မင်း မြင်ချင်လား
Vol. 13 Ch. 1253
ပိုင်ရှောင်ချန်းကား တင်းမာနေသောအခြေအနေအလယ်တွင် ပြန်ရောက်လာခဲ့လေပြီ။ သရဲကြီးဘုရင်ကိစ္စမှာ သတိပေးချက်တစ်စုံတရာမရှိဘဲ ဖြစ်ပျက်သွားခဲ့ပြီး အကြောင်းကိစ္စများအား သူ ထားခဲ့သော ကိုယ်ပွားကိုသာ တာဝန်ပေးခံရပါက မည်သည့်တို့ဖြစ်ပျက်နိုင်သည်ကို ပြောမရပေ။
ကံကောင်းထောက်မစွာ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက အရေးကြီးသော အလုပ်များကို ပြီးမြောက်ခဲ့လေပြီ။ ပိုင်ဟောက် ပြန်လည်ရှင်သန်လာခဲ့ပြီး စုန့်ချွဲ နိုးထတော့မည့် လက္ခဏာများ ပြသလာကာ ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံသည် ယခုတွင် လောကနတ်ဘုရားအဆင့်မှာ ဖြစ်သည်။
သရဲအဘွားကြီးနှင့်တိုက်ပွဲ၊ လောကနတ်ဘုရားကျွန်နှစ်ယောက်ဖြင့် ပုံမှန်စီးချင်းထိုးလေ့ကျင့်ခြင်းတို့က သူ့အတိုက်အခိုက်စွမ်းရည်ကို ယခုတွင် ယခင်ကထက်များစွာပို၍ ယုံကြည်ချက်ရှိသည်အထိ တွန်းပို့ပေးခဲ့လေသည်။
သူ၏ရန်သူသာ မိစ္ဆာဧကရာဇ်မဟုတ်လျှင် ပိုင်ရှောင်ချန်းသည် လျှပ်စီးကဲ့သို့ တိုက်ခိုက်ပြီး သူ့ကို ချေမှုန်းကာ သရဲကြီးဘုရင်ကို ပြန်ယူလာခဲ့မည် ဖြစ်သည်။ သို့သော်ငြား မိစ္ဆာဧကရာဇ်က အယောင်ဆောင်ဖြစ်ကြောင်း လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ သိရှိခဲ့ပြီး လောကတာအို၏မှတ်ဉာဏ်များမှ သူ သဘောပေါက်ခဲ့သည့်အရာကို ထည့်တွက်ပါက အချိန်အတော်ကြာကတည်းက အခြေအနေနှင့်ပတ်သက်၍ သုံးသပ်ချက်တစ်ခု သူ စဉ်းစားမိပြီး ဖြစ်သည်။
" ဒီအယောင်ဆောင် မိစ္ဆာဧကရာဇ်က သေချာပေါက် မိစ္ဆာသခင် သံယောဇဉ်မဲ့လူသားနဲ့ ပတ်သက်ရမယ် "
ပိုင်ရှောင်ချန်းကို လေဟုန်ခွင်း၍သွားနေစဉ် သူ၏မျက်လုံးများမှာ အတွေးများဖြင့် ကျဉ်းမြောင်းနေသော်လည်း မကြာခင် သတ်ဖြတ်လိုစိတ်များ ဝုန်းခနဲ တောက်လောင်လာသည်။
မိစ္ဆာဧကရာဇ်က မည်သည့်ကျင့်စဉ်များ လျှို့ဝှက်ထားစေကာမူ ဤအခိုက်အတန့်တွင် တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ပိုင်ရှောင်ချန်း သိလေသည်။ ထိုသို့မဟုတ်လျှင် သရဲကြီးဘုရင် ဘေးသင့်မည်ဖြစ်၏။ ထို့အပြင် မိစ္ဆာဧကရာဇ်က သူ့ကို စမ်းသပ်ခြင်းအား ဘယ်တော့မှ ရပ်မည် မဟုတ်ပေ။
သူ၏ကလေးများ မွေးဖွားခဲ့တုန်းက မိစ္ဆာဧကရာဇ်သည် မိုးမြေဧကရာဇ်၏သွေးအချို့ကို အနက်ရောင်ကျောက်ထဲတွင် ဖုံးကွယ်လျက် လက်ဆောင်အဖြစ် သူ့ကို ပေးခဲ့လေသည်။ ထိုစဉ်က ကျောက်တုံးမှ သူ ခံစားခဲ့ရသော အန္တရာယ်အာရုံက သူ့ကို ဒေါသထွက်စေခဲ့သော်လည်း သူ မတတ်သာ၍ ဘာမှမလုပ်ဘဲ နေခဲ့ရ၏။
ယခုတွင် ရန်ကြွေးအဟောင်းပေါ် အသစ်ထပ်လာရာ သူ၏သတ်ဖြတ်လိုစိတ်များကို ပို၍ပင် အားကောင်းလာစေတော့သည်။ သူ ဗဟိုဧကရာဇ်နိုင်ငံနယ်နိမိတ်မှ ထွက်ခွာပြီး မိစ္ဆာကရာဇ်နိုင်ငံနယ်မြေများကို ဝင်ရောက်သွားစဉ် သူ၏ပတ်ပတ်လည်တွင် တဂျိန်းဂျိန်းထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်နေတော့သည်။ သူ စွမ်းဆောင်နိုင်သော အမြန်နှုန်းကို စဥ်းစားကြည့်ပါက သူ၏အရှေ့ရှိ မိုးထိုးနေသော ဧရာမသုံးခွမှိန်းကြီးနှင့် ၄င်းကို ရစ်ပတ်ထားသောအရိုးနဂါးကြီးကို မြင်ရန် သိပ်မကြာလိုက်ပေ။ ထိုနဂါးကြီး၏ ဦးခေါင်းခွံအပေါ်တွင်ကား အင်ပါယာနန်းတော်ကလွဲ၍ တခြားမဟုတ်ချေ။
" မိစ္ဆာဧကရာဇ် "
သူက ဟိန်းဟောက်လိုက်ရာ သူ၏အသံသည် ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွား၏။
သူ၏စကားလုံးများကြောင့် အရာအားလုံး တုန်ခါသွားပြီး မိစ္ဆာဧကရာဇ်မြို့တော်၏ ကျင့်ကြံသူများနှင့် ကောင်းကင်ဧကရာဇ်များပင် တအံ့တသြ မော့ကြည့်လိုက်ကြသည်။
" အဲဒါ ဗဟိုဧကရာဇ်ပဲ "
မိစ္ဆာဧကရာဇ်က သရဲကြီးဘုရင်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း မြို့ရှိ လူတိုင်းသိထားပြီး ဗဟိုဧကရာဇ်ပိုင်ရှောင်ချန်းက သူ၏လက်အောက်ငယ်သားကို လွှတ်ပေးရန် လာရောက်မည်ကိုလည်း သိလေသည်။ အချို့က ဖြစ်ပျက်မည့်အရာများနှင့်ပတ်သက်၍ စိုးရိမ်ကြသော်လည်း အများစုမှာ စိတ်လှုပ်ရှားနေကြပြီး ပိုင်ရှောင်ချန်းက သူတို့မိစ္ဆာဧကရာဇ်၏ ပြိုင်ဘက်မဟုတ်ဟု ယုံကြည်ကြလေသည်။
ပိုင်ရှောင်ချန်းသည် သူတော်စင်ဧကရာဇ်နှင့် ပူးပေါင်းပြီးမှသာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ရန် မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်နိုင်ခဲ့သည် မဟုတ်ပါလော။
ဤတစ်ကြိမ်တွင် မိစ္ဆာဧကရာဇ်က လက်ဦးမှုရယူရဲခဲ့သောကြောင့် သူကောင်းကောင်းပြင်ဆင်ထားသည်ဟု လူတိုင်း ယူဆကြလေသည်။ သို့သော် လူများက ပိုင်ရှောင်ချန်း၏ဟိန်းဟောက်သံကြီးကို ကြားသည်နှင့်တစ်ပြိုင်နက် ထိုယုံကြည်ချက်များအားလုံး အစိတ်စိတ်အမြွှာမြွှာကွဲကြေကုန်လေပြီ။
မြို့တော်တစ်ခုလုံး တသိမ့်သိမ့်တုန်လှုပ်လာစဥ် အင်ပါယာနန်းတော်အတွင်း တစ်နေရာမှ အနက်ရောင်မီးခိုးများက ကောင်းကင်ယံ ထိုးတက်သွားကာ ဧရာမမျက်နှာကြီးတစ်ခုပုံစံဖြစ်သွားသည်။
" ပိုင်ရှောင်ချန်း "
မျက်နှာကြီးက ပြော၏။ ၄င်း၏အသံကား ပိုင်ရှောင်ချန်းထံသို့ ပြီးပြည့်စုံသော တန်ပြန်တိုက်ခိုက်မှုဖြစ်သည့် ထိတ်လန့်အံသြဖွယ်အားကြီးတစ်ခုဖြင့် မြည်ဟည်းသွားလေသည်။
အခြားမည်သူမဆို အရှိန်လျှော့ရန် ဖိအားပေးခံခဲ့ရမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းတော့မပါပေ။ သူက အေးစက်သောအလင်းဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ပြောသည်။
" ခင်ဗျား ဒီလို သတ္တိမျိုး ဘယ်ကရလာတာလဲ မိစ္ဆာဧကရာဇ်။ ခင်ဗျား ကျုပ်တို့ရဲ့ သဘောတူညီကိုဖောက်ဖျက်ချင်ရင် ရတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ယောက္ခမကြီးကို ရာရာစစ ပြန်ပေးဆွဲရဲတယ်ပေါ့ "
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် လောကနတ်ဘုရားအလင်းတန်းရှစ်တန်း အပေါ်ထက်တွင် ပေါ်လာပြီး မိစ္ဆာဧကရာဇ်၏ ပုံရိပ်ယောင်မျက်နှာကြီးထံ တဟုန်ထိုးပြေးဝင်သွား၏။
သူက ဝေ့လည်ကြောင်ပတ်ပြောမနေပေ။ သူက တိုက်ခိုက်ရန်လာခဲ့ခြင်းဖြစ်ကြောင်း သူ၏လောကနတ်ဘုရားအလင်းကို ချက်ချင်း ဆင့်ခေါ်လိုက်ခြင်းမှ သက်သေပြနေလေသည်။ မိစ္ဆာဧကရာဇ်၏မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သောအလင်းများဖြင့် တောက်ပလာပြီး သူ၏မျက်နှာအပေါ်တွင် အပြုံးတစ်စ ဖြစ်ထွန်းသွား၏။
" မင်း ဒါပဲ တတ်နိုင်တာလား ပိုင်ရှောင်ချန်း "
စူးရှတောက်ပသော အလင်းတန်းကိုးတန်း အငွေ့များအတွင်း ပေါ်လာသဖြင့် ဧရာမမျက်နှာကြီး ပုံပျက်ရှုံ့တွလာလေသည်။ ပို၍နီးနီးကပ်ကပ်ကြည့်ရှပါက အလင်းများမှာ ဧရာမသလင်းကျောက်ကိုးတုံးဖြစ်ပြီး တစ်တုံးနှင့်တစ်တုံး နွယ်များဖြင့် ချိတ်ဆက်လာကာ ဧရာမအနက်ရောင် ကြေးမုံပြင်ကြီးတစ်ချက်အသွင် ဖြစ်လာသည်ကို မြင်ရပေမည်။
လောကနတ်ဘုရားအလင်း ရောက်လာသည်နှင့်တစ်ပြိုင်နက် ကြေးမုံပြင် ဖြစ်ပေါ်သွား၏။ သို့သော် လူတိုင်းမျှော်မှန်းထားခဲ့သည့် ပေါက်ကွဲမှုကြီး ဖြစ်မလာပေ။ ထူးဆန်းစွာပင် ကြေးမုံပြင်က နွံထုကြီးအလား လောကနတ်ဘုရားအလင်းကို လျင်မြန်စွာ အလွယ်တကူမျိုချလိုက်သည်။
" မင်းမှာရှိတာ ဒါအကုန်ပဲလား "
မိစ္ဆာဧကရာဇ်က တည်ငြိမ်အေးဆေးစွာ ပြောသည်။
" ဒါဆိုရင်တော့ ... ငါ အရမ်းစိတ်ပျက်မိတယ် "
သူက နန်းတော်မှ လမ်းလျှောက်ထွက်လာပြီး လောကနတ်ဘုရားအရှိန်အဝါ တဟုန်းဟုန်း တောက်နေလျက် လေထဲ ပျံတက်လာကာ သလင်းကျောက်ကြေးမုံပြင်၏အရှေ့တွင် ရပ်လိုက်သည်။
မိစ္ဆာဧကရာဇ်မြို့အတွင်းမှ တခဲနက်ကြွေးကြော်သံကြီးတစ်သံ ကြားလိုက်ရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှေ့တက်၍ လက်ယှက်အရိုအသေပေးလိုက်ကြသည်။
ပိုင်ရှောင်ချန်းက သလင်းကျောက်ကိုးခုမှဖြစ်လာသော ကြေးမုံပြင်ကို မြင်လိုက်ရသည့်အတွက် ဘာမှခွန်းတုံ့မပြန်ပေ။ သူက ညာဘက်ကိုဝှေ့ယမ်း၍ လောကနတ်ဘုရားအလင်းတန်းဆယ်တန်းကို ထပ်မံဆင့်ခေါ်ရာ အားလုံးကား မိစ္ဆာဧကရာဇ်ထံ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
" အလုပ်မဖြစ်ဘူးကွ "
မိစ္ဆာဧကရာဇ်က မျက်နှာပေါ်တွင် မထီမဲ့မြင့်အပြုံးတစ်စဖြင့် လက်နှစ်ဖက်ကိုကျောနောက်ပစ်၍ ပြောသည်။
" ငါ မင်းရဲ့ လောကနတ်ဘုရားအလင်းအတွက် ပြီးပြည်စုံတဲ့တန်ပြန်တိုက်ကွက်ကို ဖန်တီးခဲ့ပြီးပြီ။ ငါ့ရဲ့ မိစ္ဆာဧကရာဇ်သလင်းကျောက်တွေကို မင်း ဖျက်စီးနိုင်မှာမဟုတ်ဘူး "
ပုံရိပ်ယောင်ကြေးမုံပြင်ကြီးက လောကနတ်ဘုရားအလင်းပစ်ချက်အားလုံးကို တားဆီးပိတ်ဆို့ရန် သူ့ကိုဖြတ်၍ ရုတ်တရက် ရှေ့တက်လာလေသည်။
တဝုန်းဝုန်း ပေါက်ကွဲသံများ ကြားလိုက်ရကာ လုံးဝထိခိုက်ပုံမရသော ကြေးမုံပြင်သာ ကျန်ရစ်ခဲ့ပြီး လောကနတ်ဘုရားအလင်းကား တစတစပျောက်ကွယ်သွားတော့သည်။
" နှစ်ဆယ်ပြည့်ခါနီးပြီ ပိုင်ရှောင်ချန်း။ မင်းမှာ ဘယ်နှချက်ကျန်သေးလဲ။ မင်းမှာ စုစုပေါင်း ဘယ်လောက်ရှိလဲ ငါ အင်မတန် သိချင်နေတာ "
မိစ္ဆာဧကရာဇ်သည် ယခုထက်ထိ နောက်ကျောမှ လက်များကို မဖယ်ရသေးဘဲ သူ၏အပြုံးမှာ အထင်သေးမှုများဖြင့် တောက်ပနေလေသည်။
ဤမိစ္ဆာဧကရာဇ်က သံယောဇဥ်မဲ့လူသားနှင့် တစ်နည်းနည်း ဆက်စပ်နေသောကြောင့် ပိုင်ရှောင်ချန်းသည် သူ့ကိုမည်မျှတိုက်ခိုက်ချင်စေကာမူ သတိထားရမည်ဖြစ်ကြောင်း သိ၏။ ထို့ကြောင့် သူက သူ၏ကျင့်ကြံခြင်းအခြေခံကို မိစ္ဆာဧကရာဇ်အတွက် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်နေသေးသည့်ပုံပေါ်နေစေရန် ကောင်းစွာ ဖုံးကွယ်ထားလေသည်။
မိစ္ဆာဧကရာဇ်၏ ခနဲ့တဲ့တဲ့စကားလုံးကပင် သူ့ကို သူ၏ကျင့်ကြံခြင်းအခြေခံအစစ်အား ထုတ်ဖော်လာအောင် မလုပ်နိုင်ပေ။ ထို့အပြင် သူ့တွင် ဆင့်ခေါ်ရန် ဝှက်ဖဲများစွာ ရှိသောကြောင့် မိစ္ဆာဧကရာဇ်က သူ့ကို အမှန်တကယ် မတိုက်ခိုက်သေးသရွေ့ သူ့အတိုက်အခိုက်စွမ်းရည်အပြည့်အဝကို ဆင့်ခေါ်မည် မဟုတ်ပေ။
" ခင်ဗျားမြင်ချင်လား။ ကောင်းပြီလေ။ ကျုပ်မှာ ပစ်ချက် ဘယ်လောက်ကျန်သေးလဲ ပြမယ် "
သူက မခိုးမခန့်ရယ်၍ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းငါးဆယ်ကျော် ပေါ်ပေါက်သဖြင့် မိုးကောင်းကင်ကြီး တသိမ့်သိမ့်တုန်လှုပ်သွားတော့သည်။
မိစ္ဆာဧကရာဇ်မြို့တော်ရှိ လူတိုင်း ထိုအခြင်းအရာကြောင့် တုန်လှုပ်သွားကြပြီး အထိတ်တန့်အော်လိုက်ကြ၏။
" အများကြီးပဲ "
" မင်းမေဘ … ဗဟိုဧကရာဇ်မှာ လောကနတ်ဘုရားအလင်း အချက်နှစ်ဆယ်ပဲ ရှိတယ်လို့ လူတိုင်း ပြောနေကြတာမဟုတ်ဘူးလား "
ဆန့်ကျင့်ဘက်အနေဖြင့် မိစ္ဆာဧကရာဇ်က အထိတ်တလန့်ဖြစ်သွားပုံမရပေ။ သူ အံ့အားသင့်သွားသော်လည်း ယုံကြည်ချက်ရှိသေးပြီး လောကနတ်ဘုရားအလင်းတန်းငါးဆယ်က မဟူရာကြေးမုံပြင်ထံ ပြေးဝင်သွားသည်ကိုသာ စောင့်ကြည့်လိုက်သည်။ အလင်းမှာ ယခင်အတိုင်း မာပြီးခိုင်ခံပုံရသော ကြေးမုံပြင်၏ စုပ်ယူခံလိုက်ရသဖြင့် ပြင်းထန်သော ထစ်ခြုန်းမြည်သံများ ကြားလိုက်ရတော့သည်။
မိစ္ဆာဧကရာဇ်က တဟားဟား ရယ်မောလိုက်၏။
" ဒါက မင်း တတ်နိုင်သမျှ အကုန်ပေါ့ ဟမ်။ ကဲ မင်း ... "
သို့သော် သူဘာမှထပ်မပြောနိုင်ခင် ပိုင်ရှောင်ချန်းက သူ၏လက်ကို ထပ်မံ့ဝှေ့ယမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်ကား အပေါ်တွင် အလင်းတန်း တစ်ရာ ပေါ်လာ၏။
၄င်းမှာ အံ့သြတုန်လှုပ်ဖွယ် မြင်ကွင်းကြီးတစ်ရပ်ဖြစ်၍ မိစ္ဆာဧကရာဇ်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ့စိတ်အစဥ် ချာချာလည်လာတော့သည်။ သို့ထိတိုင် မည်သူမှ ဖြစ်ပျက်နေသည်အား ကောင်းကောင်းမတွေးနိုင်မီ ပိုင်ရှောင်ချန်းက နောက်ထပ် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ အလင်းတန်းနှစ်ရာနီးပါးရှိသော အစုအဝေးကြီးပေါ်လာပြန်လေသည်။ အတိအကျ အလင်းတန်း ( ၂၆၇ ) တန်း ဖြစ်သည်။ ထို့ပြင် ဤအချိန်အထိ အချက်ရေ မည်မျှသုံးခဲ့သည်ကို သေသေချာချာရေတွက်နေသူ ရှိမည်ဆိုပါက စုစုပေါင်း ( ၃၆၁ ) တန်းရှိကြောင်း သဘောပေါက်မည်ဖြစ်သည်။
ထိုသည်မှာ ယပ်တောင်မျက်နှာထဲက လှေပေါ်ရှိ ကျားခုံပေါ်တွင် တည်ရှိသော ကစားကွက်များအရေအတွက် အတိအကျဖြစ်ပြီး နတ်ဘုရားအစွမ်း၏ စစ်မှန်သောအကန့်အသတ် ဖြစ်လေသည်။ ယခုတွင် လောကနတ်ဘုရားအလင်းတန်းသုံးရာနီးပါးက မိုးကောင်းကင်နှင့်မြေပြင်ကို တသိမ့်သိမ့်တုန်နေစေတော့သည်။
" မဖြစ်နိုင်ဘူး "
မိစ္ဆာဧကရာဇ်မှာ သိသိသာသာတုန်လှုပ်လျက် ခပ်တိုးတိုးပြော၏။ သူတစ်ယောက်တည်းသာမဟုတ်။ သူတော်စင်ဧကရာဇ်နိုင်ငံတွင် သူတော်စင်ဧကရာဇ်သည် ဖြစ်ပျက်နေသော တိုက်ပွဲကို စောင့်ကြည့်နေပြီး လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။
" ကျုပ် တစ်ခါထဲ ဘယ်လောက်များများလုပ်နိုင်လဲ မြင်ချင်တယ်လို့ ခင်ဗျား ပြောခဲ့တယ်နော် မိစ္ဆာဧကရာဇ် "
ပိုင်ရှောင်ချန်းက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်း၍ လောကနတ်ဘုရားအလင်းတန်း သုံးရာနီးပါးကို မိစ္ဆာဧကရာဇ်ထံ စူးရှတောက်ပသောအလင်းမိုးများပမာ ပို့လွှတ်လိုက်သည်။
သူ၏မဟူရာေကြးမုံပြင်က ၄င်း၏အကန့်အသတ်အပြည့် ပြန့်ကားလာသဖြင့် မိစ္ဆာဧကရာဇ်၏မျက်လုံးများ နီရဲသွားတော့သည်။ ၄င်းက ၄င်းကို ထိုးဖောက်သွားသော အလင်းတန်းတစ်တန်းပြီး တစ်တန်းကို မယိမ်းမယိုင်ဘဲ အင်အားကုန် တောင့်ခံထားသည်။ သို့သော် ကြေးမုံပြင်က မည်မျှမာကြောပြီး ခိုင်ခံစေကာမူ လောကနတ်ဘုရားအလင်းပေါင်းများစွာကို မတောင်ခံနိုင်ဘဲ မကြာခင် မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပျံ့နှံ့လာတော့သည်။
၄င်းမှာ လာနေသော လောကနတ်ဘုရားအလင်းချက်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို တားဆီးပြီးနောက် ထပ်မံ မခံနိုင်တော့ဘဲ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲကြေသွားလေသည်။ မိစ္ဆာဧကရာဇ်က အားသွန်ခွန်စိုက် အပင်ပန်းခံကာ ထွင်းထုခဲ့ရပြီး သက်စောင့်အားကိုပင် အသုံးပြုခဲ့ရသော မိစ္ဆာဧကရာဇ်သလင်းကျောက်ကိုးတုံးမှာမူ အကုန်လုံး ဖျက်စီးခံလိုက်ရတော့သည်။
ထိုသို့ဖြစ်ပျက်သွားစဥ် နားကွဲလုမတတ် ပေါက်ကွဲသံကြီးကြောင့် ထာဝရအင်မော်တယ်နယ်မြေတစ်ဝက်နီးပါးတုန်ခါသွားသည်။
၄င်းမှာ ကမ္ဘာပျက်မည့်နေ့ဆိုက်ရောက်လာ၍ ဧရာမတုန်ခါလှိုင်းကြီးများက တောင်တန်းများကို ပြိုလဲစေလျက် ကုန်းမြေများကို ခုတ်ပိုင်းပြီး မိုးကောင်းကင်ကို နှစ်ခြမ်းခွဲပစ်မည့်ဟန်ဖြင့် မြေပြင်များတစ်လျှောက် တလိပ်လိပ် ရိုက်ခတ်သွားသည့်အလားပင်။
(၁) ပုံမှန်ကျားကွက်မှာ ဒေါင်လိုက်မျဥ်း ၁၉ ကြောင်း ၊ အလျားလိုက်မျဥ်း ၁၉ ကြောင်းနှင့် လေးထောင့်ကွက် ( ၃၆၁ ) ကွက် ပါဝင်ပါတယ်။