← Chapters

ထာဝရအတွဲခြောက်တွဲ

Vol. 13 Ch. 1263

ထာဝရအတွဲခြောက်တွဲ

Vol. 13 Ch. 1263

သွေးမျိုးဆက်ချုပ်နှောင်စာရွက်မှ ဖန်တီးထားသော စွမ်းအင်လမ်းကြောင်းသည် တစ်ခါက ပိုင်ရှောင်ချန်းအတွက် အလွန်ကြီးမားသည့်ပုံပေါ်ခဲ့၏။ သို့သော် ဗဟိုဘိုးဘေးကြီး ထလာစဥ် သူ၏ခေါင်းကြီးက အပေါ်ထက် မိုးကောင်းကင်နှင့် ထိလုနီးပါးဖြစ်သွားကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်လေသည်။

သူ၏အရွယ်အစား၊ အမူအရာကင်းမဲ့သော မျက်နှာထား၊ အေးစက်သော မျက်ဝန်းများနှင့် သူ၏အပြင်ခန္ဓာမှ ထုတ်လွှတ်နေသော ပေါက်ကွဲလွယ်သည့် စွမ်းအားကြီးက သူ ထုတ်လွှတ်သော မည်သည့်တိုက်ကွက်မဆို ကမ္ဘာများ၏ အခြေအမြစ်များကို ကိုင်လှုပ်နိုင်သည့်ပုံပေါ်စေလေသည်။ အမှန်တကယ်ဆိုရလျှင် သူသည် စွမ်းအင်လမ်းကြောင်းကို ဖျက်စီးပစ်ရန်လုံလောက်သည်အထိ သန်မာပုံပေါက်နေတော့သည်။

သူကား သန်မာသလို စွမ်းအားကြီးကာ ရက်စက်ပြီး အန္တရာယ်များ၏။

ဤသည်မှာ ပိုင်ရှောင်ချန်း ဗဟိုဘိုးဘေးကြီးအား တိတိကျကျဖော်ပြရန် တွေးနိုင်သည့် အချက်လေးချက်ပင်။

သူ ပင့်သက်ရှိုက်ကာ ရင်တဒိန်းဒိန်းခုန်လျက် မသိလိုက်ဘဲ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိတော့သည်။ ဗဟိုဧကရာဇ်ထံမှ လာနေသော သွေးနှင့်စွမ်းအင်အခိုးအငွေ့လေးများကပင် ပိုင်ရှောင်ချန်းထံမှ ဖြာထွက်တောက်ပနေသော သွေးရောင်အလင်းကို သက်ရောက်ရန် လုံလောက်လေသည်။ ကံကောင်းထောက်မစွာ ဤဗဟိုဘိုးဘေးကြီးက အတုမျှသာဖြစ်၍ အမှန်တကယ်တွင် ချုပ်နှောင်စာရွက်ကို ဖျက်စီးရန် အရည်အချင်းမရှိပေ။ ထိုသို့မဟုတ်လျှင် ၄င်းမှာ အချိန်အတော်ကြာကတည်းက ဖက်ရှားခံခဲ့ရမည် ဖြစ်သည်။

သို့ထိတိုင် ပိုင်ရှောင်ချန်းမှာ သေစေနိုင်သောအန္တရာယ်ကြီးကို နက်နက်နဲနဲ ခံစားနေရသေး၏။

အချိန်အများစုတွင် သူကြုံတွေ့ရသော ဘေးအန္တရာယ်အာရုံများသည် သူ့ရန်သူနှင့်ပတ်သက်သည့် အချက်အလက်များ ကင်းမဲ့နေခြင်းကြောင့် လာခြင်း ဖြစ်သည်။ သို့သော် ဤဖြစ်ရပ်တွင် သူ၏သွေးဘိုးဘေးကြီးကို ရင်ဆိုင်နေရလေရာ အာရုံခံစားမှုကား ပြင်းထန်သွားတော့သည်။

" ဒါ စောစောက ဖြစ်ခဲ့တာပဲဖြစ်ရမယ်။ သူတော်စင်ဧကရာဇ်က သူတော်စင်ဘိုးဘေးကြီးနဲ့ ပက်ပင်းတိုးပြီး ရှုံးနိမ့်သွားခဲ့တာပဲ "

၄င်းမှာ ထင်မြင်ချက်သာဖြစ်သော်လည်း အနည်းဆုံး ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်း သေချာလေသည်။

" လူတစ်ယောက်က သူ့ကို ဖြစ်တည်စေခဲ့တဲ့ ဘိုးဘေးကြီးကို တိုက်ခိုက်ရမှာလား "

ပိုင်ရှောင်ချန်းမှာ သိမ်ငယ်ခြင်းနှင့် မချင့်မရဲဖြစ်ခြင်းကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရချိန်မှာပင် ဗဟိုဘိုးဘေးကြီး၏မျက်လုံးများက တိုက်ခိုက်လိုသောအာသီသများဖြင့် စတင်တောက်ပလာတော့သည်။ သူသည် ပိုင်ရှောင်ချန်းရှိရာဘက်သို့ တဝုန်းဝုန်းဖြင့် ဦးတည်လျှောက်လှမ်းလာစဥ် သူ့မျက်လုံးများကား အမြွှာနေနှစ်စင်းပမာပင်။

သူက အရှိန်တင်လိုက်သဖြင့် သာမန်ကာလျှံကာ ပြေးလာနေခြင်းမဟုတ်ဘဲ သူ့ကိုဝင်ဆောင့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်၏။

" တောင်ဖြိုသိုင်း "

သူ့မျက်ဝန်းအိမ်များ ကျဥ်းမြောင်းသွားလျက် တွေးသည်။ သူ့နည်းတူ ထာဝရအတွဲဖြင့် ရင်းနှီးေနသည့် ဗဟိုဘိုးဘေးကြီး အသုံးပြုနေသော မှော်သိုင်းကို သူ ချက်ချင်း သိလိုက်လေသည်။ သူသည် ထာဝရပြုစားခြင်းသိုင်း၏အခိုးအငွေ့များကိုလည်း အာရုံရလိုက်ပြီး ပို၍ ဆိုးသည်က ဗဟိုဘိုးဘေးကြီး၏ ညာဘက်လက်ညှိုးနှင့် လက်မအပေါ် စူးရှတောက်ပသော ကြောက်မက်ဖွယ်အလင်းရောင်ကို သတိထားမိလိုက်၏။

" လည်မျိုဖမ်းဆုပ်ကွက် "

ပိုင်ရှောင်ချန်းမှာ ဗဟိုဘိုးဘေးကြီးကိုယ်တိုင် ထုတ်လွှတ်လိုက်သော လည်မျိုဖမ်းဆုပ်ကွက်ဖြင့် လုံးဝ အထိခံလိုစိတ် မရှိပေ။ ၄င်းမှာ သူ၏သေးငယ်သောကိုယ်ထည်လေးကို သွေးတုံးသွေးခဲများအဖြစ် တစ်စစီဖိခြေခံရခြင်းထံ ဦးတည်သွားစေလောက်မည် ဖြစ်သည်။

သေစေနိုင်သောအန္တရာယ်အာရုံကြီးဖြင့် သူ့စိတ်အစဥ်ချာချာလည်နေပြီး အမြင့်ဆုံးအရှိန်ဖြင့် နောက်သို့ ပျံလိုက်သည်။ ဗဟိုဘိုးဘေးကြီးကား နည်းနည်းလေးမျှပင် နှေးကွေးခြင်းမရှိဘဲ မျက်စိတစ်မှိတ်အတွင်း သူ့ကို စွမ်းအင်လမ်းကြောင်းတစ်လျှောက် လိုက်ဖမ်းနေတော့သည်။

အောက်ဖက်ရှိ ထာဝရအင်မော်တယ်နယ်မြေများတွင် ပိုင်ရှောင်ချန်းကို ကိုယ်စားပြုသည့် အလင်းမှာ ရုတ်တရက် ရပ်သွားပြီး ဆန့်ကျင်ဘက်ရွေ့လျားလာသဖြင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာလေသည်။

လူတိုင်းမှာ ရုတ်တရက် နေ့ရက်များ၏အဆုံးသတ် ချဥ်းကပ်လာနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေရာ မျှော်လင့်ချက်ပျက်သုဥ်းသည့်ခံစားချက်များ နှလုံးသားများထဲတွင် ပြင်းထန်လာတော့သည်။

" သူ သေချာပေါက် ဗဟိုဘိုးဘေးကြီးနဲ့ ထိပ်တိုက်တွေ့သွားခဲ့ပြီပဲ "

သူတော်စင်ဧကရာဇ်က တွေးလိုက်၏။ သူ လှိုက်လှိုက်လှဲလှဲ ကူညီချင်နေပါသော်လည်း မတတ်နိုင်ကြောင်း သိလေသည်။

စုန့်ကျင်းဝမ်၊ ကျိုးကျစ်မို၊ ဟိုရှောင်မေ့၊ လီချင်းဟောက်၊ မဟာကောင်းကင်သခင်နှင့် ပိုင်ရှောင်ချန်းကို သိသည့် ဗဟိုဧကရာဇ်နိုင်ငံရှိ အခြားသောလူများစွာမှာ အားအင်ကင်းမဲ့ကာ ဖြူဖပ်ဖြူလျော်မျက်နှာများဖြင့် စောင့်ကြည့်နေကြတော့သည်။

ထိုအချိန် ပိုင်ရှောင်ချန်းက အမြင့်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်သည်ဖြစ်၍ တဝုန်းဝုန်းပေါက်ကွဲသံများ စွမ်းအင်လမ်းကြောင်းထဲ ပြည့်နှက်သွား၏။ သူ မည်သို့ လုပ်သည်ဖြစ်ပါစေ ဗဟိုဧကရာဇ်အား မခြိမ်းခြောက်နိုင်သည်ကို တုန်လှုပ်ဖွယ်ကောင်းစွာ သူ တွေ့လိုက်ရလေသည်။ နောက်ဆုံး၌ သူ သည်းမခံနိုင်သော အတိုင်းအတာသို့ ရောက်ရှိသွား၏။

" ဒီမှာ ဘာတွေဖြစ်နေတာတုန်း ဗဟိုဘိုးဘေးကြီး။ ဒီလိုအနိုင်ကျင့်တဲ့အဆင့်က သောက်ရမ်းရယ်စရာကောင်းလွန်းမနေဘူးလား "

သူ ဒေါသတကြီးဖြင့် မျက်လုံးများပြူးထွက်နေလျက် ရုတ်ချည်း တုံ့ခနဲရပ်ပြီးနောက် ဗဟိုဘိုဘေးကြီးထံ တဟုန်ထိုးပြေးဝင်သွားတော့သည်။

“ လျှပ်စီးတိမ်တိုက် ဘိုးအေအသွင်ပြောင်းလဲခြင်း "

သူ ပို၍ကြီးမားလာပြီး မီတာသုံးဆယ်မြင့်သည့်တိုင်အောင် ရှေ့သုံးလှမ်း တိုးလိုက်လေသည်။ ထိုအချိန် အသက်ဝင်တောင်ဂာထာကို အသုံးပြုလိုက်ရာ မီတာ ခြောက်ရာကျော်သည်အထိ ပို၍ကြီးမားလာတော့သည်။ ထို့နောက် သူက သူ၏ကိုယ်ပိုင်တောင်ဖြိုသိုင်းကို ထုတ်လိုက်၏။

သူ လေကိုခွင်း၍ အော်ဟစ်ကြုံးဝါးလိုက်စဥ် ဗဟိုဘိုးဘေးကြီးက သူ့ထံ တဟုန်ထိုးဝင်လာသည်။ သို့ထိတိုင် သူက အမြန်နှုန်းအဆင့်ကို သဘောမကျသေးဘဲ ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုလိုက်သည်။

တရစပ်ပေါက်ကွဲသံများ နေရာတိုင်းတွင် မြည်ဟည်းသွား၏။ ပိုင်ရှောင်ချန်းက ယခု လှုံ့ဆော်နိုင်သမျှ အပြင်အားများကို အပြည့်အဝ ဆင့်ခေါ်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံဖြင့်လည်း အားဖြည့်ပေးနေရာ သူ့ကို ပို၍ပင် သန်မာသွားစေတော့သည်။

" လာစမ်းပါ "

သူက အော်ဟစ်လိုက်၏။ ထို့နောက် ဗဟိုဘိုးဘေးကြီးဖြင့် မတိုက်မိခင် နောက်ဆုံးအခိုက်အတန့်၌ လည်မျိုဖမ်းဆုပ်ကွက်ကို အသုံးပြုလိုက်လေသည်။

သူတို့သည် ရန်လိုနေသောနဂါးနှစ်ကောင်ပမာ တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်လိုက်ကြရာ သူတို့အောက်ရှိ မြေကြီးကို တသိမ့်သိမ့် တုန်ခါသွားစေတော့သည်။။ ပတ်ဝန်းကျင်တွင် စုဝေးနေကြသော အရိပ်တစ္ဆေအဖွဲ့များမှာ တလိပ်လိပ်ရိုက်ခတ်လာသော တုန်ခါလှိုင်းများ၏ ဖျက်စီးခြင်းခံလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းက ဒေါသတကြီးဟိန်းဟောက်ပြီး ဗဟိုဘိုးဘေးကြီးက အေးတိအေးစက် မာန်ဖီလိုက်၏။ အလွန်တိုတောင်းသောအချိန်လေးအတွင်း သူတို့နှစ်ယောက်ကား လက်သီးချက်တစ်ထောင်ကျော် ဖလှယ်လိုက်ကြလေပြီ။

တဖြည်းဖြည်းနှင့် ပိုင်ရှောင်ချန်း၏ အသက်ဝင်တောင်ဂါထာပုံစံဖြစ်စေသော ကျောက်တုံးကျောက်ခဲများမှာ သူ့ထံမှ ဖယ်ခွာလာ၏။ တချိန်တည်းမှာပင် သူ၏လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းမှာ အားနည်းလာနေ၏။ သို့သော်ငြား ဤအခြေအနေမှာပင် သူ၏အတိုက်အခိုက်စွမ်းရည်ကား တဟုန်းဟုန်းတောက်လောင်နေဆဲပင်။

ဗဟိုဘိုးဘေးကြီးမှာမူ တစ်ထောင်ကျော်တိုက်ကွက်ဖလှယ်မှုများက သူ့ခန္ဓာကိုယ် မျက်နှာပြင်ကို အက်ကွဲပြီး ကြေမွေသွားစေရာ အချိန်မရွေးပေါက်ကွဲတော့မည့်အလား ဖြစ်နေတော့သည်။

နားကွဲလုမတတ်ကျယ်လောင်သော နောက်ဆုံးပေါက်ကွဲသံ ပဲ့တင်ထပ်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်သို့လိမ့်ထွက်သွားလေသည်။ ကံကောင်းထောက်မစွာ သူ၏ထာဝရအတွဲသည် ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပြီး အချိန်အနည်းငယ်အတွင်း သူ ရပ်လိုက်နိုင်၏။

သူက မားမားမဆ်မတ် ပြန်ရပ်၍ အော်လိုက်သည်။

" ဒီတော့ ခင်ဗျားက အခွံသက်သက်ကြီးတစ်ခု ဖြစ်နေတာကိုး "

သူနှင့် ဗဟိုဘိုးဘေးကြီးမှာ အဆမတန် ကွာခြားမနေသဖြင့် သူ အံ့အားသင့်သွားရသည်။ အမှန်တွင် ဗဟိုဘိုးဘေးကြီးက လောကနတ်ဘုရားအဆင့်အတိုက်အခိုက်စွမ်းရည်ကို အသုံးပြုနေခြင်း ဖြစ်သည်။ သွေးတစ်လုပ်မြိုချရင်း ပိုင်ရှောင်ချန်းက နတ်ဘုရားဇီဝန်ချုပ်သိုင်းကို ထုတ်လွှတ်လိုက်ရာ စူးရှသောကြက်သွေးရောင်အလင်းများ သူ့ပတ်လည်တွင် ဖြစ်တည်လာလေသည်။

သွေးမြူစီးကြောင်းတစ်ကြောင်းကဲ့သို့အသွင်ဖြင့် သူက ဗဟိုဘိုးဘေးကြီးထံ ပြေးဝင်သွားတော့သည်။

သို့သော် ဗဟိုဘိုးဘေးကြီးသည်လည်း သူ၏ဒဏ်ရာများကို အလျင်အမြန်ကုသပေးသော ထာဝရအတွဲကို အသုံးပြု၍ ပြန်လည်သန်စွမ်းလာလေသည်။ ကြည့်ရသရွေ့ သူသည်လည်း နတ်ဘုရားဇီဝန်ချုပ်သိုင်းကို ထုတ်လွှတ်ကာ အနီရောင်အလင်းဖြင့် တောက်ပလာသဖြင့် ပိုင်ရှောင်ချန်းကဲ့သို့ တူညီသောအရာကို တွေးနေပုံရလေသည်။ အချိန်အနည်းငယ်ကြာသော် သူတို့နှစ်ယောက်စလုံး နောက်တစ်ဖန် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြတော့သည်။

နှစ်ယောက်လုံးမှာ ဆံပင်များရှုပ်ပွကာ ပုံပျက်ဆင်းပျက်ဖြစ်နေကြပြီး သူတို့၏ပြန်လည်ကုစားခြင်းစွမ်းအားများက အသည်းအသန်အလုပ်လုပ်နေသည်။ ၄င်းကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတစ်ရပ်ကို ရောက်နေကြကြောင်း သိနိုင်သည်။

နောက်ထပ် ဝုန်းခနဲပေါက်ကွဲသံကြားလိုက်ရပြီး သူတို့နှစ်ယောက်လုံး တစ်ယောက်ထံမှ တစ်ယောက် ဆုတ်လိုက်ကြသည်။ ဤအချိန်တွင် ဗဟိုဘိုးဘေးကြီး၏မျက်လုံးများထဲတွင် စူးရှတောက်ပသောအလင်းများဖြင့် ဝင်းလက်လာပြီး ညာလက်ကို ဆန့်ထုတ်လိုက်၏။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ သူ့လက်က မတူညီသောအရှိန်အဝါငါးခုကို စတင်ထုတ်လွှတ်လာလေသည်။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ ထို့နောက် မြေ။

ထိုဓာတ်ကြီးငါးပါးသည် လူသားခန္ဓာကိုယ်အတွင်းရှိ ယင်အင်္ဂါငါးခုအပြင် အစွမ်းထက်ချုပ်နှောင်မှော်အတတ်ငါးမျိုးနှင့် တူညီလေ၏။ ဤအချိန်တွင် ဗဟိုဘိုးဘေးကြီး၏ကိုယ်လုံးကြီးမှာ ခန္ဓာကိုယ်ရှိ မတူညီသောနေရာငါးခုမှ လာနေသော ကြောက်မခန်းလိလိစွမ်းအားများဖြင့် ပြည့်နှက်နေသည့် ငါးရောင်ခြယ်အလင်းဖြင့် စတင်လင်းလက်လာသည်။

" အင်္ဂါငါးပါး မှော်အတတ် "

ပိုင်ရှောင်ချန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

" အရင်တုန်းက သင်္ချိုင်းစောင့်ဖိုးဖိုးကြီး အသုံးပြုခဲ့တဲ့ ယင်အင်္ဂါငါးပါး လျှို့ဝှက်မှော်အတတ်က ထာဝရအတွဲနဲ့ ပတ်သက်နေတာပဲ။ အရေပြား၊ အသား၊ အရွတ်အကြော၊ အရိုးနဲ့ သွေး အတွဲတွေအပြင် ဗဟိုဘိုးဘေးကြီးက ထာဝရအတွဲရဲ့ ခြောက်တွဲမြောက်ကိုလဲ ဖန်တီးခဲ့မယ်လို့ ဘယ်သူက တွေးမိမှာတုန်း "

ပိုင်ရှောင်ချန်းသာ ဤတိုက်ပွဲကို တိုက်ခိုက်ရန် အခွင့်အရေးပေးခြင်း မခံခဲ့ရလျှင် ထာဝရအတွဲငါးတွဲသာရှိသည် မဟုတ်ကြောင်း ဘယ်တော့မှ သိခဲ့မည် မဟုတ်ပေ။ ခြောက်တွဲရှိနေသည်တကား။

၄င်းမှာ ထာဝရအသက်ရှည်ကျင့်စဥ် ပြီးမြောက်ရန်အလို့ငှာ သူ၏ကိုယ်ပိုင်ကျင့်စဥ်ကို ဖန်တီးခဲ့ရသည်နှင့် အလွန်ဆင်တူ၏။ ကောင်းကင်တံတားတာအိုနှင့် တိုက်ပွဲ၌ သင်္ချိုင်းစောင့်ကြီးအသုံးပြုခဲ့သော ကျင့်စဥ်မှာ အမှန်တကယ်တွင် ဗဟိုဘိုးဘေးကြီး၏ ယင်အင်္ဂါငါးခုဖြင့် အားဖြည့်ပေးခံထားရခြင်း ဖြစ်ပေသည်။

All Chapters