် ပြန်လည်တုံ့ပြန်လိုစိတ် လုံးဝရှိမနေခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူသည် သည်းမခံနိုင်တော့သည့် အနေအထားသို့ ရောက်သွားရပြီဖြစ်သည်။

သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ အင်မော်တယ်ဧကရီ၏ အမုန်းဝိညာဥ် သူ၏အနားသို့ ချဥ်းကပ်လာသောအခါ သူ၏ရှေ့သို့လှမ်းလိုက်ပြီး လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သူက မြန်ဆန်လွန်းလှသည့်အတွက် သူမအား ဖောက်ထွက်သွားပြီး သူမ၏နောက်တွင် ပြန်၍ပေါ်လာတော့သည်။ ထို့နောက် သူသည် မျက်နှာအမူအရာတစ်ချက်ပင်မပျက်ဘဲ အော်ဟစ်နေသော အင်မော်တယ်ဧကရီဆီသို့ သူ၏လက်ကိုမြှောက်လိုက်ပြီး ရှေ့သို့အသာအယာတွန်းလိုက်သည်။

ထိုလှုပ်ရှားမှုလေးတစ်ခုကြောင့် သူ၏လက်ပတ်ပတ်လည်တွင် ဧရာမလေပွေကြီးတစ်ခု ပေါ်ထွက်လာပြီး အင်မော်တယ်ဧကရီ၏ ဝိညာဥ်မှာ သူ့ထံသို့ ဆွဲငင်ခံလိုက်ရသဖြင့် တဂျုန်းဂျုန်း မြည်သံများ ပဲ့တင်ထွက်လာတော့သည်။

သူမ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ စတင် ရှုံ့တွလာပြီး သူမ၏နှုတ်မှ စူးရှသောအော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းကမူ လေပေါ်တွင် အမူအယာမပျက် ရစ်ဝဲနေပြီး သူ၏လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများထွက်ပေါ်လာရာ အင်မော်တယ်ဧကရီ၏ ခန္ဓာမရှိသော ဝိညာဥ်မှာ တုန်ရီနေတော့သည်။

ထိုဝိညာဥ်မှာ ဤစွမ်းအားအဆင့်အတန်းကို မခုခံနိုင်သဖြင့် တစ်စစီကြေမွသွားပြီး တိမ်တိုက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုတိမ်တိုက်ကြီးအား ဖွဲ့စည်းထားသည့် အသေးစားဝိညာဥ်လေးများမှာ အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးသွားကြတော့သည်။

ထိုဝိညာဥ်များမှာ ကုဋေနှင့်ချီလောက်အောင် များပြားနေပြီး အရာရာတိုင်းကို ဖုံးလွှမ်းသွားတော့သည်။ အချို့မှာ ပိုင်ရှောင်ချန်းအပေါ်သို့ ခုန်အုပ်လိုက်ကြပါသော်လည်း အများစုမှာ ထွက်ပြေးရန်သာ ကြိုးစားနေကြသည်။ ထို့အပြင် ထိုဝိညာဥ်များထဲမှ မည်သည့်ဝိညာဥ်မှာ အင်မော်တယ်ဧကရီဖြစ်ပြီး မည်သည့်ဝိညာဥ်မှာ သူမ၏ဝိညာဥ်ထဲတွင် နစ်မြုပ်နေခဲ့သည့် အသေးစားဝိညာဥ်များဖြစ်ကြောင်း ခွဲခြားရန် မဖြစ်နိုင်ချေ။

ပိုင်ရှောင်ချန်းမှာမူ မျက်မှောင်ကြုတ်သွားသည်။ အင်မော်တယ်ဧကရီသာ လွတ်မြောက်သွားမည်ဆိုပါက သူ့အား လိုက်လံနှောင့်ယှက်နေဦးမည်ဖြစ်ပြီး အကယ်၍ ထာဝရအင်မော်တယ်နယ်မြေထဲထိ လိုက်၍ဖမ်းနေမည်ဆိုပါက မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ တက်လာနိုင်ကြောင်းကို သူကသိသည်။

ထို့ကြောင့် သူသည်ခေါင်းယမ်းလိုက်ပြီး မျက်လုံးများမှိတ်လိုက်သောအခါ သူ၏အငွေ့အသက် ပြောင်းလဲသွားကာ တစ်ပြိုက်နက်ထဲဆိုသလိုပင် ပြန့်ထွက်သွား၍ ထိုနေရာတစ်ဝိုက်တွင် ကြီးမြတ်သောအငွေ့အသက်တစ်ခုဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းမှာ လောကတာအို၏ အငွေ့အသက်ပင်ဖြစ်သည်။

ပိုင်ရှောင်ချီမှာ ဆတ်ခနဲ တုန်ရီသွားပြီး ထိုနေရာတစ်ဝိုက်ရှိ မရေမတွက်နိုင်သော ဝိညာဥ်များစွာ ရပ်တန့်သွားကြသည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက တစ်ခုတည်းသောဝိညာဥ်အပေါ်သို့ ကျရောက်သွားသဖြင့် ဝိညာဥ်များအားလုံး တုန်တုန်ရီရီဖြင့် သူ့အား လှမ်းကြည့်လိုက်ကြတော့သည်။

၎င်းမှာ အမျိုးသမီးတစ်ယောက်၏ ဝိညာဥ်ဖြစ်သည်။ သူမ၏ပုံစံမှာ သာမန်သာဖြစ်သော်လည်း သူမ၏နဖူးပေါ်တွင် အနက်ရောင်အမှတ်အသားတစ်ခု ရှိနေသည်။ သူမသည် ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်စဥ် သူက ပျောက်ကွယ်သွားပြီး သူမ၏ ရှေ့တွင်ပြန်၍ပေါ်လာသည်။ ထို့နောက် သူသည်လက်ကိုဆန့်ထုတ်၍ သူမအား ဖမ်းဆုပ်လိုက်ပြီး သူ၏ထည့်စရာအိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

သူမမှာ ဧကန်မုချ အင်မော်တယ်ဧကရီဖြစ်မည်ဟု သူ တထစ်ချယုံကြည်ထားသည်။

သူသည် သူမအားဒဏ်ရာရအောင် မလုပ်ပဲ ဖမ်းရုံသာဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူသည် ပတ်ပတ်လည်ရှိ ဝိညာဥ်ပင်လယ်ကြီးအား အရောင်လက်နေသည့် မျက်ဝန်းများဖြင့် ဝေ့ဝိုက်ကြည့်လိုက်တော့သည်။

" ငါက အင်မော်တယ်ဧကရီကိုတော့ မထိခိုက်စေချင်ပါဘူး။ ဒါပေမဲ့ မင်းတို့တွေကတော့... ငါ့ရဲ့မီးတောက်ဖန်တီးတဲ့နေရာမှာ အကြီးအကျယ် ကူညီပေးနိုင်မှာ။ မင်းတို့ကိုတော့ ငါ စိတ်ဝင်စားတယ်ကွ "

သူသည် ချောင်းဟန့်ကာ လက်တစ်ဆုပ်စာမျှရှိသော ဝိညာဥ်စုစည်းဆေးလုံးများကို ထုတ်ယူလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ လှမ်းပစ်၍ ဝိညာဥ်များကို လိုက်လံစုစည်းလိုက်တော့သည်။

All Chapters