တစ်ခုပြီးတစ်ခု
Vol. 13 Ch. 1259
သူတော်စင်ဧကရာဇ်မှာ လိပ်ပြာလွင့်မတတ် အကြောက်တရားများ ပေါက်ဖွားလာသဖြင့် ဆံပင်မွှေးများ အဆုံးစွန်ထိ ထောင်တက်သွားကာ ပင့်သက်ရှိုက်မိသွား၏။
၄င်းမှာ အကြီးမားဆုံးရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ တွေ့ကြုံရတတ်သော အန္တရာယ်အာရုံကြီးတစ်ခုဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေများအတွင်းရှိ လူတိုင်းသည်လည်း ထိုနည်းတူ ဝေမျှခံစားလိုက်ကြရတော့သည်။
သက်ရှိအရာဟူသမျှကား အနာဂတ်မှ ကြိုလင့်နေသည့် ဖြစ်ရပ်ကြီးနှင့်ပတ်သက်၍ တစ်ခါမှ မကြုံဖူးသော ကြောက်ရွံထိတ်လန့်ခြင်းနှင့် အံ့သြတုန်လှုပ်ခြင်းတို့ကို ခံစားနေရသည်။
" ကောင်းကင်အလွန်ကရန်သူကြီး .... လှုပ်သွားတယ် "
"ဒဏ္ဍာရီတွေက အမှန်ပဲ။ အဲဒီဘီလူးကြီးသာ နိုးထလာရင် အကုန်လုံးကို အမြစ်ဖြုတ်သုတ်သင်ပစ်မှာ "
မရေမတွက်နိုင်သော အထိတ်တလန့်အော်သံများ တစ်ကမ္ဘာလုံးကို ပြည့်နှက်သွားလေ၏။ ထာဝရပင်လယ်ပင် ဝိညာဥ်ရှိနေသည့်အလား ပင်လယ်မျက်နှာပြင်တလျှောက် လှိုင်းတံပိုးကြီးများ တလိပ်လိပ် ရိုက်ခတ်သွားသည်။
ပိုင်ရှောင်ချန်းသည်လည်း အလားတူ တုန်လှုပ်နေပြီး ကံကြမ္မာအရ ကြိုတင်သတ်မှတ်ထားသော အဓိကရန်သူတော်ကြီးတစ်ယောက်အပေါ် ယခုလေးတင် အကြည့်ဆိုက်ရောက်သွားခဲ့သည့်အလား ခံစားလိုက်ရတော့သည်။ လောကတာအို၏မှတ်ဉာဏ်များထဲတွင် သူ မြင်ခဲ့သောအရာကို စဥ်းစားကာ သူ၏ခံစားချက်များ ပို၍ပင် ရှုပ်ထွေးလာလေသည်။ သူ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ချိန်မှာပင် သံယောဇဉ်မဲ့လူသား၏ မျက်ခွံများ လှုပ်သွားသဖြင့် ယခု သူ၏ခန္ဓာကိုယ်ပေါ်တွင် စက္ကူနှင့်တူသော စာရွက်ရှည်နှစ်ရွက် မြင်သာလာကြောင်း သတိထားမိလိုက်၏။
တစ်ရွက်က သူ၏နဖူးမှ ဒန်တျန်နယ်ပယ်အထိ ဆန့်တန်းနေပြီး အခြားတစ်ရွက်က သူ၏ညာပခုံးမှ တူညီသောနေရာဆီသို့ ပြန့်သွားလေသည်။
သူ၏ပခုံးမှ ဆန့်တန်းလာသော စာရွက်မှာ ၄င်း၏စွမ်းအားတစ်ချို့ ဆုံးရှုံးခဲ့ရကြောင်း ညွှန်ပြနေပြီး နှစ်ဆယ်ရာခိုင်နှုန်းခန့် မည်းမှောင်နေကာ ရှစ်ဆယ်ရာခိုင်နှုန်းသာ အသက်ဝင်နေလေ၏။
ပို၍ဆိုးသည်က သူ၏နဖူးမှ ကျနေသော စာရွက်ရှည်မှာ ယခုတွင် ရှစ်ဆယ်ရာခိုင်နှုန်းမည်းမှောင်နေရာ စွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ညွှန်ပြနေသည်။
ပိုင်ရှောင်ချန်းမှာ ထိုမျဥ်းကြောင်းများ မည်သည်ကို ကိုယ်စားပြုကြောင်း မသေချာသော်လည်း ထာဝရအင်မော်တယ်နယ်မြေအတွင်း သူတစ်ယောက်တည်း မဟုတ်ပေ။ ၄င်းတို့၏ရည်ရွယ်ချက်ကို နားလည်သူ မရှိသလောက်ပင်။ သို့သော် သူတော်စင်ဧကရာဇ်က ၄င်းတို့ကိုမြင်သောအခါ မျက်နှာပျက်သွားပြီး မထိန်းချုပ်နိုင်အောင် တုန်ရီသွားလေသည်။
" စာရွက်တစ်ရွက် ပျက်စီးသွားပြီ "
သူက အော်ဟစ်ပြောဆိုလိုက်ရာ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားလျက် နဖူးမှ ဒန်တျန်နယ်ပယ်ဆီ ဦးတည်နေသော စာရွက်အပေါ် အာရုံစိုက်လိုက်ရာ ထိုစာရွက်က ဗဟိုဧကရာဇ်နိုင်ငံတော်၏သွေးမျိုးဆက်နှင့် တစ်နည်းနည်းဖြင့် ဆက်သွယ်နေသည့်အလား သူ့သွေးအတွင်းရှိ အခိုးအငွေ့များကို လှုံ့ဆော်လိုက်ကြောင်း သဘောပေါက်လိုက်လေ၏။
ချက်ချင်းပင် သူက ပဟေဌိအပိုင်းအစများကို အတူတကွ ဆက်စပ်ကြည့်နေသဖြင့် သူ၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားလေသည်။
သူ ဘာမှမပြောနိုင်ခင် သူတော်စင်ဧကရာဇ်က ရှင်းပြလိုက်၏။
" စာရွက်သုံးရွက်ရှိသင့်တာ။ ထာဝရမယ်တော် ထာဝရသားတော်သုံးပါးကို ဖန်ဆင်းခဲ့တုန်းက သူတို့က ကောင်းကင်အလွန်က ရန်သူကြီးနဲ့တိုက်ခိုက်ပြီး သူတို့ရဲ့အသက်တွေ ပေးဆပ်ခဲ့ရတယ်။ ထာဝရမယ်တော်လဲ သွေးဆက်သုံးဆက်ရဲ့စွမ်းအားတွေနဲ့ အားဖြည့်ထားတဲ့ ချုပ်နှောင်စာရွက်သုံးရွက်ကို ထွင်းထုဖို့ ကြီးကြီးမားမားပေးဆပ်ခဲ့ရတယ် "
သူတော်စင်ဧကရာဇ်က သူသိသမျှအားလုံး ရှင်းပြကာ ကတိုက်ကရိုက် အသေးစိတ်ဆက်ပြောပြလေသည်။ အမှန်မှာ ယခု သံယောဇဉ်မဲ့လူသားက လှုပ်ရှားနေပြီဖြစ်၍ ထာဝရအင်မော်တယ်နယ်မြေများအတွက် ကပ်ဘေးကြီး ဆိုက်ရောက်တော့မည်ဟု ဆိုနိုင်သည်။
ဤကဲ့သို့အချိန်တွင် သူတော်စင်ဧကရာဇ်က အာဏာလုခြင်းများအား လုံးလုံး ဂရုမစိုက်တော့ပေ။ သူသည် ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံး၏ တည်ရှိမှုကို ဂရုစိုက်သည်။ မဟာရန်သူတော်ကြီး နိုးထလာပြီး သူ့ကိုတားဆီးရန် မည်သူမျှ မရှိပါက တစ်လောကလုံး ဖျက်စီးခံရပြီး အဆုံးမရှိသောအမှောင်ထုအတွင်း သွပ်သွင်းခံရမည် ဖြစ်သည်။
"အဲဒီ သွေးဆက်ချုပ်နှောင်စာရွက် တစ်ရွက်စီတိုင်းက အင်မတန် အရေးကြီးတယ်။ သူတို့ကို မိုးမြေဧကရာဇ်အဆင့် ကမ္ဘာမှော်အတတ်နဲ့ ဖန်တီးထားတာပဲ။ အဲဒါတွေက ကောင်းကင်အလွန်ကရန်သူကြီးကို အခုထက်ထိ အိပ်ပျော်နေအောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ အရာတွေပဲ "
သူတော်စင်ဧကရာဇ်မှာ ဤကိစ္စနှင့်ပတ်သက်၍ အလွန်စိတ်လှုပ်ရှားနေသဖြင့် ကရားရေလွှတ် တတွတ်တွတ်ပြောနေတော့သည်။
" မိစ္ဆာဘိုးဘေးကြီး အားဖြည့်ပေးထားတဲ့ သူ့ဘယ်ဖက်ပခုံးကနေ ဒန်တျန်နယ်ပယ်အထိ ဦးတည်နေတဲ့ စာရွက်တစ်ရွက် ရှိခဲ့ဖူးတယ်။ ညာဖက်ပခုံးက စာရွက်က သူတော်စင်ဘိုးဘေးကြီး၊ အလယ်စာရွက်က ဗဟိုဘိုးဘေးကြီးပဲ “
" မိစ္ဆာဘိုးဘေးကြီးရဲ့ စာရွက်က ပျက်စီးသွားပြီဆိုတော့ မိစ္ဆာဧကရာဇ်ရဲ့သွေးဆက်က အယောင်ဆောင်ကြောင့် နှစ်ပေါင်းများစွာ ဖိနှိပ်ပြီး ညစ်ညမ်းခံခဲ့ရလို့ တကယ်သေသွားခဲ့တာကို သက်သေပြနေတာပဲ။ စာရွက်တစ်ရွက်ပဲ ပျက်စီးသွားပေမယ့် အဲဒါက မဟာရန်သူတော်ကြီးကို လှုပ်ရှားဖို့ ခွင့်ပြုပြီးသား ဖြစ်သွားတယ် “
" သူတော်စင်ဧကရာဇ်နိုင်ငံနဲ့ ဆက်သွယ်နေတဲ့ စာရွက်ကတော့ အင်အားရှစ်ဆယ်ရာခိုင်နှုန်း ကျန်သေးတယ်။ မင်းရဲ့ သွေးဆက်၊ ဗဟိုဧကရာဇ်နဲ့ ဆက်စပ်နေတဲ့ စာရွက်ကတော့ အန္တရာယ်များတဲ့အဆင့်အထိ အားနည်းသွားပြီ။ ကြည့်ရတာ မင်းတို့လူတွေ အရမ်းကြာမှ ပြန်ရောက်လာတာရယ်၊ လောကနတ်ဘုရားအဆင့်ကို မင်း နောက်ကျမှ ရောက်ခဲ့တာရယ်ကြောင့် ထင်တာပဲ “
" အဲဒီ နောက်ဆုံး စာရွက်နှစ်ရွက် ပျက်စီးသွားရင် ကောင်းကင်အလွန်ကရန်သူကြီး နိုးထလာလိမ့်မယ်"
သူတော်စင်ဧကရာဇ် စကားပြောနေချိန်မှာပင် သံယောဇဉ်မဲ့လူသားမှာ တဆတ်ဆတ်တုန်ရီလာပြီး နောက်ဆုံးသွေးဆက်ချုပ်နှောင်စာရွက်များကို ဖျက်စီးရန် ရုန်းကန်နေသည့်အလား သူ၏မျက်ခွံများ သိသိသာသာ လှုပ်သွားလေသည်။
သူ ရုန်းကန်လိုက်သဖြင့် စာရွက်များမှာ ပို၍မည်းမှောင်စ ပြုလာတော့သည်။ သိသာထင်ရှားစွာပင် ၄င်းတို့မှာ ဖျက်စီးမခံရခင် လအနည်းငယ်မျှသာ ကြာတော့မည် ဖြစ်သည်။
အယောင်ဆောင် မိစ္ဆာဧကရာဇ်၏ သေဆုံးမှုက သံယောဇဉ်မဲ့လူသားကို သည်းခံနိုင်မှုအတိုင်းအတာကို ကျော်အောင် တွန်းပို့ပေးခဲ့လေသည်။ သူက ချုပ်နှောင်စာရွက်များအား တဖြေးဖြေးယိုယွင်း မသွားစေလိုပေ။ ၄င်းတို့ကို ဝုန်းခနဲဖောက်ထွက်ပြီး တတ်နိုင်သမျှ မြန်မြန်နိုးထချင်နေသည်။
" စာရွက်တွေ ခိုင်ခံ့စေဖို့ ကျုပ်တို့ ဘာလုပ်နိုင်လဲ "
ပိုင်ရှောင်ချန်းက မေး၏။ သူသည် သေခြင်းကို ကြောက်သော်လည်း သံယောဇဉ်မဲ့လူသား နိုးထလာပါက တစ်ကမ္ဘာလုံး အမှောင်ထုထဲ သွပ်သွင်းခံရမည်ဖြစ်ကြောင်း သိသည်။ ထို့ကြောင့် ရွေးချယ်စရာနှစ်ခုသာ ရှိလေသည်။ သေရန် ထိုင်စောင့်နေမည်လော၊ တန်ပြန်တိုက်ခိုက်ရန် တစ်ခုခုလုပ်မည်လော။
" ငါတို့လုပ်နိုင်တာ တစ်ခုပဲရှိတယ်။ ချုပ်နှောင်စာရွက်တွေထဲ ဝင်ရောက်ဖို့ ငါတို့ အနားကပ်သွားနိုင်ရင်တော့ စာရွက်တွေကို ခိုင်မာစေဖို့ ငါတို့သွေးရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ် “
" ဒါပေမဲ့ ငါတို့မအောင်မြင်ရင် စောင့်ကြိုနေမှာက ထာဝရအင်မော်တယ်နယ်မြေတွေရဲ့ပျက်စီးခြင်းပဲ။ အဲဒီ ကောင်းကင်အလွန်ကရန်သူကြီးလို့ခေါ်တဲ့သူမှာ ငါတို့ မယှဥ်ပြိုင်နိုင်တဲ့စွမ်းအား၊ မိုးမြေဧကရာဇ်တစ်ပါးရဲ့ ကြောက်စရာအင်အားကြီးရှိတယ်… “
" ချုပ်နှောင်စာရွက်တွေကို အားပြည့်အောင် လောကနတ်ဘုရားစွမ်းအားနဲ့သူတွေပဲ တစ်ခုခုလုပ်နိုင်မှာ။ ဒီတော့ အဲဒီလို လုပ်နိုင်တာ ငါတို့နှစ်ယောက်ပဲရှိတယ်"
သူတော်စင်ဧကရာဇ်၏မျက်လုံးများသည် ယခုတွင် စိတ်ပိုင်းဖြတ်ထားခြင်းများဖြင့် တောက်ပနေ၏။ များသောအားဖြင့် သူက ကြောင်သူတော်ကြွက်သူခိုးတစ်ယောက်ဖြစ်သော်လည်း ယခုတွင် သူ၏ပင်ကိုယ်စရိုက်ကို ဘေးဖယ်ထားလေသည်။ သူက လုပ်သင့်သည့်အရာကို ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်သည်။
သူတော်စင်ဧကရာဇ်က သံယောဇဉ်မဲ့လူသား၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ပြောနေကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်သောအခါ ပင့်သက်ရှိုက်လုနီးပါးဖြစ်သွား၏။ သို့သော် ယခု အချိန်က စဥ်းစားတွေဝေနေရမည့်အချိန် မဟုတ်ပေ။ သံယောဇဥ်မဲ့လူသားသာ ဗဟိုဘိုးဘေးကြီး၏ ချုပ်နှောင်စာရွက် လုံးလုံးလျားလျား မည်းမှောင်သွားသည်အထိ ရုန်းကန်နေလျှင် ချုပ်နှောင်စာရွက်တစ်ခုသာ ကျန်ရှိလိမ့်မည်ဖြစ်သည်။
" အချိန်ဖြုန်းလို့ မရတော့ဘူး "
သူတော်စင်ဧကရာဇ်က စိုးရိမ်တကြီးပြော၍ သံယောဇဉ်မဲ့လူသားထံ အမြင်ဆုံးအရှိန်ဖြင့် ချက်ချင်း ပျံသန်းသွား၏။ သူ မြင့်သထက် မြင့်မြင့်တက်သွားစဥ် သူ့နောက်၌ ကြီးမားသော လသင်္ကေတတစ်ခု ပေါ်လာလေသည်။
ပိုင်ရှောင်ချန်းသည်လည်း အံတင်းတင်းကြိတ်၍ သူ့နောက်မှ ပျံတက်လိုက်၏။ သူတို့နှစ်ယောက်သည် အလင်းတန်းများပမာ ဧရာမသံယောဇဥ်မဲ့လူသားကြီးနှင့် နီးသထက် နီးနီးသို့ ထိုးတက်သွားသည်။ နောက်ဆုံးတွင် သူတို့က အလွန်နီးကပ်သွားသဖြင့် သူ၏ခေါင်းကို မမြင်ရတော့ဘဲ ရင်ဘတ်ကိုသာ မြင်ရလေသည်။
သူတို့ နီးလာသည်နှင့် သံယောဇဥ်မဲ့လူသား မည်မျှရုန်းကန်နေကြောင်း မြင်ရန် ပို၍ပင် လွယ်ကူလာလေသည်။ ကျယ်လောင်သောထစ်ခြုန်းသံများနှင့် မယုံကြည်နိုင်ဖွယ်ဖိအားများဖြင့် ငလျင်လှုပ်နေသကဲ့ဖြစ်ရာ သူတော်စင်ဧကရာဇ်၏မျက်နှာ ဖြူဖျော့သွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ သူ၏မိုးမြေဧကရာ်အရှိန်အဝါအနည်းငယ်က သူ့ကို အတန်ငယ် လွယ်ကူစေလေသည်။
နောက်ဆုံး၌ သူတော်စင်ဧကရာဇ်က ညာပခုံးရှိ ချုပ်နှောင်စာရွက်ထံသွားပြီး ပိုင်ရှောင်ချန်းက သံယောဇဥ်မဲ့လူသား၏နဖူးထံ မြန်နိုင်သမျှမြန်မြန် ဦးတည်သွားလိုက်ကြသည်။
ထိုနေရာများကား ချုပ်နှောင်စာရွက်နှစ်ရွက်၏ စစ်မှန်သောရင်းမြစ်တည်ရှိရာများ ဖြစ်ပေသည်။
မကြာမီ မမြင်နိုင်သော အဟန့်အတားတစ်မျိုးမျိုးက သံယောဇဉ်မဲ့လူသားကို ဝန်းရံထားကြောင်း တွေ့လိုက်ရသဖြင့် သူတော်စင်ဧကရာဇ်၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး ပိုင်ရှောင်ချန်းပင် တုန်လှုပ်သွား၏။
သူတော်စင်ဧကရာဇ်က အော်ဟစ်၍ သက်စောင့်အနှစ်သာရ ရတနာတစ်ပါးဖြစ်သော လသင်္ကေတကို အားဖြည့်လိုက်ရာ အဟန့်အတားကိုဖောက်ထွက်ရန် လိုအပ်သော တွန်းအားကို ပေးလေသည်။ အချိန်အနည်းငယ်ကြာသော် သွေးရောင်အလင်းတစ်ခု သူ့ပတ်လည်တွင် တောက်ပလာကာ သူက ချုပ်နှောင်စာရွက်ထံ ရောက်သွားပြီး ပျောက်ကွယ်သွား၏။
ပိုင်ရှောင်ချန်းတွင် များစွာပို၍လွယ်ကူသောနည်း ရှိလေသည်။ သူက ယခုတွင် သူ၏လောကနတ်ဘုရားကျင့်ကြံခြင်းအခြေခံဖြင့် အားဖြည့်ပေးထားသော ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုလိုက်၏။ သူက အဟန့်အတားကို ထိုးဖောက်၍ ဗဟိုဘိုးဘေးကြီး၏ သွေးဆက်နှင့် ချည်နှောင်ထားသော ချုပ်နှောင်စာရွက်၏အရှေ့တွင် ပေါ်လာလေသည်။ ထိုအချိန်တွင် သူက အောက်ဖက်ရှိ မြေပြင်များကို ငုံ့ကြည့်လိုက်၏။
ထာဝရအင်မော်တယ်နယ်မြေများ၏လူများက ခေါင်းများမော့၍ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်ကို မြင်သည်ဆိုရုံကလေး သူ မြင်ရလိုက်လေသည်။ အများစုမှာ သူ့ကို သော်လည်းကောင်း၊ သူတော်စင်ဧကရာဇ်ကိုသော်လည်းကောင်း မမြင်ရသော်လည်း လူတိုင်း မည်သည်တို့ ဖြစ်ပျက်လိမ့်မည်ကို သေချာအာရုံစိုက်နေကြ၏။
ထိုအရာအားလုံးက ကောက်ကာငင်ကာ ဖြစ်ပျက်သွားခဲ့သဖြင့် သူတို့အတွက် အကုန်လုံးကိုလက်ခံရန် ခက်ခဲလေသည်။ သို့သော် ပိုင်ရှောင်ချန်းက သူဘာလုပ်ရမည်ကို သိသည်။ သူ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ အံကိုကြိတ်ကာ သွေးဆက်ချုပ်နှောင်စာရွက်ထဲ ဝင်ရောက်လိုက်သည်။
အောက်ဖက်က ထာဝရအင်မော်တယ်နယ်မြေများရှိ ကျင့်ကြံသူများမှာ သူတို့ကျရောက်နေသော ဘေးအန္တရာယ်ကို လေးလေးနက်နက်သိသဖြင့် ကြောက်လန့်တုန်ရီလျက် စောင့်နေကြလေသည်။ သို့သော် သူတို့မှာ စောင့်ပြီး စုဆောင်းရန်မှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။