ဒန်တျန်နယ်ပယ်
Vol. 13 Ch. 1266
တာအိုအနှစ်သာတောင်က စိစိညက်ညက်အမှုန့်ခြေရန် ပြင်နေသည်ကို ပိုင်ရှောင်ချန်း မြင်သောအခါ တုံးတိုက်တိုက်ကျားကိုက်ကိုက် အရဲစွန့်ရန် ဆုံးဖြတ်လိုက်၏။ သူ၏အပြင်ခန္ဓာက ယခုထက်ထိ အပြည့်အဝ ပြန်လည် မသက်သာသေးသော်လည်း တွေဝေတွန့်ဆုတ်မနေဘဲ အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူ၏ညာလက်မှာ လက်သီးအသွင် ဆုပ်သွားပြီး ထာဝရမိုးမြေဧကရာဇ်လက်သီးကို ပစ်သွင်းလိုက်သည်။ သူ့နောက်ရှိ အရိပ်ပုံရိပ်ကြီးသည် သူနှင့်ဆက်သွယ်သွားပြီး ဧရာမလက်သီးချက်ကြီးက ဧရာမတာအိုအနှစ်သာရတောင်ကို ထိုးခွင်းသွားသည်။
ဝုန်းခန် နားကွဲလုမတတ် ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး ဧရာမတောင်ကြီးကား တိုက်မိသည့်နေရာမှ မျက်နှာပြင်တစ်လျှောက် အက်ကြောင်းများ ပျံ့နှံ့လာကာ တသိမ့်သိမ့်တုန်သွားတော့သည်။
သို့သော်ငြား ပိုင်ရှောင်ချန်းသည်လည်း မထိခိုက်ဘဲ မနေပေ။ သူ သွေးလေးပွက်ဆက်တိုက်အန်လိုက်ရပြီး ညာလက်မောင်း နောက်ပြန်တွ့န်လိမ်သွားလျက် ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ နောက်သို့ လွင့်ပျံသွားတော့သည်။ လောကတာအို၏ ဤအားနည်းသောပုံစံသည်ပင် မိုးမြေဧကရာဇ်တစ်ပါးဖြစ်နေသေးပြီး ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လေသည်။
သို့သော်ငြား ပိုင်ရှောင်ချန်း၏တိုက်ကွက်က အလွန်စွမ်းအားကြီးလှသဖြင့် တာအိုအနှစ်သာရတောင်မှာ ထိုးနှက်ချက်၏အောက်တွင် တဖြေးဖြေး ပြိုကျလာတော့သည်။
တောင်ပြိုကျသွားချိန်မှာပင် အပျက်အစီးပုံထဲမှ ရှင်သန်ခြင်းနှင့် သေခြင်းတရားတာအိုအနှစ်သာရ အခိုးအငွေ့များဖြင့် အသက်ဝင်နေသော အနက်ရောင်နှင့်အဖြူရောင်မြူခိုးများပြည့်နှက်လျက်ရှိသည့် မျှော်စင်တစ်ခု ပျံထွက်လာ၏။ ထိုမြူစီးကြောင်းများမှာ လောကတာအို၏ ရှင်သန်ခြင်းနှင့် သေခြင်းတရားအနှစ်သာရဖြစ်ကြောင်း ကောင်းကောင်းသိထားသဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးအိမ်များ ကျုံ့သွားလေသည်။
" ရွှယ်ကျဲ "
သူက ဘာကိုမှမထိမ်ချန်ဘဲ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို နတ်ဘုရားအတတ်အတွက် အကုန်ထည့်၍ အော်လိုက်သည်။
သူ၏စကားလုံးများ ပဲ့တင်ထပ်သွားချိန်မှာပင် သူ့ပတ်လည်ရှိ နေရာမှာ ဧရာမရေအိုင်ကြီးတစ်အိုင် ဖြစ်တည်ရန်အတွက် ရှေ့တော်ပြေးဖြစ်သော ရေငွေ့များဖြင့် ပြည့်နှက်သွား၏။
ရှင်သန်ခြင်းနှင့် သေခြင်းတရား အနှစ်သာရ မြူထုမှာ ရေအိုင်အတွင်း ထိန်းချုပ်ခံလိုက်ရပြီး လောကတာအိုက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်စဥ် သူ၏မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းတစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွားလေ၏။
ထိုအချိန် ပိုင်ရှောင်ချန်းက မှော်အတတ်၏ နောက်ဆုံးစာလုံးကို ရွတ်လိုက်သည်။
" ကော်တု "
ဖော်ပြ၍ပင် မရနိုင်သော အတိုင်းအတာအထိ ရက်စက်ကြမ်းကြုတ်ကာ ကြောက်ရွံထိတ်လန့်ဖွယ်ကောင်းသည့် သားရဲဟိန်းဟောက်သံကြီးတစ်သံ ရေအိုင်မှ ပဲ့တင်ထပ်သွားသည်။ ထိုဟိန်းသံကြောင့် လောကတာအိုနောက်ရှိ အဟန့်အတားပင် တွန့်လိမ်ရှုံ့တွလာလေ၏။
တောင်များကဲ့သို့ ဆူးချွန်ကြီးများက ကြီးမားသောကုန်းမြေထုကြီးနှင့်အတူ ရေအိုင်အပြင်ဘက်သို့ မြင့်တက်လာသည်။ အချိန်အနည်းငယ်လေးအတွင်း ၄င်းမှာ အနက်ရောက်အရည်များ တစ်စက်စက်ကျနေသော အကြေးခွံများဖြင့် လက်သည်းရှည်ရှည်လက်ကြီး ဖြစ်လာကာ ပထမဆုံး လှမ်း၍ မြေကြီးအပေါ် ဝုန်းခနဲ ဆောင့်ချလိုက်၏။
ဤမျှနှင့်မပြီးသေး။ နောက်ထပ်လက်သည်းရှည်ရှည်လက်ကြီးပေါ်လာပြီး အပေါ်သို့မြောက်တက်သွားကာ အခြားလက်နှင့်မျက်နှာချင်းဆိုင်တွင် မြေကြီးအပေါ် ဝုန်းခနဲ ဆောင့်ချလိုက်၏။
ပိုင်ရှောင်ချန်းက လက်သည်းလက်နှစ်ဖက် နောက်တွင် တည်ရှိသည်။ သူ၏အမြင်အရ ရွယ်ကျဲကော်တု၏ အလယ်တည့်တည့်တွင် တစ်ခုခုလိုနေပုံရ၏။ ထိုအချိန် ရုတ်တရက် အပြင်သို့တွားသွားထွက်လာရန် ရုန်းကန်နေပုံရသော သူ့သက်စောင့်အနှစ်သာရဝိညာဥ်၏ ဟိန်းဟောက်သံကြီးကို ကြားလိုက်ရလေသည်။
၄င်းမှာ ဤနေ့အတွက် အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ရပြီး ၄င်း၏လက်နှစ်ဖက်က ၄င်း၏နှုတ်သီးကို အပြင်ဆွဲထုတ်ရန် အပြင်းအထန်အားထုတ်လိုက်သဖြင့် ၄င်းပတ်လည်ရှိ မြေပြင်မှာ တသိမ့်သိမ့်တုန်သွားတော့သည်။
ထိုအချိန် လောကတာအို၏မျက်လုံးများထဲရှိ ထူးဆန်းသောအလင်းမှာ ပို၍ပြင်းထန်လာ၏။ သူက မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန်ဖော်၍ ရှင်သန်ခြင်းနှင့် သေခြင်းတရားတာအိုအနှစ်သာရကို အနက်ရောင်နှင့် အဖြူရောင်ဓားနှစ်လက် ဖြစ်သွားစေကာ လက်သည်းရှည်ရှည်လက်ကြီးနှစ်ဖက်ထံ ခုတ်ပိုင်းချလိုက်လေသည်။
သေခြင်းတရားကို ကိုယ်စားပြုသော အနက်ရောင်ဓားက လက်တစ်ဖက်ကို ထိုးစိုက်လိုက်ရာ ၄င်းအား သေနေသည့်အလား လျင်မြန်စွာ ခြောက်သွေ့ညှိုးနွမ်းစေလိုက်သည်။ ရှင်သန်ခြင်းကို ကိုယ်စားပြုသော အဖြုရောင်ဓားကမူ လက်အတွင်းသို့ သက်စောင့်အားများစွာ တွန်းပို့လိုက်သဖြင့် လက်ကြီးမှာ လက်ခံနိုင်စွမ်းမရှိ၍ ပေါက်ကွဲတော့မည့်ပုံပေါ်လေသည်။
ဓားနှစ်လက်၏စွမ်းအားက အပြင်တွင် ပေါ်လာတော့မည် ပိုင်ရှောင်ချန်း၏ သက်စောင့်အနှစ်သာရဝိညာဥ်ထံမှ ပြင်းထန်သော နာကျင်မှုနှင့်အတူ ဒေါသတကြီးဟိန်းဟောက်သံကြီးအား ခေါ်ဆောင်လာတော့သည်။
ထို့နောက် မြေကြီးများ ကြေမွေပျက်စီးလာကာ စွမ်းအင်လမ်းကြောင်းကမ္ဘာပင် ၄င်းကို ထိန်းချုပ်နိုင်စွမ်းရှိပုံမရသည်အထိ ကြီးမားလှသော ခေါင်းကြီးတစ်လုံး ဝုန်းခနဲထွက်ပေါ်လာလေရာ ထိုမြင်ကွင်းသည်ကား ပိုင်ရှောင်ချန်း ဘယ်သောအခါမှ မေ့ပစ်နိုင်တော့မည် မဟုတ်ချေ။
၄င်းက နဂါးနှင့်လည်း တူပြီး လိပ်နှင့်လည်း တူလေသည်။ ယင်းအပြင် မည်းနက်နေပြီး တောင်များပမာ အစွယ်များဖြင့် ပြည့်နှက်နေလျက်ရှိသော ဟပြဲနေသည့် မေရိုးကြီးက မိကျောင်းတစ်ကောင်အား ထင်ဟပ်နေတော့သည်။ ၎င်းက ကောင်းကင်တုန်ခါ၍ မြေပြင်တို့အက်ကွဲစေသော ဟိန်းဟောက်သံကြီး ထုတ်လွှတ်ကာ ငုံ့ပြီး ဓားနှစ်ချောင်းအား ဝါးမျိုလိုက်၏။
အနှစ်သာရဓားများမှာ မရှောင်တိမ်းနိုင်ဘဲ မျိုချခံလိုက်ရလေသည်။ ထို့နောက် ဧရာမသက်စောင့်အနှစ်သာရဝိညာဥ်၏ခေါင်းကြီးက ဒန်တျန်နယ်ပယ်အား ကာကွယ်ထားသည့် အတားအဆီးကို ဆတ်ခနဲ ပစ်တိုက်လိုက်သည်။
အရာအားလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ အတားအဆီးပင် အက်ကြောင်းများထလာပြီး ပြိုကျလာသည်။ ထို့နောက် တိုးလျှိုပေါက် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာ၏။
သို့သော် ထိပ်တိုက်တွေ့ဆုံမှုက သက်စောင့်အနှစ်သာရဝိညာဥ်အတွက် များလွန်းသည်။ ၎င်းက မချိတင်ကဲအော်မြည်၍ ရေအိုင်ထဲ ပြန်လည်နစ်မြုပ်ဝင်ရောက်သွားကာ တစတစပျောက်ကွယ်သွားတော့သည်။
၄င်းတို့အားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားရာ ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးထွက်လျက် မတ်တတ်ရပ်ကာ ကျန်ခဲ့လေသည်။ တထစ်ချ မသေချာပါသော်လည်း သူ၏သက်စောင့်အနှစ်သာရဝိညာဥ်မှာ တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်နေပြီး ၄င်း၏ကမူးရှူးထိုးတိုက်ခိုက်မှုက ၄င်းကိုယ်၄င်း မတော်တဆ သတ်ခဲ့မိသည့်အလားပင်။
" နေပါဦး အဲဒါ မိကျောင်းတစ်ကောင်လား "
သို့သော် ၄င်း၏သက်စောင့်အနှစ်သာရဝိညာဥ်နှင့်ပတ်သက်၍ ထိုင်စဥ်းစားနေရန် အချိန်မရှိပေ။ သူက ရိပ်ခနဲလှုပ်ရှား၍ အဟန့်အတားတွင် ပွင့်သွားခဲ့သည့် အပေါက်ထံ တဟုန်ထိုးသွားပြီး ဒန်တျန်နယ်ပယ်ထဲ ဝင်ရောက်ရန် ပြင်လိုက်သည်။
သို့သော် သူ ၄င်းထံ မရောက်နိုင်ခင် လောကတာအိုက ရုတ်တရက် ရိပ်ခနဲ ပျောက်သွားပြီးနောက် သူ့အရှေ့တည့်တည့်တွင် ပြန်ပေါ်လာ၏။ သူက ညာလက်ကို ဆန့်ထုတ်၍ တည်ငြိမ်စွာ ပြောသည်။
" မင်း မကျော်ဖြတ်ရဘူး "
" ချီးမလို့ မရ ရမှာလား "
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်၏။ သူ လောကတာအိုအပေါ် မလေးစားသည့်စိတ် စိုးစဥ်းမျှ မရှိပေ။ သူ့အရှေ့ရှိလူမှာ တကယ့်လောကတာအို မဟုတ်ကြောင်း သိရုံသာဖြစ်သည်။ ထိုမျှသာမက သူ အလျင်လိုနေသည်။ သူ ဒေါသထွက်လာကာ အင်မော်တယ်ကမ္ဘာ၏ချီစီးကြောင်းကို ရရှိပြီးနောက် ဆည်းပူးခဲ့သောဉာဏ်အလင်း၏ လောကနတ်ဘုရားအဆင့်မှော်အတတ်ကို ဆင့်ခေါ်လိုက်သည်။
" အင်မော်တယ်ကမ္ဘာ "
သူ အော်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံ ကုန်ခမ်းလုနီးပါးဖြစ်သွားတော့သည်။ တချိန်တည်းမှာပင် သူက အင်မော်တယ်ကမ္ဘာ၏ချီစီးကြောင်းကို ထုတ်ဖော်၍ မှော်အတတ်ကိုအားဖြည့်ကာ အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်လေသည်။
၄င်းတို့က ကြီးမားပြီး ရှေးဆန်၏။ အင်မော်တယ်ကမ္ဘာ၏အရှိန်အဝါ သိသာထင်ရှားစွာ ပါဝင်နေပြီး တစ်ချက်လေးပင် မရပ်နားဘဲ လောကတာအိုအပေါ် ဖိနှိပ်လိုက်လေသည်။
အပျက်အစီးများက သဲများသဖွယ် သူ့ကို မြှုပ်နှံပြီး မလှုပ်နိုင်အောင် ချည်နှောင်ထား၍ လောကတာအိုပတ်လည်ရှိ နေရာမှာ နစ်ဝင်လာတော့သည်။
ပထမဆုံးအကြိမ်အဖြစ် လောကတာအို၏အမူအရာ ရိပ်ခနဲ ဖြစ်သွား၏။ သူက သူ့ကို မြှုပ်နှံနေသော အင်မော်တယ်ကမ္ဘာ၏အပျက်အစီးများကို လှည့်ပတ်ကြည့်လိုက်စဥ် သူ၏မျက်လုံးများ ငေးမောသွား၏။ ထိုငေးမောတွေဝေနေသည့်အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက နောက်ဆုံးလက်ကျန်စွမ်းအင်ကိုသုံးကာ ဒန်တျန်နယ်ပယ်ထဲ ဝင်ရောက်သွားလေသည်။
ထိုသို့ သူ ဝင်ရောက်လိုက်စဥ် သူ့ကိုယ်ထဲရှိ သွေးဆက်စွမ်းအားက တဝုန်းဝုန်း ထကြွလာကာ အောက်ဘက် ထာဝရအင်မော်တယ်နယ်မြေများရှိ ကျင့်ကြံသူများအားလုံး မြင်နိုင်သော တလက်လက်တောက်ပနေသော အလင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သံယောဇဥ်မဲ့လူသား၏ နဖူးမှ သူ၏ဒန်တျန်နယ်ပယ်အထိ တောက်လျှောက်ရှိနေသော ချုပ်နှောင်စာရွက်ကား စူးရှတောက်ပလာတော့သည်။ ၄င်း၏စွမ်းအားက မြင့်တက်လာသည်တွင် ၎င်းက ရုန်းကန်နေသော မိုးမြေဧကရာဇ်ကို ဖုံးလွှမ်းပြီး တင်းတင်းကြပ်ကြပ် ချုပ်နှောင်ရန် ဧရာမပိုက်ကွန်ကြီးတစ်ခုသဖွယ် ဖြန့်ကျက်လာလေသည်။