← Chapters

ဘိုးဘေးကြီး

Vol. 13 Ch. 1261

ဘိုးဘေးကြီး

Vol. 13 Ch. 1261

ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူများမှာ ထိုစွမ်းအင်လမ်းကြောင်းနှစ်ခုထဲတွင် ဖြစ်ပျက်နေသည့်အချင်းအရာများကို မသိနိုင်ကြသည့်အပြင် အထဲတွင်ရှိနေသည့် အန္တရာယ်များကိုလည်း မသိနိုင်ကြပေ။ သူတို့မြင်နေရသည့် တစ်ခုတည်းသောအရာကား ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့ကို ကိုယ်စားပြုနေသည့် စူးရှတောက်ပနေသော အလင်းစက်နှစ်စက်က ဖြည်းညင်းစွာဖြင့် အချုပ်အနှောင် စာရွက်များကို ဖြတ်၍သွားနေသည့် မြင်ကွင်းသာဖြစ်သည်။

ထိုအလင်းပျောက်များ ရပ်တန့်သွားသည့်အခါတိုင်း အတားအဆီးများနှင့် သူတို့ ရင်ဆိုင်နေရကြောင်း သိနိုင်သည်။

ပိုင်ရှောင်ချန်းမှာမူ သူ၏ရှေ့တွင် လောကနတ်ဘုရားအဆင့်ရှိသော တစ္ဆေကိုးကောင် ပေါ်ထွက်လာသောအခါ ရပ်တန့်သွားသည်။

သူတို့၏အငွေ့အသက်များမှာ အားပျော့ပါသော်လည်း လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများဖြစ်နေဆဲပင် ဖြစ်ပြီး ကြမ်းတမ်းကာ သတ်ဖြတ်လိုသောအမူအရာဖြင့် ပိုင်ရှောင်ချန်းအား စိုက်ကြည့်နေကြသည်။ သူတို့၏အမြင်တွင် သူသည် သံယောဇဥ်မဲ့လူသားဖြစ်နေပြီး သူတို့၏စိတ်ထဲတွင် သူ့အား ကွပ်မျက်လိုသည့်ဆန္ဒမှလွဲ၍ အခြားမရှိပေ။

" သောက်ရေးတဲ့မှပဲ … ငါက သံယောဇဥ်မဲ့လူသား မဟုတ်ဘူးလေ။ မင်းတို့က သူ့ကို မုန်းတာကို ဘာကိစ္စငါ့အပေါ် အဲဒီအမုန်းတရားတွေ လာပုံချနေရတာတုန်း "

ထိုတစ္ဆေများမှာ သံယောဇဥ်မဲ့လူသား၏ နတ်ဘုရားအာရုံဖြင့် ဖန်တီးထားသည့် ပုံရိပ်များဖြစ်ပြီး သူတို့ မသေခင် သူတို့၏ရင်ထဲတွင် ကျန်ရစ်ခဲ့သည့် အမုန်းတရားများကြောင့် ယခုလို ရက်စက်ကြမ်းကြုတ်နေရသည် ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသည်။ သို့သော်လည်း သူ ဒေါသထွက်နေဆဲပင်။

သူသည် လက်သီးဆုပ်ကာ ထာဝရမိုးမြေဧကရာဇ်လက်သီးနှင့် မဟုတ်ပဲ ထာဝရဧကရာဇ်လက်သီးဖြင့်သာ ထိုးချလိုက်သည်။ ထိုလက်သီးချက်နှင့်ပင် သူ၏အတိုက်အခိုက်စွမ်းရည်က တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းနေသည်။

တစ်ဖက်နှင့် တစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားသောအခါ တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းမှာ အထိုးမခံရရန် ရှောင်တိမ်းမနေပေ။ သူသည် ထာဝရအတွဲမှ အားအင်ပြန်ပြည့်နိုင်စွမ်းများအပေါ်တွင် မှီခိုအားထား၍ အဆက်မပြတ်သာ တိုက်ခိုက်နေတော့သည်။ လောကနတ်ဘုရားအဆင့်ရှိသော တစ္ဆေတစ်ကောင်အား တစ်စစီချေမွလိုက်ပြီးနောက် အခြားတစ်ကောင်ဆီသို့ ပျံသန်းသွားလိုက်ပြီး နောက်ထပ်လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်ပြန်သည်။

ထိုသို့ဖြင့် ထိုတိုက်ပွဲမှာ အသက်ရှူကြိမ်အနည်းငယ်ခန့် ကြာသွားသည်။ ပိုင်ရှောင်ချန်းမှာ ပြင်းထန်သော စွမ်းအားများနှင့် အမြန်နှုန်းကိုထုတ်သုံးနေပြီး ဒဏ်ရာများကို ကုသရန်အတွက်မူ ထာဝရအတွဲကို တာဝန်ပေးထားလေသည်။ သူသည် လောကနတ်ဘုရားအဆင့် တစ္ဆေကိုးကောင်အား တစ်ကောင်ပြီးတစ်ကောင် လျင်မြန်စွာ အနိုင်ယူလိုက်တော့သည်။

သူတို့ ပြန်လည်ပေါင်းစည်းကာ မထွက်ပေါ်လာနိုင်ခင် သူသည် ပင့်သက်များရှိုက်၍ သူ့ကိုယ်သူ အားပြန်ဖြည့်ရန် ဆေးလုံးအချို့ပင် ထုတ်ယူသုံးစွဲလိုက်ပြီး ရှေ့သို့ပြေးထွက်သွားတော့သည်။

သိပ်မကြာခင် သူသည် စောစောကထက် ပို၍များသော လောကနတ်ဘုရားအဆင့် တစ္ဆေများနှင့် ထပ်၍ကြုံတွေ့လိုက်ရပြန်သည်။ ယခုအကြိမ်တွင်မူ အကောင်နှစ်ဆယ်ကျော်နေသည်ဖြစ်ရာ မချင့်မရဲ ဖြစ်သွားရသည်။ သို့သော်လည်း သူ့မှာ အခြားရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် သူသည် နီမြန်းနေသောမျက်ဝန်းများဖြင့် အော်ဟစ်လိုက်ပြီး အနာဂတ်ပါရမီသုတ္တန်ကို ထုတ်သုံးလိုက်တော့သည်။

ထို့နောက် သူ၏လည်မျိုဖမ်းဆုပ်ကွက်၊ တောင်ဖြိုသိုင်း၊ အသက်ရှည်မီးအိမ်တို့နှင့်အတူ ကျင့်ကြံခြင်းအခြေခံစွမ်းအား သိပ်မကုန်သည့် အခြားသော နတ်ဘုရားအစွမ်းများနှင့် မှော်အတတ်များကို ထုတ်သုံးလိုက်သည်။

သူသည် ရှေ့သို့ဆက်သွားရန် အများကြီးလိုသေးသည်ဖြစ်ပြီး ရှေ့သို့ရောက်သွားသည်နှင့်အမျှ ပို၍ခက်ခဲလာမည် ဖြစ်ကြောင်းကိုလည်း နားလည်ထားသည်။ ထို့ကြောင့် သူ၏ကျင့်ကြံခြင်းအခြေစွမ်းအားများကို ကုန်ခန်းသွားသည်အထိ အသုံးပြုရန်မှာ အကြံကောင်းတစ်ခု မဟုတ်ပေ။ သူရောက်နေသည့် စွမ်းအင်လမ်းကြောင်းထဲတွင် သူ့ကိုယ်သူ အားအင်ပြန်ဖြည့်နိုင်သည့် စိတ်စွမ်းအင် လုံးဝ မရှိသည့်အတွက်လည်း ပို၍ပင် ဆိုးနေတော့သည်။

အခြားတစ်ဖက်တွင်မူ ဤနေရာတွင် သွေးမျိုးဆက်စွမ်းအားများစွာရှိနေသည်ဖြစ်၍ သူ၏အပြင်အားများနှင့် အားအင်ပြန်ပြည့်နိုင်စွမ်းများမှာ အပြင်ဘက်ကထက်ပို၍ ကောင်းမွန်နေသည်။ သူသည် တိုက်ကွက်များ ဆက်လက်ထုတ်လွှတ်၍ သူ၏ပြိုင်ဘက်များကို ချေမှုန်းကာ ရှေ့သို့ ဆက်သွားနေ၏။ များမကြာမီ သူကြုံတွေ့နေရသည့် တစ္ဆေအရေအတွက်က တဖြည်းဖြည်း နည်းပါးလာပြီဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။

သို့သော်လည်း ထိုအသိကြောင့် သူ ပို၍ပင် သတိရှိသွားတော့သည်။ တခဏအကြာတွင် အရှေ့တစ်နေရာ၌ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ကိန်းအောင်းနေကြောင်း သူ၏နတ်ဘုရားအာရုံမှနေ၍ သိလိုက်ရသည်။

အချိန်အနည်းငယ်ကုန်ဆုံးသွားပြီးနောက် သူ၏ သူငယ်အိမ်များကျဥ်းသွားပြီး ရုတ်တရက် တုန့်ခနဲ ရပ်တန့်လိုက်တော့သည်။ စွမ်းအင်လမ်းကြောင်းများထဲရှိ အရှေ့တစ်နေရာတွင် ကြက်သွေးရောင် ခေါင်းတလားကြီးတစ်လုံး ရုတ်ချည်း ပေါ်ထွက်လာပြီး လေပေါ်တွင် မျောလွင့်နေတော့သည်။

ထိုခေါင်းတလားကြီး၏ အငွေ့အသက်ကြောင့် ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများမြန်လာတော့သည်။ ထိုခေါင်းတလားကြီးမှာ ကျင့်ကြံသူတစ်ယောက်မဟုတ်ပဲ တုနှိုင်းမမီနိုင်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ရူးသွပ်မှုများကို ပိုင်ဆိုင်ထားသည့် အရာကြီးတစ်ခုကဲ့သို့ပင်။ ၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာပြီး အံ့သြဖွယ်ကောင်းသော အမြန်နှုန်းမျိုးဖြင့် သူ့ထံသို့ ပျံသန်းလာသည်။

" ကိုယ်တော်ပိုင်က သရဲတစ္ဆေတွေကိုတောင် ကြောက်တာမဟုတ်ဘူးကွ။ ဘာမှမဟုတ်တဲ့ ခေါင်းတလားလေးကို ကြောက်မယ်များ ထင်နေတာလား "

သူသည် ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ ဆွဲငင်အားများပေါ်ထွက်လာသဖြင့် ခေါင်းတလားကြီး၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက် တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားတော့သည်။ အချိန်စီးဆင်းမှု နှေးကွေးသွားပြီး ခေါင်းတလားကြီး၏ အမြန်နှုန်းမှာလည်း သိသိသာသာ လျော့ကျသွားသည်။

ပိုင်ရှောင်ချန်းမှာ တွေဝေမနေပဲ ထိုခေါင်းတလားကြီးဆီသို့ ပျံသန်းသွားလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူ၏ ထာဝရမိုးမြေဧကရာဇ်လက်သီးကို ထုတ်သုံးလိုက်သည်။ ထိုအခါ တဂျိန်းဂျိန်းမြည်သံများ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားပြီး သူ၏နောက်တွင် ဧကရာဇ်တစ်ပါး၏ ပုံရိပ်တစ်ခုထွက်ပေါ်လာကာ သူနှင့်အတူ တစ်ပြိုင်နက်ထဲ ထိုးချလိုက်တော့သည်။

ခေါင်းတလားကြီးက ထိုလက်သီးချက်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်ပါသော်လည်း အချိန်စီးဆင်းမှု နှေးကွေးနေသည့် နေရာထဲ ရောက်နေသည်ဖြစ်ရာ မရှောင်တိမ်းနိုင်လိုက်ပေ။ ထိုလက်သီးချက်ကြီးမှာ ၎င်း၏ပစ်မှတ်ကို ထိုးနှက်မိသွားသည်နှင့် ခေါင်းတလားကြီး၏မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ပြန့်ထွက်လာပြီး တစ်စစီ ကြေမွသွားတော့သည်။

ထိုအခါ ဒေါသတကြီးအော်ဟစ်သံတစ်သံ ပေါ်ထွက်လာပြီး သွေးရောင်လွှမ်းနေသော အလင်းရောင်များက ခေါင်းတလားကြီး၏ အကြွင်းအကျန် အစအနများထဲမှ ပေါက်ကွဲထွက်ပေါ်လာကာ ဧရာမသွေးပင်လယ်ကြီးတစ်စင်းကို ဖန်တီးလိုက်တော့သည်။ ထိုပင်လယ်ထဲရှိ သွေးရောင်ရှိသော မိကျောင်းကြီးတစ်ကောင်က ပါးစပ်များဟ၍ ဝါးမျိုတော့မည့်အလား ပိုင်ရှောင်ချန်းအား ချက်ချင်းပင် ခုန်အုပ်လိုက်တော့သည်။

၎င်းထံမှ အလွန်စွမ်းအားကြီးသော လောကနတ်ဘုရားအဆင့် အငွေ့အသက်များထွက်နေသည်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ ဒိန်းခနဲ ဖြစ်သွားသည်။ ထိုအငွေ့အသက်များမှာ ယခင်က မိစ္ဆာဧကရာဇ်ထံမှ သူ အာရုံခံမိခဲ့သည့် အငွေ့အသက်များထက် အနည်းငယ်လေးမျှပင် ပို၍အားနည်းနေခြင်း မရှိပေ။

ပြင်ပကမ္ဘာထဲတွင်ဆိုလျှင်မူ ပိုင်ရှောင်ချန်းမှာ ယခုလောက် သတိကြီးကြီး ထားနေမည် မဟုတ်ပေ။ သို့သော် ဤနေရာထဲတွင်မူ အနှီသတ္တဝါကြီးကို လုံးဝဖျက်ဆီး၍ရမည် မဟုတ်ကြောင်း သူ သိသည်။ အကယ်၍ သူ ဖျက်ဆီးနိုင်ခဲ့လျှင်တောင် ၎င်းမှာ ပြန်လည်ပေါ်ထွက်လာမည်သာဖြစ်ရာ သူ အချိန်ကြာမြင့်စွာ တိုက်ခိုက်နေရမည်သာမက သူ၏နေရာသို့ တစ္ဆေများစွာ ထပ်၍စုဝေးရောက်ရှိလာနိုင်ရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်နေမည်သာ ဖြစ်သည်။

" ကောင်းပြီလေ ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်ရမယ်ဆိုရင်လဲ ဘယ်တိုက်ကွက်ကိုသုံးရမလဲဆိုတာ ငါသိတယ်ကွ "

သူသည် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ကို အောက်သို့ရိုက်ချလိုက်တော့သည်။

" ရွှယ်ကျဲ "

သူသည် မိုးမြေဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲ ရောက်နေသည်ဖြစ်ပါသော်လည်း အရပ်မျက်နှာအနှံ့သို့ ရေငွေ့များ ပြန့်ထွက်သွားပြီး ပုံရိပ်ယောင်နွံအိုင်ကြီးတစ်အိုင် ပေါ်ထွက်လာဆဲပင် ဖြစ်သည်။

" ကော်တု "

သူက အော်ဟစ်လိုက်သည်။ ယခုမှာ လောကနတ်ဘုရားအဆင့်ကျင့်ကြံသူ တစ်ယောက်အနေဖြင့် ရွှယ်ကျဲကော်တုကို သူ ထုတ်သုံးသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ဤမိကျောင်းကြီးနှင့် ရင်ဆိုင်ရန်အတွက် ဤနည်းလမ်းတစ်ခုထဲကိုသာ သူစဥ်းစားမိတော့သည်လည်း ဖြစ်သည်။

သူ၏နှုတ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် မိကျောင်းကြီး၏ အငွေ့အသက်အထက် များစွာ ပို၍ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်တစ်ခု နွံအိုင်ကြီးထဲမှ ပေါ်ထွက်လာတော့သည်။ ထိုအခါ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော မိကျောင်းကြီးမှာ ဆတ်ခနဲတုန်ရီသွားပြီး ယခင်က ဒေါသများဖြင့်ပြည့်နှက်နေသည့် ၎င်း၏မျက်လုံးများထဲတွင် အကြောက်တရားများနှင့် တုန်လှုပ်ခြောက်ခြားမှုများ အစားထိုး ဝင်ရောက်လာတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ် ပေါ်ထွက်မလာသေးခင်မှာပင် ထိုမိကျောင်းကြီးမှာ နောက်သို့လှည့်၍ ပြေးသွားတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ဆွံ့အသွားပြီး ငေးကြည့်နေမိသည်။ အဆုံးသတ်တွင် သူ ခေါင်းသာယမ်းလိုက်တော့သည်။ ယခင်က ရွှယ်ကျဲကော်တုကို အသုံးပြုခဲ့လျှင် ဤကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ သူသိသလောက်ဆိုလျှင် ထိုမိကျောင်းကြီးမှာ သံယောဇဥ်မဲ့လူသား၏ နတ်ဘုရားအာရုံမှ ဖန်တီးထားခြင်းဖြစ်ရာ ထွက်ပြေးနိုင်စွမ်း ရှိနေရမည် မဟုတ်ပေ။

" အဲဒီမိကျောင်းကြီးကို သံယောဇဥ်ကင်းမဲ့လူသားရဲ့ နတ်ဘုရားအာရုံကနေ ဖန်တီးထားတာ မဟုတ်ဘူးလား။ ဒါမှမဟုတ် အဲဒီမိကျောင်းကြီးက အသက်ရှိနေခဲ့တုန်းက စွမ်းအားကြီးမားလွန်းလို့ သေသွားပြီးတာတောင် သူ့ပင်ကိုအသိစိတ်တွေ ကျန်ရှိနေသေးတာ ဆိုရင်ရော... "

သာမန်အခြေအနေတွင်ဆိုလျှင် ပိုင်ရှောင်ချန်းမှာ သူ၏သက်စောင့်ဝိညာဥ်ကို အပြင်သို့ထွက်မလာစေရန် တားဆီးမည် မဟုတ်ပေ။ သို့သော် ယခုတွင် အချိန်င အသက်တမျှအရေးကြီးနေသည်ဖြစ်ပြီး စိတ်စွမ်းအင်မှာလည်း ပေါကြွယ်ဝစွာ ရှိမနေပေ။ ထို့ကြောင့် သူသည်လက်ကိုဝှေ့ယမ်းကာ သူ၏သက်စောင့်ဝိညာဥ် မချင့်မရဲနှင့်အော်ဟစ်နေသည်ကို လျစ်လျူရှုလိုက်ပြီး ရွှယ်ကျဲကော်တုအား ပယ်ဖျက်လိုက်တော့သည်။

ယခုက သူ၏လှုပ်ရှားမှုများကို ထိုင်၍အစီအစဥ်ချနေရမည့် အချိန်မဟုတ်ပေ။ ထို့ကြောင့် သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ရှေ့ဆက်သွားလိုက်တော့သည်။

ထိုစဥ် အခြားသွေးမျိုးဆက် အချုပ်အနှောင် စာရွက်မှာ ကိုးဆယ်ရာခိုင်နှုန်းအထိ ပြုပြင်ပြီးစီးသွားပြီဖြစ်ပြီး သူတော်စင်ဧကရာဇ်မှာ သံယောဇဥ်မဲ့လူသား၏ ဝမ်းဗိုက်နေရာသို့ တဖြည်းဖြည်း ကပ်လာပြီဖြစ်သည်။ ထိုစဥ် သူ၏လမ်းတွင် သူ အနိုင်ယူနိုင်စွမ်းမရှိသည့် လူတစ်ယောက်ပိတ်ရပ်နေသည်ကို မြင်လိုက်ရတော့သည်။

သူ တုန့်ခနဲရပ်တန့်သွားပြီး သူ၏ရှေ့တွင် မလှုပ်မယှက်နှင့် လေပေါ်တွင် ရစ်ဝဲ၍ မျက်လုံးများဖြည်းညင်းစွာပွင့်လာသည့် လူတစ်ယောက်ကို တုန်တုန်ရီရီနှင့် လှမ်းကြည့်လိုက်တော့သည်။

ထိုလူမှာ ရုပ်ရည်ချောမောပြီး စာပေသမားဆန်သော အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏နဖူးပေါ်တွင် မီးလုံးအမှတ်သားတစ်ခု ရှိနေသည်။ သူ၏မျက်လုံးများ ပွင့်လာသောအခါ သူ၏မျက်လုံးအိမ်များထဲတွင် စူးရှတောက်ပနေသည့် ရှေးဟောင်းလမင်းတစ်စင်းကို မြင်လိုက်ရသည်။

" သူတော်စင်ဘိုးဘေးကြီး "

သူသည် နာကျည်းမှုများ ရောယှက်နေသည့် လေသံဖြင့် ရေရွတ်လိုက်သည်။

သူ၏ရှေ့တည့်တည့်တွင် ရပ်နေသူမှာ ထာဝရသားတော် သုံးပါးထဲမှ တစ်ပါးဖြစ်သည့် သူတော်စင်ဘိုးဘေးကြီးပင် ဖြစ်သည်။ သူသည် သူတော်စင်ဧကရာဇ်၏ မူလဘိုးဘေးကြီးဖြစ်ပြီး သူ့သွေးမျိုးဆက်၏ မူလဇာတ်မြစ်လည်း ဖြစ်သည်။

ဤတိုက်ပွဲ မည်သို့အဆုံးသတ်သွားမည်ကို ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေစရာပင် မလိုပေ။ ဤသူတော်စင်ဘိုးဘေးကြီး၏ ပုံရိပ်ထဲတွင် သူအသက်ရှင်နေခဲ့စဥ်က သွေးများစီးဆင်းနေပါသော်လည်း သူ၏အသိစိတ်နှင့် အတွေးများမှာ မတူတော့ချေ။ သူ၏ ရင်ထဲတွင် ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာတော့သည်။

ထိုတိုက်ပွဲမှာ သိပ်မကြာလိုက်ပေ။ တခဏအကြာတွင် သူတော်စင်ဧကရာဇ်မှာ သွေးများအန်ထွက်လာပြီး သွေးမျိုးဆက်အချုပ်အနှောင် စာရွက်ထဲမှ ထွက်လာရတော့သည်။ အကယ်၍ သူသာ ထွက်မလာပါက သေဆုံးသွားမည်သာ ဖြစ်သည်။ သူ ထိုသို့ ထွက်လာသောအခါ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူများအားလုံး ထိုအချုပ်အနှောင်စာရွက် ကြေမွပျက်စီးသွားသည်ကို မြင်လိုက်ရတော့သည်။

သူတော်စင်ဧကရာဇ်မှာ လုံးဝ ကျရှုံးသွားပြီဖြစ်သည်။

သူတော်စင်ဧကရာဇ်၏စိတ်နှလုံးထဲတွင် မျှော်လင့်ချက်များ ပျက်သုဥ်းသွားပြီး ရုတ်တရက် ဧရာမမိုးမြေဧကရာဇ်ကြီး ရုန်းကန်ခဲ့ခြင်းမှာ အသေးစိတ်စီစဥ်ထားသည့် ထောင်ချောက်တစ်ခုမျှသာ ဖြစ်ကြောင်း ရိပ်မိသွားတော့သည်။

ထိုမိုးမြေဧကရာဇ်ကြီးသည် ထိုအချုပ်အနှောင် စာရွက်များ ပုံမှန်ထက်ပို၍ လျင်မြန်စွာ ပျက်စီးသွားစေရန်အလို့ငှာ သူတော်စင်ဧကရာဇ်နှင့် ပိုင်ရှောင်ချန်းတို့အား အသုံးချခဲ့ခြင်း ဖြစ်ပေသည်။

All Chapters