ပြန်ရောက်လာခြင်း
Vol. 13 Ch. 1252
သရဲကြီးဘုရင်၏လမ်းကြောင်းသည် အချိန်နှင့်အမျှ မိစ္ဆာဧကရာဇ်နိုင်ငံ၏နယ်စပ်ထံ ပို၍နီးကပ်လာအောင် ခေါ်ဆောင်သွားလေသည်။ နောက်ဆုံး၌ သူသည် ကျယ်ပြောသော ချိုင့်ကြီးတစ်ခု၏ အပြင်ဘက် ရောက်လာသည်ကို တွေ့လိုက်ရသည်။
၄င်းက အတော်လေး ကြီးမားလှသည် မဟုတ်သော်လည်း ပတ်ဝန်းကျင်ရှိ မြေများမှာ အနက်ရောင်မီးခိုးအမျှင်တန်းများ တလူလူထွက်နေကာ မီးလောင်ထားသကဲ့သို့ အနက်ရောင်သမ်းနေလေသည်။ ချိုင့်ကြီးအလယ်တွင်ကား ကျောက်တုံးတစ်တုံးရှိသည်။
၄င်းသည် လက်သီးဆုပ်အရွယ်အစားရှိပြီး ထူးဆန်းသော ခပ်ဖျော့ဖျော့အလင်းရောင် လှုပ်ရှားသက်ဝင်နေလေသည်။ အမှန်တွင် ကျောက်တုံးမှာ ထူးဆန်းသော ပုံစံတစ်ခုအတိုင်း အရွယ်အစားနှင့်အသွင်အပြင် ပြောင်းလဲနေပုံရ၏။ ၄င်းကား နှလုံးခုန်နေသည့်အလားပင်။
ဗဟိုဧကရာဇ်နိုင်ငံမှ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူရှစ်ဦးက နေရာကို တားဆီးပိတ်ဆို့ထားခဲ့ပြီး ဖြစ်သော်လည်း ကျောက်တုံးထံမှလာနေသော တိုက်စားခြင်းစွမ်းအားများဖြင့် ရင်ဆိုင်ရန်အထိ အစွမ်းမထက်ကြသောကြောင့် ၄င်းအနား မကပ်နိုင်ခဲ့ပေ။ ထိုအကြောင်းကိစ္စကို အစီရင်ခံပြီးနောက် သူတို့က သရဲကြီးဘုရင်ရောက်ရှိလာရန်သာ စောင့်ဆိုင်းနေခဲ့ကြလေသည်။
သူတို့က နီးကပ်လာနေသော သူ့ကိုမြင်သည့်အခါ ချက်ချင်း ထရပ်ပြီး ဂါဝရပြုအရိုအသေပေးလိုက်ကြသည်။ သရဲကြီးဘုရင်က လက်ကိုဝှေ့ယမ်းပြီး စကားတစ်ခွန်းမဆိုဘဲ ချိုင့်ကြီးထံ တန်းတန်းမတ်မတ်ပျံသန်းသွားလေသည်။
တိုက်စားခြင်းစွမ်းအားလှိုင်းများက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကို နေရာတွင် အရည်ပျော်သွားစေနိုင်သော်လည်း ကောင်းကင်ဧကရာဇ်တစ်ပါးကို အချိန်တိုတိုနှင့် ထိခိုက်စေမည် မဟုတ်ပေ။ သို့သော် သရဲကြီးဘုရင်မှာ အနက်ရောင်အငွေ့များဖြင့် သက်ဝင်လှုပ်ရှားလာတော့သည်။
သူသာ ၄င်းတို့ကို အချိန်ကြာမြင့်စွာ ခွင့်ပြုထားလျှင် သက်ရောက်မှုများက အန္တရာယ်များနိုင်ကြောင်း သိသဖြင့် ကျောက်တုံးထံ အပြေးအလွှားသွားပြီး လှမ်းယူလိုက်လေသည်။ သူ ကိုင်တွယ်ခဲ့သည့် အခြားကျောက်တုံးပေါင်းများစွာနည်းတူ တဆက်တည်း ၄င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်၏။
ထိုအချိန် သူ၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေသည်။
" အခဲမဟုတ်ဘူး "
သူ၏နတ်ဘုရားအာရုံက ကျောက်တုံး၏အတွင်း မမွေးဖွားသေးသော ဖွတ်တစ်ကောင်နှင့်ဆင်တူသော အရာတစ်ခုကို ဖော်ပြနေသဖြင် သူ အံ့သြတုန်လှုပ်သွားရလေသည်။
သရဲကြီးဘုရင်က ၄င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးနေချိန်မှာပင် ထိုအရာကြီးကား တွန့်လိမ်လှုပ်ရှားလာ၏။
အစက သရဲကြီးဘုရင်မှာ သူ ကြုံကြိုက်ခဲ့သော အခြားကျောက်တုံးများနှင့် ကွဲပြားသည့်အရာတစ်ခုကို တွေ့လိုက်ရ၍ စိတ်လှုပ်ရှားသွားလေသည်။ ဤပစ္စည်း မည်မျှအဖိုးတန်ကြောင်းသိသဖြင့် သူက ချက်ချင်းပင် ဗဟိုဧကရာဇ်နိုင်ငံထံပြန်ရန် လှည့်လိုက်၏။
ထိုအခိုက်အတန့်မှာပင် ကောင်းကင်ယံမှ အေးစက်စက်နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာကာ တစ်နေရာလုံးအား မီးပင်လယ်တစ်စင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။
အနက်ရောင်မီးများက အလျင်အမြန် ရွေ့လျားသွားသည်ဖြစ်၍ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ ရှောင်တိမ်းရန် ခဲယဥ်းသွားသဖြင့် စူးစူးဝါးဝါးအော်ကာ မီးလောင်ပြာကျသွားရတော့သည်။
" မိစ္ဆာဧကရာဇ် "
သရဲကြီးဘုရင်က ဟိန်းဟောက်လိုက်သည်။ ပိုင်ရှောင်ချန်းက မိစ္ဆာဧကရာဇ်အား တိုက်ခိုက်သည်ကို သူ စောင့်ကြည့်ခဲ့ဖူးပြီး မိစ္ဆာဧကရာဇ်အကြောင်းနှင့် ပတ်သက်၍ ကုန်းစွန်းဝမ်အာနှင့် ဆွေးနွေးတိုင်ပင်ခဲ့ဖူး၏။ သို့ဖြစ်၍ သူ၏အာရုံက မိစ္ဆာဧကရာဇ်ရောက်ရှိလာကြောင်း ပြောသည်နှင့်တစ်ပြိုင်နက် ဗဟိုဧကရာဇ်မြို့တော်ကို ချက်ချင်း သတိပေးစာ ပို့လိုက်လေသည်။
ကံဆိုးစွာ မီးတောက်ပင်လယ်မှာ အလွန်လျင်မြန်စွာ ရွေ့လျားသွားလေရာ တခဏလေးအတွင်း သရဲကြီးဘုရင်ကို ဧရာမလက်ကြီးတစ်ဖက်အသွင်ဖြင့် ရစ်ပတ်လိုက်လေသည်။ သူ မည်မျှပြန်တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးစားစေကာမူ၊ သူ၏ကျင့်ကြံခြင်းအခြေခံက အဆင့်နိမ့်လွန်းသည်။ ထို့ကြောင့် လက်ကြီးက သူ့ကိုရစ်ပတ်လိုက်ပြီး ကောင်းကင်ထဲ့သို့ အတင်းအကြပ် ဆွဲခေါ်သွား၏။
ထိုနေရာတွင် မိစ္ဆာဧကရာဇ်သည် လက်နှစ်ဖက် နောက်ပစ်ပြီး အမူအရာကင်းမဲ့သောမျက်နှာထားဖြင့် တော်ဝင်ဝတ်ရုံကို ဆင်မြန်းလျက် ရပ်နေလေသည်။ မီးတောက်၏လက်ကြီးကို လျစ်လျူရှုကာ သူက ကျောက်တုံးကိုသာ အာရုံစိုက်ပြီး ဆွဲယူ၍ အနီးကပ်ကြည့်လိုက်လေသည်။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ သူ ကျောက်တုံးကို လက်အတွင်း စုပ်ယူလိုက်ချိန် သူ၏မျက်လုံးများသည် ထူးခြားသောအလင်းရောင်များဖြင့် တောက်ပလာပြီး သူ၏အရှိန်အဝါကား စွမ်းအားများဖြင့် သိသိသာသာ တိုးတက်သွားလေသည်။
မီးတောက်၏လက်အတွင်း ရှိနေသေးသည်မှာ မျက်စိ၊နား၊နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများစီးကျနေသော သရဲကြီးဘုရင် ဖြစ်သည်။ သူ အလွန်ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရသွားသဖြင့် သတိလစ်နေလေသည်။ နောက်ဆုံး၌ မိစ္ဆာဧကရာဇ်က သူ့ကို ကြည့်ပြီးနောက် သူ၏အကြည့်ကို ဗဟိုဧကရာဇ်မြို့တော်ရှိရာဘက်သို့ ပြောင်းလိုက်သည်။ သူက မျက်လုံးမှေးကြီးများြဖင့် တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
" နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ပိုင်ရှောင်ချန်း။ မင်းမှာ တကယ်ပဲ လောကနတ်ဘုရားအတိုက်အခိုက်စွမ်းရည် ရှိရဲ့လား… "
ပိုင်ရှောင်ချန်းက မည်သည့်အရာမှမလုပ်ဘဲ အချိန်ကုန်ဆုံးသွားခဲ့သည်ကို စဥ်းစား၍ သူနှင့် သူတော်စင်ဧကရာဇ်နှစ်ယောက်လုံး အကြောင်းကိစ္စများ၏အမှန်တရားကို ဝေခွဲရခက်နေကြလေသည်။
အတိတ်က ပိုင်ရှောင်ချန်းသည် လောကနတ်ဘုရားအလင်းအပေါ် မှီခိုခဲ့သည်။ သို့သော် ကုန်လွန်သွားခဲ့သည့်နှစ်များအတွင်း မိစ္ဆာဧကရာဇ်မှာ ၄င်း၏သက်ရောက်မှုများ အချည်းနှီးဖြစ်စေမည့် နည်းလမ်းတစ်ခုကို စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့လေသည်။ ယခုတွင် ပိုင်နိုင်ပြီဖြစ်ကြောင်း ယုံကြည်သဖြင့် ပိုင်ရှောင်ချန်း မည်သည့်ဖြစ်လိမ့်မည်ကို သေသေချာချာကြည့်ရန် တရွရွယားနေသည်။
သူက တဟားဟားရယ်၍ သရဲကြီးဘုရင်ကို ဆွဲကာ ပျံထွက်သွားလေသည်။
မကြာခင် မိစ္ဆာဧကရာဇ်မှ ဓမ္မအမိန့်တစ်ခုအား သူတော်စင်ဧကရာဇ်မြို့တော်တစ်လျှောက် ပို့လွှတ်လိုက်၏။ ပါရှိသောအကြောင်းအရာများက ဝိုးတိုးဝါးတား မဟုတ်ပေ။ သရဲကြီးဘုရင်သည် မိစ္ဆာဧကရာဇ်နိုင်ငံပိုင်နက်ကို ကျူးလွန်ပြီး ဥက္ကာခဲတစ်ခုကို ခိုးယူရန်ကြိုးစားခဲ့သည်။ သူ၏ပြစ်မှုအတွက် မိစ္ဆာဧကရာဇ်က သူ့ကို အပြစ်ပေးရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီဟူ၍။
ဓမ္မအမိန့်ကား မိစ္ဆာဧကရာဇ်သည် ပိုင်ရှောင်ချန်းအား သရဲကြီးဘုရင်ကို အလွှတ်ပေးရန် မိစ္ဆာဧကရာဇ်မြို့တော်ကို လာစေချင်ကြောင်း မိန့်ကြားထားခြင်း ဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေအားလုံးအတွက် သိသာထင်ရှားသော စာတစ်စောင်ဖြစ်လေသည်။
၄င်းမှာ ပိုင်ရှောင်ချန်းအား သူ စစ်ဆေးချင်နေသည့်အချက်ကို ဖုံးကွယ်ရန် မဖြစ်နိုင်သည့်အတွက် သူတော်စင်ဧကရာဇ်၏မျက်လုံးများပင် ကျဥ်းမြောင်းသွားရ၏။ အခြားတစ်ဖက်တွင် သူနှင့်ပိုင်ရှောင်ချန်းမှာ မဟာမိတ်ဖွဲ့ထားသော်လည်း အခြားတစ်ဖက်တွင် ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်အစစ်အမှန်မှာ ယခင်က သူ ထင်ထားခဲ့သည်ထက် အားနည်းကြောင်း အချိန်အတော်ကြာ သံသယဝင်နေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ်၏ ဤအသေးအဖွဲစမ်းသပ်ချက်လေးမှာ အမှန်တကယ်တွင် သူ့အတွက် ကောင်းသောအရာဖြစ်၏။
" စမ်းသပ်တာ နည်းနည်းပါးပါးလောက်က ငါ့ကို ထိခိုက်မှာမဟုတ်ပေမယ့် ပိုင်ရှောင်ချန်းသေသွားရင် မကောင်းတဲ့အကျိုးဆက်တွေ ရှိလိမ့်မယ် "
ထို့ကြောင့် သူတော်စင်ဧကရာဇ်က အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး လိုအပ်ပါက ကြားဝင်ရန် ပြင်လိုက်သည်။
သုံးရက်ကုန်ဆုံးသွားပြီး ဗဟိုဧကရာဇ်မြို့တော်မှ တုံ့ပြန်ချက် တစ်စုံတရာ မရှိပေ။ မိစ္ဆာဧကရာဇ်၏ သံသယ ပို၍နက်နဲသွားပြီး သူ့လူများ၏သံသယများသည်လည်း ထိုနည်းတူပင်။ ထိုအချိန် ကျိုးကျစ်မိုနှင့် မဟာကောင်းကင်သခင်ကဲ့သို့ ဗဟိုဧကရာဇ်နိုင်ငံရှိ အရေးကြီးပုဂ္ဂိုလ်များမှာ စိုးရိမ်သောက်ကရောက်လာကြ၏။ မိစ္ဆာဧကရာဇ်က ပိုင်ရှောင်ချန်းကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သူတို့သိထားပြီး အကယ်၍ သူ ပေါ်မလာလျှင် ၄င်းက သူတို့၏တန်ခိုးအရှိန်အဝါ အားနည်းနေသည်ကို ဖော်ထုတ်လိမ့်မည်ဖြစ်သည်။ ထို့ပြင် ပိုင်ရှောင်ချန်းက အမှန်တကယ် အားနည်းပါက သို့မဟုတ် သူတို့တစ်ခုခုလုပ်ရန် ကြာမြင့်စွာစောင့်နေပါက သရဲကြီးဘုရင်မှာ အသက်ဆုံးရှုံးရလောက်မည် ဖြစ်သည်။
ထိုအချိန်တွင် စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့တို့မှာ မဟာကောင်းကင်သခင်၊ ကုန်းစွန်းဝမ်အာတို့နှင့်အတူ ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်ရာအဆောင်ကို သွားရောက်ကြ၏။ သူတို့က ပိုင်ရှောင်ချန်း တရားအားထုတ်ရင်း တွေဝေမိန်းမောနေရာမှ နိုးထလာရန် မျှော်လင့်ချက်များဖြင့် သူတို့၏နတ်ဘုရားအာရုံများကို အတူတကွ ထုတ်လွှတ်လိုက်ကြလေသည်။ သို့သော် သူတို့၏နတ်ဘုရားအာရုံများမှာ တုံ့ပြန်မှုတစ်စုံတရာ မရှိပေ။
သူတို့၏ စိုးရိမ်စိတ်များ မြင့်တက်လာချိန်မှာပင် အခန်းတံခါး ပွင့်သွားပြီး ပိုင်ရှောင်ချန်း ပေါ်လာ၏။ သို့သော် သူက တစ်ပိုင်းတစ ဖောက်ထွင်းမြင်နေပြီး သိသာစွာပင် ကိုယ်ပွားတစ်ခုဖြစ်ကြောင်း လူတိုင်း ချက်ချင်း ပြောနိုင်လေသည်။
သူတို့တစ်ယောက်မှ ဘာမှမပြောနိုင်ခင် သူကပြော၏။ " ဖြစ်နေတာတွေ ကျုပ်သိတယ်။ ကျုပ်ရဲ့ကိုယ်အစစ် လာနေပြီ "
ထို့နောက် သူက ရုတ်တရက် စူးရှတောက်ပသောအလင်းဖြင့် တောက်ပလာ၏။
မဟာကောင်းကင်သခင်မှ ကုန်းစွမ်းဝမ်အာအထိ လူတိုင်း ကောင်းကင်ဧကရာဇ်များကိုပင် မျက်စိပြာသွားစေသော ထိုအလင်းကြောင့် တုန်လှုပ်သွားကြလေသည်။
အလင်းက ပို၍စူးရှတောက်ပလာစဥ် စွမ်းအားကြီးသော အရှိန်အဝါတစ်ခုကြောင့် ရှိသမျှလူတိုင်း သူတို့၏စိတ်များ ချာချာလည်သွားသည်သာမက သူတို့၏ဝိညာဥ်များအထိ တုန်ရီသွားကြတော့သည်။
မကြာခင် အလင်းသည် လူတစ်ယောက်၏ ပုံစံအဖြစ် စုဆုံလာ၏။ တည်နေရာရွှေ့ပြောင်းခြင်းအလား ပိုင်ရှောင်ချန်း၏ ကိုယ်အစစ်ကား သူ၏ကိုယ်ပွားနှင့်တစ်နေရာတည်းတွင် ရုပ်လုံးပေါ်လာတော့သည်။
သူ ထင်ရှားပြတ်သားလာသည်နှင့် တမူထူးခြားလာကြောင်း သူတို့ သတိထားမိလိုက်သည်။ သူ၏ဆံပင်မှာ အနည်းငယ် ပိုရှည်လာပြီး ပို၍ငယ်ရွယ်နုပျိုလာဟန်တူ၏။ သို့သော်ငြား သူ၏မျက်လုံးများက နက်နဲသိမ်မွေ့နေပြီး ၎င်းတို့ထဲတွင် ကြယ်များ ကိန်းအောင်းနေသည့်အလား၊ တဆက်တည်း မည်သည့်အရာကိုမဆို ဆွဲဆောင်သိမ်းသွင်းနိုင်သော တွင်းနက်များ ရှိနေသည့်အလား ထင်မှတ်ရသည်။
သူ၏မျက်လုံးများက နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်ဖြစ်သော ကုန်းစွန်းဝမ်အာပင် အပါအဝင်၊ ကျင့်ကြံခြင်းအခြေခံမည်သည့်အဆင့် ဖြစ်စေကာမူ လူတိုင်းအား တုန်လှုပ်သွားစေတော့သည်။ သူ၏ဟင်းလင်းပြင်ခရီးစဥ်အတောအတွင်း များသောအားဖြင့် သူ၏အရှိန်အဝါကို သူ ထုတ်ဖော်ထားတတ်ပြီး ၄င်းကို ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်သော်လည်း သူ၏ကိုယ်ပွားက သူကို မိစ္ဆာဧကရာဇ် သရဲကြီးဘုရင်အပေါ်လုပ်ခဲ့သည့်အရာအကြောင်း အသိပေးခဲ့လေသည်။ သို့ဖြစ်၍ သူ့နှလုံးသားထဲတွင် ဒေါသများတောက်လောင်လာခဲ့ပြီး သူ၏အရှိန်အဝါတချို့ လွတ်ထွက်သွားရာ ထိုလူများအား တုန်လှုပ်သွားစေခြင်း ဖြစ်သည်။
တုန်လှုပ်သွားသော မဟာကောင်းကင်သခင်က ပထမဆုံးအသိပြန်ဝင်လာသူဖြစ်သည်။ သူက လက်ယှက်၍ ပိုင်ရှောင်ချန်းကို ဦးညွှတ်လိုက်၏။
" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ် "
စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့အပါအဝင် အခြားသူတိုင်း နောက်မှပြောဆိုလိုက်ကြသည်။
" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ် "
" ကျုပ် အကုန် ရှင်းပေးမယ် "
သူက နွေးထွေးသော မျက်ဝန်းများဖြင့် ပြောသည်။
" စိတ်မပူနဲ့ "
ကျိုးကျစ်မို၊ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့အားလုံး သိသိသာသာ စိတ်အေးသွားပြီး မည်သည့်အခက်အခဲကိုမဆို သူ ဖြေရှင်းနိုင်ကြောင်း ယုံကြည်သွားကြဟန် တူသည်။
သူတို့နောက်တစ်ခေါက် ပြန်ဆုံခဲ့စဥ်ကတည်းကရေတွက်လျှင် အချိန်အတော်ကြာခဲ့ပြီဖြစ်၍ သူက သူ၏ဇနီးသုံးယောက်လုံးကို ဖက်လိုက်လေသည်။ စုန့်ကျင်းဝမ်က နွေးထွေးစွာပြုံးနေပြီး ဟိုရှောင်မေ့၏ ဗိုက်မှာ သိသိသာသာ ပူလာပြီဖြစ်သည်။ သို့သော် ကျိုးကျစ်မိုအတွက် သူ့အဖေပြန်ပေးဆွဲခံထားရခြင်းမှာ သူတို့နှစ်ယောက်ထက် ပို၍ခံစားရကြောင်း သူတို့နှစ်ယောက်လုံးသိ၍ သူမကို နှစ်သိမ့်ပေးသင့်ကြောင်း တိုးတိုးတိတ်တိတ် မျက်ရိပ်မျက်ခြည်ပြနေလေသည်။ သူက သူ့အကြည့်ကို အထူးသဖြင့် သူမထံ လွှဲလိုက်သောအခါ သူမ၏မျက်လုံးကလေးများ မည်မျှနီရဲနေသည်ကို မြင်လိုက်ရလေသည်။
" ကိုယ် ယောက္ခမကြီးကို သွားခေါ်ပေးမယ်" သူက ညင်သာစွာပြော၏။
" ပြီးတော့ မိစ္ဆာဧကရာဇ်နိုင်ငံ ဒီကိစ္စအတွက် ပေးဆပ်ရစေမယ်။ ကိုယ်ပြန်ရောက်ရင် အချိန်တစ်ခုကြာတဲ့အထိ တံခါးပိတ်ကျင့်ကြံမနေတော့ပါဘူး "
ထို့နောက် သူက ရိပ်ခနဲလှုပ်ရှား၍ မိုးကောင်းကင်ပေါ် ထိုးတက်သွားတော့သည်။