ဒါတွေအားလုံး ငါ့တပည့်အတွက်
Vol. 13 Ch. 1249
ဤတိုးချဲ့ထားသော ဟင်းလင်းပြင်ခရီးစဥ်တွင် ပိုင်ရှောင်ချန်း၏ တစ်ခုတည်းသောပန်းတိုင်မှာ သုံးဆယ်ရောင်ခြယ်မီးတောက်ကို ဖန်တီး၍ သူ၏တပည့်ပိုင်ဟောက်ကို အသက်ပြန်သွင်းရန် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားစဥ် သူသည် နှစ်ဆယ့်ကိုးရောင်ခြယ်မီးတောက်များ ထပ်မံဖန်တီးပြီး တဆက်တည်း လောကနတ်ဘုရားအဆင့်ကို တည်ငြိမ်အောင် ဆောင်ရွက်လိုက်သည်။ လမ်းတစ်လျှောက် သူသည် သူ၏ပန်းတိုင်နှင့် နီးကပ်သည်ထက် နီးကပ်လာတော့၏။
သူ၏မြင့်မားသော ကျင့်ကြံခြင်းအခြေခံက သုံးဆယ်ရောင်ခြယ်မီးတောက်နှင့်စပ်လျဥ်းသော သူ၏နိမိတ်များအား ပို၍လျင်မြင်စွာ အောင်မြင်မှုရရှိကြောင်း သေချာစေသည်။ သူ၏ယခင်အသိအမြင်များနှင့် အတွေ့အကြုံများအားလုံး ထည့်တွက်လျှင် ဖန်တီးနည်းကား သူ၏စိတ်ထဲတွင် တဖြေးဖြေးပုံပေါ်လာတော့သည်။
အရောင်သုံးဆယ်က အထွတ်အထိပ်အဆင့်ဟုတ်၊မဟုတ် ယခုထက်ထိ သူ မသိသေးပေ။ မကြာခင် သူသည် ဖန်တီးနည်းကို အချောသတ်သွားနိုင်သည်။
ဝိညာဥ်များနှင့်ပတ်သက်၍လည်း ထပ်မံစိတ်ပူနေစရာမလိုတော့ပေ။ အင်မော်တယ်ဧကရီကို ဖမ်ဆီးခဲ့ပြီး သူမ စုဆောင်းခဲ့သည့် မရေတွက်နိုင်သည့်ပုံရသော ဝိညာဥ်များကို သိမ်းဆည်းပြီးနောက် ယခုအခါ သူ့အလုပ်ဆက်လုပ်ရန်အတွက် လုံလောက်သည်ထက် ပိုလျှံနေပြီ ဖြစ်သည်။
သုံးဆယ်ရောင်ခြယ်မီးတောက်ကို ထာဝရအင်မော်တယ်နယ်မြေများအနီးနားတွင် ဖန်တီးပါက မအောင်မြင်ခဲ့လျှင် အပျက်သဘောဆောင်သော အကျိုးဆက်များရှိနိုင်သည်ဖြစ်၍ လတ်တလော မပြန်ရန် ရွေးချယ်လိုက်သည်။
" အခုကြာမှာ မဟုတ်တော့ဘူး … "
သူက ရေရွတ်လိုက်သည်။ မျှော်လင့်ချက်များဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက် သူ့အလုပ်သူ ဆက်လုပ်လေ၏။
သူက ဒါဇင်များစွာ မအောင်မြင်သည့်တိုင်အောင် ဝိညာဥ်အစစ်များဖြင့် စမ်းသပ်မှုတစ်ခုပြီးတစ်ခု ဆောင်ရွက်လေသည်။ ၄င်းမှာ ထိရောက်သောလေ့ကျင့်မှုဖြစ်သော်လည်း ထိုအချိန်အတောအတွင်း တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလေသည်။
အောင်မြင်မှုနှင့် နီးကပ်သည်ထက် နီးကပ်လာကြောင်း သူမြင်သောအခါ သူ၏စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ ယခုတွင် သူက လောကနတ်ဘုရားတစ်ပါးဖြစ်၍ ဟင်းလင်းပြင်တွင် သူ အမှန်တကယ်ဝင်ရောက်လေ့လာနိုင်သော နေရာများ ပိုမိုများပြားလာ၏။
သူသည် နှစ်ပေါင်းများစွာတစ်လျှောက် အမျိုးမျိုးသောအပျက်အစီးဒါဇင်ပေါင်းများစွာကို လည်ပတ်ခဲ့သော်လည်း သေးငယ်သောနေရာများစွာကို နတ်ဘုရားအာရုံဖြင့်သာ လေ့လာပြီး ကိုယ်တိုင်သွားရောက်စူးစမ်းရန် အပင်ပန်းခံမနေပေ။
တစ်ရက် သူက ရောင်စုံမီးပင်လယ်တစ်စင်းနှင့်အတူ ယပ်တောင်အပေါ်၌ တင်ပျဥ်ခွေထိုင်နေ၏။ ရုတ်တရက် ၄င်းမှာ ငြိမ်းသွားလေရာ သူ၏မျက်နှာပေါ်တွင် သုန်မှုန်သောအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာစေတော့သည်။
" နောက်ဆုံးအဆင့်တစ်ဆင့်ပဲကျန်တော့မယ်၊ အခုထိ မအောင်မြင်သေးဘူး"
သူ မချင့်မရဲ ဖြစ်နေပါသော်လည်း တချိန်တည်းမှာပင် သူ မအောင်မြင်ရခြင်းက စိတ်လှုပ်ရှားနေခြင်းကြောင့် ဖြစ်မှန်း သိလေသည်။
ဤသည်က အကြောင်းရင်းဖြစ်ကြောင်း အခိုင်အမာယုံကြည်သဖြင့် သူက မျက်လုံးများကို ပိတ်ပြီး သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်စေလိုက်သည်။ ဖြစ်နိုင်သော မအောင်မြင်မှုများနှင့်ပတ်သက်သည့် စိုးရိမ်ကြောင့်ကြံမှုများအား မောင်းထုတ်ပြီးနောက် သူက သုံးဆယ်ရောင်ခြယ်မီးတောက်နှင့်ပတ်သက်၍ အသိအမြင်များ တိုးပွားလာရသည်။
သူက အကြွင်းမဲ့တည်ငြိမ်နေစေရန် တစ်လလုံးလုံး အချိန်ပေးလိုက်သည်။ နောက်ထပ်စမ်းသပ်မှုဆက်လုပ်ရန် ပြင်လိုက်အံ့ဆဲဆဲ သူ၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး သူ့လက်ပေါ်ရှိ အမှတ်အသားကို ငုံကြည့်လိုက်လေသည်။ ပိုင်ဟောက်၏အမှတ်အသားမှာ အလွန်နက်နဲသိမ်မွေ့စွာ လှုံ့ဆော်ပေးနေသည့် ပတ်ဝန်းကျင်ရှိ တစ်စုံတခုကို ညွှန်ပြပုံနေဟန်တူသော အခိုးအငွေ့များဖြင့် သက်ဝင်လှုပ်ရှားလာသည်။
ပိုင်ရှောင်ချန်းမှာ အံ့အားသင့်လျက် ဟင်းလင်းပြင်ကို မျှော်ကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုရန် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။
ပထမတွင် ဟင်းလင်းပြင်၏အမှောင်ထုက ယခင်အတိုင်းဖြစ်ပုံရလေသည်။ သို့သော်.....
" အီး "
ပိုင်ရှောင်ချန်းက အတော်ဝေးဝေးတွင် ဖယောင်းတိုင်တစ်တိုင်ဖြစ်ပုံရသော အရာတစ်ခုကိုမြင်လိုက်သဖြင့် ထရပ်လိုက်၏။
သူ ပို၍နီးကပ်သွားသည်တွင် ၄င်းမှာ ဖယောင်းတိုင်တစ်တိုင်မဟုတ်ဘဲ မည်သည့်အရာဖြစ်ကြောင်း သူအတိအကျမပြောနိုင်သော်လည်း အလင်းရင်းမြစ်ပေါင်းများစွာဖြစ်နေသည်။ ဤသည်မှာ ပိုင်ရှောင်ချန်း၏ ခရီးစဥ်တစ်ခုလုံး အတောအတွင်း မြင်ခဲ့သမျှထဲ ပထမဆုံးအလင်းရောင်ဖြစ်သည်။
အဘွားကြီးတွင် မီးအိမ်ရှိပါသော်လည်း ယင်းမှာ သေခြင်းအရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် အင်မော်တယ်ကမ္ဘာ၌ အလင်းနည်းနည်းပါးပါးရှိသည့်တိုင် ယခု သူ ကြည့်နေသော သက်စောင့်အားကို ကိုယ်စားပြုပုံရသည့် လင်းထိန်နေသောအလင်းတစ်ခုနှင့် လားလားမှ မတူပေ။
၄င်းမှာ အတော်လေးအံ့သြစရာပင်။ သူ၏ ဟင်းလင်ပြင်ခရီးစဥ်များက သေခြင်းကိုသာ ဖော်ပြခဲ့သည် မဟုတ်ပါလော။ ထို့ပြင် သံယောဇဉ်မဲ့လူသားက ကြယ်တာရာကောင်းကင်ရှိ အရာအားလုံးကို အခြေခံအားဖြင့် ဧရာမသုဿန်ကြီးတစ်ခုအဖြစ် ဆိုက်ရောက်သွားစေရန် အမြစ်ဖြုတ်သုတ်သင်ခဲ့ကြောင်းလည်း သူ သိသည်။
ထာဝရအင်မော်တယ်နယ်မြေများသည်သာ ဟင်းလင်းပြင်တွင် သက်ရှိများတည်ရှိသည့် တစ်ခုတည်းသောနေရာဖြစ်၍ ဤမှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော ဖယောင်းတိုင်အလင်းကို မြင်ရသည်မှာ အတော်လေးအံ့သြစရာကောင်းလှသည်။
" လူတစ်စု တကယ် အသက်ရှင်ကျန်ခဲ့သလား "
သူက သိချင်စိတ်ပြင်းပြနေလျက် ရတနာယပ်တောင်ကို အလင်းပင်လယ်ထံ ပို၍နီးကပ်အောင် ပို့လွှတ်လိုက်သည်။
သူက အပျက်အစီးများကို တွေ့လိုက်ရပြီး ၄င်းတို့၏အလယ်တွင် နည်းနည်းလေးပင် ထိခိုက်ပျက်စီးပုံမရသော နေရာတစ်ခုရှိလေသည်။ တကယ်တမ်းဆိုရလျှင် ထိုနေရာ၌ အလင်း၏ရင်းမြစ်ဖြစ်သော ပြတင်းပေါက်ဒါဇင်များစွာရှိသည့် စံအိမ်ကြီးတစ်အိမ်ရှိ၏။
သို့သော် ထိုအလင်းရောင်နှင့်ပတ်သက်၍ တစ်စုံတခုက အလွန်ထူးဆန်းနေသည်။ ၄င်းက အတော်လေး လင်းထိန်နေပုံမရချေ။ ထို့ပြင် သူ အနားပို၍ကပ်သွားသည်ပင် အလင်း၏ပြင်အားမှာ နည်းနည်းလေးပင် ပြောင်းလဲသွားပုံမရပေ။
ပိုင်ရှောင်ချန်းမှာ ချက်ချင်း မသင်္ကာဖြစ်သွား၏။
သူ့သည် ဟင်းလင်းပြင်ရှိ နေရာများစွာကို ရောက်ခဲ့ဖူးပြီး ထူးထူးဆန်းဆန်းအရာများစွာကို မြင်ခဲ့ဖူးလေသည်။ ထို့ကြောင့် ယပ်တောင်ပေါ်တွင် ရပ်နေစဥ် သူ၏သိချင်စိတ်များကို မျိုသိပ်လိုက်ပြီး ထွက်ခွာရန် သူ၏ယပ်တောင်ကို လှည့်လိုက်၏။
သူက လောကနတ်ဘုရားတစ်ပါး ဖြစ်စေကာမူ အရေးမကြီး၊ သူ၏အခြေခံပင်ကိုယ်စရိုက်ကား မပြောင်းလဲပေ။ မသင်္ကာစရာတစ်ခုခုတွေ့သည်နှင့် ၄င်းကို စုံစမ်းစစ်ဆေးလိုစိတ်မရှိချေ။ ထိုမျှသာမက ပိုင်ဟောက်၏အမှတ်အသားမှ လာနေသော အခိုးအငွေ့များလည်း တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ အဆုံးသတ်တွင် သူက အလွန်တရာအစွမ်းထက်လာခဲ့ပါသော်လည်း သူ မြင်သမျှအရာအားလုံးအပေါ်အခြေခံ၍ ဤဟင်းလင်းပြင်ကား အလွန်အကန့်အသတ်မဲ့ပြီးလျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာဖြစ်ကြောင်း သိသည်။
" ဒီလိုဟင်းလင်းပြင်တစ်ခုမှာ စပ်စုချင်စိတ်ကို မျိုသိပ်ထားတာ အကောင်းဆုံးပဲ"
ထိုအပျက်အစီးအစုကြီးကို ရှောင်ကွင်း၍ သူက ယပ်တောင်ကို ၄င်းလမ်းအတိုင်းဆက်သွားစေပြီး သုံးဆယ်ရောင်ခြယ်မီးတောက်ကို ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်သည်။ ထိုအချိန် သူ မျက်မှောင်ကြုတ်သွားပြီး အရှေ့ရှိ ဟင်းလင်းပြင်အတွင်းသို့ မျက်လုံးများကျဥ်းမြောင်းလျက် ကြည့်လိုက်၏။
ထိုနေရာတွင်ကား အလင်းရောင်တချို့ပင်။
ထို့ပြင် ၄င်းမှာ ရှေးမဆွက အလင်းရောင်နှင့် တစ်ထပ်တည်း ဆင်တူလေသည်။
သူက အေးစက်စက်နှာမှုတ်၍ ယပ်တောင်အား အလင်းကိုပတ်သွားစေလိုက်ပြီး ပတ်ဝန်းကျင်ကိုစစ်ဆေးရန် သူ၏နတ်ဘုရားအာရုံကို ပျံ့နှံ့စေလိုက်၏။ မကြာခင် ရှေ့တွင် ပို၍များပြားသောအလင်းရောင်များ ပေါ်လာတော့သည်။
"ကဲ စိတ်ဝင်စားစရာမကောင်းဘူးလား "
သူက အရုပ်ဆိုးသောအမူအရာဖြင့် ရေရွတ်လိုက်သည်။ မရေမတွက်နိုင်သောစစ်ဆေးမှုများပြီးနောက် သူ မည်သည့်လမ်းကြောင်းကို ေပြာင်းသည်ဖြစ်စေ၊ အလင်းကိုရှောင်ကွင်းသွားရန် မည်မျှကြိုးစားသည်ဖြစ်စေ ၄င်းသည် သူ့အရှေ့တွင် အမြဲပေါ်လာမည်ဖြစ်ကြောင်း တွေ့လာလေသည်။
နောက်ဆုံးတွင် သူသည် ပြတင်းပေါက်များ၏အခြားတစ်ဖက်၌ လူရိပ်ဆန်ဆန်သဏ္ဍာန်များ ရွေ့လျားနေသည်ကို မြင်ရကြောင်း သတိထားမိလိုက်၏။
ယခုတွင် ဤအပျက်အစီးများမှာ တစ်ခါက လူနေမထူထပ်ခဲ့ပါးသော်လည်း မိုးမြေဧကရာဇ်တစ်ပါးအတွက် အိမ်ဖြစ်ခဲ့ကြောင်း သူပြောနိုင်လေသည်။ ထို့ပြင် သူ တဝဲလည်လည်ဖြစ်နေရသည်မှာ ထိုလူများ နေရာချထားသော မန္တန်ဝင်္ကပါ၏ ရလဒ်ကြောင့် ဖြစ်လေသည်။
သူက နေရာကို အမှုမဲ့အမှတ်မဲ့ဝင်ရောက်ခဲ့မိပြီး လွတ်မြောက်ရန် လွယ်ကူလောက်မည် မဟုတ်ပေ။ ပြဿနာနှင့်ပတ်သက်၍ စဥ်းစားနေစဥ် သူက လင်းထိန်နေသော ပြတင်းပေါက်များကို ကြည့်လိုက်ရာ အတွင်းမှ ခပ်တိုးတိုးရယ်သံနှင့် စကားပြောသံများ ကြားလိုက်ရလေသည်။ တစ်နေရာတွင် ပြတင်းပေါက်တစ်ချပ်ပွင့်သွားပြီး အတွင်းခံများသာဝတ်ဆင်ထားသော ကလူမြူဆွယ်နေသော မိန်းမလှလေးတစ်ယောက် ပေါ်လာ၏။ သူမက ပိုင်ရှောင်ချန်းကို မျှော်ကြည့်၍ သူမ၏လက်ကိုင်ပဝါကို သူ့ဘက်သို့ ဝှေ့ယမ်းပြီး သူ့ကို အနားကပ်လာရန် အချက်ပြလေသည်။
" ဟေး ဒီကိုလာလေ… "
သူမက ပြောလိုက်ရာ သူမ၏အသံသည် ဟင်းလင်းပြင်ကို ဖြတ်၍ သူ၏နားထဲ ရောက်ရှိလာ၏။ ဤအချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူက အဆောက်အအုံကို အထက်အောက်ကြည့်လိုက်လေသည်။
" ဒီနေရာက ဆောင်ကြာမြိုင်လို့ မပြောနဲ့နော် "
သူက မျက်တောင်တဖျပ်ဖျပ်ခတ်၍ ရေရွတ်လိုက်သည်။ သူက အထဲဝင်ရောက်ရန် ဖျားယောင်းသွေးဆောင်ခံရသော်လည်း သူ၏သိချင်စိတ်ကို အနိုင်ယူခွင့်မပေးသင့်ကြောင့် သိလေသည်။သူက အေးစက်စက်နှာမှုတ်၍ ထွက်ခွါရန် ယပ်တောင်ကို လှည့်လိုက်သည်။ ကံဆိုးစွာပင် လွတ်မြောက်ရန်တစ်ခုတည်းသော နည်းလမ်းကား မန္တန်ဝင်္ကပါ၏ ဗဟိုချက်ရှိ ဆောင်ကြာမြိုင်ကို ဖြတ်ရန်သာ ဖြစ်ကြောင်း မကြာခင် သူသဘောပေါက်လိုက်၏။
သူက သက်ပြင်းချ၍ သူ့စိတ်တိုင်းကျ အခြားရွေးချယ်စရာမရှိကြောင်း သိလိုက်လေသည်။ ထို့ပြင် သရဲအဘွားကြီးပင် သူ့အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်သည်အထိ သူက အလွန်အစွမ်းထက်သည်ကို ထည့်တွက်၍ ကစားပွဲနည်းနည်းပါးပါးထဲ မွေ့လျော်ခြင်းက အန္တရာယ်ရှိမည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပိုင်ဟောက်၏အမှတ်အသားမှ လာနေသော အခိုးအငွေ့များကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာတစ်မျိုးတမည် ဖြစ်သွားရသည်။ ရုတ်တရက် သူ့တပည့်က ဆောင်ကြာမြိုင်ထဲ အမှန်တကယ်သွားချင်သည်လား သိချင်သွားတော့သည်။
" ဟောက်အာ၊ မင်းတော့ အကျင့်ပျက်နေပြီ "
သူက ချောင်းဟန့်၍ အန္တရာယ်ကင်းကင်း ကစားရန် ဆုံးဖြတ်ပြီး သူ၏နတ်ဘုရားအာရုံကို ဆောင်ကြာမြိုင်တစ်ခုလုံး ဖုံးလွှမ်းစေလိုက်သည်။ အချိန်အနည်းငယ်ကြာသော် အထဲရှိ ပြိုင်ဘက်ကင်းဝိညာဥ်များမှာ သူ့အတွက် အန္တရာယ်တစ်စုံတရာမရှိကြောင်း ယုံကြည်သွားသဖြင့် အတန်ငယ်စိတ်အေးသွားလေ၏။
" ကဲ သွားကြည့်တာပေါ့ကွာ။ ငါ တကယ့်ကိုစိတ်မဝင်စားပေမယ့် ငါ့တပည့်အတွက် လုပ်ပေးရမယ်လေ "
သူက ချောင်းဟန့်၍ ကိုယ်ရံတော်များအဖြစ် ပြုမူရန် လောကနတ်ဘုရားကျွန်နှစ်ယောက်ကို ဆင့်ခေါ်ပြီးနောက် မသင်္ကာစရာတစ်ခုခုဖြစ်လာလျှင် ချက်ချင်း အကူအညီပေးရန် အသင့်ပြင်ထားရန် ပိုင်ရှောင်ချီကို ညွှန်ကြားလိုက်သည်။ ထို့နောက် ပိုင်ရှောင်ချီ၏အကြည့်အောက်တွင် သူက ယပ်တောင်မှ လျှောက်ထွက်သွားပြီး ဆောင်ကြာမြိုင်ထံ ဦးတည်လိုက်လေသည်။
သူ နီးကပ်လာစဥ် သီချင်းဆိုသံ၊ ကခုန်သံနှင့် ရယ်သံများ ပို၍ကျယ်လောင်လာ၏။ မကြာမီ အရှေ့တံခါးများ ပွင့်လာပြီး ဆောင်ကြာမြိုင်သခင်မသဖွယ် ဝတ်ဆင်ထားပြီး ခေါင်းတွင် ပန်းများပန်ဆင်ထားသော အမျိုးသမီးတစ်ယောက် ပေါ်လာ၏။ သူမက ရှေ့သို့ကိုင်း၍ ပိုင်ရှောင်ချန်းကို ရွှန်းလဲ့တောက်ပနေသော မျက်လုံးရွဲကြီးများဖြင့် ကြည့်လေသည်။
" ကလေးမတို့ " သူမက ကျယ်လောင်စွာ အော်၏။
" ဖောက်သည်တစ်ယောက်ဟေ့ "
သားသားနားနားဝတ်ဆင်ထားသော အမျိုးသမီးတစ်ဖွဲ့လုံး ကလူမြူဆွယ်သော အပြုံးများဖြင့် ရှေ့သို့ အပြေးအလွှားပြေးလာကြလေသည်။
" မင်္ဂလာပါရှင့် ဝင်လာပါ "
" ဒီက ကလေးမတွေအားလုံးက လူကြီးမင်းရဲ့ လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးပါလိမ့်မယ် "