တောင်ပေါ်မှ စည်းမျဉ်းများ
Vol. 14 Ch. 208
ရွှီချင်း၏ အခြေတည်အဆင့်အရှိန်အဝါ လွင့်ပျံလာပြီး သတ္တမမြောက်တောင်ထိပ်တစ်ခုလုံး ခေါင်းလောင်းသံများ တဒေါင်ဒေါင်မြည်နေစဉ် တောင်ထိပ်မှ လူရိပ်သုံးရိပ် လေထဲသို့ ပျံတက်သွားကာ တောင်အောက်သို့ ဆင်းလာသည်။
ယေဘုယျအားဖြင့်ဆိုရလျှင် မျက်နှာစိမ်းအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် တောင်လှေကားထစ်များဆီသို့ ရောက်လာခဲ့ပါက အပြင်ဘက်၌သာ ရပ်နေရမည်ဖြစ်ပြီး ခေါင်းလောင်းသံမြည်စေမည် မဟုတ်ပေ။
ထိုကျင့်ကြံသူအနေဖြင့် သူ၏ကိုယ်ရေးအချက်အလက်ကို တင်ပြရန်လိုအပ်ပြီး ရောက်လာရသည့်အကြောင်းရင်းကို ရှင်းပြရသည်။ မန္တအစီအရင်က ထိုလူအား စစ်ဆေးမည်ဖြစ်သည်။ အကယ်၍ ခွင့်ပြုခံရပါက မန္တန်အစီအရင်၏ စောင့်ကြည့်ခြင်းအောက်တွင် တောင်ပေါ်သို့ တက်ခွင့်ရမည်ဖြစ်သည်။
ဥပမာအနေဖြင့် ဆဋ္ဌမမြောက်တောင်ထိပ်မှ တာအိုရောင်းရင်းရှန်းယွင်ထံသို့ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး သွားရောက်လည်ပတ်စဉ်အခါက အထက်ပါအတိုင်း ဆောင်ရွက်ရသည်။
တောင်လှေကားထစ်များပေါ်သို့ လူတစ်ယောက် နင်းလျှောက်လာသည့်အခါ ခေါင်းလောင်းသံများ မြည်ရသည့် ဖြစ်နိုင်ချေမှာ တစ်ခုသာ ရှိသည်။
ယင်းမှာ ဂိုဏ်းသားများအနက် မန္တန်အစီအရင်ထဲတွင် စာရင်းမသွင်းရသေးသော အခြေတည်အဆင့်ကျင့်ကြံသူအသစ်တစ်ယောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရန်သူများ တိုက်ခိုက်လာခြင်းသည် တခြားကိစ္စ ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းထဲ၌ အခြေတည်အဆင့်ကို တက်ရန် ကြိုးစားသည့်အခါ သာမန်ဂိုဏ်းသားအားလုံးက ဂိုဏ်း၏ အခြေတည်အဆင့်နယ်မြေကို ငှားရမ်းရန် ရွေးချယ်မည် မဟုတ်ပေ။ တစ်ဖက်တွင် ဈေးနှုန်းက ခေါင်ခိုက်နေသည့်အတွက်ကြောင့် ဖြစ်ပြီး တခြားတစ်ဖက်တွင် ဤလောကပျက်ကြီးထဲရှိ မရေမတွက်နိုင်သော ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများအနက် ကွဲထွက်နေသည့် ကျင့်ကြံသူများက ကံကြမ္မာကောင်းများနှင့် ကြုံကြိုက်ထားရသောကြောင့် ဖြစ်ပေသည်။
ယင်းသည် ရှားရှားပါးပါး ဖြစ်ရပ်မဟုတ်ပေ။ အခွင့်အလမ်းများမှလွဲ၍ အကျိုးအမြတ်အတွက်သာ ရှေးရှုသော ဂိုဏ်းထဲတွင် ယုံကြည်စိတ်ချရမှု ကင်းမဲ့လုနီးပါး ဖြစ်နေသည် မဟုတ်ပါလား။
သို့ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်း၏ အခြေတည်အဆင့်ကျင့်ကြံသူ သုံးဆယ်ရာခိုင်နှုန်းက ဂိုဏ်းပြင်ပတွင် အဆင့်တက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအခွင့်အလမ်းများသည် အများအားဖြင့် သုံးပန့်ပစ္စည်းတချို့နှင့် ဆက်စပ်နေသည်။ ထိုပစ္စည်းများကို တခြားလူများက စိတ်ဝင်စားပါသော်လည်း ထိုကဲ့သို့ ကိစ္စမျိုးကို ခြွင်းချက်မထားပေးဘဲ လုယက်ခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။ ရက်စက်ကြမ်းကြုတ်စွာ လုယက်ခဲ့ပါက သတင်းမပျံ့သွားလျှင် ကိစ္စမရှိပါသော်လည်း ထိုသတင်းသာ ပျံ့သွားခဲ့ပါက ချီရွှဲ့ထုံဂိုဏ်း၏ အုတ်မြစ်ကို ဆွဲယမ်းလိုက်သလို ဖြစ်သွားပေမည်။
သို့ဖြစ်၍ ထိုကိစ္စကို ချီရွှဲ့ထုံဂိုဏ်းက ပြင်းပြင်းထန်ထန် တားမြစ်ထားခြင်း ဖြစ်သည်။ အမှောင်ထဲတွင် ရံဖန်ရံခါ ပြဿနာများ ရှိတတ်ပါသော်လည်း သင့်တင့်သော အတိုင်းအတာအထိသာ ဖြစ်သည်။ ထို့ပြင် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ပေါ်မှ ကျင့်ကြံသူများသည် တစ်ခုခု မလှုပ်ရှားခင် ထိုက်တန်လား၊ မထိုက်တန်လားဆိုသည်ကို ချင့်ချိန်စဉ်းစားကြသည်။
လူနည်းစုသည်သာ ထိုကဲ့သို့ ဘာမှန်းမသိသော အကျိုးအမြတ်အတွက် အသက်နှင့်ရင်းရလောက်အောင် တုံးအပေလိမ့်မည်။
ရွှီချင်းသည် အခြေတည်အဆင့်အတွက် ဂိုဏ်းပြင်ပသို့ သွားရန် ရွေးချယ်လိုက်သည့်အခါ ထိုကိစ္စများကို တွေးတောထားပြီး ဖြစ်သည်။ သူက တဖြည်းဖြည်း ချဉ်းကပ်လာနေသော လူရိပ်သုံးရိပ်ကို ကြည့်၍ တိတ်ဆိတ်စွာ စောင့်နေသည်။
မကြာခင် တရွှီရွှီမြည်သံများ ကြည်လင်ပြတ်သားလာသည်။ ထိုလူသုံးယောက်အနက် ရှေ့ဆုံးမှလူသည် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ကိုယ်လုံးကိုယ်ထည်က အနေတော်ဖြစ်ပြီး လုံးဝန်းသော မျက်နှာရှိသည်။
ယင်းလူသည် ပထမဆုံးအကြိမ် တောင်ပေါ်သို့ ရွှီချင်း ရောက်ခဲ့စဉ်အခါက ရွှီချင်းအား လမ်းပြပေးခဲ့သည့်လူဖြစ်သည်။ ထိုစဉ်က တစ်က်လူသည် သူ၏ညာလက်ကို သဘာဝကျအောင် လှုပ်ရှားရန် သတိပေးခဲ့ပြီး ဝါဂွမ်းထဲတွင် အပ်ဝှက်သည့် ကိစ္စအား သဘောကောင်းစွာ ပြောပြခဲ့သည်။
ထိုလူကို ကြည့်၍ ရွှီချင်း၏ စိတ်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ ယခင်က ထိုလူက ဝါဂွမ်းထဲတွင် အပ်ဝှက်ထားရန် ပြောသည်ကို သူ နားထောင်ရုံသာ နားထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းရှိ သူ၏အတွေ့အကြုံများနှင့် လူများစွာကို ကြုံတွေ့လာရပြီးနောက် ထိုစကား၏အဓိပ္ပာယ်ကို သူ နက်နက်နဲနဲ နားလည်လာပြီ ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းမှ သူ များစွာ သင်ယူခဲ့ပြီးပြီ ဖြစ်သည်။
ရွှီချင်းက လက်နှစ်ဖက်ဆုပ်လိုက်သည်။ ထိုလူ အနားသို့ ရောက်သည်နှင့် သူက လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
ဝေဟင်မှ တဟားဟား ရယ်မောသံများ လွင့်ပျံလာသည်။
လုံးဝန်းသောမျက်နှာပိုင်ရှင် ကျင်ကြံသူသည် လှစ်ခနဲ လှုပ်ရှားသွားပြီး ရွှီချင်း၏ရှေ့သို့ ရောက်သွားသည်။ သူ့အမူအရာက ကြင်နာဟန်ရှိပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ရှိနေသည်။
“ ရွှီချင်း ငါ မင်းကို ပထမဆုံးအကြိမ် တွေ့တုန်းက မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးလို့ ငါ ခံစားမိလို့ မင်းကို သတိပေးခဲ့တာ။ အခု ငါတို့ ပြန်တွေ့တော့ မင်းက ငါ့အဆင့်တောင် ရောက်နေပြီပဲ ”
“ အရင်တုန်းက သတိပေးစကားအတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး ”
ရွှီချင်းက ထိုလုံးဝန်းသောမျက်နှာပိုင်ရှင်ကျင့်ကြံသူကို ကျေးဇူးတင်စကားပြောလိုက်သည်။
“ ဆရာကြီးလို့ ခေါ်စရာမလိုပါဘူး။ မင်းလည်း အခြေတည်အဆင့်ကို ရောက်နေပြီပဲ။ ငါ့ကို ဂိုဏ်းတူအစ်ကိုလို့ပဲ ခေါ်လို့ရတယ်။ ဂိုဏ်းတူညီလေး ရွှီချင်း၊ အစ်ကို့နာမည်က ကျန်းယွင်ရှစ်၊ ဒီတော့ မင်း အစ်ကို့ကို ဂိုဏ်းတူအစ်ကိုကျန်းလို့ ခေါ်လို့ရတယ် ”
လုံးဝန်းသောမျက်နှာပိုင်ရှင် ကျင့်ကြံသူသည် စကားပြောနေရင်း မနီးမဝေးမှ အကြီးအကျယ် အံ့အားသင့်နေသော ကျောက်ကျုံးဟန်ကို မြင်လိုက်ရသည်။
သူသည် အစကတည်းက လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်သည်။ သူက ကျောက်ကျုံးဟန်၏ အမူအရာကိုကြည့်ပြီး ရွှီချင်းကို ပြန်ကြည့်၍ အဖြစ်အပျက်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပါသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။
“ ဂိုဏ်းတူညီလေးရွှီချင်း၊ တောင်ပေါ်ကို သွားကြမယ် ”
“ ဟုတ်ကဲ့ဗျ ”
ရွှီချင်းက ယဉ်ယဉ်ကျေးကျေးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဘေးမှ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်အား လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်ပြီး သူတို့နှစ်ယောက်ကို ပုံမှန်အတိုင်း ကြည့်လိုက်သည်။
တောင်ပေါ်မှ အခြေတည်အဆင့်ကျင့်ကြံသူအများစုက သူတို့အရှိန်အဝါများအား ကွယ်ဝှက်ထားသည်ကို သူ တွေ့ခဲ့ရပြီး ထိုလူနှစ်ယောက်နှင့် ကျန်းယွင်ရှစ်တို့သည်လည်း ထိုနည်းတူပင်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့် အတိမ်အနက်ကို ရွှီချင်း ချက်ချင်း အာရုံမခံနိုင်ပေ။
ယင်းကြောင့် သူ အလွန် သတိထားသွားသည်။
ထိုလူနှစ်ယောက်၏ အဆင့်အတန်းက ကျန်းယွင်ရှစ်အောက် နိမ့်ကျသည်မှာ သိသာသည်။ သူတို့သည် ကျန်းယွင်ရှစ်က ရွှီချင်းနှင့် ရင်းနှီးနေသည်ကို မြင်၍ ပြုံးပြလိုက်ပြီး လက်နှစ်ဖက်ဆုပ်ပြကာ ထွက်သွားသည်။
ထိုသို့ဖြင့် ရွှီချင်းသည် ကျန်းယွင်ရှစ်နှင့်အတူ လှေကားထစ်များပေါ် လျှောက်လာသည်။
တောင်ပေါ်လမ်းလေး၏ ဘေးတစ်ဖက်တစ်ဖက်ရှိ သစ်ပင်များက အရိပ်ပေးနေသည်။ ထိုအချိန်၌ ပင်လယ်လေပြေ တဖြူးဖြူး တိုက်ခတ်လာရာ သစ်ရွက်များ လှုပ်ရှားသွားပြီး ဝိညာဉ်ငှက်ကလေးများ၏ တကျီကျီတကျာကျာ မြည်သံ လွင့်ပျံလာသည်။
ထိုအသံက နားဝင်ချိုလွန်းလှ၍ ကြားရသူအဖို့ အတိတ်ကို လွမ်းဆွတ်သွားစေနိုင်သည့်အလားပင်။ ပထမဆုံးအကြိမ် သူ တောင်ပေါ်တက်ခဲ့စဉ်က မြင်ကွင်းနှင့် ယခုမြင်ကွင်းက တစ်ထပ်တည်းပင်။
“ ဂိုဏ်းတူညီလေးရွှီ၊ အရင်တုန်းက အစ်ကိုမင်းကို တောင်ခြေက လောကအကြောင်းကို ပြောပြခဲ့တာ။ ဒီနေ့ မင်းကို တောင်ပေါ်အကြောင်း ပြောပြမယ် ”
ကျန်းယွင်ရှစ်၏တည်ငြိမ်သောအသံက တောင်ပေါ်လမ်းလေးတစ်လျှောက် လွင့်ပျံသွားသည်။
“ သတ္တမမြောက်တောင်ထိပ်မှာ အကြီးအကဲဆယ့်သုံးဆယ်ယောက်ရှိတယ်။ သူတို့အားလုံးက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေပဲ။ သူတို့အောက်မှာ အခြေတည်အဆင့်ကျင့်ကြံသူ တစ်ရာ့လေးဆယ်ကျော်ရှိတယ်။ ဒီနေ့ မင်း စာရင်းသွင်းလိုက်ရင် သတ္တမမြောက်တောင်ထိပ်မှာ အခြေတည်အဆင့်ကျင့်ကြံသူ တစ်ရာလေးဆယ့်ကိုးယောက်ဖြစ်သွားမှာ ”
“ အဲဒီပမာဏက အတော်လေးများတယ်လို့ ထင်ရပေမဲ့ တကယ်က မများဘူး။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးမှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ထောင်နီးပါးပဲ ရှိတာ။ ချီရွှဲ့ထုံဂိုဏ်းဆိုတာ နန်းဟွမ်ကျွန်းကြီးထဲက အင်အားကြီးအုပ်စုလေးခုထဲက တစ်ခုဆိုတာ မင်း သိမှာပါ ”
“ ဒီတော့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းက အင်မတန်မြင့်တယ် ”
“ နန်းဟွမ်ကျွန်းကြီးထဲက ဘယ်နေရာသွားသွား အဲဒီလိုဖြစ်နေမှာ။ မင်း စာရင်းသွင်းပြီးတာနဲ့ လတိုင်း ဝိညာဉ်ကျောက်တုံးငါးထောင့်ခုနစ်ရာလောက်ရမယ် ”
“ အတိအကျပမာဏကတော့ ဂိုဏ်းရဲ့တစ်လဝင်ငွေအပေါ် မူတည်လို့ ယတိပြတ်ပြောမရဘူး။ ဒါပေမဲ့ အရမ်းကွာသွားတာမျိုး မရှိဘူး ”
“ ပြီးတော့ မင်း တောင်ပေါ်မှာ နေခွင့်ရမယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းဂူနဲ့ အခြေတည်အဆင့်ပညာရပ်တွေအတွက်တော့ မင်း ပိုက်ဆံပေးရမယ်။ ချီစုစည်းခြင်းအဆင့်တုန်းကလို မင်း အလကားမရဘူး။ ကျင့်ကြံခြင်းပညာရပ်တွေကိုတော့ ကျမ်းစာခန်းမထဲက ဘယ်ပညာနေနေ မင်း ယူခွင့်ရှိတယ် ”
“ ပြီးတော့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းမှာ လုပ်ပိုင်ခွင့်လေးခုရှိတယ် ”
“ ပထမတစ်ခုက အခုကစပြီး ဆိပ်ကမ်းသစ်တစ်ခု မင်း ဖွင့်ခွင့်ရှိတယ်။ ဆိပ်ကမ်းမှာ မင်း ပိုင်တဲ့ ဆိပ်ကမ်း ဖွင့်လို့ရတယ် ”
“ ဆိပ်ကမ်းထဲမှာပဲ စီးပွားရေး လုပ်လုပ် ဆိပ်ကမ်းအပြင်မှာပဲ စီးပွားရေးလုပ်လုပ် ရတဲ့အကျိုးအမြတ်ရဲ့ တစ်ဝက်ကို ဂိုဏ်းကို ပေးရတယ်။ ဒါပေမဲ့ အဲဒီလိုဆိပ်ကမ်းထောင်တာက လူအင်အားအများကြီးလိုတယ်။ ကနဦး ရင်းနှီးမြှုပ်နှံစားရိတ်က ကြီးတဲ့အပြင် အဲဒါကိုလည်း မင်းတစ်ယောက်တည်းပဲ ကျခံရမှာ ”
“ မင်း ဆိပ်ကမ်း မထောင်ချင်ရင် ပင်မမြို့ကြီးထဲက လမ်းတစ်လမ်းကို ယူနိုင်တယ်။ အဲဒီလမ်းက ဈေးဆိုင်တွေအားလုံးက မင်းကို လစဉ်အခွန်ပေးရမှာပေါ့။ အဲဒီနည်းလမ်းက ရိုးရှင်းတယ် ”
“ နှစ်မျိုးလုံးကတော့ သူ့အားသာချက်နဲ့သူပါပဲ။ မင်းကြိုက်တာရွေးလို့ရတယ် ”
“ ဒုတိယလုပ်ပိုင်ခွင့်က မင်းရဲ့တောင်ထိပ်က သာမန်ဂိုဏ်းသားတစ်ယောက်က မင်းကို ရန်စလာရင် အဲဒီဂိုဏ်းသားကို မင်း သတ်လို့ရတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို မင်း သတ်လိုက်ရင် ပြစ်ဒဏ်အနေနဲ့ ဝိညာဉ်ကျောက်တုံးတစ်သိန်း ပေးရမယ်။ နောက်ထပ်လူတစ်ယောက်သတ်လိုက်ရင် ဒဏ်ကြေးက နှစ်ဆဖြစ်သွားပြီးတော့ အဲဒီလိုနဲ့ တိုးတိုးသွားမယ် ”
လုံးဝန်းသောမျက်နှာပိုင်ရှင် ကျင့်ကြံသူက ပြုံး၍ ပြောလိုက်ပါသော်လည်း သူ့စကားများကြောင့် ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
“ အဲဒီစည်းမျဉ်းက ဂိုဏ်းထဲက အခြေတည်အဆင့်ကျင့်ကြံသူတွေရဲ့ စိတ်ထဲမှာထားတဲ့ စည်းမျဉ်းပဲ။ ဂိုဏ်းထဲမှာပဲ ဖြစ်ဖြစ်၊ ဂိုဏ်းပြင်ပမှာပဲဖြစ်ဖြစ် အားနည်းတဲ့သူကို သတ်ရင် တန်၊ မတန်အပေါ်ပဲ သူတို့ စဉ်းစားကြမှာ ”
“ တခြားတောင်ထိပ်က သာမန်ဂိုဏ်းသားတစ်ယောက်ဆိုရင် ဒဏ်ကြေးက နှစ်ဆဖြစ်သွားမှာ ”
“ တတိယလုပ်ပိုင်ခွင့်ကတော့ သာမန်ဂိုဏ်းသားနှစ်ယောက် ဒါမှမဟုတ် တခြားလူတွေကို မင်းနောက်လိုက်တွေအနေနဲ့ ရွေးချယ်လို့ရတယ်။ အဲဒီလူတွေက ပင်မမြို့ကြီးထဲမှာ အခမဲ့ နေခွင့်ရမယ်။ ပြီးတော့ မင်းနဲ့အတူ တောင်ပေါ်လိုက်ခွင့်ရှိတယ်။ မင်းနာမည်နဲ့ ကျင့်ကြံဖို့ စာရင်းသွင်းလို့ရတယ် ”
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ ဘယ်မြို့ခွဲတွေမှာမဆို တည်နေရာရွှေ့ပြောင်းခွင့် မင်း ပေးစရာမလိုဘူး။ နှစ်တိုင်း မြို့ခွဲတွေမှာ နေထိုင်ခွင့်တစ်ရာကိုလည်း မင်း ရမယ်။ အဲဒီနေထိုင်ခွင့်က မြို့လေးတွေနဲ့ ရတနာမုဆိုးစခန်းတွေမှာ သိပ်အဖိုးတန်တာကို မင်း သိမှာပါ။ ချီရွှဲ့ထုံဂိုဏ်းသားတွေရဲ့ ထောက်ခံချက်မပါဘဲ အဲဒီနေထိုင်ခွင့် မရနိုင်ဘူး ”
“ နောက်ဆုံးတစ်ခုက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေကို ဂိုဏ်းထဲထိ လာပြီး မင်းကို သတ်လို့မရအောင် ဂိုဏ်းက ကာကွယ်ပေးတာပဲ။ မင်းမှာ ဝိညာဉ်ကျောက်တုံးအလုံအလောက်သာ ရှိနေရင် ယွမ်ယင်အဆင့်ကျင့်ကြံသူတွေတောင် မင်းကို သတ်ရဲမှာ မဟုတ်ဘူး။ တကယ်တော့ မင်းမှာ ဝိညာဉ်ကျောက်တုံးတွေ အဲဒီထက်ပိုပြီးရှိနေရင် ဆုကြေးငွေ ထုတ်လို့ရတယ်။ ဂိုဏ်းထဲက မင်းကိုကူညီချင်တဲ့လူက မင်းကိုယ်စား သွားတောင်သတ်ပေးမှာ ”
“ တောင်ခြေက ဂိုဏ်းသားတွေက ဝံပုလွေပေါက်လေးတွေဆိုရင် တောင်ပေါ်က လူတွေက အကြံအစည်တွေကိုယ်စီနဲ့ အထီးကျန်ဝံပုလွေတွေဆိုတာကို မင်း မှတ်ထား ”
“ ပြီးတော့ ဂိုဏ်းထဲက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေ မင်းကို တိုက်ခိုက်လာမှာကို စိတ်မပူနဲ့။ ဂိုဏ်းအပြင်ဘက်မှာ တိုက်ခိုက်ခံရရင် မင်း ကံဆိုးတယ်လို့မှတ်လိုက်။ ဂိုဏ်းထဲမှာဆိုရင် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်ရင် ဝိညာဉ်ကျောက်တုံးတစ်သန်းပေးရမယ်။ အခြေတည်အဆင့်ကျင့်ကြံသူ အချင်းချင်းသတ်ရင်လည်း ဝိညာဉ်ကျောက်တုံးတစ်သန်းပေးရတာပဲ။ နောက်ကျ ဒဏ်ကြေးက နှစ်ဆဖြစ်သွားပြီး အဲဒီလိုနဲ့ တိုးတိုးသွားမှာ ”
“ ဒီတော့ အဲဒီလိုလုပ်တာက တန်သလား၊ မတန်ဘူးလားဆိုတဲ့ အတွေးအခေါ်ဟောင်းကြီးကို ပြန်ရောက်သွားတာပါပဲ ”
လုံးဝန်းသောမျက်နှာပိုင်ရှင် ကျင့်ကြံသူက ပြုံးရွှင်စွာ ပြောနေပါသော်လည်း သူ့စကားလုံးများက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အဆင့်အတန်းနှင့် တောင်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ပြနေပေသည်။
“ တာဝန်တွေကကော ဘာတွေလဲ ”
ရွှီချင်းက မေးလိုက်သည်။
“ တာဝန်တွေလား ”
လုံးဝန်းသောမျက်နှာပိုင်ရှင်ကျင့်ကြံသူ ပြုံးလိုက်သည်။
“ လူအားလုံးက တောင်ခြေကနေ လွတ်မြောက်ဖို့ သတ်ဖြတ်ရင်း ရုန်းကန်ခဲ့ကြရတယ်။ ဒီတော့ ဂိုဏ်းကို တာဝန်ထမ်းဆောင်ပေးဖို့ မလိုဘူး။ ဆက်နေရင် ပိုက်ဆံရမယ်။ ထွက်သွားမယ်ဆိုရင်လဲ ဂိုဏ်းက ဆွဲထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဂိုဏ်းက ပေးတဲ့တာဝန်တွေက ဆုကြေးငွေအများကြီးရလို့ လူတိုင်း အဲဒီတာဝန်တွေကို လုနေကြတာ ”
“ ဝိညာဉ်ကျောက်တုံးတွေ အကြာကြီး ရနေတာ ကောင်းတဲ့ကိစ္စပဲလေ။ ငါတို့ရဲ့ နှစ်ရှည်အကျိုးအမြတ်ကို လာရောက်ထိပါးချင်တဲ့ ရန်သူရှိလာရင် ပြန်တုံ့ပြန်ရမှာ သဘာဝပဲ။ ပြီးတော့ ငါတို့သာ အခြေတည်အဆင့်မှာ သတိထားနေရင် အသက်ရှည်ရှည်နေရနိုင်တယ်။ လတိုင်း ငွေဝင်နေတယ်ဆိုတာ ဘယ်လောက်တောင် ကောင်းတဲ့ကိစ္စလဲ ”
“ ရန်သူက အကျိုးအမြတ်ကြီးကြီးမားမား ပေးလာရင်တော့ လက်မခံလို့ မရဘူးပေါ့။ ဒါပေမဲ့ စဉ်းစားကြည့် … တိုက်ခိုက်မယ့်ရန်သူက ဉာဏ်နည်းပါ့မလား။ ဂိုဏ်းသားတစ်ယောက်၊ နှစ်ယောက်လောက်နဲ့ ကျူးကျော်ရင် အဓိပ္ပာယ်မရှိဘူးလေ။ ဂိုဏ်းသားတွေအများကြီးလိုချင်ရင်တော့ သူတို့ အရင်းအနှီးအများကြီး စိုက်ထုတ်ရမှာပဲ။ ချီရွှဲ့ထုံဂိုဏ်းကို တိုက်ခိုက်တာက သူတို့ ရင်းနှီးတာထက် နည်းနေရင် လုပ်ပါ့မလား ”
“ တခြားအင်အားစုတွေနဲ့ စစ်ဖြစ်တယ်ဆိုတာ မင်း ဝင်နွှဲလို့ရတဲ့ ပြိုင်ပွဲကြီးတစ်ခုကျင်းပပေးလိုက်သလိုပဲ။ ရတဲ့အကျိုးအမြတ်ကို မင်း ယူနိုင်တယ် ”
“ တောင်ပေါ်က အကြီးအကဲတွေကလည်း ငါတို့အားလုံးက ဝံပုလွေပေါက်တွေမှန်း သိနေတော့ ငါတို့ကို မထိန်းချုပ်ဘူး။ အကျိုးအမြတ်နဲ့ပဲ ဆွဲဆောင်ထားတာ ”
“ အထက်ပိုင်းအကြီးအကဲတွေ တကယ် စိတ်ချတာက ဂိုဏ်းကို ဝင်ကတည်းက ဂိုဏ်းအတွက် တာဝန်တွေ ထမ်းဆောင်ရတာကို သဘောကျတဲ့ အဓိကဂိုဏ်းသားတွေပဲ။ အဲဒီဂိုဏ်းသားတွေကိုတော့ စည်းလုံးညီညွတ်ခြင်းနဲ့ ဂိုဏ်းဝင်ဆိုတဲ့ ခံစားချက်တွေကို အခြေခံပြီး ပျိုးထောင်ပေးတယ် ”
ကျန်းယွင်ရှစ်၏ မိတ်ဆက်စကားကြောင့် ချီရွှဲ့ထုံဂိုဏ်းကို ရွှီချင်း နက်နက်နဲနဲ နားလည်လာရသည်။ သူ စဉ်းစားတွေးတောနေရင်း တောင်လယ်သို့ ရောက်လာပြီဖြစ်သည်။
“ မင်း လာတာ အချိန်မှားသွားတယ်ကွ။ အခြေတည်အဆင့်ကျင့်ကြံသူအသစ်တစ်ယောက်က တောင်သခင်ကြီးဆီကို တစ်ခေါက် အလည်သွားခွင့်ရှိတယ်။ ဒါပေမဲ့ တောင်ထိပ်ခုနစ်လုံးက တောင်သခင်တွေအားလုံး ပင်လယ်ပြင်ကို ခရီးထွက်သွားကြတာ။ ကိစ္စကြီးတစ်ခုခု ဖြစ်တော့မယ်ထင်တယ် ”
“ ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲလည်း ဒီမှာ မရှိဘူး။ တတိယအကြီးအကဲတစ်ယောက်ပဲ တောင်ကို စောင့်နေတာ။ အဲဒီအကြီးအကဲဆီကို မင်း သွားတွေ့ပြီးရင် မင်းကို ဂူစာရင်းသွင်းရမယ့်နေရာနဲ့ ကျမ်းစာခန်းမကို လိုက်ပို့ပေးမယ် ”
မကြာခင် တတိယအကြီးအကဲ၏ ခန်းမဆောင်ကို အဝေးမှနေ၍ ရွှီချင်း လှမ်းမြင်လိုက်ရသည်။ ခန်းမဆောင်အပြင်ဘက်တွင် ရင်းနှီးသော လူရိပ်တစ်ရိပ်ကို သူ မြင်လိုက်ရသည်။ ထိုသူမှာ ဂိုဏ်းထောက်လီပင်။
ဂိုဏ်းထောက်လီသည် ခန်းမဆောင်ရှေ့တွင် တင်ပျဉ်ခွေလျက် ထိုင်နေ၏။ ထိုအချိန်၌ သူသည် မျက်လုံးများကို ဖွင့်၍ ရွှီချင်းနှင့် ကျန်းယွင်ရှစ်တို့ကို ခပ်ရေးရေးပြုံး၍ ကြည့်လိုက်သည်။
“ စောစောက ခေါင်းဆောင်းသံ မြည်လိုက်ကတည်းက အခြေတည်အဆင့်ကျင့်ကြံသူအသစ်က မင်းဖြစ်မယ်လို့ ငါ ထင်ထားတာ ”
ရွှီချင်းက လက်နှစ်ဖက်ကို ဆုပ်၍ ဂိုဏ်းထောက်လီကို ကြည့်လိုက်သည်။ ဂိုဏ်းထောက်လီသည်လည်း ကျင့်ကြံခြင်းအငွေ့အသက်များကို ဖုံးကွယ်ထားသည့်တိုင်အောင် ယခင်မှတ်ဉာဏ်များထဲမှ အာရုံများနှင့် ရွှီချင်း နှိုင်းယှဉ်ကြည့်လိုက်သည်။ ယခုအခါတွင် ဂိုဏ်းထောက်လီက အလွန် အစွမ်းထက်သော အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို သူ ခန့်မှန်းမိလိုက်သည်။
‘ သူက သက်စောင့်မီးတောက်ရှိတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မယ် ’
ရွှီချင်းက မျက်ခုံးပင့်မကြည့်ဘဲ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
“ အထဲဝင်သွားလိုက်။ မင်းကို အကြီးအကဲ စောင့်နေတယ် ”
ဂိုဏ်းထောက်လီ၏ အကြည့်က ရွှီချင်းထံမှ လွှဲသွားကာ ကျန်းယွင်ရှစ်အပေါ် ရောက်သွားသည်။ ကျန်းယွင်ရှစ်က ပခုံးတွန့်ပြလိုက်ပြီး ရပ်နေလိုက်သည်။
ရွှီချင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ယခင်က သူ အလည်အပတ် လာခဲ့ဖူးသည့် ခန်းမဆောင်သို့ ရောက်သည့်တိုင်အောင် လျှောက်သွားလိုက်သည်။
သူ ခန်းမဆောင်ထဲ ဝင်လိုက်သည့်အခိုက် ယခင်က ခံစားချက်မျိုး သူ ပြန်ရလိုက်သည်။ ခန်းမဆောင်ထဲတွင် ထိုင်နေသော လူထံမှ နှင်းခဲများ ကျဆင်းလာသည့်အလား ဖိအားတစ်ရပ် လွင့်ပျံလာသည်။
သို့သော်လည်း ယခုတစ်ခေါက်တွင် ထိုလူ၏ ရုပ်ရည်သွင်ပြင်ကို ရွှီချင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ယင်းမှာ မျက်နှာတွင် ဇရာထောင်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် အမည်းစက်ကလေးများ ရှိနေသည့် အဘိုးအိုတစ်ဦးဖြစ်သည်။ ထိုအဘိုးအိုသည် ရွှေအမျှင်တန်းများ ကွပ်ထားသည့် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှီချင်းကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသည့်အခိုက် ရွှီချင်း၏စိတ်ထဲ တုန်ခါသွားရသည်။ ထိုအဘိုးအို၏ အကြည့်က မိုးကြိုးလျှပ်စီးပစ်လိုက်သည်နှင့် ဆင်တူပြီး သူ့တစ်ကိုယ်လုံး ဖောက်ထွင်း၍ မြင်နေရသည့်အလားပင်။
သို့သော်လည်း ရွှီချင်း၏အရိပ် ဖုံးကွယ်ထားသည့် သက်စောင့်မီးအိမ်မှာ ထိုအဘိုးအို အာရုံခံမခံနိုင်သောအရာ ဖြစ်ပေသည်။
“ တတိယအကြီးအကဲကို နှုတ်ဆက်ပါတယ် ”
ရွှီချင်းက ခေါင်းငုံ့၍ လေးစားစွာ အရိုအသေပေးလိုက်သည်။
“ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဓမ္မတံခါးနှစ်ချပ်ကို ဖွင့်နိုင်တာ မဆိုးဘူး ”
တတိယအကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ရွှီချင်းကို တုန်ရီသွားစေသည့် နောက်ထပ်စကားတစ်ခွန်း ပြောလိုက်သည်။
“ ရေသူမမျိုးနွယ်က လင်းရှီမီးအိမ်ကို မင်း ယူသွားတာလား ”