ခင်ဗျား ကျုပ်ကို ဆဲတယ်ပေါ့
Vol. 13 Ch. 1257
အနာဂတ်ပါရမီသုတ္တန်၏ ကြောက်ရွံ့ထိတ်လန့်ဖွယ် အကောင်းဆုံး အခန်းကဏ္ဍမှာ ကံကြမ္မာချင်း ဆယ်သွယ်ရာတွင် ဖြစ်ပေသည်။ ယှဥ်ပြိုင်သူနှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ထပ်တူညီစွာ ရရှိမည်ဖြစ်၍ ပုံမှန်အခြေအနေတွင်ဆိုပါက ရေကြီးခွင်ကျယ်မဟုတ်ပါသော်ငြား ပိုင်ရှောင်ချန်းက ကြောက်ခမန်းလိလိ တောင့်တင်းသော အပြင်ခန္ဓာကို ပိုင်ဆိုင်ထားသည်သာမက ပြန်လည်ကုစားခြင်းစွမ်းအားများကိုလည်း ပိုင်ဆိုင်ထားပေသည်။
ပုံမှန်အားဖြင့် အားကုန်ထုတ်ထားသော တိုက်ကွက်တစ်ကွက်၏ ခြောက်ဆယ်ရာခိုင်နှုန်း သို့မဟုတ် ခုနစ်ဆယ်ရာခိုင်နှုန်းသာ သူ ထိခိုက်ခံရမည် ဖြစ်သည်။ ပြင်းထန်သောမည်သည့်ဒဏ်ရာဒဏ်ချက်မဆို လျင်မြန်စွာ ကုသပြီးဖြစ်မည့်အပြင် အပေါ်ယံဒဏ်ရာများမှာ ချက်ချင်း ပျောက်ကင်းသွားမည် ဖြစ်သည်။ သူ၏ပြိုင်ဘက်တွင် တူညီသော ပြန်လည်ကုစားခြင်းစွမ်းအားများမပိုင်ဆိုင်သရွေ့ ဤအခြေအနေရှိ မည်သည့်တိုက်ပွဲမဆို မညီမမျှ ဖြစ်ပေမည်။
လောလောဆယ်တွင် မိစ္ဆာဧကရာဇ်၏ပါးစပ်မှ သွေးများပန်းထွက်နေပြီး ပိုင်ရှောင်ချန်း၏လက်ထဲရှိ ကျောက်တုံးကို ကြည့်လိုက်စဥ် သူ့မျက်လုံးများထဲတွင် ကြောက်စိတ်များဖြင့် ရိပ်ခနဲဖြစ်သွား၏။ သူက ပိုင်ရှောင်ချန်း၏အရှက်မရှိမှုကို လျှော့တွက်ထားဆဲဖြစ်သည်ကလွဲ၍ ဆက်လက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသေးသည်။ သူလှုပ်ရှားတော့မည့်ဆဲဆဲ ပိုင်ရှောင်ချန်းက ညာလက်ကို ရှေ့သို့ဆန့်ထုတ်ပြီးနောက် သူ့ရင်ဘတ်သူ ရိုက်ချလိုက်လေသည်။
ဘုန်းခနဲ ခပ်အုပ်အုပ်အသံတစ်သံထွက်လာပြီး ပိုင်ရှောင်ချန်းမှာ ပါးစပ်မှ သွေးများပန်းထွက်သွားကာ နောက်သို့ယိမ်းယိုင်သွားလေသည်။ ထာဝရအတတ်ကား အစွမ်းထက်၍ ချက်ချင်းပင် အလုပ်လုပ်သွားသော်လည်း သူက အော်ဟစ်လိုက်ရန်လည်း မမေ့ပေ။
" အိုက်ယား ၊ ခင်ဗျား ကျုပ်ကို ရိုက်တယ်။ ကျွတ် ကျွတ် ကျွတ် နာလိုက်တာဗျာ ... "
မိစ္ဆာဧကရာဇ်၏ မျက်လုံးကြီးများ ပြူးထွက်သွားပြီး နောက်ထပ်တိုက်ကွက်ထုတ်ဖော်ရန် ပြင်လိုက်ချိန်မှာပင် ဘုန်းခနဲအသံ ကြားလိုက်ရပြန်ပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်သွားတော့သည်။ ဤအချိန်တွင် သူ၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေပြီ။
" ဘယ်လောက်တောင် အရှက်မရှိလိုက်တဲ့ ပိုင်ရှောင်ချန်းတုန်း "
သူက သွက်သွက်ခါအောင် ရူးသွပ်သွားတော့တော့မည့်အလား ခံစားနေရလျက် အော်ဟစ်လိုက်သည်။ သူ သည်းခံနေရသော အရှက်တကွဲအကျိုးနည်းမှုကား ဖော်ပြ၍ပင် မစွမ်းသာဘဲ ပိုင်ရှောင်ချန်းကို နည်းနည်းစမ်းသပ်ရန်ဆိုသော သူ၏ဆုံးဖြတ်ချက်များအတွက် အကြီးအကျယ် နောင်တရနေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်းကား ရင်ဆိုင်ရန် ခက်လွန်းလှ၏။
သူ၏မိစ္ဆာဧကရာဇ်သလင်းကျောက်များမှာ ဖျက်စီးခံခဲ့ရပြီး သူ၏အရိုးနဂါးကြီး ချုပ်နှောင်ခံခဲ့ရကာ သူ၏နေဝန်းကြီးသည်လည်း ပေါက်ကွဲထွက်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် နောက်ဆုံး၌ သူသည်ပင် ထိခိုက်ဒဏ်ရာရရှိခြင်းဖြင့် အဆုံးသတ်သွားရ၏။ ဤရွေ့ဤမျှသာ ဆိုပါက ၄င်းကို သူလက်ခံနိုင်ခဲ့မည် ဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ ထိခိုက်နာကျင်စေသည့် ထူးထူးဆန်းဆန်းဗျူဟာကို အသုံးပြုနေသည်။
မိစ္ဆာဧကရာဇ်မှာ မည်မျှရူးချင်နေကြောင်းကို ကောင်းကောင်းမွန်မွန် စာဖွဲ့မပြနိုင်တော့ပေ။ သူသည် ပုံမှန်အားဖြင့် တင်းမာခက်ထန်သောမျက်နှာထား ရှိသော်လည်း ပိုင်ရှောင်ချန်း၏ကျေးဇူးကြောင့် တိုက်ပွဲစိတ်ခံစားချက်တစ်ခုလုံး ပြောင်းလဲသွားခဲ့လေပြီ။
" ခင်ဗျား ကျုပ်ကို ကျိန်ဆဲနေတာလား အရူးအဘိုးကြီး။ ခင်ဗျား အဲဒီလိုလုပ်တာက ကျုပ်ကို စိတ်တိုေအာင် လုပ်နေတာဗျ "
ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါး ကြည့်၍ လက်ကို လက်သီးအသွင်ဆုပ်ကာ သူ့ဝမ်းဗိုက်အတွင်းကျကျနေရာကို ထိုးချလိုက်လေသည်။ မိစ္ဆာဧကရာဇ်၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားကာ အဆုတ်ကွဲလုတ်မတတ် ဟိန်းဟောက်လိုက်သဖြင့် သူ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားတော့သည်။ သူက ရှေ့ဆက်၍ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ ခုနစ်ချက်၊ ရှစ်ချက် ဆင့်ကာဆင့်ကာ ထိုးချလိုက်လေ၏။
အဆုံးသတ်တွင် မိစ္ဆာဧကရာဇ်မှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရတော့သည်။ သူတို့နှစ်ယောက်အကြားရှိ ကံကြမ္မာချင်းဆက်သွယ်မှုကို ဖြတ်တောက်ရန်အလို့ငှာ သူ၏သုံးခွမှိန်းကြီးကို မြှောက်ပြီး ဒေါသများဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် သူ၏လက်ကို ၄င်းအပေါ် ဖိချလိုက်လေသည်။
" ပေါက်ကွဲစေ "
သူက ဟိန်းဟောက်လိုက်၏။ သံယောဇဥ်မဲ့လူသားနှင့် သက်ဆိုင်သော မှော်ရတနာဖြစ်သည့် သုံးခွမှိန်းကြီး ပေါက်ကွဲသွားလေရာ ပိုင်ရှောင်ချန်းနှင့် မိစ္ဆာဧကရာဇ်အကြားတွင် အနက်ရောင်လေပွေများ ဝုန်းခနဲ ပေါက်ကွဲထွက်လာတော့သည်။
တဝုန်းဝုန်း ပေါက်ကွဲသံများ မြည်ဟည်းသွားပြီး သူတို့၏ပါးစပ်မှ သွေးများပန်းထွက်သွားကာ နောက်သို့ယိမ်းယိုင်သွားကြလေသည်။ ပေါက်ကွဲမှုသည် သဘာဝတရားအား ဖီဆန်လိုက်ဟန်တူပြီး သံသရာစက်ဝန်းကိုပင် သက်ရောက်သွားပုံရ၏။ ၄င်းက ဝုန်းခနဲထွက်ပေါ်လာကာ ပိုင်ရှောင်ချန်း၏ အနာဂတ်ပါရမီသုတ္တန်မှ ဖန်တီးထားခဲ့သော ကံကြမ္မာဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်လေသည်။
ထိုသို့ ဖြစ်ပျက်သွားပြီး ထာဝရအတွဲကျေးဇူးကြောင့် ပိုင်ရှောင်ချန်းမှာ ဒဏ်ရာများ ပြန်လည်သက်သာလာနေစဥ် သူ့မျက်လုံးများထဲတွင် အေးစက်သောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံကို ထပ်မံဖုံးကွယ်မနေတော့ဘဲ လောကနတ်ဘုရားတစ်ပါး၏စွမ်းအင်များကို သူ့ပတ်လည်တွင် တဟုန်းဟုန်းတောက်နေစေလျက် အရှိန်တင်ကာ မိစ္ဆာဧကရာဇ်ထံ တည့်တည့်ပြေးဝင်သွားသည်။
သူက မြန်သင့်သလောက် မမြန်မည်ကို စိုးရိမ်သဖြင့် ထာဝရပြုစားခြင်းသိုင်းနှင့်အတူ တောင်ဖြိုသိုင်းကို အသုံးပြု၍ နီးကပ်သွားလေသည်။
ကုန်လွန်သွားသော အချိန်တိုင်း သူက မြန်သည်ထက် မြန်ဆန်အောင် သွားလေရာ တခဏအတွင်း မိစ္ဆာဧကရာဇ်၏ ရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ ထို့နောက် သူက မိစ္ဆာဧကရာဇ်ထံ လှမ်း၍ လည်မျိုဖမ်းဆုပ်ကွက်ကို အသုံးပြုလိုက်လေသည်။
အရာအားလုံးကား အလွန်လျင်မြန်စွာ ဖြစ်ပျက်သွား၏။ မကြာသေးခင်က မိစ္ဆာဧကရာဇ်အနေဖြင့် ရှောင်တိမ်းကောင်း ရှောင်တိမ်းနိုင်ခဲ့မည်ဖြစ်သော်လည်း ယခုတွင်မူ ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဖြစ်၍ အလွယ်တကူ မတောင့်ခံနိုင်ပေ။ သူ ခေါင်းလှည့်ရှောင်နိုင်လိုက်သော်လည်း ပိုင်ရှောင်ချန်း၏လည်မျိုဖမ်းဆုပ်ကွက်က သူ၏ပခုံးကို ထိနိုင်လိုက်သေးသည်။
" တကယ်တမ်းကျ ခင်ဗျားက ဘာကောင်ကြီးတုန်း ပြစမ်းပါ "
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်ပြီး လက်ဖြင့် အောက်သို့ ဆွဲစုတ်ချရင်း မိစ္ဆာဧကရာဇ်၏ ပခုံးကို အရေခွံတော့သည်။
မိစ္ဆာဧကရာဇ်က ဟိန်းဟောက်ပြီး နောက်ဆုတ်ရန် ကြိုးစားသော်လည်း အရေပြားအောက်ရှိ တဆတ်ဆတ်တွန့်လိမ်နေသော အသား သာ ပေါ်ထွက်လာလေသည်။ သူ့အရေပြားခွာခံလိုက်သဖြင့် ထာဝရအင်မော်တယ်နယ်မြေများ၏ သဘာဝတရားများသည် သူ့ကို လူ့အသွင် ဆက်နေခြင်းမှ ဟန့်တားလာတော့သည်။ သူက ဆန့်ငင်ဆန့်ငင်ဖြင့် တွ့န်လိမ့်ပြီး အကြောဆွဲနေကာ ဧရာမသွေးရောင်ဖွတ်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားလေသည်။
ယခုတွင် သူက အကာအကွယ်အရေပြားမရှိ၊ ဥအိတ်ကြီးကို ကာကွယ်ပေးခဲ့သည့် ပင့်ကူအိမ်အကာမရှိတော့သဖြင့် သူ့ကိုသုတ်သင်ဖယ်ရှားရန် ချက်ချင်းရှာဖွေနေကြသော ထာဝရအင်မော်တယ်နယ်မြေများ၏ သဘာဝတရားများအား လိုက်နာလိုက်ရသဖြင့် အမျက်ဒေါသများ၊ နာကျင်မှုများဖြင့် အော်ဟစ်နေရတော့သည်။
ဧရာမဖွတ်ကြီး ပေါ်ထွက်လာသောအခါ အောက်ဖက်ရှိ မိစ္ဆာဧကရာဇ်နိုင်ငံ၏ ကျန်ရှိသောလူအများမှာ မှင်သက်သွားကြတော့သည်။ အထူးသဖြင့် ပင့်ကူအိမ်နယ်မြေအတွင်းရှိ အဖြစ်အပျက်များတုန်းက ပါဝင်ခဲ့သော ကောင်းကင်ဧကရာဇ်များပင်။ သူတို့က မြင်နေရသည့်သတ္တဝါကြီးအား မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။
" အဲဒါ မိုးမြေဧကရာဇ်ရဲ့ ကိုယ်ပွားတစ်ခုပဲ "
" ဒီ....ဒီမှာ ဘာတွေဖြစ်နေတာတုန်း "
"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ မိစ္ဆာဧကရာဇ်က.... တကယ်တမ်း မိုးမြေဧကရာဇ်ကိုယ်ပွားတစ်ခုတဲ့လား "
မိစ္ဆာဧကရာဇ်က တကယ်တမ်း ရက်စက်ကြမ်းကြုတ်သောသတ္တဝါတစ်ကောင် ဖြစ်သည်ဆိုသော လက်သင့်မခံနိုင်ဖွယ် အမှန်တရားကြီး ဖော်ထုတ်ခံလိုက်ရ၍ အထိတ်တလန့်အော်သံများ၊ တအံ့တသြရေရွတ်သံများ လေထဲပြည့်နှက်သွားတော့သည်။
ဤဖွတ်ကြီး မည်သည့်နေရာက လာသည်ကို လူတိုင်း မသိကြသော်လည်း ကောင်းကင်ဧကရာဇ်များ၏ ကောက်ချက်ချသံများအား ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ကြားလိုက်ရသဖြင့် ကြီးမားသောအံ့သြမှုကြီးထံ ဦးတည်သွားတော့သည်။
အမှန်တွင် ပိုင်ရှောင်ချန်းက ဤအခွင့်အရေးကို မည်သည့်နည်းနှင့်မှ လက်လွှတ်ခံမည် မဟုတ်ပေ။ သူက ဟိန်းဟောက်နေသော ဖွက်ကြီးကို လက်ညှိုးထိုး၍ လူတိုင်းကြားနိုင်သော လေသံဖြင့် ပြောလိုက်သည်။
" ထာဝရအင်မော်တယ်နယ်မြေတွေရဲ့ တာအိုရောင်ရင်းတို့။ မိစ္ဆာဧကရာဇ်က ကောင်းကင်အလွန်ကရန်သူကြီးရဲ့ ကိုယ်ပွားတစ်ခုရဲ့ အသတ်ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူက အရေခြုံပြီး အစားထိုးဝင်ရောက်လာခဲ့တာပဲ။ ခင်ဗျားတို့တွေ အခုကြည့်နေကြတဲ့ ထူးဆန်းသတ္တဝါကြီးက အဲဒီကိုယ်ပွားကလွဲပြီး တခြားမဟုတ်ဘူး "
သူ၏စကားလုံးများကြောင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာပြီး ချက်ချင်းပင် လူတိုင်းက ထာဝရအင်မော်တယ်နယ်မြေများ၏ ကျန်နေရာများထံ သတင်းစကား စဖြန့်လာကြတော့သည်။
ထိုအခိုက်အတန့်မှာပင် မိုးကောင်းကင်ကြီး လှိုင်းဂယက်များထသွားပြီး သူတော်စင်ဧကရာဇ် ပေါ်ထွက်လာ၏။ မိစ္ဆာဧကရာဇ်က ယခုတွင် ဧရာမဖွတ်ကြီးတစ်ကောင်ဖြစ်ကြောင်း မြင်သောအခါ သူ အတိုင်းထက်အလွန် တုန်လှုပ်သွားရသည်။ မိစ္ဆာဧကရာဇ်မှာ တကယ်တမ်း မဟာရန်သူတော်ကြီး၏ကိုယ်ပွား ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ပေ။
ဧရာမဖွတ်ကြီးကို သူ စိန်းစိန်းဝါးဝါးကြည့်၍ ပြောသည်။
" မင်း ယပ်တောင်အပျက်ကြီး ရောက်လာတုန်းက ကျလာခဲ့တဲ့ အသွေးအသားကျောက်တုံးကနေ ထွက်လာခဲ့တဲ့ သတ္တဝါကြီးကို လွှတ်ပေးထားခဲ့တာ အံ့သြစရာမရှိဘူး “
" မိုးမြေဧကရာဇ်ပေါ်က ချုပ်နှောင်တံဆိပ်တော်ကို သွားမစစ်ဆေးဖို့ မင်း ဆင်ခြေတွေ အမြဲပေးခဲ့တာ အံ့သြစရာမရှိဘူး"
လူတိုင်း အံ့သြတုန်လှုပ်ခြင်းများဖြင့် မူးချာလည်သွားကြချိန်မှာပင် ဖွတ်ကြီးက နီရဲတောက်နေသော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါး မော့ကြည့်လိုက်သည်။
" မင်း ငါ့ရဲ့ အစီအစဥ်တွေအားလုံးကို ဖျက်စီးခဲ့တယ် ပိုင်ရှောင်ချန်း။ အဲဒီအတွက် မင်းသေသင့်တယ် "
ဟိန်းဟောက်နေသည်နှင့်အတူ ဖွတ်ကြီး၏အရှိန်အဝါသည် ကောင်းကင်ဘုံကို အံတုနိုင်သော အဆင့်များအထိ မြင့်တက်လာတော့သည်။ တချိန်တည်းမှာပင် ကောင်းကင်ရှိ ဧရာမ သံယောဇဥ်မဲ့လူသားကြီး၏ နဖူးပေါ်တွင် စူးရှတောက်ပနေသော အနက်ရောင်အလင်းတစ်ခုကို မြင်နိုင်လေသည်။ ထိုအလင်းက ဖွတ်ကြီးကို ဒဏ်ရာဒဏ်ချက်များအားလုံးမှ ကုသပေးပြီး သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အတိုက်အခိုက်စွမ်းရည်ကို တစ်ခါမှ မကြုံဖူးသော အမြင့်များအထိ ရောက်ရှိသွားစေသည်။
တစ်ဆက်တည်း ဧရာမမိုးမြေဧကရာဇ်ကြီး၏ ပုံစံငယ်တစ်ခုဖြစ်သော ပုံရိပ်တစ်ခု ဖွတ်ကြီး၏နောက်၌ ပေါ်လာသဖြင့် စောင့်ကြည့်နေကြသူများအားလုံး တုန်လှုပ်သွားကြတော့သည်။
သူတော်စင်ဧကရာဇ်မှာ မျက်နှာပျက်သွားစဥ် ဖွတ်ကြီးက အသတ်အဖြတ်အရှိန်အဝါတစ်ခု စတင်ထုတ်လွှတ်လာပြီး အော်လိုက်သည်။
" ဘယ်သူမှ သိက္ခာတော်ရ အမြစ်ဖြုတ်သုတ်သင်ခြင်းကို နိုးထမလာအောင် မတားဆီးနိုင်ဘူး "
ထို့နောက် ဖွတ်ကြီးမှာ တဆတ်ဆတ်တုန်ရီလာပြီး မရေမတွက်နိုင်သော အနက်ရောင်ကျိုးကောင်များ သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်း ၄င်းတို့က ရေတွက်ရန် အလွန်များပြားလွန်းသော ပမာဏဖြင့် အနက်ရောင်တိမ်တိုက်ပမာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားလေသည်။ တချို့က ပိုင်ရှောင်ချန်းထံ ပြေးဝင်လာပြီး တချို့က ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား ကူးစက်ရန် ဖြန့်ကျက်လိုက်ကြသဖြင့် တဝီဝီမြည်သံများ လေထဲပြည့်နှက်သွားတော့သည်။
၄င်းတို့ကို ယခင်ကမြင်ခဲ့ဖူးသော ပိုင်ရှောင်ချန်းမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မှ ဤကျိုင်းကောင်များကို မသိကြပေ။ သူက အံ့သြတုန်လှုပ်လျက် လောကတာအို၏မှတ်ဉာဏ်များထဲတွင် သူကိုယ်တိုင်မြင်ခဲ့ရသော သံယောဇဉ်မဲ့လူသား၏ နတ်ဘုရားအစွမ်းကို မှတ်မိလိုက်သည်။
ဤကျိုင်းကောင်များကား သားကောင်ကို တစ်ခါ ကူးစက်ပြီးသည်နှင့် သားကောင်၏ အသွေးအသားများနှင့် ကျင့်ကြံအခြေခံကိုစုပ်ယူပြီးနောက် နောက်ထပ်ကျိုင်းကောင်များ မွေးဖွားပေးမည်ဖြစ်ကြောင်း သူ သိထားပေသည်။
(၁) မိစ္ဆာဧကရာဇ်က အခန်း ( ၁၁၅၁ ) မှာ ဖွတ်ကိုယ်ပွားကို လွှတ်ပေးခဲ့တာပါ။