← Chapters

သွေးဆောင်ဖျားယောင်းသော

Vol. 13 Ch. 1262

သွေးဆောင်ဖျားယောင်းသော

Vol. 13 Ch. 1262

သူတော်စင်ဧကရာဇ်မှာ နာကျည်းစွာရယ်မောလိုက်ပြီး ဧရာမမိုးမြေဧကရာဇ်ကြီးထံမှ စိတ်ပျက်လက်ပျက်နှင့် ပျံသန်းထွက်ခွာလာသည်။

" ကြည့်ရတာ ထာဝရအင်မော်တယ်နယ်မြေတွေက တကယ်ပဲ အဆုံးသတ်ရတော့မယ်နဲ့ တူပါရဲ့ "

သူသည် ပိုင်ရှောင်ချန်း အောင်မြင်စေရန်သာ ဆုတောင်းနိုင်တော့သည်။ အကယ်၍ နောက်ဆုံး သွေးမျိုးဆက်အချုပ်အနှောင် စာရွက်သာ ပျက်စီးသွားမည်ဆိုပါက ထာဝရအင်မော်တယ်နယ်မြေကြီး အမှန်တကယ် ပျက်သုဥ်းသွားတော့မည် မဟုတ်ပါလော။

ထာဝရအင်မော်တယ်နယ်မြေများထဲမှ လူများအားလုံး တုန်လှုပ်ခြောက်ခြားနေကြပြီ ဖြစ်သည်။ သူတော်စင်ဧကရာဇ်မှာ ကျရှုံးသွားပြီ ဖြစ်ပြီး ဒုတိယအချုပ်အနှောင်စာရွက် ပျက်စီးသွားပြီ ဖြစ်သောကြောင့် ဧရာမမိုးမြေဧကရာဇ်ကြီးမှာ ယခင်ကထက် ပိုမိုပြင်းထန်စွာ ရုန်းကန်နေပြီ မဟုတ်ပါလော။

" ငါတို့ရဲ့ တစ်ခုထဲသောမျှော်လင့်ချက်က ဗဟိုဧကရာဇ်ပဲ ကျန်တော့တယ် "

" ဗဟိုဧကရာဇ် အောင်မြင်မှရမယ် "

ယခုအခါ လူတိုင်း ပိုင်ရှောင်ချန်းအတွက် ဆုတောင်းပေးနေကြပြီဖြစ်သည်။ သူတော်စင်ဧကရာဇ်ပင် အပါအဝင် ဖြစ်သည်။

စွမ်းအင်လမ်းကြောင်းထဲတွင် ပိုင်ရှောင်ချန်းမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားကြောင်း ရိပ်စားမိလိုက်သဖြင့် ခေတ္တမျှ ရပ်တန့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ပတ်ပတ်လည်ရှိ တစ္ဆေများ၏ အရေအတွက်မှာ ရုတ်ချည်း အလွန်များပြားလာသည်။

သူတော်စင်ဧကရာဇ် မည်သို့ဖြစ်ပျက်သွားသည်ကို သူ မသိပါသော်လည်း သူ၏စိတ်ထဲတွင်မူ မကောင်းသောအရာတစ်ခု ဖြစ်ပျက်နေပြီဟု ထင်မိသွားတော့သည်။ ထို့ကြောင့် သူသည် ယခင်ကထက် ပို၍ စိုးရိမ်ထိတ်လန့်သွားပြီး အော်ဟစ်လိုက်ကာ တစ္ဆေများ အပြည့်အဝထွက်ပေါ်မလာခင် အနည်းငယ်မျှသော အချိန်လေးကို အသုံးချ၍ ရှေ့သို့ အမြန်ဆုံးနည်းဖြင့် ပျံသန်းသွားလိုက်တော့သည်။

သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို လောင်ကျွမ်းစေလိုက်ပြီး မိုးသက်မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲကာ သူ၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ချေမှုန်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် သွေးမျိုးဆက်အချုပ်အနှောင် စာရွက်တစ်လျှောက် ပျံသန်းနေရင်း ဝမ်းဗိုက်နေရာနှင့် တဖြည်းဖြည်း နီးကပ်လာတော့သည်။

သူသည် ခရီး၏သုံးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအထိ ချီတက်သွားလိုက်သည်။ ထို့နောက် ခြောက်ဆယ်ရာခိုင်နှုန်း ထို့နောက် ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။

သူသည် သူ၏လမ်းတစ်လျှောက်တွင် ပိတ်ဆို့နေသည့် တစ္ဆေများကို ချေမှုန်းနေစဥ် သူ၏ထာဝရအတွဲမှာလည်း အလွန်အကျူး အလုပ်လုပ်နေလေ၏။

တခဏအကြာ သူသည် ခုနစ်ဆယ်ရာခိုင်နှုန်းကို ကျော်ဖြတ်သွားပြီး ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် သူ၏ရှေ့မှ တစ္ဆေများထဲတွင် ခေါင်းငုံ့ထားသည့် အမျိုးသမီးတစ်ယောက် ရှိနေကြောင်း တွေ့လိုက်ရသဖြင့် ရပ်တန့်သွားတော့သည်။

သူမသည် တော်ဝင်ဝတ်ရုံရှည်တစ်ခုကို ဆင်မြန်ထားပြီး အလွန်ကျက်သရေရှိကာ တင့်တယ်လွန်းလှပေသည်။ ထိုနေရာတစ်ဝိုက်ရှိ မည်သည့်တစ္ဆေမှ သူမ၏အနားသို့ မကပ်ရဲသောကြောင့် သူမ၏ပတ်ပတ်လည်တွင် ဟာလာဟင်းလင်း ဖြစ်နေသည်။

ပိုင်ရှောင်ချန်းက သူမကိုတွေ့လိုက်ရသောအခါတွင် သူမသည် ခေါင်းမော့လာသဖြင့် အလွန်ချောမောလှပသော မျက်နှာတစ်ခု ပေါ်လာတော့သည်။

" အင်မော်တယ်ဧကရီ "

သူက နှုတ်မှလွှတ်ကနဲ ရေရွတ်လိုက်မိပြီး မျက်လုံးများပြူးသွားကာ သူ၏လက်မှာလည်း ထည့်စရာအိတ်ပေါ်သို့ အလိုအလျောက်ရောက်သွားတော့သည်။ ထိုအမျိုးသမီးမှာ အင်မော်တယ်ဧကရီ ဖြစ်သည်။ သို့သော် သူ၏ထည့်စရာအိတ်ထဲတွင်ရှိနေသည့် သူနှင့် ပုံစံမတူပေ။ ဤအင်မော်တယ်ဧကရီဘုရင်မမှာ သံယောဇဥ်ကင်းမဲ့လူသား၏ နတ်ဘုရားအာရုံမှ ဖန်တီးထားခြင်းဖြစ်ရာ သူမအသက်ရှိနေခဲ့စဥ်တုံးကနှင့် တစ်ပုံစံထဲ တူနေတော့သည်။

သူမထံတွင် အတော်အတန်လွှမ်းမိုးနိုင်စွမ်းရှိသည့် လောကနတ်ဘုရားအဆင့် အငွေ့အသက်များ ရှိနေပြီး သူနှင့် မျက်လုံးချင်းဆုံသွားသည်နှင့် တစ်ပြိုင်နက် လက်ကိုဝှေ့ယမ်းလိုက်ပြီး သူမ၏ပတ်ပတ်လည်မှ တစ္ဆေများအားလုံးကို ပိုင်ရှောင်ချန်းဆီသို့ စေလွှတ်လိုက်တော့သည်။

ထို့နောက် သူမသည် ရှေ့သို့တစ်လှမ်း လှမ်းကာ အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းထံ ချဥ်းကပ်လာတော့သည်။

" သောက်ရေးတဲ့မှပဲ … ဒီမိန်းမ ငါ့ကို မနိုင်နိုင်ပါဘူး "

သူသည် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ချီတက်သွားလိုက်သောအခါ သူ့အား ဝန်းရံထားသည့် မိုးသက်မုန်တိုင်းကြီးက လမ်းတစ်လျှောက်တွင်ရှိနေသော တစ္ဆေများအားလုံးကို သေကြေပျက်စီးသွားစေတော့သည်။

သို့သော် အင်မော်တယ်ဧကရီမှာမူ ထိုမိုးသက်မုန်တိုင်းကြီး၏ ဒဏ်ကို အနည်းငယ်လေးပင် မခံစားရသည့်ပုံပင်။ သူမသည် အရှိန်ပင် နှေးမသွားခဲ့ပေ။ ထို့နောက် အနည်းငယ်အကြာ သူမက ပိုင်ရှောင်ချန်းအား ဝင်တိုက်လိုက်တော့သည်။

ထိုအခါ တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းမှာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာကာ နောက်သို့လူးလိမ့်သွားသည်။ သူ၏ထာဝရအတွဲမှာ အပြည့်အဝအလုပ်လုပ်ကာ သူ့ဒဏ်ရာများအား ကုသပေးနေပါသော်လည်း သူ လုံးဝမခံမရပ်နိုင်လောက်အောင် ဖြစ်နေပြီဖြစ်သည်။

သူတို့နှစ်ယောက် ထိုသို့ဝင်တိုက်လိုက်ပြီးနောက်တွင် အင်မော်တယ်ဧကရီမှာ လွင့်စင်ကွယ်ပျောက်သွားမည့် ပုံစံပင်မရှိပဲ ပို၍ပင် သန်မာလာပုံ ပေါ်လာသောကြောင့် ပို၍ပင်ဆိုးနေတော့သည်။ ပိုင်ရှောင်ချန်းမှာမူ သက်ပြင်းချလိုက်၏။

" ငါ့ဆီမှာ စမ်းကြည့်စရာ ဝှက်ဖဲတစ်ချက်ရှိသေးတယ်။ အဲဒါမှ အလုပ်မလုပ်ဘူးဆိုရင်တော့ ရွှယ်ကျဲကော်တုကို သုံးရတော့မှာပဲ "

သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်မသုံးပဲ စုစည်းထားရန် ဆန္ဒရှိနေဆဲဖြစ်၍ သူ့ထံ ဦးတည်လာနေသည့် အင်မော်တယ်ဧကရီကို ကြည့်လိုက်ပြီးနောက် အသက်ရှူကာ မျက်လုံးများကိုမှိတ်လိုက်တော့သည်။

သူ၏အပေါ်တည့်တည့်သို့ သူမ ရောက်ခါနီးတွင် သူသည် မျက်လုံးများကိုဖွင့်လိုက်ပြီး ယခင်ကနှင့် လုံးဝမတူညီပဲကွဲပြားနေသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအငွေ့အသက်မှာ ရှေးဆန်လွန်းလှပြီး မည်သည့်အရာနှင့်မှ နှိုင်းယှဥ်၍ မရနိုင်ပေ။

၎င်းသည်ကား လောကတာအို၏ အငွေ့အသက်ပင် ဖြစ်သည်။

" ညီမလေး... "

သူသည် အတိတ်အကြောင်းများကို ပြန်ပြောင်းသတိရနေသည့် မျက်ဝန်းများဖြင့် အသာအယာရေရွတ်လိုက်သည်။

ချက်ချင်းပင် အေးစက်ကာ ခံစားချက်လုံးမရှိသည့်ပုံစံပေါ်နေသည့် အင်မော်တယ်ဧကရီမှာ ဆတ်ခနဲတုန်ရီသွားပြီး တုံ့ခနဲ ရပ်တန့်သွားတော့သည်။ သူမသည် ပိုင်ရှောင်ချန်းအားကြည့်ရင်း စိတ်ထဲတွင် ရုန်းကန်နေရသည့်အချက်မှာ အထင်းသားပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ၏နည်းဗျူဟာ အလုပ်ဖြစ်နေသည်ကို သိလိုက်ရသောအခါ နှလုံးခုန်မြန်သွားသည်။ ဤအခြေအနေအား ပို၍ပင် ယုတ္တိဆန်သွားစေရန်အတွက် သူ၏မိုးမြေဧကရာဇ်အငွေ့အသက်များကို ထပ်၍ထုတ်လိုက်ပြီး သူ့ကိုယ်သူ လောကတာအိုနှင့် တစ်ပုံစံထဲဖြစ်သွားအောင် ကြိုးစားဖန်တီးလိုက်တော့သည်။

" အချိန်တွေတောင် တော်တော်ကြာခဲ့ပြီနော် ရှမ်းရှမ်း... "

သူသည် ညင်သာစွာဆို၍ ရှေ့သို့လျှောက်လှမ်းလာတော့သည်။

တခဏအကြာတွင် သူမ၏ရှေ့တည့်တည့်သို့ သူ ရောက်သွား၏။

" လောက...တာအို... "

သူမက ဆိုလိုက်သည်။

ထိုစကားသံကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားသည်။

သူသည် ဤနည်းဗျူဟာကိုသုံးရန် အတွေးစကို မိကျောင်းကြီးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှနေ၍ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုမိကျောင်းကြီးမှာ အသက်ရှိခဲ့စဥ်က အသိစိတ်များကို ပိုင်ဆိုင်ထားသည့်ပုံ ပေါ်နေသည်ဖြစ်ရာ အင်မော်တယ်ဧကရီသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်ဟု သူက ယူဆခဲ့ခြင်းဖြစ်သည်။

သို့သော် လောကတာအို၏နာမည်အား သူမ ခေါ်လိုက်သည့်အသံကို ကြားလိုက်ရသောအခါ သူ၏ယူဆချက်မှာ မှားယွင်းနေကြောင်း သိလိုက်တော့သည်။ သူမသည် အသိစိတ်အနည်းငယ်မျှကိုသာ မဟုတ်ပဲ အတိတ်က မှတ်ဉာဏ်အစစ်အမှန်များကိုပါ ပိုင်ဆိုင်ထားသည်။

" ဒါဘယ်လိုတောင် ဖြစ်နိုင်ရတာတုန်း။ ငါတို့က သံယောဇဥ်မဲ့လူသားရဲ့ ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘူးလား။ ဒီတစ္ဆေတွေကရော ဘာတွေများတုန်း "

သူသည် တုန်လှုပ်ခြောက်ခြားနေပါသော်လည်း ယခုမှာ ထိုင်ကာတွေးတောငေးမောနေရမည့် အချိန်မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ကြိုးစားကာ သူ၏စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီး ညင်သာသောလေသံဖြင့် ဆက်ပြောလိုက်သည်။

" ဒီနေရာမှာ အစ်ကို့ကိုစောင့်နေနော် ဟုတ်ပြီလား ရှမ်းရှမ်း " သူက ဆိုလိုက်သည်။

" ဘယ်ကိုမှ မသွားနဲ့တော့ ညီမလေး ... "

သူသည် သူ၏နည်းဗျူဟာ အကောင်းဆုံးအလုပ်လုပ်နိုင်ရန်ရည်ရွယ်၍ နာမည်တစ်ခုထဲကိုမဟုတ်ပဲ နှစ်ခုတိတိ ခေါ်ဝေါ်သုံးစွဲလိုက်သည်။

အင်မော်တယ်ဧကရီ၏ မျက်ဝန်းများမှာ အသက်မဲ့နေဆဲဖြစ်သော်လည်း သူမရုန်းကန်နေသည်ကို အတိုင်းသားမြင်နေရသည်။ ပိုင်ရှောင်ချန်းမှာ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလိုက်ပြီး လှစ်ခနဲ လှုပ်ရှားကာ သူမ၏ဘေးမှဖြတ်သွားလိုက်တော့သည်။ အကယ်၍ သူမသာ သူ့အားလိုက်ဖမ်းမည်ဆိုပါက တုံ့ပြန်နိုင်ရန်အတွက် ရွှယ်ကျဲကော်တုကိုလည်း အဆင်သင့်ပြင်ထားလိုက်တော့သည်။

သို့သော် သူမမှာ မလှုပ်မယှက်ရပ်ကာ ကျန်ရစ်ခဲ့သည်ကို မြင်လိုက်ရ၍ သူသည်ဝမ်းမြောက်သွားရတော့သည်။

" ဒီ သွေးဆောင်ဖျားယောင်းတဲ့ပညာက ရွှယ်ကျဲကော်တုထက်ကို ပိုပြီး အလုပ်ဖြစ်နေတာပါလား "

သူသည် အရှိန်တင်လိုက်ပြီး သွေးမျိုးဆက်အချုပ်အနှောင် စာရွက်၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ကျော်ဖြတ်ကာ ကိုးဆယ်ရာခိုင်နှုန်းအနားသို့ ရောက်ရှိသွားသည်။

ထိုစဥ် အောက်ဘက်ရှိ ထာဝရအင်မော်တယ်နယ်မြေထဲရှိ လူတိုင်းမှာ သူ၏ အခြေအနေကို မပြတ်စောင့်ကြည့်နေကြသည်။ သူလုပ်နေသည့်အရာများကို သူတို့ မမြင်ရပါသော်လည်း သူရပ်တန့်သွားသည့်အခိုက်အတန့်များနှင့် ရှေ့သို့ဆက်သွားနေသည့်အခိုက်အတန့်များကိုမူ မြင်နေရသည်။

သူ ဝမ်းဗိုက်နားသို့ ရောက်လာသောအခါတွင် အချုပ်အနှောင်စာရွက်ပေါ်၌ သူ့ထက်ရှေ့ပိုရောက်သည့်နေရာမှစတင်ခဲ့သော သူတော်စင်ဧကရာဇ်ထက် များစွာပိုသည့် အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်ဖြစ်ကြောင်း လူများစွာက ရိပ်မိလာကြတော့သည်။

" သူဒါကို အောင်မြင်မှရမယ် "

သူတော်စင်ဧကရာဇ်မှာ ရေရွတ်နေသည်။ သူသည် သွားကူရန် ဆန္ဒရှိနေပါသော်လည်း ဗဟိုဘိုးဘေးကြီး ဖန်တီးခဲ့သည့် အချုပ်အနှောင်စာရွက်ထဲသို့ ဝင်နိုင်သည့်လူမှာ ထာဝရအင်မော်တယ်နယ်မြေများအားလုံးထဲတွင် ပိုင်ရှောင်ချန်းတစ်ယောက်သာ ရှိကြောင်း သူ သိသည်။

" ထာဝရမယ်တော်ကြီး အသင့်ကို ကောင်းချီးပေးကာ ကာကွယ်စောင့်ရှောက်ပါစေ "

လူများစွာ ထိုသို့ ဆုတောင်းရေရွတ်နေကြပြီး အချို့သောလူအနည်းငယ်မှာ ငိုကြွေးနေကြသည်။

တစ်ကမ္ဘာလုံးမှ လူတိုင်း သူ့အားစောင့်ကြည့်နေကြပေသည်။

အဆုံးသတ်တွင် ပိုင်ရှောင်ချန်းမှာ ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားတော့သည်။ သူက ရှေ့ဆက်သွားရန် ဆယ်ရာခိုင်နှုန်းသာ လိုတော့သည်။ ထိုအချိန်တွင် သူ လုံးဝ မထင်မှတ်ထားသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရတော့သည်။

အမှန်အတိုင်းဆိုရလျှင် ပိုင်ရှောင်ချန်းမှာ ထိုလူအား လုံးဝမြင်တွေ့နိုင်တော့မည် မဟုတ်ဟု ယူဆထားခဲ့သည်။

သူတော်စင်ဧကရာဇ်မှာ သူတော်စင်ဘိုးဘေးကြီးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသကဲ့သို့ ပိုင်ရှောင်ချန်းသည်လည်း ရုတ်တရက် တောင်ကြီးတစ်လုံးနှင့် အလားသဏ္ဍာန်တူသည့်အရာကို ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။

သို့သော် ၎င်းမှာ တောင်ကြီးမဟုတ်ပဲ မျက်လုံးများမှိတ်ကာ တင်ပျဥ်ခွေထိုင်နေသည့် လူ့ဘီလူးကြီးတစ်ကောင် ဖြစ်သည်။

ပိုင်ရှောင်ချန်း အနားသို့ရောက်လာသောအခါ ထိုလူ့ဘီလူးကြီးမှာ မျက်လုံးများပွင့်လာပြီး ထိုမျက်လုံးများမှာ နေလုံးကြီးကဲ့သို့ တောက်လောင်နေသည်။ သူ၏အရေပြားပေါ်တွင် ရှုပ်ထွေးသော အင်းကွက်များဖြင့် ဖုံးလွှမ်းနေပြီး ထိုအင်းကွက်များအရ သူက ထာဝရအရေပြား၊ ထာဝရကောင်းကင်ဘုရင်၊ ထာဝရအရွတ်များ၊ ထာဝရအရိုးများနှင့် ထာဝရသွေးစက်တို့ကို ကျွမ်းကျင်တတ်မြောက်ထားကြောင်း ဖော်ပြနေသည်။

သူ့ထံမှ တလိပ်လိပ်ပေါ်ထွက်လာနေသည့် သွေးနှင့်စွမ်းအင်အငွေ့အသက်များမှာ အဆုံးအစမဲ့လှပြီး ခမ်းနားကြီးကျယ်လွန်းလှသည်။ သူ၏အပြင်ခန္ဓာကိုယ်က အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

" ဗဟိုဘိုးဘေးကြီး "

ပိုင်ရှောင်ချန်း၏နှုတ်မှ လွှတ်ခနဲထွက်သွားသည်။

ထိုလူ့ဘီလူးကြီးမှာ ပိုင်ရှောင်ချန်းတို့သွေးမျိုးဆက်၏ မူလရင်းမြစ်ဖြစ်သော ဗဟိုဘိုးဘေးကြီးပင်ဖြစ်သည်။ သူသည် မျက်လုံးများပွင့်လာပြီးနောက် ဖြေးညင်းစွာ မတ်တတ်ထလာတော့သည်။

All Chapters