← Chapters

ဧကရာဇ်သုံးခွမှိန်း

Vol. 13 Ch. 1256

ဧကရာဇ်သုံးခွမှိန်း

Vol. 13 Ch. 1256

မိစ္ဆာဧကရာဇ်သည် ထိုဖြစ်ရပ်များကို အစကတည်းက သံသယရှိနေခဲ့သည်ဖြစ်ပြီး သူတော်စင်ဧကရာဇ်ပင် မဖြစ်နိုင်ဟု တွေးထားသည်။ သူတို့က လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများဖြစ်ကြသောကြောင့် လောကနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ရန် မည်မျှခက်ခဲကြောင်း သိထားကြသည်။ ထိုသို့တက်လှမ်းနိုင်ရန်အတွက် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ အခြားမည်သည့်ကျင့်ကြံသူမဆို မသိသော လျှို့ဝှက်ချက်တစ်ခု ရှိသေးသည်။

ထာဝရအင်မော်တယ်နယ်မြေများထဲတွင် လောကနတ်ဘုရားအဆင့်ကျင့်ကြံသူ နောက်ထပ်တစ်ယောက် ထပ်မံ ပေါ်ထွက်လာနိုင်ရန် ခက်ခဲကြောင်းကို မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့နှစ်ယောက်စလုံး သိထားခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီ ဖြစ်သည်။ လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းလိုပါက ကမ္ဘာကြီး၏ ထောက်ခံမှုကို အရင်ဆုံး ရယူရန် လိုအပ်သည်။

ထိုထောက်ခံမှုဆိုသည်မှာလည်း ခေါင်းညိတ်၍ လက်ခံလိုက်သလိုမျိုး လွယ်ကူရှင်းလင်းသည့် ကိစ္စရပ်မျိုး မဟုတ်ပေ။ ကမ္ဘာကြီး၏ ချီစီးဆင်းမှုအချို့ကို ရယူရမည်ဖြစ်ပြီး အခြေခံကျကျဆိုရသော် ၎င်း၏ သဘာဝဥပဒေသအချို့ကိုပါ ရယူရမည် ဖြစ်သည်။ ၎င်းမှာ လောကနတ်ဘုရားအဆင့်သို့တက်လှမ်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

သို့ဖြစ်၍လည်း မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့နှစ်ယောက်စလုံး လက်ရှိအခြေအနေကို သံသယဝင်နေကြခြင်း ဖြစ်သည်။ ထာဝရမယ်တော် အားအလွန်နည်းနေသည် ဆိုသောအချက်ကို သိသောသူ မရှိသလောက် နည်းနေပါသော်လည်း သူတို့နှစ်ယောက်က သိထားကြသည် မဟုတ်ပါလား။

ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်အဆင့်ထက် ကျော်လွန်သည့်အရာများကို စွမ်းဆောင်နိုင်လျှင်တောင် လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့ပြီဟု အခြားဧကရာဇ်နှစ်ယောက်စလုံး ယုံကြည်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ ပိုင်ရှောင်ချန်းနှင့် မိစ္ဆာဧကရာဇ်က တစ်ယောက်နှင့်တစ်ယောက် ရက်စက်ကြမ်းကြုတ်စွာ အပြန်အလှန် တိုက်ခိုက်နေကြပြီဖြစ်၍ ထိုအခြေအနေကို တွေးတောသုံးသပ်နေရန် အချိန်မရှိပေ။

ကောင်းကင်ယံမှ မိုးခြိမ်းသံထက်ပင်ကျယ်လောင်သည့် အုန်းခနဲမြည်ဟည်းသံကြီးတစ်သံ ပေါ်ထွက်လာကာ မိစ္ဆာဧကရာဇ်မှာ ပါးစပ်ထောင့်စွန်းမှသွေးများစီးကျလာပြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားသည်။ သူ၏မျက်ဝန်းများမှာမူ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေပြီဖြစ်သည်။

" နေ "

သူက အော်ဟစ်လိုက်သည်။ အလင်းရောင်များစုပ်ယူခံလိုက်ရသည့်အလား ထာဝရအင်မော်တယ်နယ်မြေများအထက်ရှိ ကောင်းကင်ကြီး ရုတ်ချည်း မည်းေမှာင်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုအလင်းရောင်များအားလုံးက မိစ္ဆာဧကရာဇ်၏ အထက်တွင် နီရဲစွာတောက်ပနေသည့် နေလုံးကြီးတစ်လုံးအသွင် ပေါ်ထွက်လာတော့သည်။

ထိုနေလုံးကြီးမှာ အရွယ်အစားကြီးမားလွန်းလှပြီး သတိလစ်မေ့မျောသွားစေနိုင်သည့် အပူဓာတ်များကို ထုတ်လွှတ်နေသည်။ တချိန်ထဲမှာပင် အနက်ရောင်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာကာ ထိုနေလုံးကြီးနှင့် ချိတ်ဆက်သွားသဖြင့် မိစ္ဆာဧကရာဇ်၏ခန္ဓာကိုယ်ထဲမှ ဆန့်ထွက်နေသည့်အလားပင်။

မိစ္ဆာဧကရာဇ်မြို့သူမြို့သားများမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်ပြီး တတ်အားသရွေ့ အလျင်အမြန် ဆုတ်ခွာနေကြပြီ ဖြစ်သည်။ သို့သော်လည်း အများစုမှာ နှေးကွေးလွန်းနေခဲ့သည်ဖြစ်၍ နေလုံးကြီး၏စွမ်းအားကြောင့် ချက်ချင်းပင် ခြောက်သွေ့နေသော အရိုးစုများအသွင် ပြောင်းလဲသွားတော့သည်။

နေရာအနှံ့အပြားတွင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး အနက်ရောင်မီးတောက်များနှင့် နေလုံးကြီးက ပိုင်ရှောင်ချန်းထံ တည့်မတ်စွာ ဦးတည်လာနေတော့သည်။

ဤနေလုံးကြီးထံမှ ဖိအားမှာ နဂါးကြီးထက် များစွာ သာလွန်နေသည်။ ၎င်းမှာ တစ်ကမ္ဘာလုံးကို မုန့်ဖုတ်သကဲ့သို့ ဖုတ်နိုင်လောက်သည်အထိ ပူပြင်းနေသည်လည်းဖြစ်သည်။ ပိုင်ရှောင်ချန်းမှာမူ အရောင်လက်နေသည့် မျက်ဝန်းများဖြင့် နောက်သို့ဆုတ်လိုက်ပြီး မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။

" ပစ္စုပ္ပန် ရှင်သန်ခြင်းနှင့်သေခြင်းတရား သုတ္တန် "

၎င်းမှာ ပဝေသဏီအတွဲမှ ဒုတိယမြောက် နတ်ဘုရားအတတ်ဖြစ်သည်။

သူက လက်များကိုဝှေ့ယမ်းလိုက်သောအခါ သေခြင်းတရားအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် ရှေးဟောင်း ကျောက်တံခါးကြီးတစ်ချပ် ပေါ်ထွက်လာသည်။ ဤတံခါးမှာ သေခြင်းတရားကို ကိုယ်စားပြုသည့် သေခြင်းတရားတံခါးပင် ဖြစ်သည်။

တဆက်တည်း နေလုံးကြီး၏နောက်တွင် နောက်ထပ် တံခါးတစ်ချပ် ပေါ်ထွက်လာသည်။ ထိုတံခါးမှာမူ ခံနိုင်ရည်များ၊ သက်စောင့်အားများနှင့် ပြည့်နှက်နေသည်။ ၎င်းမှာ ရှင်သန်ခြင်းတံခါးပင် ဖြစ်သည်။

ဤသည်မှာ ပိုင်ရှောင်ချန်း၏ ပစ္စုပ္ပန် ရှင်သန်ခြင်းနှင့်သေခြင်းတရား သုတ္တန်ပင် ဖြစ်သည်။ သူသည် သေခြင်းတရားတံခါးနှင့် ရှင်သန်ခြင်းတံခါးဟူ၍ တံခါးနှစ်ချပ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် နေလုံးကြီးက ရှင်သန်ခြင်းတံခါးမှနေ၍ ပိုင်ရှောင်ချန်းထံ ဦးတည်၍လာသောအခါ ၎င်းမှာ သေခြင်းတရားတံခါးထံ တဖြည်းဖြည်း ချဥ်းကပ်လာသည်နှင့် တူနေတော့သည်။ ထိုခရီးမှာ အသက်ရှင်သန်နေရာမှ သေမင်းထံ လျှောက်လှမ်းနေသည့် လမ်းကြောင်းပင် ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ နတ်ဘုရားအတတ် ပေါ်ထွက်လာသည်နှင့် ကောင်းကင်ကို တုန်ခါသွားစေနိုင်ပြီး မြေပြင်ကိုအက်ကွဲသွားစေနိုင်လောက်အောင် အစွမ်းထက်သည့် နေလုံးကြီးမှာ မှောင်မဲစပြုလာတော့သည်။ ၎င်းမှာ မည်မျှပင် လျင်မြန်စွာ ရွေ့လျားနေစေကာမူ သေခြင်းတရား၏ လွှမ်းမိုးမှုများမှာ ပို၍မြန်ဆန်နေသည်ဖြစ်ပြီး ၎င်းတို့အား ပြောင်းပြန်လှန်ရန် မဖြစ်နိုင်တော့ပေ။ မိစ္ဆာဧကရာဇ်မှာလည်း နေလုံးကြီးနှင့် ချိတ်ဆက်ထားသည်ဖြစ်ရာ သူသည်လည်း သိသိသာသာ အိုမင်းရင့်ရော်လာတော့သည်။

တောက်ပစွာလင်းလက်နေသော သူ့မျက်ဝန်းများပင် မှေးမှိန်စပြုလာပြီ ဖြစ်သည်။

ထိုနေရာတွင်ရှိနေသည့် လူတိုင်း ဆွံ့အနေကြပြီး သူတော်စင်ဧကရာဇ်မှာမူ ရူးသွပ်တော့မည့်အလား ခံစားလိုက်ရတော့သည်။

" ဒီမှော်အတတ်က အစွမ်းထက်လှပါလား "

ထို့နောက် မိစ္ဆာဧကရာဇ်မှာ ဤမှော်အတတ်ကို ရင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခုတည်းသာ ရှိတော့ကြောင်း သိလိုက်သဖြင့် အာခံလိုသော လေသံဖြင့် အော်ဟစ်လိုက်တော့သည်။

" ပေါက်ကွဲစေ "

သူက အော်လိုက်သည်။ ထိုအခါ ချက်ချင်းပင် အရောင်များမှေးမှိန်လာနေသည့် နေလုံးကြီးက ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါလှိုင်းကြီးတစ်လှိုင်းကို ထုတ်လွှတ်လိုက်သဖြင့် အနီးနားရှိ တောင်တန်းများ ပျက်စီးသွားကြပြီး မိစ္ဆာဧကရာဇ်မြို့တော်သား မြောက်မြားစွာမှာလည်း သေဆုံးသွားရတော့သည်။

ပိုင်ရှောင်ချန်းမှာ သူတို့တိုက်ခိုက်ရာတွင် ကြည့်ရှုနေသည့် လူများကိုကာကွယ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားသေးသည်။ သို့သော် မိစ္ဆာဧကရာဇ်က ဘေးနားမှ ပွဲကြည့်ပရိတ်သတ်များကို လုံးလုံးဂရုမစိုက်ပေ။ သူသည် ပိုင်ရှောင်ချန်းကိုသာ ဒဏ်ရာရအောင် လုပ်ချင်နေသည်ဖြစ်ပြီး ထိုသို့လုပ်ရန် အခြားသူများကိုပါ သတ်ရမည်ဆိုပါကလည်း ဝန်လေးနေမည် မဟုတ်ပေ။

ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီး ပေါ်ထွက်လာသောအခါ ပိုင်ရှောင်ချန်းမှာ နောက်သို့ အမြန်ဆုံးနည်းဖြင့်ဆုတ်ခွာသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကိုထုတ်၍ နေလုံးကြီး၏ပေါက်ကွဲမှုဒဏ်မှ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ထို့နောက် သူက တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်ပါသော်လည်း ယခုတွင် မိစ္ဆာဧကရာဇ်က သူ့အား မဆုတ်မနစ်သော ပြတ်သားမှုမျိုးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

" ဒီ လောကနတ်ဘုရားအဆင့် တိုက်ပွဲစွမ်းရည်ကို မင်း ဘယ်ကရလာသလဲတော့ ငါ မသိဘူး ပိုင်ရှောင်ချန်း။ ဒါပေမဲ့ မင်းရဲ့ပတ်ပတ်လည်က ကမ္ဘာကြီးရဲ့ ထောက်ခံမှုကို မရထားဘူးဆိုရင် စစ်မှန်တဲ့ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို မင်း မယှဥ်နိုင်ဘူးဆိုတာ ငါပြမယ် "

ထိုသို့ဆိုလိုက်ပြီး မိစ္ဆာဧကရာဇ်မှာ လက်ကိုအောက်စိုက်၍ အံ့သြမှင်တက်ဖွယ်ကောင်းသော သုံးခွမှိန်းကြီးရှိရာဘက်သို့ လှမ်း၍ ဖမ်းဆုပ်လိုက်သည့် အမူအရာတစ်ခု လုပ်လိုက်တော့သည်။

" ဧကရာဇ်သုံးခွမှိန်း "

သူက အော်ပြောလိုက်သည်။ ထိုအခါ မြေကြီးထဲတွင် စိုက်နေသည့် ဧရာမသုံးခွမှိန်းကြီးက တုန်ရီသွားပြီးနောက် လေပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာကာ တပြိုင်နက်ထဲမှာပင် မိစ္ဆာဧကရာဇ် အလွယ်တကူ ကိုင်နိုင်လောက်သည့်အရွယ်အစားအထိ ကျုံ့ဝင်သွားတော့သည်။

ထိုအချိန်တွင် မိစ္ဆာဧကရာဇ်ထံမှ ဤတိုက်ပွဲထဲတွင် ပေါ်ထွက်လာခဲ့သည့် အရာအားလုံးထက်သာလွန်နေသော ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များ တလိပ်လိပ် ထွက်ပေါ်လာတော့သည်။ သူ၏နောက်တွင်မူ ဧရာမလေပွေကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်းစတင်လည်ပတ်သွားသောအခါ အင်မော်တယ်နယ်မြေများအားလုံး တုန်ရီလာကြတော့သည်။

" ဒီလောက်နဲ့တင် ပြီးပြီ ပိုင်ရှောင်ချန်း " သုံးခွမှိန်းကြီးမှာ အနက်ရောင်အလင်းရောင်များအပြင် ပိုင်ရှောင်ချန်း ရင်းနှီးပြီးသားဖြစ်သော အငွေ့အသက်တစ်ခုကိုပါ ထုတ်လွှတ်နေပြီဖြစ်သည်။ ထိုအငွေ့အသက်ကား သံယောဇဥ်မဲ့လူသား၏ အငွေ့အသက်ပင်ဖြစ်သည်။

ယခုတွင် မိစ္ဆာဧကရာဇ်မှာ သံယောဇဥ်မဲ့လူသား၏ ကိုယ်ပွားတစ်ခု သေချာပေါက်ဖြစ်ရမည်ဟု သူ အကြွင်းမဲ့ ယုံကြည်သွားတော့သည်။

ဤသုံးခွမှိန်းကြီးမှာ မိစ္ဆာဧကရာဇ်အစစ်ကို သတ်ခဲ့သည့် မှော်ပစ္စည်းဖြစ်ကြောင်း သူကသိသည်။ ထို့ကြောင့် ၎င်းမှာ သံယောဇဥ်မဲ့လူသားပိုင်ဆိုင်သော ပစ္စည်းတစ်ခုဖြစ်နေမည်မှာ အမှန်ပင်။ ပိုင်ရှောင်ချန်းမှာ သူ ရင်ဆိုင်နေသည့်အရာကို သေသေချာချာ သိရှိသွားပြီဖြစ်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျင့်ကြံခြင်းစွမ်းအားများအားလုံး ထုတ်ဖော်လိုက်တော့သည်။

ထိုအခိုက် ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဧရာမလေပွေကြီးတစ်ခု ထပ်မံပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် ပိုင်ရှောင်ချန်း၏နောက်တွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး မိစ္ဆာဧကရာဇ်၏ လေပွေကြီးကို ယှဥ်ပြိုင်ရန် ဖြစ်ပေသည်။

ယခုတွင် နှစ်ဖက်စလုံး တိုက်ခိုက်လိုက်ကြတော့သည်။

" မိစ္ဆာဧကရာဇ်က အစွမ်းကုန်ထုတ်ပြီးတိုက်နေတာပဲ "

သူတော်စင်ဧကရာဇ်က ထိုသို့တွေးလိုက်ပြီး ရှေ့သို့တစ်လှမ်းလှမ်းကာ တိုက်ပွဲရှိရာဘက်သို့ ဦးတည်သွားတော့သည်။

သူတော်စင်ဧကရာဇ် မရောက်လာခင် မိစ္ဆာဧကရာဇ်က သုံးခွမှိန်းကြီးကို လေပေါ်တွင်ဝှေ့ယမ်း၍ အနက်ရောင်မီးတောက်များ၊ အနက်ရောင်လျှပ်စီးတန်းများနှင့် အနက်ရောင်လေပြင်းများကို အနက်ရောင် မျက်လုံးကြီးတစ်လုံးအသွင်ဖြင့် ဆင့်ခေါ်လိုက်သည်။ ထို့နောက် ထိုမျက်လုံးကြီး ပွင့်လာပြီးနောက် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်တော့သည်။

ထိုမျက်လုံးကြီးမှာ သုံးခွမှိန်းကြီး၏ စွမ်းအားများကို စုစည်းလိုက်ပြီးနောက် ထိုစွမ်းအားများအား ဖျက်ဆီးအားအပြည့်ပါသောတိုက်ကွက်တစ်ခုအသွင်ဖြင့် ရှေ့သို့စေလွှတ်ကာ လေဟုန်ခွင်း၍ သွားစေလိုက်သည်။

ထိုမျက်လုံးကြီးထဲတွင် ကမ္ဘာများကို ချေမှုန်းနိုင်ပြီး ၎င်း၏ရှေ့တွင်ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများပါဝင်နေဟန်တူသည်။ ထိုမျက်လုံးကြီးကြောင့် ပိုင်ရှောင်ချန်း၏ ရင်ထဲတွင် အသက်အန္တရာယ်တစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်ပမာ ခံစားလိုက်ရတော့သည်။

ထိုသို့ အသက်တမျှ အရေးကြီးနေသည့်အချိန်တွင် ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်တော့သည်။

" အနာဂတ်ပါရမီသုတ္တန် "

ထို့ နောက် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး အနက်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

ထိုကျောက်တုံးမှာ အထက်ကောင်းကင်ရှိ ဧရာမမိုးမြေဧကရာဇ်ကြီး၏ အသွေးအသားအစိုင်အခဲတစ်တုံးဖြစ်ပြီး တပေါက်နှင့်ရှောင်ရှောင်တို့ မွေးဖွားခဲ့စဥ်က မိစ္ဆာဧကရာဇ် လက်ဆောင်ပေးခဲ့သည့် ကျောက်တုံးပင်ဖြစ်သည်။

သူသည် ထိုကျောက်တုံးပေါ်တွင် အနာဂတ်ပါရမီသုတ္တန်ကို အသုံးပြု၍ သူ၏ကံကြမ္မာကို ၎င်းနှင့်ချိတ်ဆက်လိုက်သည်ဖြစ်ရာ သံယောဇဥ်မဲ့လူသားဖြစ်သော နတ်ဆိုးဧကရာဇ်နှင့် အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်ပြီးသား ဖြစ်သွားတော့သည်။

သူ၏ကျင့်ကြံခြင်းအဆင့်နှင့် သံယောဇဥ်မဲ့လူသားကို မည်သည့်အရာမှ မလုပ်နိုင်ကြောင်း သူ သိသည်။ သို့သော် သူသည် ဤနတ်ဘုရားအတတ်ကို အသုံးပြု၍ သူ၏ကံကြမ္မာအား မိစ္ဆာဧကရာဇ်၏ ကံကြမ္မာနှင့် ချိတ်ဆက်နိုင်ပေသည်။

မိစ္ဆာဧကရာဇ်မှာ သံယောဇဥ်မဲ့လူသား၏ ကိုယ်ပွားတစ်ခု မဟုတ်ပါလော။ ထိုအချက်ကိုတော့ ပိုင်ရှောင်ချန်းက သေချာနေသည်။ ထိုအချက်မှာလည်း သူ့ဗျူဟာတစ်ခုလုံး၏ အခရာဖြစ်သည်။ အစောပိုင်းက သူ ထုတ်ခဲ့သော တိုက်ကွက်များ၏ ရည်ရွယ်ချက်တစ်ခုမှာလည်း ထိုအချက်ကို ဆန်းစစ်အတည်ပြုရန် ဖြစ်သည်။

ဤအချင်းအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း ပိုင်ရှောင်ချန်းက အနာဂတ်ပါရမီသုတ္တန်ကို ကျောက်တုံးပေါ်တွင် အသုံးပြုလိုက်စဥ် ဧရာမမျက်လုံးကြီးက သူ့ထံ ချဥ်းကပ်လာတော့သည်။ သူ တုန်ရီသွားပြီး သူ၏နှုတ်မှသွေးများမှာ ရေပန်းများသဖွယ် ပန်းထွက်လာသဖြင့် အင့်ခနဲညည်းသံတစ်သံ ထွက်ပေါ်လာကာ ထာဝရအတွဲက သူ့ဒဏ်ရာများကို ကုသနေတော့သည်။ တချိန်ထဲမှာပင် အထက်ကောင်းကင်ယံရှိ ဧရာမမိုးမြေဧကရာဇ်ကြီးမှာ လှုပ်ရှားမှု မရှိပါသော်လည်း မိစ္ဆာဧကရာဇ်မှာမူ ရုတ်ချည်း မျက်နှာပျက်သွားတော့သည်။

" မဖြစ်နိုင်ဘူး "

သူ၏ နှုတ်မှ ထိုစကားများ ထွက်လာသည့်အခိုက်အတန့်မှာပင် သူ၏ပါးစပ်ထဲမှ သွေးများစွာ ပန်းထွက်လာကာ သူက တုန်တုန်ရီရီနှင့် နောက်သို့ ခြေလှမ်းများစွာ ဒယိမ်းဒယိုင် ဆုတ်ခွာသွားရပြီး သူ စိတ်ကူး၍ပင်မရနိုင်လောက်အောင် ပြင်းထန်သည့် တိုက်ကွက်တစ်ခု၏ ထိုးနှက်ခြင်းကို ခံလိုက်ရသည့်အလား သူ၏ရင်ဘတ် ချိုင့်ဝင်သွားတော့သည်။

All Chapters