ဖျက်ဆီးခြင်း
Vol. 13 Ch. 1258
ကျိုင်းကောင်များကို ထုတ်ပြီးနောက် တစ်ခါက မိစ္ဆာဧကရာဇ်ဖြစ်ခဲ့ဖူးသော ဖွတ်ကြီးက ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ပျံတက်၍ ထွက်ပြေးသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ လိုက်ဖမ်းချင်ပါသော်လည်း ဤကျိုင်းကောင်များက လောကတာအို၏ မှတ်ဉာဏ်များထဲ မြင်ခဲ့ဖူးသော အကောင်များနှင့် ကွဲပြားကြောင်း သဘောပေါက်လိုက်သည်။ ဤကျိုင်းကောင်များအားလုံးတွင် အားကောင်းသော ကျင့်ကြံခြင်းအခြေခံများရှိပြီး မယုံနိုင်စရာကောင်းလောက်အောင် မြန်၏။ ကြည့်ရသရွေ့ သူတို့က အနီးနားရှိ မည်သည့်ကျင့်ကြံသူကိုမဆို ချက်ချင်း ပိတ်ဆို့ထားနိုင်သော ထာဝရအင်မော်တယ်နယ်မြေများ၏ သဘာဝတရားများနှင့် ကွဲပြားသည့် ထူးဆန်းသော စွမ်းအားများကို ပိုင်ဆိုင်ထားဟန်တူသည်။
သူတော်စင်ဧကရာဇ်က ကျိုင်းကောင်များကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း ကျိုင်းကောင်များသည် မှော်သိုင်းများနှင့် နတ်ဘုရားအစွမ်းများကို အလွယ်တကူ ကျော်ဖြတ်ရှောင်တိမ်းနိုင်လေ၏။
၄င်းမှာ သေရေးရှင်ရေး ကပ်ဘေးကြီးတစ်ခုဖြစ်ပြီး ပိုင်ရှောင်ချန်းတွင် မည်သို့လုပ်ရမည်ကို ထိုင်စဥ်းစားရန် အချိန်မရှိပေ။ သူက ညာဘက်ကို တွန်းထုတ်၍ သူ၏လေးခုမြောက် အဓိက နတ်ဘုရားအတတ်ဖြစ်သော ဆွဲအားဇီဝိန်ခြွေအတတ်ကို အသုံးပြုလိုက်သည်။
အကွာအဝေး ပုံပျက်ရှုံ့တွသွားပြီး မျက်စိတစ်မှိတ်အတွင်း ဆွဲငင်အားက ကျိုင်းကောင်များ၏ပတ်ပတ်လည်တွင် ပေါ်ထွက်လာလေသည်။ ရလဒ်အနေဖြင့် ထိုနေရာရှိ အချိန်စီးဆင်းမှု ပြောင်းလဲသွားပြီး ထာဝရအင်မော်တယ်နယ်မြေများ၏ သဘာဝတရားများကို လျစ်လျူရှုနိုင်သော မရေမတွက်နိုင်သည့်ကျိုင်းကောင်များမှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းစွာ ချက်ချင်း သက်ရောက်ခံလိုက်ရ၏။
၄င်းတို့အနက် တစ်ကောင်တလေမှ မတုံ့ပြန်နိုင်ဘဲ သိသိသာသာ အရှိန်လျော့သွားကြသည်။ တချိန်တည်းမှာပင် သူတော်စင်ဧကရာဇ်သည် ကျိုင်းကောင်များအား မောင်းမထုတ်လျှင် အကျိုးဆက်များကား ကြောက်ဖက်ဖွယ်အတိဖြစ်မည်ကို သိသဖြင့် သူ၏မျက်လုံးများ လက်ခနဲဖြစ်သွား၏။ ယခုတွင် ၄င်းတို့အရှိန်လျော့သွား၍ သူက နှောင်းနှေ့ကြန့်ကြာခြင်းမရှိဘဲ အားကုန်တိုက်ခိုက်လိုက်သည်။
ပိုင်ရှောင်ချန်းက ကျိုင်းကောင်များကို သူတော်စင်ဧကရာဇ်နှင့်ထားခဲ့ကာ ရိပ်ခနဲ လှုပ်ရှား၍ ဖွတ်ကြီးနောက်လိုက်၏။ သူက လျင်မြန်စွာ အရှိန်တင်နေသော်လည်း ဖွတ်ကြီးမှာ နည်းနည်းလေပင် မနှေးကွေးလေရာ မြန်မြန်အမှီမလိုက်နိုင်မည့်ပုံပေါ်နေတော့သဘ်။ ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်၍ လက်ကို ဝှေ့ယမ်းလိုက်၏။
ချက်ချင်းပင် လှေတစ်စင်း အကောင်အထည်ပေါ်လာသဖြင့် သူ၏အရှေ့ရှိ လေထုမှာ လှိုင်းဂယက်များထလာတော့သည်။ သူက လှေပေါ်တက်၍ နတ်ဘုရားအာရုံဖြင့် ၄င်းကို ဆက်သွယ်လိုက်သည်နှင့် ၄င်းက လောကနတ်ဘုရားအလင်းထက် သာလွန်သော အမြန်နှုန်းဖြင့် ဝုန်းခနဲ အပေါ်တက်သွား၏။
ဤသည်မှာ သူ၏ရတနာယပ်တောင်မှ အဖော်မဲ့လှေငယ်ကလွဲ၍ တခြားမဟုတ်ပေ။
ပြင်းထန်သော တရွှီရွှီအသံများ တစ်ကမ္ဘာလုံးတွင် ပြည့်နှက်သွားကာ လှေက မျက်နှာပျက်နေသော ဖွတ်ကြီးနောက်သို့ တဟုန်ထိုး လိုက်တော့သည်။ ဖွတ်ကြီးက ရှောင်တိမ်းရန် ပြင်လိုက်ချိန်မှာပင် ပိုင်ရှောင်ချန်းက အဆုတ်ကွဲထွက်မတတ်အော်ဟစ်ပြီး လက်သီးဆုပ်လိုက်သည်နှင့် အရိပ်ပုံရိပ်တစ်ခု သူ့နောက်တွင် ပေါ်လာ၏။
ပုံရိပ်က အင်ပါယာဝတ်ရုံများကို ဝင်ဆင်ထားပြီး အင်ပါယာသရဖူဆောင်းထားပြီး ထာဝရဧကရာဇ်လက်သီး၏ သရုပ်သကန်မှလွဲ၍ တခြားမဟုတ်ပေ။ သို့သော် ဤအရိပ်ဧကရာဇ်၏ ညာလက်မောင်းကား မိုးမြေဧကရာဇ် တစ်ပါး၏လက်မောင်း ဖြစ်လေသည်။ ဤသည်မှာ ထာဝရဧကရာဇ်လက်သီး မဟုတ်ဘဲ အဆင့်မြှင့်ထားသော ထာဝရမိုးမြေဧကရာဇ်လက်သီးပင်။
တစ်ချက်လေးပင် သူ တွေဝေတွန့်ဆုတ်မနေဘဲ မဘ်သည့်အရာကိုမဆို ဇီဝိန်ခြွေပစ်နိုင်သည့်အသွင်ဖြင့် ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားနှစ်မျိုးလုံးကို အားကုန်ဆင့်ခေါ်လိုက်သည်။ ဤသည်ကား မိုးကောင်ကင်ကိုဖျက်စီးပြီး ကမ္ဘာမြေကြီးကို မီးလောင်တိုက်သွင်းနိုင်သည့် ခုခံရန်မဖြစ်နိုင်သော သူ့အတိုက်အခိုက်စွမ်းရည်၏ အထွတ်အထိပ်ကို ထုတ်ဖော်ထားခြင်း ဖြစ်လေသည်။
ချက်ချင်းပင် ဧရာမဖွတ်ကြီးကို စားရန်ဟပ်နေသည့် ပါးစပ်ကြီးအလား ကြီးမားသော လေပွေကြီး ဝေ့ဝိုက်ဖြစ်တည်လာ၏။ ဖွတ်ကြီးမှာမူ လက်ရှိကျင့်ကြံခြင်းအခြေခံထက်ပို၍ သန်မာလျှင်တောင်မှ ဤလက်သီးချက်ကြီးကို တန်ပြန်တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း သိသဖြင့် တဆတ်ဆတ်တုန်ယင်နေပြီ ဖြစ်သည်။
လက်သီးချက်ထဲရှိ မိုးမြေဧကရာဇ်အရှိန်အဝါက ဖွတ်ကြီးကို ထွက်ပြေး၍ပင် မရအောင် ပြုလုပ်လိုက်၏။ ၎င်းက ဖီဆန်လိုခြင်း၊ ဒေါသအမျက်ချောင်းချောင်းခြင်း၊ စိတ်ပျက်ခြင်းများဖြင့် စူးစူးဝါးဝါးအော်ဟစ်လျက် ရှုပ်ထွေးသောကျိန်စာတစ်ခုကို ရွတ်လိုက်ရာ ၎င်း၏ကိုယ်တွင်းမှ အနက်ရောင်မီးခိုးငွေ့များ စီးထွက်လာပြီး ဆူးချွန်ကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။
" သေချိန်ကျပြီ ပိုင်ရှောင်ချန်း "
ဖွတ်ကြီး၏ခန္ဓာကိုယ် ခြောက်ကပ်သွားပြီး အသွေးအသားများမှာ အနက်ရောင်ဆူးချွန်ကြီးကို အားဖြည့်ပေးရန်အတွက် စုပ်ယူခံနေရပြီး ဖွတ်ကြီး၏မျက်လုံးများမှာမူ ဒေါသများဖြင့် တဖျပ်ဖျပ်လက်နေတော့သည်။ တခဏလေးအတွင်း ဖွတ်ကြီးကား ဧရာမဆူးချွန်ကြီးအတွင်း လုံးလုံးလျားလျား စုပ်ယူခံလိုက်၍ အစအနပင် မကျန်တော့ပေ။
ဤအချိန်တွင် ဆူးချွန်ကြီးသည် ပုံရိပ်ယောင်မဟုတ်တာ့ဘဲ ပိုင်ရှောင်ချန်းကိုပင် ကြောက်လန့်တုန်ရီသွားစေသော အသတ်အဖြတ်အရှိန်အဝါတစ်ခုဖြင့် အသက်ဝင်နေလေ၏။
ဆူးချွန်ကြီးက မြူတမှုန်စာမျှပင် မရပ်နားဘဲ မှုန်ဝါးဝါးအလင်းအသွင်ဖြင့် ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားသည်။
ပိုင်ရှောင်ချန်းမှာ အင်မော်တယ်ဧကရီ၏ နဖူးအတွင်း စိုက်ဝင်နေသော သူမြင်ခဲ့ရသည့် အနက်ရောင်ဆူးချွန်ကြီးကို ပြန်တွေးမိလိုက်သဖြင့် သူ၏မျက်နှာပေါ်တွင် အရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်လာတော့သည်။ အနှီဆူးချွန်ကြီးက တစ်ထပ်တည်းတူသော စွမ်းအင်အမျိုးအစားကို ထုတ်လွှတ်နေပုံရလေသည်။
စဥ်းစားရန်သော်လည်းကောင်း၊ အစီအစဥ်ချရန်သော်လည်းကောင်း အချိန်မရှိပေ။ သူက ဟိန်းဟောက်ကြုံးဝါးကာ သူ၏ ထာဝရမိုးမြေဧကရာဇ်လက်သီးကို ပို၍ပင် သန်မာလာစေရန် ဖိအားပေးကာ စွမ်းအားများ ထပ်ထည့်လိုက်၏။ အမှန်တွင် သူ့နောက်ရှိ အရိပ်ပုံရိပ်ကြီးကား မိုးမြေဧကရာဇ်၏လက်မောင်းမှလွဲ၍ တစတစ ပျောက်ကွယ်လာတော့သည်။ သူက သူ့အတတ်၏လက်ကျန်ကို စုပ်ယူကာ နေရာတစ်ခုပေါ်တွင် အားစိုက်လိုက်ပြီး မိုးမြေဧကရာဇ်အရှိန်အဝါကို ပို၍ပင် အားကောင်းသွားစေသည့် ယခုလေးတင် ဖွတ်ကြီး အသုံးပြုခဲ့သော တူညီသောဗျူဟာကို သုံးနေခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ၏အတိုက်အခိုက်စွမ်းရည်မှာ ယခင်ထက်ပင် ပို၍ အံ့သြတုန်လှုပ်ဖွယ်ကောင်းနေတော့သည်။
ခေါက်တုံ့ခေါက်ပြန် တုံ့ပြန်မှုများမှာ တခဏသာ ကြာလိုက်လေသည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ ထာဝရမိုးမြဧကရာဇ်လက်သီးက လာနေသောဆူးချွန်ကြီးကို ဝင်တိုက်လိုက်ရာ ကမ္ဘာကြီးကို တုန်ခါသွားစေပြီး ကောင်းကင်ဖြိုလဲပစ်မည့်အလားအလာရှိသော တုန်ခါလှိုင်းတစ်လုံးနှင့်အတူ ပြင်းထန်သောပေါက်ကွဲသံကြီး မြည်ဟည်းသွားတော့သည်။
ပိုင်ရှောင်ချန်းဖြစ်စေ၊ သံယောဇဥ်မဲ့လူသား၏ ကိုယ်ပွားဖြစ်စေ နှစ်ဖက်စလုံးက လောကနတ်ဘုရားအဆင့်၏ အထွတ်အထိပ်ရှိသော တိုက်ကွက်များကို ထုတ်လွှတ်လိုက်ကြသည်။ ထို့ပြင် ပိုင်ရှောင်ချန်းက မိုးမြေဧကရာဇ်တစ်ပါး၏စွမ်းအားတချို့ဖြင့် သူ့တိုက်ကွက်ကို အားဖြည့်ပေးထားလေသည်။
ဆူးချွန်ကြီးမှာမူ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးကြီးစိုးနေတော့သည်။ ထိပ်တိုက်တွေ့သည့်အခိုက်တွင် ထာဝရမိုးမြေဧကရာဇ်လက်သီး၏သရုပ်သကန်ဖြစ်သော အရိပ်ဧကရာဇ်မှာ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွား၏။ သို့သော် ဆူးချွန်ကြီး၏အရှိန်အဝါမှာလည်း အတိုင်းအဆများစွာ ကုန်ခမ်းသွားပြီး ၄င်းမှာ အနက်ရောင်မှ မီးခိုးရောင်သို့ အရောင်ပြောင်းသွားသဖြင့် အဆုံးစွန်ထိ အားနည်းသွားပုံပေါ်သည်။
သို့ပေမည့် ကိုယ်ပွား၏ နောက်ဆုံးလက်ကျန်စိတ်ဆန္ဒဖြစ်သည့် ရက်စက်ကြမ်းကြုတ်သောမျက်နှာတစ်ခု ဆူးချွန်ကြီးပေါ်တွင် ပေါ်လာပြီးနောက် ဆူးချွန်ကြီးအား ပိုင်ရှောင်ချန်း၏နဖူးထံ ဇွတ်ဝင်သွားစေလိုက်သည်။
ကြည့်ရှုေနကြသည့်လူတိုင်း အထိတ်တလန့်အော်လိုက်ကြ၏။ သို့သော် ပိုင်ရှောင်ချန်းသည် ဤဩချရလောက်သော ဆူးချွန်ကြီးဖြင့် ရင်ဆိုင်ရန် အစကတည်းက ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ၄င်းက မီးခိုးေရာင်အလင်းတန်းတစ်တန်းအသွင်ဖြင့် သူ့ထံ လှစ်ခနဲပြေးဝင်လာစဥ် သူက လိပ်ဒယ်အိုးကို ထုတ်လိုက်ရာ နှစ်ခုတိုက်မိသွားသဖြင့် ဝုန်းခနဲအသံကြီး မြည်ဟည်းသွားတော့သည်။
ဒယ်အိုးမှာ ပြင်းပြင်းထန်ထန် တုန်ရီနေလျက် အနက်ရောင်စီးကြောင်းအသွင်ပြောင်း၍ ပိုင်ရှောင်ချန်းအတွင်းထဲ ပြန်ဝင်သွားတော့သည်။ သို့သော် ၄င်းသည် ဆူးချွန်ကြီးကို အောင်အောင်မြင်မြင် တားဆီးခဲ့လေသည်။ ကိုယ်ပွား၏ အစိတ်စိတ်အမြွှာမြွာကွဲထွက်သွားသော စိတ်ဆန္ဒမှာ မခံချင်စွာ ဟိန်းဟောက်ပြီး ထွက်ပြေးရန် လှည့်လိုက်သော်လည်း ပိုင်ရှောင်ချန်းကဲ့သို့ မမြန်ပေ။
ပိုင်ရှောင်ချန်းက ၄င်းကို ဖမ်းဆွဲလိုက်စဥ် သူ့မျက်လုံးများမှာ ရက်စက်သောအလင်းဖြင့် လက်ခနဲဖြစ်သွားပြီး ကိုယ်ပွား၏စိတ်ဆန္ဒကို ချေမှုန်းရန် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။
ကိုယ်ပွား၏ နောက်ဆုံးလက်ကျန် စိတ်ဆန္ဒမှာ သုတ်သင်ဖယ်ရှားခံလိုက်ရသဖြင့် သွေးပျက်ချောက်ချားဖွယ် အော်ဟစ်သံကြီး လေထဲ ပဲ့တင်ထပ်သွားတော့သည်။
အောက်ဘက်တွင် ဆွဲအားဇီဝိန်ခြွေအတတ်၏သက်ရောက်မှုများကြောင့် သူတော်စင်ဧကရာဇ်က ကျိုင်းကောင်အားလုံးကို သုတ်သင်ဖယ်ရှားနိုင်ခဲ့သည်။ သူက မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေလျက် ပိုင်ရှောင်ချန်းဘေးသို့ ပျံတက်လိုက်ပြီး သူ့လက်ထဲရှိ မီးခိုးရောင်ဆူးချွန်ကြီးကို ကြည့်လိုက်သည်။
ဆူးချွန်ကြီးက အမှန်တကယ်တွင် အသွေးအသားမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လောကနတ်ဘုရားတစ်ပါးနှင့် ညီမျှပုံရသော ကြောက်ခမန်းလိလိသက်စောင့်အားတစ်ခု ထုတ်လွှတ်နေ၏။ ၄င်းက ပထမတွင် ရုန်းကန်နေသော်လည်း ပိုင်ရှောင်ချန်းက ဆူးချွန်ကြီးထံမှ ကိုယ်ပွား၏စိတ်ဆန္ဒကို ရှင်းလင်းလိုက်ပြီးနောက် ၄င်းသည် အဖြူရောင်တောက်တောက်အဖြစ် ပြောင်းလဲသွားပြီး မလှုပ်ရှားတော့ပေ။
ပိုင်ရှောင်ချန်းက ဆူးချွန်ကြီးကို သိမ်းလိုက်ပြီး သူတော်စင်ဧကရာဇ်နှင့် စိုးရိမ်သောအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး ကောင်းကင်ထဲရှိ သူတို့ကို စိုးမိုးနေသော ဧရာမဘီလူးကြီးကို ကြည့်လိုက်၏။
ထိုအချိန် မိစ္ဆာဧကရာဇ်မြို့တော်မှ အသက်ရှင်ကျန်သူများမှာ ဘေးဘီဝဲယာကို ငူငူငိုင်ငိုင်ကြည့်လိုက်ကြသည်။ မကြာမီ ကောင်းကင်ဧကရာဇ်များက အသိစိတ်များကိုစုစည်းပြီး ဂါဝရပြုရန် ပိုင်ရှောင်ချန်းဆီသို့ ပျံတက်လိုက်ကြ၏။ သူတို့က သတိလစ်နေသော်လည်း ထိခိုက်မှုမရှိသော သရဲကြီးဘုရင်ကို သူတို့နှင့်အတူ ခေါ်လာလေသည်။ တိုက်ပွဲအစောပိုင်းအခြေအနေများတုန်းက ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်ကို ရှာဖွေခဲ့ပြီး သူ၏နတ်ဘုရားအာရုံကို အကာအကွယ်အဖြစ် သူ့ထံ စေလွှတ်ခဲ့ပေသည်။
" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ်။ ဂါဝရပြုပါတယ် သူတော်စင်ဧကရာဇ် "
သူတို့၏ ယဥ်ကျေးပြီး လေးစားမှုရှိသောနှုတ်ဆက်ခြင်းများက သူတို့၏သဘောထားကို ချက်ချင်းပြသနေလေသည်။ မိစ္ဆာဧကရာဇ်မှာ ကိုယ်ပွားတစ်ခုဖြစ်နေခဲ့ရာ မိစ္ဆာဧကရာဇ်နိုင်ငံ မရှိတော့ကြောင်း ဆိုနိုင်သည်။ အခြားအခြေအနေတွင် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်သည် အကြွင်းအကျန်များအား ထိန်းချုပ်ရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်ခဲ့ကြမည်ဖြစ်သော်လည်း ယခု သူတို့က ထိုကဲ့သို့အရာတစ်ခုအတွက် စိတ်မပါပေ။
" ကောင်းကင်တံတားတာအိုဘယ်မှာလဲ " ပိုင့ရှောင်ချန်းက အနီးပတ်ဝန်းကျင်ကို စစ်ဆေး၍ ပြောသည်။ ကောင်းကင်ဧကရာဇ်များမှာ တခဏတာ တိတ်ဆိတ်သွားပြီး နောက်ဆုံး မူလနတ်ဆိုးမင်းသားက ပြော၏။
" ဗဟိုဧကရာဇ်ခင်ဗျား ... ကောင်းကင်တံတားတာအို ပျောက်နေခဲ့တာ ကြာပါပြီ။ သူဘယ်ရောက်နေလဲ တစ်ယောက်မှ မသိကြပါဘူး "
ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်သွားကာ နောက်ထပ်မေးခွန်းများ မေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် ထာဝရအင်မော်တယ်နယ်မြေများ၏ အဝေးဆုံး ချောင်ကြိုချောင်ကြားများပါမကျန် ပြည့်နှက်သွားစေသည့် မိုးကောင်းကင်ပြိုကွဲပြီး မဟာပထဝီမြေကြီးအက်ကွဲသွားစေသော ထစ်ခြုန်းသံကြီးအား ကြားလိုက်ရသည်။
၄င်းမှာ အဆုံးမရှိသော သေဆုံးခြင်းနှင့်ဖျက်စီးခြင်းတို့ ပါဝင်နေဟန်တူသည့် အသံကြီးတစ်သံဖြစ်ပြီး ဟင်းလင်းပြင်၏ အမှောင်မိုက်ဆုံးသော အနက်ရှိုင်းဆုံးတစ်နေရာမှ ထွက်လာပုံပေါ်သည်။ လွန်စွာ မကောင်းဆိုးဝါးဆန်သော တစ်စုံတခု လာနေလေပြီ။
ပိုင်ရှောင်ချန်း၊ သူတော်စင်ဧကရာဇ်နှင့် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ အခြားလူများအားလုံး အမူအရာများ ရိပ်ခနဲ ဖြစ်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ဝေဟင်ထက်တွင် သံယောဇဥ်မဲ့လူသား၏မျက်လုံးများကား တုန်ယင်နေပေသည်။