← Chapters

လောကနတ်ဘုရားများ တိုက်ပွဲ

Vol. 13 Ch. 1255

လောကနတ်ဘုရားများ တိုက်ပွဲ

Vol. 13 Ch. 1255

လောကနတ်ဘုရားအလင်းတန်း သုံးရာ့ခြောက်ဆယ့်တစ်တန်းဆိုသည်မှာ လက်ခံနိုင်ဖွယ်ရာမရှိသည့် ပမာဏတစ်ခုပင် ဖြစ်သည်။ ထိုနေရာတွင် ရှိနေသည့်လူတိုင်း အသိစိတ်များချာချာလည်သွားကြပြီး ပိုင်ရှောင်ချန်း အမှန်တကယ် ပိုင်ဆိုင်ထားသည့် ပမာဏကို သိချင်နေခဲ့ကြသည့်လူများမှာမူ လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။

" သူ့ဆီမှာ ဒီလောက်တောင်အများကြီးရှိနေတာ ငါဖြင့်မယုံနိုင်ဘူး "

" ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ။ မင်းမေဘ၊ သုံးရာကျော်တောင်လား။ ဗဟိုဧကရာဇ်က စွမ်းအားပိုကြီးလာလို့ပဲနေမှာ။ ဒီလိုမှမဟုတ်ရင် အကျဥ်းအကြပ်ထဲကို မရောက်မချင်း သူ့ဝှက်ဖဲရဲ့ စွမ်းအားအပြည့်အဝကို ထုတ်မသုံးလောက်ဘူး "

ဗဟိုဧကရာဇ်မင်းဆက်ထဲမှ လူပေါင်းများစွာ တုန်လှုပ်နေကြပြီ ဖြစ်သည်။ သူတော်စင်ဧကရာဇ်မင်းဆက်မှ လူများအနက် သူတော်စင်ဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများသာ နတ်ဘုရားအာရုံကိုသုံး၍ ကြည့်နေကြသည်။ သို့သော် သူတို့အားလုံးသည်လည်း မှင်တက်နေရပြီ ဖြစ်သည်။

သူတော်စင်ဧကရာဇ်မှာ အဆိုးဝါးဆုံးပင်။ ပိုင်ရှောင်ချန်းမှာ ဤမျှများပြားသော လောကနတ်ဘုရားအလင်းတန်းများကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးလုံး မထင်ထားမိခဲ့ပေ။ အလင်းတန်းပေါင်း သုံးရာကျော်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ရီသွားစေနိုင်ပြီး သူ့ကိုလည်း နောက်သို့ဆုတ်ခွာသွားသည်အထိ ဖိအားပေးနိုင်စွမ်းရှိသည်။

တချိန်ထဲမှာပင် ယခင်က မိစ္ဆာဧကရာဇ်ကြီးနှင့် သူက ရေကုန်ရေခန်းတိုက်ခိုက်ခဲ့သည် ဖြစ်ကြောင်း ရိပ်စားမိခဲ့သည်။ သို့သော်လည်း ယခုတွင်မူ မိစ္ဆာဧကရာဇ်မှာ ယခင်ကထက် များစွာပို၍ စွမ်းအားကြီးမားလာပြီ ဖြစ်သည်။

ဥပမာဆိုရသော် သူ၏မိစ္ဆာဧကရာဇ်သလင်းကျောက်များမှာ လောကနတ်ဘုရားအဆင့်တွင် ရှိနေသည့် နတ်ဘုရားအစွမ်းတိုင်းကို ခုခံနိုင်စွမ်းရှိသည့်ပုံ ပေါ်နေသည် မဟုတ်ပါလော။ သူတော်စင်ဧကရာဇ်မှာ ထိုသလင်းကျောက်များကို ဖျက်ဆီးလိုပါက ကြီးကြီးမားမား ပေးဆပ်ရမည်ဖြစ်ပြီး ထိုသို့ဖျက်ဆီးရန်ကြိုးစားရင်း ဒဏ်ရာပါရရှိသွားရမည်လည်း ဖြစ်သည်။

" သူတို့နှစ်ယောက်စလုံးက ဘယ်လိုနည်းနဲ့များ ဒီလောက်မြန်မြန် စွမ်းအားကြီးမားလာရတာလဲ "

ထိုစဥ် မိစ္ဆာဧကရာဇ်မှာ မိစ္ဆာဧကရာဇ်မြို့တော်၏ အထက်ရှိလေပေါ်တွင် ရစ်ဝဲ၍ ဂနာမငြိမ် ဖြစ်နေပြီး ပိုင်ရှောင်ချန်းအား သတ်ဖြတ်လိုစိတ်အပြည့်တောက်လောင်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ ဤမျှအထိ များပြားလှသော လောကနတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူ လုံးဝ မတွေးထားပေ။ ထို့အပြင် အကယ်၍ သူသာ ဤမြင်ကွင်းကို သူ၏မျက်လုံးများဖြင့် တပ်အပ်မမြင်ခဲ့ရပါက ထိုအချင်းအရာမှာ မဖြစ်နိုင်ဟုသာ ယုံကြည်နေဦးမည်ဖြစ်သည်။

" အခုဆိုရင်တော့ သူ့ဆီမှာ ထပ်ပြီးမရှိလောက်တော့ပါဘူး "

သူသည် အရောင်လက်နေသည့် မျက်ဝန်းများဖြင့် တွေးလိုက်သည်။ သူသည် အစတွင် ပိုင်ရှောင်ချန်း၏ သတ်ဖြတ်လိုစိတ်များကို နှိုးဆွနိုင်ရန်အတွက် သူ့အား အနည်းငယ်မျှသာ ရန်စရန် ဆန္ဒရှိခဲ့သည်။ သို့သော် ယခုတွင်မူ ပိုင်ရှောင်ချန်းထံတွင် လောကနတ်ဘုရားအလင်းတန်းများ ထပ်၍မရှိတော့ကြောင်း သူက ယုံကြည်သွားသဖြင့် သူ့ကိုသတ်ရန် ခက်ခဲတော့မည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။

သူ၏အမြင်တွင်မူ ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ် အဆင့်သာ ရှိနေသေးသည်။ ပိုင်ရှောင်ချန်း၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် အချိန်အနှစ်သာရ၏ ကောင်းချီးပေးမှုကို ရရှိခဲ့သည့်အချက်ကြောင့် မိစ္ဆာဧကရာဇ်ပင် သူ၏ တန်ခိုးအဆင့်အစစ်အမှန်ကို မသိနိုင်ပေ။

ထိုအချင်းအရာမှာ သိပ်မကြာခင် ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိပါသော်လည်း ဂရုမစိုက်ပေ။ ထိုအမှန်တရားကို အဆုံးသတ်တွင် သူ ထုတ်ပြမည်ဖြစ်ပြီး သူ၏ပြိုင်ဘက်အား မှော်အတတ်အချို့ကို အစောကြီးထုတ်ရန် ဖိအားပေး၍ အသာစီးမရနိုင်အောင် လုပ်ရန်သာ သူက မျှော်လင့်ထားသည်။ မိစ္ဆာဧကရာဇ် အမှန်အတိုင်း သိရှိသွားသည့်အချိန်တွင် သူက ဖျက်ဆီးနိုင်စွမ်းအပြည့်ပါသော အတတ်ဖြင့် အင်အားကုန်သုံး၍ တိုက်ခိုက်လိုက်မည်ဖြစ်သည်။

" မင်းဆီမှာ လောကနတ်ဘုရား အလင်းတန်းတွေ ထပ်ပြီးမရှိတော့ဘူးဆိုတာ ငါလောင်းရဲတယ် ပိုင်ရှောင်ချန်း "

မိစ္ဆာဧကရာဇ်မှာ ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်တော့သည်။ သူ့ထံတွင် မိစ္ဆာဧကရာဇ်သလင်းကျောက်များ မရှိတော့ပါသော်လည်း နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော အခြားဝှက်ဖဲများစွာ ကျန်ရှိနေသေးသည်။ ထို့အပြင် သူသည် မိစ္ဆာဧကရာဇ်မြို့တော်ထဲတွင် ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ပြီး အောက်ဘက်ရှိမြို့တော်အား လက်ညှိုးထိုးလိုက်တော့သည်။

ထိုအခါ ဧရာမသုံးခွမှိန်းကြီးကို ရစ်ပတ်ထားသည့် ဧရာမအရိုးနဂါးကြီးမှာ ရုတ်တရက် ဆတ်ခနဲ တုန်ရီသွားသည်။ တချိန်ထဲမှာပင် တော်ဝင်နန်းတော်တည်ဆောက်ထားသည့်နေရာဖြစ်သော ဦးခေါင်းခွံထဲရှိ မျက်လုံးများထဲတွင် အနက်ရောင်မီးလုံးနှစ်လုံး ပေါ်ထွက်လာသည်။

ထိုမီးတောက်နှင့်အတူ ထိုနဂါးကြီး၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ကို တုန်ရီသွားစေနိုင်ပြီး မြေပြင်ကိုကွဲအက်သွားစေနိုင်သည့် အငွေ့အသက်ကြီးတစ်ခုနှင့် ကောင်းကင်ကြီးကိုပင် မှေးမှိန်သွားစေသည့် တုန်ခါမှုအားကြီးတစ်ခုပေါ်ထွက်လာပြီး လေပြင်းများ တိုက်ခတ်လာတော့သည်။

နဂါးကြီးကိုယ်တိုင် အရွယ်အစားကြီးမားလွန်းနေပြီး မိစ္ဆာဧကရာဇ်မြို့တော်၏ အခြေခံအုတ်မြစ် ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုနဂါးကြီးတုန်ခါလာသောအခါ မြို့တော်ထဲရှိ အဆောက်အဦများမှာလည်း ပြိုလဲကုန်ကြပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်မှ ကျင့်ကြံသူမြောက်မြားစွာ အောက်သို့ လွင့်စင်ကာ ပြုတ်ကျသွားကြတော့သည်။

သန်းပေါင်းများစွာသော ကျင့်ကြံသူများမှာ မြို့တော်ထဲမှ ပြုတ်ကျကုန်ကြသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထို့နောက် နဂါးကြီးမှာ ခေါင်းမော့လိုက်ပြီး နားများပင်အူသွားစေနိုင်လောက်သည့် အသံကြီးဖြင့် ဟိန်းဟောက်ကာ သုံးခွမှိန်းကြီးထံမှခွာလိုက်ပြီး လေထဲသို့ ပျံတက်လာတော့သည်။

ထိုနဂါးကြီးမှာ အရွယ်အစားကြီးမားလွန်းလှပြီး ယခင်က ၎င်းပေါ်တွင်ရှိခဲ့သည့် အဆောက်အဦများမှာ ယခုတွင် ပျက်စီးကုန်ကြပြီဖြစ်၍ ၎င်း၏ဦးခေါင်းပေါ်တွင် သရဖူတစ်ခုနှင့်တူသော အရာတစ်ခုကို မြင်လိုက်ရတော့သည်။ ထိုသရဖူကြောင့် ဤနဂါးကြီးမှာ နဂါးအားလုံး၏ ဧကရာဇ်နှင့်ပင် တူနေတော့သည်။

ထိုနဂါးကြီးမှာ တုနှိုင်း၍မရလောက်အောင် ခက်ထန်ကြမ်းကြုတ်လှပြီး မိုးထိအောင် မြင့်တက်နေသည့် သေခြင်းတရားအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ၎င်း၏မျက်လုံးများထဲရှိ အနက်ရောင်မီးတောက်များမှာ ရက်စက်ကြမ်းကြုတ်လှပြီး အေးစက်နေသည့်အပြင် လေပေါ်တွင် ထိုနဂါးကြီးရစ်ဝဲနေသည့်မြင်ကွင်းမှာ နှလုံးခုန်သံများကို ရပ်တန့်သွားစေနိုင်လောက်သည်အထိ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှပေသည်။ ထို့နောက် မိစ္ဆာဧကရာဇ်မှာ မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သောအခါ ထိုနဂါးကြီးမှာ ပိုင်ရှောင်ချန်းထံ ရှေးရှု၍ ပျံသန်းလာတော့သည်။

ထိုနဂါးကြီး သူ့ထံသို့ ပျံသန်းလာနေစဥ်အတောအတွင်း ၎င်းထံမှ ပေါ်ထွက်လာနေသည့် ဖိအားများကြောင့် ၎င်း၏ပတ်ပတ်လည်ရှိ လေထုကြီးမှာ ကွဲအက်ကာ ပျက်ဆီးသွားတော့သည်။

" လောကနတ်ဘုရားအဆင့် နဂါးကြီးပဲ "

ပိုင်ရှောင်ချန်းမှာ မျက်လုံးများ မှေးသွားတော့သည်။ နဂါးကြီးထံမှ ပေါ်ထွက်နေသည့် အငွေ့အသက်မှာ အမှန်တကယ်တွင် လောကနတ်ဘုရားအဆင့်မှာ ရှိနေသည်။ ၎င်းမှာ မိစ္ဆာဧကရာဇ်၏ ဝှက်ဖဲတစ်ချပ်ဖြစ်သည်။ သူက ပိုင်ရှောင်ချန်းအား သတ်ဖြတ်နိုင်ရန်အတွက် မိစ္ဆာဧကရာဇ်မြို့တော်ကိုပင် ဖျက်ဆီးပစ်ရန် အဆင်သင့်ရှိနေသည်။

ပိုင်ရှောင်ချန်းသာ ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ပြီး လောကနတ်ဘုရားအလင်းတန်း လုံးဝမရှိတော့ပါက ဤနဂါးကြီးကို ပြန်လည်ခုခံနိုင်မည် မဟုတ်ပေ။ အစွမ်းကုန်ထုတ်၍ ထွက်ပြေးရမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူက လုံးဝစိတ်ပူနေသည့်ပုံ ပေါ်မနေပေ။ သူက တွန့်ဆုတ်မနေသည့်အပြင် ထူးဆန်းသော အလင်းရောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် လက်နှစ်ဖက်စလုံးကိုမြှောက်၍ မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်တော့သည်။

" အတိတ်ပြန်လည်ဝင်စားခြင်းသုတ္တန် "

ထိုအချိန်တွင် ထူးဆန်းပြီး အတိအကျဖော်ပြရန် မဖြစ်နိုင်သည့် အငွေ့အသက်တစ်ခု အပြင်သို့ ထိုးထွက်လာသဖြင့် မိစ္ဆာဧကရာဇ်၏ အမူအရာ ဖျတ်ခနဲ ပြောင်းလဲသွားတော့သည်။ ဤထူးဆန်းသော မှော်အတတ်အား ပိုင်ရှောင်ချန်း ထုတ်သုံးလိုက်သည်ကို သူမြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ် မဟုတ်ပါသော်လည်း ယခုအကြိမ်တွင် ထိုမှော်အတတ်မှာ ယခင်ကနှင့်မတူပဲ ကွဲပြားနေသည်။

မိစ္ဆာဧကရာဇ်မှာ သံသယစိတ်များဖြင့် ကြည့်နေစဥ် အရိုးနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မှော်သင်္ကေတအမြောက်အမြား ပေါ်လာသဖြင့် ၎င်းမှာ တုန်ရီသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုမှော်သင်္ကေတများမှာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသဖြင့် ရေတွက်၍ပင် မရတော့ချေ။ တခဏလေးအတွင်း ထိုသင်္ကေတများမှာ ဧရာမပိုက်ကွန်ကြီးသဖွယ် ထိုလောကနတ်ဘုရားအဆင့် နဂါးကြီးအား အုပ်မိုးသွားတော့သည်။

ထိုဧရာမပိုက်ကွန်ကြီးကို ဖန်တီးထားသည့် မှော်သင်္ကေတတစ်လုံးချင်းစီမှာ မှတ်ဉာဏ်တစ်ခုစီကို ကိုယ်စားပြုနေသည်ဖြစ်ပြီး ၎င်းတို့အား ခေတ္တမျှစိုက်ကြည့်လိုက်ရုံနှင့် ထိုနဂါးကြီးအသက်ရှင်နေခဲ့စဥ်က ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို မြင်နိုင်ပေသည်။

ဤမှော်အတတ်မှာ ပိုင်ရှောင်ချန်း၏ ပဝေသဏီအတွဲထဲတွင်ပါသော နတ်ဘုရားအတတ်သုံးကွက်ထဲမှ တစ်ကွက်ဖြစ်သည့် အတိတ်ပြန်လည်ဝင်စားခြင်းသုတ္တန် ဖြစ်သည်။ သူ၏ယခင် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုပါက သူ့နတ်ဘုရားအတတ်သုံးခု၏ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးရန် ခက်ခဲနေခဲ့ရသည်။ သို့သော် ယခုတွင်မူ သူ့ထံတွင် ထိုအနှောင့်အယှက်များ ရှိမနေတော့ပေ။ သို့ဖြစ်၍ ယခု သူသည် အတိတ်ပြန်လည်ဝင်စားခြင်းသုတ္တန်၏ စစ်မှန်သော အချုပ်အနှောင်စွမ်းအားကို အသုံးပြုနေသည်။

ထိုအရိုးနဂါးကြီး၏ မှတ်ဉာဏ်များမှာ တစ်ခုစီ ခွဲခြား၍မရနိုင်သော မှော်သင်္ကေတများအသွင် ပြောင်းလဲသွားခဲ့ပြီး ကံကံ၏အကျိုးပုံစံဖြင့် နဂါးကြီးအား အပြီးတိုင် ချုပ်နှောင်လိုက်ခြင်း ဖြစ်သည်။

" ချုပ်နှောင်စေ "

ပိုင်ရှောင်ချန်းမှာ ဆောင်းရာသီလေအေးပမာ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။ ထိုစဥ် နဂါးကြီးမှာ သနားစဖွယ် အော်ဟစ်မြည်တမ်းလိုက်ပြီး လွတ်မြောက်နိုင်ရန်အတွက် မျှော်လင့်ချက်ကင်းမဲ့စွာ ရုန်းကန်နေတော့သည်။ သို့သော် ထိုနဂါးကြီးမှာ မည်မျှပင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေစေကာမူ မှော်သင်္ကေတပိုက်ကွန်ကြီးမှာ တဖြည်းဖြည်း တင်းကြပ်လာသဖြင့် ပြန်လည်မခုခံနိုင်တော့ပေ။ ထို့နောက် ထိုမှော်သင်္ကေတများမှာ ထိုလောကနတ်ဘုရားအဆင့် အရိုးနဂါးကြီးအား အလုံးတစ်လုံးအသွင် ဟဖြစ်သွားအောင် ဖိနှိပ်လိုက်သဖြင့် ယခင်က မိစ္ဆာဧကရာဇ်မြို့တော်ထဲတွင် နေခဲ့ကြသည်ကျင့်ကြံသူအားလုံး တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။

ထိုသို့ ဖိနှိပ်ပြီးသွားသောအခါ တဂျိန်းဂျိန်းမြည်သံများ ထွက်ပေါ်လာပြီး ထိုမှော်သင်္ကေတစက်လုံးကြီးမှာ ရောင်စုံအလင်းရောင်များတောက်ပလာကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် မလှုပ်မယှက် ရပ်နေတော့သည်။

" ဘုရားရေ။ ဗဟိုဧကရာဇ်က အရိုးနဂါးကြီးကို တကယ် ချုပ်နှောင်လိုက်တာပဲ "

" ဒါ ... ဒါ မဖြစ်နိုင်ဘူး "

မိစ္ဆာဧကရာဇ်မှာ အသက်ရှူရန်ပင်မေ့နေပြီး ပိုင်ရှောင်ချန်းအား မျက်လုံးမှေးကြီးများဖြင့် ကြည့်နေတော့သည်။

" မင်းက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူမှ မဟုတ်တော့ပဲ။ ဒါပေမဲ့ မင်းက လောကနတ်ဘုရားအဆင့်ကိုလည်း မရောက်နိုင်သေးဘူးလေ ... "

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ခေါင်းမော့လာပြီးနောက် သူ၏အငွေ့အသက်များမှာ တရိပ်ရိပ်မြင့်တက်လာကာ အဆုံးအစမဲ့သော လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံကို ထုတ်ပြလိုက်တော့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေပြင်တို့ တုန်ရီသွားပြီး လေပြင်းများတိုက်ခတ်လာ၏။ ထို့နောက် မရေမတွက်နိုင်လောက်အောင်များသော တအံ့တသြအော်ဟစ်သံများ ပေါ်ထွက်လာစဥ် သူသည် လေးညှို့မှပစ်လွှတ်လိုက်သည့် မြားတစ်ချောင်းနှယ် မိစ္ဆာဧကရာဇ်ထံ ပျံသန်းသွားတော့သည်။

အသက်ရှူကြိမ်အနည်းငယ်အတွင်း တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်မှာ လက်သီးချက်ပေါင်း ရာနှင့်ချီ၍ အပြန်အလှန်တိုက်ခိုက်ပြီး ဖြစ်သွားကြသည်။ မြေပြင်ကြီး တုန်ရီနေပြီး လေထုကြီးမှာလည်း ကွဲအက်ကုန်၏။ သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင်မူ သူတော်စင်ဧကရာဇ်မှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေပြီး အံ့သြမှင်တက်နေပြီ ဖြစ်သည်။

" သူက တကယ်ပဲ လောကနတ်ဘုရားအဆင့်ကို ရောက်သွားတာလား။ မဖြစ်နိုင်တာ။ ထာဝရမယ်တော်က အိပ်စက်နေတာလေ။ တကယ်လို့ နောက်ထပ်လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ပေါ်ထွက်လာတာကို ထာဝရမယ်တော်သာ ထောက်ခံမယ်ဆိုရင် ထာဝရအင်မော်တယ်ဒေသအကုန်လုံးသိအောင် ကြေငြာမှာပေါ့ "

All Chapters