← Chapters

ဘိုးဘေးကြီးကို အနိုင်ယူခြင်း

Vol. 13 Ch. 1264

ဘိုးဘေးကြီးကို အနိုင်ယူခြင်း

Vol. 13 Ch. 1264

ယင်အင်္ဂါငါးခု၏ စွမ်းအားကား ဓာတ်ကြီးငါးပါးမှ လာပေသည်။

ဗဟိုဘိုးဘေးကြီး၏ကိုယ်မှ ရောင်စုံအလင်းတန်းငါးတန်း တဟုန်ထိုး ထွက်လာကာ သူ့ကို ဒိုင်းကာသဖွယ် လုံးလုံးလျားလျား ဖုံးလွှမ်းလာသည်။ တဆက်တည်း သူ၏အပြင်အားမှာ မြင့်သည်ထက် မြင့်တက်လာ၏။ ထိုစဥ် သူက တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို စူးရှပြတ်သားစွာ ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ ပထမတွင် လမ်းကြောင်းမှ ရှောင်တိမ်းရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ဗဟိုဘိုးဘေးကြီးက ယခင်ကထက်ပင် ပို၍ လျင်မြန်သော အမြန်နှုန်းဖြင့် လက်သီးဆုပ်၍ အနားသို့ ရွေ့လျားလာကာ ပိုင်ရှောင်ချန်း၏ရင်ဘတ်ကို ထိုးနှက်လိုက်တော့သည်။

ပိုင်ရှောင်ချန်း၏ ပါးစပ်မှသွေးများ ပန်းထွက်သွားကာ နောက်သို့လွင့်ထွက်သွားပြီး ခြေထောက်ပင် ပြန်မကျခင် ဗဟိုဘိုးဘေးကြီးက သူ့အပေါ် ထပ်ရောက်လာပြန်သည်။ ထို့နောက် သူ့ကို ပခုံးနှစ်ဖက်လုံးများမှ ဆုပ်ကိုင်၍ နှစ်ပိုင်းဖြဲပစ်ရန် ပြင်လိုက်လေပြီ။

ကျရောက်တော့မည့် အန္တရာယ်အာရုံကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာနှင့်လည်ပင်းအပေါ်တွင် သွေးကြောပြာကြီးများ ထောင်သွားကာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သေခြင်းတရား၏ကြောက်စိတ်ကား ပြင်းထန်လွန်းလှသည်ဖြစ်၍ ရူးမိုက်သောတန်ပြန်တိုက်ကွက်တစ်ကွက်အတွက် ပြီးပြည့်စုံသော လောင်စာ ပေးလိုက်တော့သည်။

" ထာဝရအတွဲရဲ့ခြောက်တွဲမြောက်ကို ကျုပ် ဘယ်တော့မှ မဖန်တီးခဲ့ပေမယ့် ကျင့်စဥ်အတွက် နောက်ဆက်တွဲတစ်တွဲကိုတော့ ပြုလုပ်ခဲ့တယ်။ ပဝေသဏီအတွဲပဲ ”

" ထာဝရအတွဲကို ထိပ်ဆုံးကန့်သတ်ချက်ရောက်တဲ့အထိ ခင်ဗျား ဖန်တီးနိုင်ခဲ့ပေမဲ့ ကျုပ် ပုံဖော်ခဲ့တဲ့ လမ်းစဥ်အသစ်အတွက်တော့ သေချာပေါက်ပြိုင်ဘက်မဟုတ်ဘူး "

သူက လက်နှစ်ဖက်ကို မြှောက်၍ မန္တန်လက်ကွက်ဖော်ကာ အတိတ်ပြန်လည်ဝင်စားခြင်းသုတ္တန်ကို ထုတ်ဖော်လိုက်ရာ မရေမတွက်နိုင်သော မှော်သင်္ကေတများ ဗဟိုဘိုးဘေးကြီးပေါ်တွင် ပေါ်လာလေသည်။ ထို့နောက် သင်္ကေတများက တင်းကြပ်သွားကာ မှော်တံဆိပ်တော်တစ်ခုအသွင် ပြောင်းလဲသွား၏။ သို့သော် ချုပ်နှောင်ခြင်းဖြစ်စဥ် မပြီးမြောက်နိုင်ခင် ပိုင်ရှောင်ချန်း၏မျက်လုံးများထဲတွင် ရက်စက်သော အလင်းတစ်စ ပေါ်လာလေသည်။

" ပေါက်ကွဲသွားစမ်း "

မှော်သင်္ကေတတစ်ခုစီတိုင်း ပေါက်ကွဲထွက်သွား၏။ တစ်ခုနှစ်ခု သို့မဟုတ် ဒါဇင်အနည်းငယ်မျှသာဆိုပါက အထင်ကြီးစရာကောင်းမည် မဟုတ်ပေ။ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းပင် ရေးကြီးခွင်ကျယ်ခဲ့မည်မဟုတ်။ သို့သော်ငြား ၎င်းတို့က ရေတွက်ရန်ပင် များလွန်းနေသေးသည်။ စုစုပေါင်း တစ်သောင်း။ ထို့ပြင် ၄င်းတို့ ပေါက်ကွဲသွားသဖြင့် ထုတ်လွှတ်လိုက်သောအားကို ဗဟိုဘိုးဘေးကြီးအနေဖြင့် အေးဆေးသက်သာစွာ မတောင့်ခံနိုင်ပေ။

တဝုန်းဝုန်းပေါက်ကွဲသံများ မြည်ဟည်းနေစဥ် ဗဟိုဘိုးဘေးကြီးမှာ ပြင်းပြင်းထန်ထန်တုန်ရီသွားပြီး အားလှိုင်းက သူ့ကို နောက်သို့ တွန်းထုတ်၍ သူ့ပတ်လည်ရှိ ငါးရောင်ခြယ်ဒိုင်းနှစ်ထပ်ကို ဖျက်ဆီးပစ်လိုက်သည်။

သို့သော် ဗဟိုဘိုးဘေးကြီးက စိတ်ဓာတ်ကြံ့ခိုင်သည်။ သူ့ကိုယ်သူ ပြန်လည်အားပြည့်စေမည့် ထာဝရအတွဲရှိနေ၍ ဘယ်တော့မှ ပင်ပန်းပုံရလည်း မရပေ။ သူက တစ်ချက်ကလေးပင် မရပ်နားဘဲ ပိုင်ရှောင်ချန်းရှိရာဘက်သို့ လက်သီးဆုပ်၍ ပြေးဝင်ချဥ်းကပ်သွား၏။

ပိုင်ရှောင်ချန်းမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရသော်လည်း တင်းမာခက်ထန်လျက် အနာဂတ်ပါရမီကျမ်းကို ထုတ်ရန် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။

သူကိုယ်တိုင်နှင့် ဗဟိုဘိုးဘေးကြီး၏အကြားရှိ သွေးပဲ့တင်ရိုက်ခတ်မှုကြောင့် အနာဂတ်ပါရမီသုတ္တန်ကား ပြီးပြည့်စုံစွာ အလုပ်လုပ်တော့သည်။ ဗဟိုဘိုးဘေးကြီး၏လက်သီးက ပစ်မှတ်ကို ထိုးနှက်လိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ သွေးတစ်လုပ်အန်လိုက်ရသော်လည်း ဗဟိုဘိုးဘေးကြီးသည်လည်း ထိုနည်းတူပင်။

" လာစမ်းပါ "

ပိုင်ရှောင်ချန်းက တိုက်ပွဲအတွင်း ပြန်လည်ခုန်ဝင်၍ အော်ဟစ်လိုက်သည်။ ပိုင်ရှောင်ချန်း ခံစားရသည့် ဒဏ်ရာများက ဗဟိုဘိုးဘေးကြီးကိုလည်း တန်ပြန်သက်ရောက်၏။ သို့သော် ပြောင်းပြန်တော့ မဖြစ်ပေ။ အချုပ်ဆိုရလျှင် ဗဟိုဘိုးဘေးကြီးမှာ ဒဏ်ရာပမာဏနှစ်ဆရနေခြင်းပင်။

သူ၏ပြန်လည်ကုစားခြင်းစွမ်းအားဖြင့်ပင် သူ တဖြေးဖြေး ပျက်စီးယိုယွင်းလာ၏။ ထို့ပြင် ပိုင်ရှောင်ချန်းက အသည်းအသန်တိုက်ခိုက်နေရာ ဗဟိုဘိုးဘေးကြီးမှာ သွေးတစ်လုပ်ပြီးတစ်လုပ် အန်နေရတော့သည်။ ပိုင်ရှောင်ချန်းက အားကုန်အော်ဟစ်၍ ဖျက်စီးခြင်းလက်သီးချက်ဖြင့် တိုက်ခိုက်သော်အခါ သူ၏ဒိုင်းအကာ နောက်ထပ်နှစ်ထပ် ပျက်စီးသွား၏။ ထိုအချိန်တွင် ဗဟိုဘိုးဘေးကြီး၏ ထာဝရအတွဲ ခြောက်တွဲမြောက်မှ ဖန်တီးထားသော အကာအကွယ်များအားလုံး ဖျက်စီးခံလိုက်ရလေပြီ။

ဤသည်ကို အောင်မြင်သည်နှင့် ပိုင်ရှောင်ချန်းမှာ နောက်သို့ယိမ်းယိုင်သွားပြီးနောက် ပင့်သက်ရှိုက်လိုက်သဖြင့် ပါးစပ်မှ သွေးများစီးကျသွားကာ မြေပြင်ပေါ် ပစ်လဲသွားတော့သည်။ ထိုနေရာတွင် မှောက်ရက်လဲလျက် ကို့ရိုးကားယားဖြစ်နေသော ဗဟိုဘိုးဘေးကြီးကို ကြည့်၍ သူက ပြောသည်။

" ကျင့်စဥ်အရဆိုရင် ကျုပ်က သေချာပေါက် ခင်ဗျားထက် ပိုသန်မာတယ် "

ဗဟိုဘိုးဘေးကြီးက ဘာမှမပြော။ သူက အားတင်းထရပ်ကာ ပိုင်ရှောင်ချန်းကို တည်ငြိမ်စွာ ကြည့်ပြီးနောက် လက်သီးဆုပ်လိုက်ရာ သူ့နောက်တွင် ဧရာမအရိပ်ကြီးတစ်ခုပုံစံပေါ်လာစေ၏။

တချိန်တည်းမှာပင် အတော်လေး အထက်စီးဆန်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

၄င်းသည်ကား ထာဝရဧကရာဇ်လက်သီးကလွဲ၍ တခြားမဟုတ်ပေ။

" ကျုပ်မှာလဲ အဲဒီလိုမျိုး ရှိတယ် "

ပိုင်ရှောင်ချန်းက ထရပ်ပြီး လက်သီးဆုပ်ကာ ပြော၏။ ချက်ချင်းပင် သူ့နောက်မှာလည်း အရိပ်သဏ္ဍာန်တစ်ခု ပေါ်လာသည်။ သို့သော် ဤပုံရိပ်က ဗဟိုဘိုးဘေးကြီး၏ ထာဝရဧကရာဇ်လက်သီးနှင့် ကွဲပြားသည်။ ဤသည်ကား ထာဝရမိုးမြေဧကရာဇ်လက်သီးပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်က တဟုန်ထိုး ရွေ့လျားသွားကြ၏။ ဤသည်မှာ ဗဟိုဘိုးဘေးကြီးက လက်ရှိဗဟိုဧကရာဇ်အား တိုက်ခိုက်နေခြင်း ဖြစ်သည်။ ၄င်းကား ထာဝရဧကရာဇ်လက်သီး နှင့် ထာဝရမိုးမြေဧကရာဇ်လက်သီးပင်။ ယင်းမှာ ဤအချိန်၊ ဤနေရာမှလွဲ၍ ဘယ်တော့မှ ဖြစ်နိုင်မည် မဟုတ်သည့် အခြင်းအရာ ဖြစ်သည်။

အဝေးမှကြည့်ပါက ပိုင်ရှောင်ချန်းနှင့် ဗဟိုဘိုးဘေးကြီးတို့ တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာနေသည်ကို တွေ့နိုင်ရုံသာမက သူတို့ဆင်ခေါ်ခဲ့သည့် အရိပ်ကြီးနှစ်ခု တစ်ခုထံတစ်ခု ချဥ်းကပ်လာနေသည်ကိုလည်း မြင်နိုင်လေသည်။ သူတို့ ထိပ်တိုက်တွေ့ဆုံသွားသောအခါ နားစည်ကွဲလုမတတ် ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး ဗဟိုဘိုးဘေးကြီး၏နောက်ရှိ အရိပ်မှာ အပိုင်းပိုင်း ဖြစ်သွားတော့သည်။

ထိုသို့ဖြစ်ပျက်သွားသဖြင့် ဗဟိုဘိုးဘေးကြီးမှာ သိသိသာသာ နွမ်းလျခြောက်ကပ်သွားပြီး နောက်သို့ယိမ်းယိုင်လျက် သွေးတစ်ပွက်အန်လိုက်ရ၏။ ပိုင်ရှောင်ချန်းသည်လည်း သိသာစွာ အားယုတ်သွားပြီး တန်ခိုးအစွမ်းနှင့် အင်အား ကင်းမဲ့သွားလုနီးပါး ပုံပေါ်နေတော့သည်။ သူက ခါးကိုင်းပြီး ဒူးပေါ်လက်တင်၍ အသက်မနည်းရှူလိုက်ရလေသည်။

တခဏကြာပြီးနောက် သူက ခေါင်းမော့ပြီး ပြော၏။

" ခင်ဗျားမှာ အသိနည်းနည်းရှိတာ ကျုပ်သိတယ် ဗဟိုဘိုးဘေးကြီး။ ကျုပ် ခင်ဗျားကို မတိုက်ခိုက်ချင်ဘူး။ ကျော်သွားခွင့်ပေး။ ကျုပ် ဒီချုပ်နှောင်စာရွက်ကို ပြင်ဖို့လိုတယ် "

ဗဟိုဘိုးဘေးကြီးပြီးလျှင် ပို၍စွမ်းအားကြီးသော ဖြစ်တည်မှုများ စောင့်ကြိုနေမည်လား သူ မသေချာသောကြောင့် ဤတိုက်ပွဲတွင် အပြင်အားအပေါ် လုံးလုံးလျားလျား မှီခိုနေခဲ့သလောက် ဖြစ်ခဲ့၏။ ဖြစ်နိုင်လျှင် သူ၏ကျင့်ကြံခြင်းအခြေခံ သို့မဟုတ် မှော်အတတ်များ အသုံးပြုခြင်းအား ချန်လှပ်ထားချင်သည်။

ဗဟိုဘိုးဘေးကြီးက အချိန်မရွေးကွဲထွက်သွားတော့မည့် ပုံပေါ်နေသည်အထိ အားနည်းနေလျက် သူနှင့် မီတာ သုံးရာအကွာတွင် ရှိနေသည်။ ပိုင်ရှောင်ချန်း၏စကားလုံးများအား နားမလည်သည့်အလား သူက မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ဖြေးဖြေးချင်း ပြန်ထလိုက်၏။ သူ သိသိသာသာ တုန်ရီနေလျက် ပိုင်ရှောင်ချန်းထံ လျှောက်လာလေသည်။

သူ ထိုသို့လျှောက်လာစဥ် ထာဝရအတွဲက သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးရန် အပြင်းအထန်အလုပ်လုပ်သော်လည်း ကံဆိုးစွာ သူ အလွန်ဆိုးရွားစွာ ထိခိုက်ထားခဲ့သဖြင့် မီးစွဲနေသော ထင်းလှည်းတစ်လှည်းကို ရေတစ်ခွက်လောင်းနေသည့်အလား ဖြစ်နေတော့သည်။

ဤအချိန်တွင် တရစပ်တိုက်ခိုက်မနေပါက ဗဟိုဘိုးဘေးကြီးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားမည် ဖြစ်ကြောင်း သူ သိသည်။ သူက တခဏကြာ စိုက်ကြည့်နေပြီးနောက် အံတင်းတင်းကြိတ်၍ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူ၏လက်ချောင်းကိုဝှေ့ယမ်း၍ ပစ္စုပ္ပန်ရှင်သန်ခြင်းနှင့် သေခြင်းတရား သုတ္တန်ကို ထုတ်ဖော်ပြီး သေခြင်းဂိတ်တံခါးက လွဲ၍ တခြားမဟုတ်သော ဧရာမဂိတ်တံခါးကြီးတစ်ချပ်ကို သူ့နောက်တွင် ဆင့်ခေါ်လိုက်သည်။

ရှင်သန်ခြင်းဂိတ်တံခါးက ဗဟိုဘိုးဘေးကြီးနောက်တွင် ပေါ်လာပြီး ဗဟိုဘိုးဘေးကြီးက ရှေ့သို့ လမ်းဆက်လျှောက်လာသည်နှင့် ပြန်လည်ကုစားခြင်းစွမ်းအားများ လုံးဝ လိုက်မမှီနိုင်တော့သည်အထိ သိသိသာသာ အားနည်းလာတော့သည်။

သို့ေပမည့် ဗဟိုဘိုးဘေးကြီးက ဆက်လက်ချဥ်းကပ်လာ၏။ အားနည်းပြီး တစတစ ပျောက်ကွယ်လာကာ တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာပြီး နောက်ဆုံး သူ၏ရှေ့တည့်တည့်တွင် ရပ်နေသဖြင့် ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်သွားတော့သည်။

အလွန်အားနည်းလာနေသည့်အတောအတွင်း တစ်စုံတခု ပြောင်းလဲသွားခဲ့၏။ ယခင်က သူ၏အတွေးများအားလုံး ဖိနှိပ်ခံခဲ့ရသော်လည်း ဤအခိုက်အတန့်တွင် သူ့မျက်လုံးများထဲရှိ အေးစက်မှုများ ပျောက်ကွယ်သွားပြီး နက်နဲသိမ်မွေ့၍ရှေးဆန်သောတစ်စုံတရာကို မြင်နိုင်လေသည်။

ပိုင်ရှောင်ချန်းအတွက် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ သူက စကားစပြောလာ၏။

" သံယောဇဥ်မဲ့လူသားက ငါ့နောက်ဆုံးလက်ကျန်အသိစိတ်ကို ယူပြီး ကမ္ဘာတွေကို ချေမှုန်းရာမှာ အားဖြည့်ပေးဖို့ သူ့ကိုယ်ထဲ ချုပ်နှောင်ခဲ့တယ် ”

" ငါ ထာဝရရှုံးနိမ့်ခဲ့ရပြီလို့ ထင်ခဲ့ပေမယ့် မင်းနဲ့ တွေ့ဆုံခဲ့ရတယ် ”

" ငါ့ကို ဒီအတွက် အပြစ်မတင်ပါနဲ့။ မင်း ငါ့ကို လုံးဝ သေသေချာချာ အနိုင်ရစေဖို့ လိုအပ်တယ်။ အဲဒီလိုလုပ်မှ သံယောဇဉ်မဲ့လူသားရဲ့ ထိန်းချုပ်မှုကနေ ငါ လွတ်မြောက်နိုင်မှာ။ အဲဒါမှ အကြောင်းကိစ္စတွေက ငါ့အတွက် အမှန်တကယ် ထင်ရှားပြတ်သားလာမှာ မလို့ပဲ ”

" ငါ နောင်တမရဘူး။ အခုလေးတင် ထာဝရအတွဲရဲ့ ခြောက်တွဲမြောက်ကို ငါ သုံးခဲ့တုန်းက မင်းမြင်လိုက်လား "

ဗဟိုဘိုးဘေးကြီးသည် တည်ငြိမ်အေးဆေးစွာ ပြောနေသည့်တိုင် နွေးထွေးလေသည်။ ပိုင်ရှောင်ချန်း မတုံ့ပြန်နိုင်ခင် သူက ပြုံး၍ လက်လှမ်းပြီးနောက် ပျောက်ကွယ်သွားတော့သည်။

သို့သော် သူ ထာဝရပျောက်ကွယ်မသွားခင် တလက်လက်တောက်ပနေသော ရောင်စုံသလင်းကျောက်များ သူ၏ခန္ဓာကိုယ်မှ ထွက်လာပြီး ပိုင်ရှောင်ချန်းကိုယ်ထဲ ဝင်ရောက်ရန် မျောလွင့်လာသည်။

ပိုင်ရှောင်ချန်းမှာ အချိန်အတော်ကြာရပ်နေပြီးနောက် သူ့ရင်ဘတ်သူ သပ်လိုက်သည်။ တစ်နည်းနည်းဖြင့် ပြောင်းလဲမှုက ပုံရိပ်ယောင် ဖြစ်ဟန်တူသော်လည်း သူ၏ယင်အင်္ဂါငါးခု ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူ အာရုံရလိုက်လေသည်။

အတန်ငယ်တွေးတောပြီးနောက် သူက ဗဟိုဘိုးဘေးကြီး ပျောက်ကွယ်သွားခဲ့သည့်နေရာကို လက်ယှက်ပြီး ဦးညွှတ်လိုက်သည်။ ရောထွေးသောခံစားချက်များ သူ့ရင်ထဲ ပြည့်ကြပ်နေရာ မည်ကဲ့သို့ခံစားနေရသည်ကို အတိအကျ ပြောပြရန် မဖြစ်နိုင်လောက်အောင် ဖြစ်နေတော့သည်။ နောက်ဆုံး၌ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး သူ့လမ်းသူ ဆက်သွားလိုက်သည်။

သူသည် ယခုတွင် ဒန်တျန်နယ်ပယ်နှင့် အနည်းငယ်သာ ကွာဝေးတော့၏။ ဤအခိုက်အတန့်တွင် ချုပ်နှောင်စာရွက်သည် ကိုးဆယ်ရာခိုင်နှုန်း ပြုပြင်ပြီးသွားလေပြီ။

ထာဝရအင်မော်တယ်နယ်မြေများတွင် မျှော်လင့်ချက်များပျက်သုဥ်းနေသော လူထုကြီး၏နှလံုးသားများထဲတွင် မျှော်လင့်ချက်များ နောက်တဖန် ပေါက်ဖွားလာပြီး တစ်ခဲနက် ကြွေးကြော်သံများ ထွက်ပေါ်လာတော့သည်။

သူတော်စင်ဧကရာဇ်မှာမူ ဝေဟင်ပြင်တွင်ရပ်လျက် ပိုင်ရှောင်ချန်းကို ကိုယ်စားပြုသည့် စူးရှတောက်ပသောအလင်းကို မော့ကြည့်ကာ ရုတ်တရက် အတန်ငယ် အိုစာသွားပုံရလေသည်။

" သူ့ရဲ့ မူလဘိုးဘေးကြီးကို သူ အနိုင်ရလိုက်တာပဲ "

သူက ခပ်တိုးတိုးရေရွတ်လိုက်လေသည်။

All Chapters