← Chapters

သုံးဆယ်ရောင်ခြယ်မီးတောက်

Vol. 13 Ch. 1251

သုံးဆယ်ရောင်ခြယ်မီးတောက်

Vol. 13 Ch. 1251

ထို့နောက် ဆွဲငင်အားတစ်ခုထွက်ပေါ်လာရာ စံအိမ်ထဲရှိ သရဲတစ်ရာကျော်ကား ပိုင်ရှောင်ချန်း၏အိတ်အတွင်းထဲ ဆွဲသွင်းခံလိုက်ရသဖြင့် ပျောက်ကွယ်သွားတော့သည်။

လက်စသတ်ပြီးနောက် ပိုင်ရှောင်ချန်းက မျက်လုံးများတဖျပ်ဖျပ်လက်နေလျက် ဆောင်ကြာမြိုင်တစ်ခုလုံးကို ရှင်းလင်းရန် ထွက်ခွာသွားလေသည်။ ကြမ်းခင်းကြွေပြားများ၊ ထိုင်ခုံများ၊ စားပွဲများ၊ ဖယောင်းတိုင်များနှင့် ယူ၍ရသည့်အရာမှန်သမျှ မကြာခင် ပြောင်သလင်းခါသွားတော့သည်။

နောက်ဆုံးတွင် ၄င်းမှာ ဗလာကျင်းသောအခွံတစ်ခုထက် မပိုတော့ဘဲ ပိုင်ရှောင်ချန်းကား ရရှိခဲ့သော အကျိုးအမြတ်များကို တွေး၍ ရင်တဒိန်းဒိန်းခုန်နေလေပြီ။

အမှန်တွင် သူသည် စားကောင်းသောက်ဖွယ်များကိုလည်း မေ့မထားပေ။ ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် တစ်ခါက ဤနေရာတွင် မည်သို့သောမျိုးနွယ်စု တည်ရှိခဲ့စေကာမူ ဖုံးကွယ်ထားသော သိုလှောင်ပစ္စည်းများစွာရှိသည်ကို တွေ့လိုက်ရလေသည်။ သူက နှုတ်ခမ်းကိုသပ်၍ ၄င်းတို့အားလုံးကို ယူပြီးနောက် တစ်ခုမှ မလွတ်ခဲ့ကြောင်း သေချာစေရန် ဘေးပတ်ဝန်းကျင်ရှိ အပျက်အစီးများကို စစ်ဆေးလိုက်သည်။

သူက အလွန်တရာကျေနပ်နေလျက် ယပ်တောင်ထံ ပြန်လိုက်ရာ မနာလိုသောမျက်နှာထားဖြင့် သူ့ကိုစောင့်နေသော ပိုင်ရှောင်ချီကို တွေ့လိုက်ရလေသည်။ ချက်ချင်းပင် သူတို့နှစ်ယောက်လုံး ယပ်တောင်ကို လှည့်၍ အဝေးသို့ဦးတည်လိုက်၏။ ဤအချိန်တွင် ဆောင်ကြာမြိုင်၏ မန္တန်ဝင်္ကပါမှာ အလုပ်မလုပ်တော့သောကြောင့် သူတို့ ထိုနယ်ပယ်မှ အလွယ်တကူလွတ်မြောက်သွားတော့သည်။

ယပ်တောင်က ဟင်းလင်းပြင်ကိုဖြတ်၍ ပျံသန်းနေပြီး ပိုင်ရှောင်ချန်းက သုံးရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းကို ဆက်လက်လုပ်ဆောင်၍ တင်ပျဥ်ခွေထိုင်နေစဥ် ထာဝရအင်မော်တယ်နယ်မြေများရှိ ဗဟိုဧကရာဇ်နိုင်ငံတော်တွင် ခုံရုံးအစည်းအဝေး ကျင်းပနေလေသည်။

ပိုင်ရှောင်ချန်း မရှိသည့်အတောအတွင်း နိုင်ငံရေးရာကိစ္စများကို ကျိုးကျစ်မို၊ စုန့်ကျင်းဝမ်၊ ဟိုရှောင်မေ့၊ မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်၊ လီချင်းဟောက်နှင့် ကုန်းစွန်းဝမ်အာတို့က ကိုင်တွယ်ကြ၏။

တပေါက်သည် အချိန်အတော်ကြာကတည်းက အရွယ်ရောက်လာခဲ့ပြီး ပိုင်ရှောင်ချန်း၏ ဆက်ခံသူအဖြစ် ပြုမူလေသည်။ သူ၏ပင်ကိုယ်စရိုက်မှာ မပြောင်းလဲသော်လည်း ငယ်စဥ်ကကဲ့သို့ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ရန်မလိုတတ်တော့ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံက ကြောက်ခမန်းလိလိတိုးတက်လာခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ရောက်နေပြီ ဖြစ်လေသည်။

အပြင်အားအရ သရဲကြီးဘုရင်ပင် သူ့မြေးကား ပိုင်ရှောင်ချန်းမှလွဲ၍ သူတွေ့ခဲ့ဖူးသမျှထဲ အသန်မာဆုံးလူ ဖြစ်လောက်သည်ဟု ဝန်ခံရပေမည်။

ရှောင်ရှောင်၏ ကျင့်ကြံခြင်းအခြေခံမှာ တပေါက်ထက် အတန်ငယ်မြင့်၏။ သို့သော် သူမသည် မကြာသေးသောနှစ်များအတွင်း အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရာတွင်သာ ကုန်ဆုံးခဲ့လေသည်။

တစတစပိုမိုများပြားလာသော ကောင်းကင်ဧကရာဇ်များဖြင့် ဗဟိုဧကရာဇ်နိုင်ငံ၏ အခြေခံအုတ်မြစ်ကား ခိုင်မာသည်ထက် ခိုင်မာလာတော့သည်။ သို့သော် ပိုင်ရှောင်ချန်း တံခါးပိတ်ကျင့်ကြံသည်မှာ လူသိထင်ရှားကိစ္စရပ် ဖြစ်သောကြောင့် ကောလာဟလများ စတင်ပျံ့နှံ့လာ၏။

စကားသံများက ဗဟိုဧကရာဇ်နိုင်ငံတွင် ကြားရခြင်းမဟုတ်ဘဲ သူတော်စင်ဧကရာဇ်နိုင်ငံနှင့် မိစ္ဆာဧကရာဇ်နိုင်ငံတွင် ဖြစ်လေသည်။ ကောလာဟလများအရ ပိုင်ရှောင်ချန်းမှာ တကယ်တမ်း လောကနတ်ဘုရားအဆင့်အတိုက်အခိုက်စွမ်းရည် မရှိပေ။ ထိုအစား အတိတ်တုန်းက တိုက်ပွဲများတွင် အသာစီးရရန်အလို့ငှာ တန်ဖိုးကြီးကြီးမားမားပေးဆပ်ခဲ့ရသည်ဖြစ်၍ နောက်ပိုင်းတွင် တရားအားထုတ်ရင်း အချိန်များကုန်ဆုံးရန် ဖိအားပေးခံခဲ့ရသည်ဟူ၍။

သူသည် ရှောင်ရှောင်၊ တပေါက်နှင့် ကျန်မိသားစုဝင်များဖြင့် အချိန်ဖြုန်းရန် ရံဖန်ရံခါပြန်လာတတ်သည်မှာ မှန်သည်။ သို့သော် သူ၏အချိန်အများစုက သူ၏လေ့လာဆန်းစစ်မှုများနှင့် ဟင်းလင်းပြင်ခရီးစဥ်မှာသာ ကုန်ဆုံးနေလေသည်။ တစ်ခါတရံ သူသည် တစ်နှစ်လုံးမှ တစ်ခါသာ ရောက်လာတတ်ပြီး ရောက်လာသည့်အခါတွင်လည်း သိပ်ကြာကြာမနေတတ်ပေ။

" အတင်းစကားတွေက မိစ္ဆာဧကရာဇ်နိုင်ငံမှာ အများဆုံးပဲ " မဟာကောင်းကင်သခင်က ပြောသည်။

" ရည်ရွယ်ချက်ရှိရှိ ကောလာဟလတွေ ဖြန့်နေတဲ့ သူတစ်ယောက် သေချာပေါက်ရှိတယ်။ အရှင်မင်းမြတ် လူရှေ့သူရှေ့မထွက်ရင် စိတ်အနှောင့်အယှက်ဖြစ်စရာအဖြစ်အပျက်တွေဆီ ဦးတည်သွားမှာ စိုးရွံ့မိတယ် “

" အားလုံးထဲ အရေးကြီးဆုံးကတော့ အရှင်မင်းမြတ်ရဲ့ ကျင့်ကြံခြင်းအခြေပဲ... "

ယခုလောလောဆယ် လူတိုင်းမှာ ရှေ့ဆက် မည်သို့လုပ်ရန် အသည်းအသန် စဥ်းစားနေတော့သည်။ ပိုင်ရှောင်ချန်းမှာ ယခုထက်ထိ နှစ်ပေါင်းများစွာ အလည်အပတ် ရောက်မလာခဲ့၍ လောကနတ်ဘုရားတစ်ပါးဖြစ်နေသည့်အကြောင်း မည်သူမှ မသိကြပေ။ ထို့ပြင် သူက သုံးဆယ်ရောင်ခြယ်မီးတောက်ကို တတ်နိုင်သမျှ မြန်မြန်အောင်မြင်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် အိမ်ကအခြေအနေကို စစ်ဆေးရန် အချိန်အကုန်မခံခဲ့ပေ။

မဟာခန်းမထဲရှိ လူတိုင်း မျက်မှောင်ကြုတ်ပြီး မည်သို့လုပ်ရန် အကြံပြုချက်ကောင်းကောင်း ဖြစ်ညစ်စဥ်းစားနေချိန်မှာပင် ဂျိန်းခနဲ ထစ်ခြုန်းမြည်ဟည်းသံကြီး ကောင်းကင်ယံတွင် ပြည့်နှက်သွား၏။

၄င်းက ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးကဲ့သို့ အသံထွက်ပေါ်ပြီး ဗဟိုဧကရာဇ်နိုင်ငံကိုသာ သက်ရောက်ခြင်း မဟုတ်ပေ။ သူတော်စင်ဧကရာဇ်နိုင်ငံနှင့် မိစ္ဆာဧကရာဇ်နိုင်ငံသည်လည်း ထိုနည်းတူ တွေ့ကြုံလိုက်ရ၏။ ထာဝရအင်မော်တယ်နယ်မြေအားလုံးကား နားကွဲလုမတတ် အသံကြီးဖြင့် ပြည့်နှက်သွားလေသည်။

တစ်ကမ္ဘာလုံး တုန်ခါသွားသဖြင့် ဧရာမလှိုင်းလုံးကြီးများ ထာဝရပင်လယ်ကိုဖြတ်၍ တလိပ်လိပ် ရိုက်ခတ်သွားတော့သည်။ တချိန်တည်းမှာပင် ကောင်းကင်မှ ဆင်းသက်လာနေသော မယုံကြည်နိုင်ဖွယ် ဖိအားတစ်ခုကို လူတိုင်း ခံစားလိုက်ရ၏။

" ဘာတွေဖြစ်နေတာလဲ "

"ဘုရားရေ။ အဲ..... အဲဒါ ဘာအသံကြီးတုန်း"

တစ်ကမ္ဘာလုံးရှိ မရေမတွက်နိုင်သော လူပေါင်းများစွာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ တဆက်တည် အင်ပါယာနိုင်ငံသုံးနိုင်ငံမှ အစွမ်းထက်ဆုံးပညာရှင်များ အပြင်ထွက်လာကြပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

ထိုသည်က အသံ၏ဇစ်မြစ်ပင်။

လူတိုင်းအတွက် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ တုတ်တုတ်မှမလှုပ်ဘဲ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိခဲ့သော ဧရာမမိုးမြေဧကရာဇ်ကြီးက ရုတ်တရက် လှုပ်ခဲ့လေပြီ။ သူ၏မျက်လုံးများ ဆတ်ခနဲ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

အစွမ်းထက်ပညာရှင်များအားလုံး ၄င်းကို အာရုံရလိုက်ပြီး ယင်းက သူတို့အားလုံံး၏စိတ်အစဥ်ကို ချာချာလည်သွားစေတော့သည်။

" ဘီလူးကြီး လှုပ်သွားတယ် "

" ငါ ကယောက်ချောက်ချားမြင်နေတာ မဟုတ်ဘူးမလား။ သူ....သူတကယ်ကြီး လှုပ်သွားတာပဲ "

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ ဒဏ္ဍာရီတွေက ... တကယ် အမှန်ပဲ "

သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ် တချိန်တည်း ပျံထွက်လာပြီး အင်ပါယာမြို့တော်အသီးသီးအပေါ်တွင် ရပ်တန့်လိုက်ကြသည်။ သူတော်စင်ဧကရာဇ်၏ မျက်လုံးများထဲတွင် ခက်ထန်သောအကြည့်တစ်စကို မြင်နိုင်ပြီး မိစ္ဆာဧကရာဇ်၏မျက်လုံးများတွင်ကား နားလည်ရခက်သော အလင်းတစ်ခုအား မြင်နိုင်လေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး သေစေနိုင်သော အန္တရာယ်ကပ်ဘေးကြီး၏ အာရုံဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက် ကြည့်နေကြချိန်မှာပင် ဧရာမမိုးမြေဧကရာဇ်ကြီး၏ မျက်လုံးများက တလှုပ်လှုပ်ဖြစ်နေခြင်းကြောင့် သူ့နဖူးမှ ကျောက်တုံးကျောက်ခဲတစ်ရာကျော် ကွဲထွက်ပြီး ကြယ်ပျံများကဲ့သို့ ထာဝရအင်မော်တယ်နယ်မြေများထဲ ကျဆင်းသွား၏။

၄င်းတို့သည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး ကိုယ်ပိုင်အသိစိတ်များရှိဟန်တူသည်။ သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်မှာ မည်မျှမြန်မြန်တုံ့ပြန်စေကာမူ ၄င်းတို့အား မတားဆီးနိုင်လိုက်ပေ။

မြေကြီးပေါ် ရောက်ရှိသွားသောကျောက်စကျောက်နများ၏ တိုက်မိမှုများကြောင့် အောက်ဖက်မြေပြင်ထံမှ ပြင်းထန်သောပေါက်ကွဲသံများ ပဲ့တင်ထပ်သွားတော့သည်။

နည်းနည်းလေးပင် တုံ့ဆိုင်းမနေဘဲ သူတော်စင်ဧကရာဇ်က သူ့လူများကို အမိန့်ထုတ်ပြန်လိုက်သည်။

" ကောင်းကင်ဧကရာဇ်အားလုံး၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူအားလုံး အဲဒီကျလာတဲ့ကျောက်တုံးတွေကို သူတော်စင်ဧကရာဇ်နိုင်ငံမှာ အခုချက်ချင်း ရှာကြ။ တစ်ခုခု အသက်ရှင်နေတဲ့ပုံပေါ်ရင် ဖျက်စီးပစ်လိုက် "

အသက်ရှိနေသောအရာများကို ဖျက်စီးရန်အစား စုဆောင်းရမည်ဆိုသည်မှလွဲ၍ ဆင်တူသောအမိန့်များ ပြန်ကြားလိုက်လေသည်။

မကြာခင် နှစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ ပင်လယ်ပတ်ဝန်းကျင်များကိုပင် ကျော်မသွားကြပေ။

ပိုင်ရှောင်ချန်းမရှိသော်လည်း မဟာကောင်းကင်သခင်နှင့် ဗဟိုဧကရာဇ်နိုင်ငံ၏ အခြားခေါင်းဆောင်များက အခြားသူများနည်းတူ ဆုံးဖြတ်ချက်ချကာ ကောင်းကင်ဧကရာဇ်များနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအား ရှာဖွေရန် စေလွှတ်လိုက်လေသည်။

ထိုအချိန် ပိုင်ရှောင်ချန်းသည် ရပ်တနာယပ်တောင်ပေါ်တွင် ရှိနေပြီး သူ၏အရှေ့တွင် ပုံစံဖြစ်ပေါ်နေသော မီးအနည်းငယ်အပေါ် အာရုံစိုက်နေသဖြင့် အမူအရာတင်းမာခက်ထန်နေသည်။ ဤမီးတောက်အတွင်း ဖြစ်ပျက်နေသော အသွင်ပြောင်းလဲခြင်းများက နှစ်ဆယ့်ကိုးရောင်ခြယ်မီးတောက်နှင့် ကွဲပြားလေသည်။ အရောင်များအားလုံးက မီးတောက်ကို ဖောက်ထွင်းမြင်စေနိုင်ရန် အတူတကွပေါင်းစည်းသွားကြသည့်အလား မီးတောက်အတွင်းရှိ အရောင်များကို မမြင်ရအောင် ဖြစ်နေ၏။

ပိုင်ရှောင်ချန်းသည် ဖန်တီးနည်းပုံကြမ်းကို ပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး သူလုပ်သည့် စမ်းသပ်ချက်တိုင်း အောင်မြင်မှုဖြင့် တစတစနီးကပ်လာလေသည်။

သို့ထိတိုင် ကျရှုံးမှုများအားလုံးပြီးဆုံးသွားသည့်နောက်မှာပင် ပိုင်ရှောင်ချန်းမှာ ထိုအောင်မြင်မှုက မြေကြီးလက်ခတ် မလွဲသည့်အရာမဟုတ်သေးကြောင်း စတင်သုံးစပ်မိလာ၏။ သူသည် ပြစ်ချက်ကင်းစွာ ပြင်ဆင်ထားပြီး အတွေ့အကြုံအရ အရည်အချင်းပြည့်မီလေသည်။ သို့စေကာမူ သူကြိုးစားသည့်အချိန်တိုင်း ကျရှုံးနိုင်ခြေများနေသေး၏။

" သုံးဆယ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းေတွက ကံတရားနဲ့ဆိုင်တာလား... "

သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ အကြိမ်ဒါဇင်ချီ ကျရှုံးခဲ့ပြီးဖြစ်ရာ ထိုသည်က လူအများစုကို စိတ်ပျက်လက်မှိုင်ကျသွားစေမည် ဖြစ်သည်။ ကျရှုံးမှုတိုင်းက ဝိညာဥ်များစွာ ဖြုန်းတီးရာရောက်သည် မဟုတ်ပါလော။

သူစုဆောင်းရရှိခဲ့သည့် ပမဏများစွာဖြင့်ပင် ၄င်းမှာ ကြောက်ခမန်းလိလိ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နေသေး၏။ သူ၏တွက်ချက်များအပေါ် အခြေခံ၍ သူ နောက်ထပ်အကြိမ်နှစ်ဆယ်ကြိုးစားရန်သာ လုံလောက်ပြီး ထို့နောက် ဝိညာဥ်များ ကုန်သွားလိမ့်မည်ဖြစ်လေသည်။

ဟင်းလင်းပြင်ထဲတွင် ခရီးနှင်နေခဲ့သော နှစ်များအတောအတွင်း ထိုနေရာရှိ ဝိညာဥ်များအားလုံးကို သူ မစုဆောင်းမိခဲ့သော်လည်း သေချာပေါက် ဝေစုကောင်းကောင်းတစ်စု ရရှိခဲ့၏။ မည်သို့ပင်ဖြစ်စေ၊ ကြုံရာနေရာများတွင် ကျန်ရှိနေသေးသည့် ပြန့်ကြဲနေသောဝိညာဥ်များကို လိုက်ရှာရသည်မှာ ဒုက္ခများလိမ့်မည်။

" ငါ ဒီအလုပ်ကို လုပ်ကိုလုပ်ရမယ် "

သူက သက်ပြင်းချ၍ ပြင်းပြင်းထန်ထန် ဆက်လက်ကြိုးစားလေသည်။ ရက်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်း၏ မျက်နှာအပေါ်၌ အရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်ပေါက်လာ၏။ ထိုနေရာတွင် အချိန်အနည်းငယ်ကြာသည်အထိ ငူငူငိုင်ငိုင်ကြီး ထိုင်နေပြီးနောက် သူက ထပ်မံအလုပ်စပြန်သည်။

သို့နှင့် နေ့ရက်များ ကုန်လွန်သွား၏။ တစ်လကြာသော် သူသည် ရှစ်ကြိမ်ထပ်မံ ကျရှုံးပြန်ပြီး တစ်ကြိမ်စီတိုင်းမှာ မတူညီသောအကြောင်းပြချက်တစ်ခုစီကြောင့် ဖြစ်ပုံရလေသည်။ ပြဿနာက မည်သည့်အရာဖြစ်ကြောင်း သူ တိတိကျကျ မရှာနိုင်သေးပေ။ နောက်ထပ်တစ်လကုန်ဆုံးသွားပြီး သူသည် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ အတွေးစအနှစ်ချုပ် ဖြစ်ပေါ်လာတော့သည်။ သူ၏နောက်မီးတောက်ဖန်တီးခြင်းအခန်းကဏ္ဍကား အလွန်ချောမွေ့စွာ သွားနေတော့သည်။

သူ၏နှလုံးသားမှာ ကဆုန်ပေါက်နေပြီး လက်ရှိ သူ့အလုပ်အပေါ် အာရုံအပြည့်အဝစူးစိုက်လိုက်သဖြင့် အသက်ရှူပင် ရပ်သွား၏။ သူသည် မီးပင်လယ်အပေါ် အပြည့်အဝအာရုံစိုက်လိုက်သဖြင့် သူ၏စိတ်မှာ လုံးဝဥဿုံ ဗလာကျင်းသွားတော့သည်။

အချိန်မည်မျှကုန်ဆုံးသွားသည်ကို မသိတော့ပေ။ နောက်ဆုံးတွင် သူ၏ချို့ယွင်းချက်များကို သူ ပြန်လည်ပြင်ဆင်ပြီးချိန် သူ့အရှေ့တွင် လွင့်မျောနေသော စူးရှတောက်ပသည့် မီးတောက်တစ်ခုကို ကြည့်နေမိကြောင်း သိလိုက်ရလေသည်။

" အရောင်သုံးဆယ် ... "

သူက စိတ်လှုပ်ရှားမှုများဖြင့် တဆတ်ဆတ်တုန်ရီနေလျက် ယခုအခိုက်အတန့်အထိ ဖြတ်သန်းခဲ့ရသော ပြင်းပြင်းထန်ထန်အားထုတ်မှုများအားလုံးနှင့် ပိုင်ဟောက်အား အသက်ပြန်သွင်းလျှင် မည်သည်နှင့်တူလိမ့်မည်ကို ပြန်တွေးမိလိုက်လေသည်။ ထို့နောက်တွင်ကား သူက အဆုတ်ကွဲလုမတတ် စတင်အော်ဟစ်ရယ်မောတော့သည်။

All Chapters