အချုပ်အနှောင်စာရွက်ကို ပြင်ဆင်ခြင်း
Vol. 13 Ch. 1260
သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်မှာ အတိုင်းအဆမဲ့စွာ ကြီးမားလှသည်။ ယခု ပိုင်ရှောင်ချန်း မြင်နိုင်သည့် တစ်ခုတည်းသောအရာကား တောင်စဥ်တောင်တန်းဒါဇင်များစွာ တစ်တောင်ဘေးတစ်တောင် စီတန်းထားသည်နှင့် အလားသဏ္ဍာန်တူသော သွေးဆက်ချုပ်နှောင်စာရွက် ဖြစ်၏။ အမှန်တကယ်ဆိုရပါက သူနှင့် ပဲ့တင်ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားသော ၄င်းတွင် ပါဝင်နေသည့် ဗဟိုဘိုးဘေးကြီး၏သွေးဆက်ကြောင့်သာ မဟုတ်လျှင် ခွဲခြားရန် ခက်ခဲခဲ့မည် ဖြစ်သည်။
ချုပ်နှောင်စာရွက်ထဲဝင်ရောက်ပြီးနောက် သူ၏အမြင်အာရုံမှာ တခဏမျှ ဝေဝါးသွား၏။ ပြန်လည်၍ ထင်ရှားပြတ်သားလာသောအခါ ဘေးဘီဝဲယာကို သူ ကြည့်လိုက်ရာ အမှန်တကယ်တွင် သံယောဇဥ်မဲ့လူသား၏ စွမ်းအင်လမ်းကြောင်းတစ်ကြောင်း ဖြစ်သော မည်းမှောင်နေသောနေရာတစ်နေရာကို ရောက်နေကြောင်း တွေ့လိုက်ရလေသည်။
၄င်းက သာမန်စွမ်းအင်လမ်းကြောင်းတစ်ခုမဟုတ်ဘဲ သံယောဇဉ်မဲ့လူသားကို ထာဝရသားတော်သုံးပါး ချုပ်နှောင်တုန်းက အတင်းအကြပ် ဖန်ဆင်းခံခဲ့ရသော နေရာတစ်ခု ဖြစ်သည်။
၄င်းက တစ်ကမ္ဘာလုံးပမာ ကြီးမားသော်လည်း ယခုလောလောဆယ်တွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေလေသည်။ ပိုင်ရှောင်ချန်းက အထဲတွင် ပုံစံဖြစ်တည်လာသည်နှင့်တစ်ပြိုင်နက် သွေးရောင်အလင်းဖြင့် တောက်ပလာတော့သည်။
အလင်းက သူ့ပတ်လည်တွင် ဝေ့ပတ်သွားကာ သူ့ကို အလည်တွင်ထား၍ လည်ပတ်နေသော လေပွေတစ်ခုအသွင် ဖြစ်လာ၏။
စွမ်းအင်လမ်းကြောင်းမှာ ခြောက်ကပ်နေသော်လည်း သွေးရောင်အလင်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြန်လည်လန်းဆန်း အသက်ဝင်လာလေသည်။ တချိန်တည်းမှာပင် သူက လမ်းကြောင်း၏အခြေခံအုတ်မြစ်ဖြစ်သည့်အလား သူ ခံစားနေရသော ပဲ့တင်ရိုက်ခတ်မှု ပို၍အားကောင်းလာကြောင်း ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ချုပ်နှောင်စာရွက်၏ စွမ်းအားကို ပြန်လည်အားပြည့်စေရန် ဘာလုပ်ရမည်ကို သဘောပေါက်သွားတော့သည်။
" ငါက ချုပ်နှောင်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်လာရမှာပဲ။ အဲဒါကို ပြန်ပြင်ဖို့ဆိုရင် ငါ့သွေးဆက်ရဲ့စွမ်းအားကို သူ့အင်အား လှုံ့ဆော်ခွင့်ပေးရမယ်။ ငါ သံယောဇဉ်မဲ့လူသားရဲ့ ဒန်တျန်နယ်ပယ်ဆီ သွားဖို့လိုတယ်။ ငါ အဲဒီနေရာကို ရောက်တဲ့အချိန် ချုပ်နှောင်စာရွက်လဲ ပြန်ပြင်ပြီးသား ဖြစ်သွားလိမ့်မယ် “
" ငါ လမ်းတစ်လျှောက်မှာ သေသွားရင် ဒီကိစ္စမအောင်မြင်ပဲ အဆုံးသတ်သွားမယ်။ ငါ စောစောထွက်သွားရင်လဲ ရလဒ်က အတူတူပဲ "
သူက သက်ပြင်းချကာ နောက်ဆုတ်၍မရကြောင်း သိလိုက်လေသည်။ သူက အံတင်းတင်းကြိတ်ပြီးနောက် သွေးရောင်အလင်းများကို အရပ်မျက်နှာတစ်ခွင် လင်းထိန်သွားစေလျက် စွမ်းအင်လမ်းကြောင်းကိုဖြတ်၍ စတင်ပျံသန်းတော့သည်။
ဒန်တျန်နယ်ပယ်ဆီ သူမြန်မြန်ရောက်လျှင် ချုပ်နှောင်အမှတ်အသားက မြန်မြန်ပြုပြုင်ပြီးဖြစ်မည်။ ထို့ကြောင့် သူက တတ်နိုင်သမျှအားကုန်ဖြင့် ရှေ့သို့တိုးဝင်သွားတော့သည်။
သူတော်စင်ဧကရာဇ်သည်လည်း သူတော်စင်ဘိုးဘေးကြီးကို ကိုယ်စားပြုသော အခြားစွမ်းအင်လမ်းကြောင်းတွင် တရိပ်ရိပ်အရှိန်တင်နေပြီး အလင်းများထုတ်လွှတ်၍ ထိုနည်းတူ လုပ်နေလေသည်။
အပြင်ဘက်ထာဝရအင်မော်တယ်နယ်မြေများတွင် သံယောဇဥ်မဲ့လူသား၏ ချုပ်နှောင်စာရွက်များကို မြင်နိုင်ပြီး သူတို့ထံဆင်းသက်လာခဲ့သည့် စူးရှတောက်ပသောအလင်းများကို သတိထားမိကြသူများ ရှိလေသည်။
တချိန်တည်းမှာပင် ရုန်းကန်နေသော သံယောဇဥ်မဲ့လူသားမှာ မလှုပ်ရှားဘဲ ငြိမ်သက်နေရန် ဖိအားပေးခံနေရပြီ ဖြစ်သည်။ ကံဆိုးစွာပင် ထိုအလုပ်မှာ လျင်လျင်မြန်မြန်၊ ချောချောမွေ့မွေ့ ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။ ပိုင်ရှောင်ချန်းက စွမ်းအင်လမ်းကြောင်းကို ဖြတ်၍ တဟုန်ထိုးသွားနေစဥ် ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွား၏။
သူ၏အရှေ့ရှိ နေရာမှာ ပုံပျက်ရှုံ့တွလာပြီး အရိပ်သဏ္ဍာန်များ ရုပ်လုံးပေါ်လာလေသည်။ ၄င်းတို့မှာ ကျင့်ကြံသူများ၊ သားရဲများနှင့်ဆင်တူကာ ထောင်ပေါင်းများစွာရှိလေသည်။ သေခြင်းအရှိန်အဝါများမှလွဲ၍ သက်စောင့််အားတစုံတရာမရှိကြဘဲ ၄င်းတို့အားလုံးကား စိတ်ကူးယဥ်ကြည့်နိုင်သရွေ့ ရက်စက်ကြမ်းကြုတ်ကြပုံရ၏။
သူတို့က ပိုင်ရှောင်ချန်းကို မြင်သောအခါ အကြီးမားဆုံး ဗဟိုရန်သူတော်ကြီးကို ကြည့်နေသည့်အလားပင်။ သူတို့က ဟိန်းဟောက်၍ သူ့ကို တိုက်ခိုက်ရန် ရှေ့တက်လာကြ၏။
အချို့က ယင်ယန်ဝိညာဥ်အဆင့်တွင် ဖြစ်ကာ တချို့က ကောင်းကင်ဧကရာဇ်များနှင့်တူညီသောအဆင့်များတွင် ဖြစ်ပြီး စွမ်းအားကြီးသော ရန်သူအုပ်ကြီး ဖြစ်ပေသည်။
သို့သော် တစ်ဦးတစ်ယောက်တွင်မှ လောကနတ်ဘုရား အတိုက်အခိုက်စွမ်းရည် မရှိကြပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းက ရပ်ပင်မရပ်ချေ။ တောင်ဖြိုသိုင်းကို အသုံးပြု၍ သူသည် ကြယ်ပျံတစ်စင်းကဲ့သို့ သူ့လမ်းရှိ အရာအားလုံးကို ချေမှုန်းသွားတော့သည်။
သူက မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်တစ္ဆေများအား ထိုးဖောက်ကာ လမ်းရှင်းသွားသဖြင့် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ကြားလိုက်ရလေသည်။
သို့သော် ဖျက်စီးခံရပြီးနောက်မှာပင် အရိပ်တစ္ဆေများက အတူတကွပြန်ပေါင်းသွားကြပြီး သူလမ်းကြောင်းကို ပိတ်ဆို့ရန် မကြိုးစားတော့ဘဲ ရပ်လိုက်ကြ၏။ ဤရွေ့ဤမျှသာ ဆိုလျှင် ရေးကြီးခွင်ကျယ်ဖြစ်မည်မဟုတ်သော်လည်း အချိန်များကုန်လွန်သွားတိုင်း တစ္ဆေများကား ပို၍ပေါ်လာလေသည်။
မကြာမီ ရေတွက်ရန်ပင် များလွန်းလာပြီး အင်အားကြီးသော ပိုင်ရှောင်ချန်းပင် သူတို့ကိုသတ်ရန် လိုအပ်သောအချိန်နှင့်အင်အားကြောင့် အရှိန်လျှော့လာတော့သည်။
" ချီးပဲ "
သူက ဟိန်းဟောက်လိုက်၏။ မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန်ဖော်၍ အသက်ရှည်မီးအိမ်တစ်လုံးဆင့်ခေါ်ရန် လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပျံ့ထွက်သွားသည့်အတွက် ဝိုင်းအုံနေကြသော တစ္ဆေများလည်း အသက်ရှည်မီးအိမ်အဖြစ် ပြောင်းသွားတော့သည်။ သူတို့လောင်ကျွမ်းသွားစဥ် သူက သူတို့ကို ကျော်ဖြတ်ရန် ရှေ့သို့ တဟုန်းထိုး ဦးတည်လိုက်၏။
သူက ဖောက်ထွက်ရန် ကြိုးစားလိုက်သဖြင့် အရိပ်တစ္ဆေများ သူ့ကို အော်ဟစ်လာကြသည်။
" မင်း မလွတ်စေရဘူး သံယောဇဥ်မဲ့လူသား "
" ငါ မင်းကို သတ်မယ် သံယောဇဥ်မဲ့လူသား "
" ငါသေသွားရင်တောင်မှ မင်းကို ပေးဆပ်ရအောင်လုပ်မယ် သံယောဇဥ်မဲ့လူသား "
တချိန်တည်းမှာပင် သူတို့၏ အရေအတွက်ကို အားဖြည့်ရန် ပို၍များပြားသော တစ္ဆေများ ထွက်ပေါ်လာတော့သည်။
ယခုတွင် ထိုအရိပ်တစ္ဆေများက မည်သူများဖြစ်သည်ကို ပိုင်ရှောင်ချန်း ခန့်မှန်းနိုင်လိုက်၏။ သူတို့က အတိတ်တုန်းက သံယောဇဉ်မဲ့လူသား သတ်ဖြတ်ခဲ့သူများဖြစ်ပြီး ယခုတွင် သူ ချုပ်နှောင်ခံထားရ၍ သူတို့ကို ပေါ်ပေါက်လာခြင်းမှ ဟန့်တားရန် ဘာမှမတတ်နိုင်ပေ။ သူတို့တွင် အသက်ရှိစဥ်တုန်းကကဲ့သို့ တူညီသော အတိုက်အခိုက်စွမ်းရည်များ မရှိသော်လည်း ထာဝရမပျက်စီးနိုင်သေးပေ။
တစတစပိုမိုများပြားလာသဖြင့် ပိုင်ရှောင်ချန်း၏ စိုးရိမ်သောကများ မြင့်တက်လာတော့သည်။ သူက လောကနတ်ဘုရားကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်၍ သူ့ပတ်လည်တွင် လေမုန်တိုင်းတစ်ခုကို ဆင့်ခေါ်ပြီးနောက် သူလမ်းကိုပိတ်သည့် မည်သူ့ကိုမဆို ဖြတ်ပိုင်းရင်း ရှေ့ဆက်သွားလေသည်။
ရံဖန်ရံခါ သူသည် တောင်ဖြိုသိုင်းကို သုံးလိုက်ပြီး တစ်ခါတလေ အသက်ရှည်မီးအိမ်ဖြစ်သည်။ နောက်ဆုံး၌ သူက မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး အနာဂတ်သုတ္တန်ကို ထုတ်လွှတ်လိုက်၏။ မရေမတွက်နိုင်သော မှော်သင်္ကေတများက အရိပ်တစ္ဆေများကို ချုပ်နှောင်ရင်း ပေါ်ထွက်လာတော့သည်။
မှော်သင်္ကေတပင်လယ်အတွင်းမှ မလွတ်မြောက်နိုင်သဖြင့် အရိပ်တစ္ဆေများက အလဟဿ ရုန်းကန်နေစဥ် ပိုင်ရှောင်ချန်းက သူတို့ကို ကျော်ဖြတ်သွားလေသည်။ နောက်လှည့်မကြည့်ဘဲ သူက တတ်နိုင်သမျှ မြန်မြန်ရှေ့ဆက်သွားတော့သည်။
ရှေ့ဆက်ပျံသန်းနေစဥ် သူသည် ထိပ်တိုက်တွေ့သည့် မည်သည့်အရိပ်တစ္ဆေများကိုမဆို ချက်ချင်းချေမှုန်းနိုင်မည့် မိုးကြိုးအစုအဝေးများကို ဆင့်ခေါ်လိုက်သည်။
သို့နှင့် သူသည် စွမ်းအင်လမ်းကြောင်းတစ်လျှောက် လမ်းရှင်းသွားတော့သည်။
သူတော်စင်ဧကရာဇ်သည်လည်း တူညီသောအရိပ်တစ္ဆေများကို ကြုံတွေ့ခဲ့၏။ သူ၏နည်းလမ်းများက ပိုင်ရှောင်ချန်းနှင့်မတူညီသည့်တိုင် စွမ်းအားကြီးသော လောကနတ်ဘုရားတစ်ပါးလည်းဖြစ်၍ ထိပ်ဆုံးအရှိန်ကို ထိန်းထားနိုင်လေသည်။ သူက သွေးရောင်အလင်းဖြင့် တောက်ပနေလျက် ရှေ့ဆက်သွားနေစဥ် သူ၏လသင်္ကေတက သူ့အရှေ့တွင် လရောင်ခြည်တန်းများထုတ်လွှတ်ရင်း လမ်းကိုရှင်းပေးလေသည်။
ရံဖန်ရံခါ သူသည် သူ့ပတ်လည်ရှိ အရိပ်တစ္ဆေအုပ်များကို ချက်ချင်းချေမှုန်းပစ်မည့် ကြာပန်းများကို ဆင့်ခေါ်လေသည်။
သူတော်စင်ဧကရာဇ်ကား ဘာမှထိမ်ချန်ထားမနေပေ။ ယခုတွင် မိစ္ဆာဧကရာဇ်က ကိုယ်ပွားတစ်ခုဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရပြီး ဧရာမမိုးမြေဧကရာဇ်ကြီး နိုးထလာတော့မည့်ဆဲဆဲဖြစ်၍ သေစေနိုင်သောကပ်ဘေးကြီး အရှိန်ယူနေပြီဖြစ်ကြောင်း သူ သိလေသည်။ ပိုင်ရှောင်ချန်းကို သူပြောခဲ့သမျှအရာအားလုံး မှန်ကန်ခဲ့လေသည်။
ထာဝရအင်မော်တယ်နယ်မြေများရှိ မျက်လုံးများစွာက သံယောဇဉ်မဲ့လူသားပေါ်ရှိ ချုပ်နှောင်စာရွက်နှစ်ရွက်အပေါ် အာရုံစိုက်ထားကြ၏။ အမှန်ပင် သူတော်စင်ဧကရာဇ်ကို ကိုယ်စားပြုသည့်အလင်းသည် အစကတည်းက ပို၍တောက်ပခဲ့ပြီး ယခုတွင် ပို၍ပင် တောက်ပလာလေသည်။ ထို့ပြင် သူတော်စင်ဧကရာဇ်သည် ဒန်တျန်နယ်ပယ်ထံ လမ်းတစ်ဝက်နီးပါးရောက်နေပြီး များစွာပို၍လည်း နီးကပ်လာနေ၏။
ဗဟိုဘိုးဘေးကြီး၏ ချုပ်နှောင်စာရွက်မှာ ရှစ်ဆယ်ရာခိုင်နှုန်း လျှော့ချခံခဲ့ရပြီး ပိုင်ရှောင်ချန်းက ၄င်းကို အောင်အောင်မြင်မြင် ပြုပြင်နေသော်လည်း အခြားတစ်ခုထက် များစွာ နောက်ကောက်ကျနေသေးသည်။
မဟာကောင်းကင်သခင်၊ ပိုင်ရှောင်ချန်းနှင့် ရင်းနှီးသော အခြားသူများအပါအဝင် လူတိုင်း ရင်တမမဖြင့် စောင့်ကြည့်နေကြ၏။ တင်းမာခက်ထန်ပြီး တုန်လှုပ်နေသော အမူအရာများအား နေရာတိုင်းတွင် မြင်နိုင်လေသည်။
ဤဖြစ်ရပ်မှာ ရုတ်တရက် ကောက်ကာငင်ကာ ထဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်ကို ချုပ်နှောင်စာရွက်များပြုပြင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။ အယောင်ဆောင်မိစ္ဆာဧကရာဇ်သာ အသတ်မခံခဲ့ရပါက သံယောဇဥ်မဲ့လူသား၏အစီအစဥ်မှာ ချောချောမွေ့မွေ့ ဆက်သွားနေမည်ဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေများမှာ မကြာခင် သေစေနိုင်သော ကမ္ဘာပျက်ကိန်းကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရမည် မဟုတ်ပါလော။