← Chapters

ကမ္ဘာမြေပေါ် ကျရောက်လာသော ဥက္ကာခဲများ

Vol. 13 Ch. 1267

ကမ္ဘာမြေပေါ် ကျရောက်လာသော ဥက္ကာခဲများ

Vol. 13 Ch. 1267

ထာဝရအင်မော်တယ်နယ်မြေများထဲမှ လူများမှာ မကြာသေးမီကပင် သူတော်စင်ဧကရာဇ်၏ သွေးမျိုးဆက် အချုပ်အနှောင်စာရွက် ပျက်စီးသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော် ပိုင်ရှောင်ချန်းက ဗဟိုဘိုးဘေးကြီး၏ အချုပ်အနှောင် စာရွက်ကို ပြုပြင်လိုက်နိုင်ပြီဖြစ်သည်။ လက်ရှိတွင် အချုပ်အနှောင် စာရွက်တစ်ရွက်မှာ ခိုင်မာစွာ တည်တံ့နေပြီဖြစ်ပြီး အခြားနှစ်ရွက်မှာ ပျက်စီးနေကြပြီဖြစ်သည်။

နဖူးသည် နတ်ဘုရားအာရုံကို ကိုယ်စားပြုပြီး ဝမ်းဗိုက်သည် ကျင့်ကြံခြင်းအခြေခံကို ကိုယ်စားပြုသည်။ ထိုအချက်ကိုကြည့်၍ ထာဝရသားတော်များ အသက်ရှိနေခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဗဟိုဘိုးဘေးကြီးမှာ စွမ်းအားအကြီးဆုံးဖြစ်ကြောင်း သိနိုင်သည်။ ထို့ကြောင့်လည်း သူ၏ သွေးမျိုးဆက်အချုပ်အနှောင် စာရွက်မှာ အရေးကြီးဆုံးသောနေရာများကို ဖုံးအုပ်ထားခြင်း ဖြစ်သည်။

ယခုလေးတင် သံယောဇဥ်မဲ့လူသားမှာ မျက်လုံးများကိုဖွင့်ကာ နိုးထလာရန် ရုန်ကန်းနေခဲ့သည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ရီနေခဲ့သည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ သွေးမျိုးဆက်အချုပ်အနှောင် စာရွက်ကို ပြုပြင်လိုက်နိုင်ပြီဖြစ်၍ ရုန်းကန်ရန် မဖြစ်နိုင်တော့ချေ။ သံယောဇဥ်မဲ့လူသား ငြိမ်ကျသွားတော့သည်။

တချိန်ထဲမှာပင် သွေးဆက်အချုပ်အနှောင် စာရွက်မှာ ပိုင်ရှောင်ချန်းအား အပြင်ဘက်သို့ ပြန်၍တည်နေရာရွှေ့ပြောင်းလိုက်သဖြင့် ဧရာမမိုးမြေဧကရာဇ်ကြီး၏ခန္ဓာကိုယ် အပြင်ဘက်ရှိ ကောင်းကင်ယံတွင် ပြန်၍ပေါ်လာသည်။

ထိုအခါ ချက်ချင်းပင် ထာဝရအင်မော်တယ်နယ်မြေများထဲတွင် နေထိုင်နေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာထံမှ အားပေးသံများ ပေါ်ထွက်လာတော့သည်။

" ဗဟိုဧကရာဇ် "

" ဗဟိုဧကရာဇ် "

" ဗဟိုဧကရာဇ် "

ထိုကဲ့သို့ အော်ဟစ်အားပေးသံများကို မိစ္ဆာဧကရာဇ်မင်းဆက်၊ သူတော်စင်ဧကရာဇ်မင်းဆက်နှင့် ဗဟိုဧကရာဇ်မင်းဆက်တို့ထဲတွင် ကြားနေရတော့သည်။ ပိုင်ရှောင်ချန်းမှာ မိုးမြေဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲတွင် အချိန်များစွာ ကုန်ဆုံးခဲ့သည် မဟုတ်ပါသော်လည်း ထိုအချိန်အပိုင်းအခြားလေးပေါ်တွင် သူတို့၏အသက်များအားလုံး မှီခိုနေရကြောင်း ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ကျင့်ကြံသူအားလုံးက သိကြသည်။

ဒဏ္ဍာရီထဲတွင်ပါသည့် ကောင်းကင်အလွန်မှ ရန်သူကြီး နိုးထလာခဲ့မည်ဆိုပါက မည်သို့အဆုံးသတ်သွားမည်ကို လူတိုင်းက သိသည်။ ယခုတွင်မူ သူတော်စင်ဧကရာဇ်မှာ စိတ်သက်သာရာရသွားကာ သက်ပြင်းများချနေပြီး အလွန်ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ပိုင်ရှောင်ချန်းအား ကြည့်နေတော့သည်။ ကောင်းကင်အလွန်မှ ရန်သူကြီးကြောင့်သာ မဟုတ်ပါက ပိုင်ရှောင်ချန်း၏ အားနည်းနေသော အခြေအနေကို အခွင့်ကောင်းယူ၍ ထာဝရအင်မော်တယ်နယ်မြေအားလုံးကို သူ အပြီးတိုင်ထိန်းချုပ်ရန် ကြိုးစားလျှင် ကြိုးစားလိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် နာကျည်းစွာရယ်မောလိုက်နိုင်ပြီး ထိုသို့သောအတွေးများကို ပယ်ရှားလိုက်တော့သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ပျံတက်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ဝေဟင်တွင် ရပ်လျက် အောက်ဘက်ရှိ အားပေးသံများကိုကြားနေရပြီး လူတိုင်း သူ့အားအလွန်ကျေးဇူးတင်နေကြသည်ကို သိလိုက်သည်။ သို့သော် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူ ဂုဏ်ဆာမနေတော့ပေ။ သူ၏ရင်ထဲမှ ဖိအားများက ကြီးမားလွန်းလှ၍ ထိုသို့သောအရာများကို စိတ်ထဲမှာပင် မထားနိုင်တော့ပေ။ အချုပ်အနှောင်စာရွက်ကို သူ ပြင်ဆင်ခဲ့စဥ်က ကြုံတွေ့ခဲ့ရသည့် အရာများကြောင့် သံယောဇဥ်မဲ့လူသား၏ အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားပုံကို ပို၍ရှင်းရှင်းလင်းလင်း သိရှိနားလည်လာပြီဖြစ်သည်။

ထာဝရသားတော်သုံးယောက်မှာ သူ့အား မသတ်နိုင်ခဲ့၍ အဆုံးသတ်တွင် သူတို့ကိုယ်သူတို့ စတေးကာ သူ့ကိုချုပ်နှောင်ခဲ့သည်။ လောကတာအိုပင် သူ့အား မုန်းတီးရုံထက်ပို၍ မစွမ်းနိုင်ခဲ့ပေ။ သို့ဖြစ်၍ အထက်တွင် အုပ်မိုးနေသည့် ဧရာမမိုးမြေဧကရာဇ်ကြီးကို သူ မော့ကြည့်မိလိုက်သောအခါ သူ၏ရင်ထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်လာတော့သည်။

ယခုတွင် အရာအားလုံး ပုံစံများ ပြောင်းလဲနေပြီဖြစ်သည်။ ဥပမာတစ်ခုပေးရမည်ဆိုလျှင် သံယောဇဥ်မဲ့လူသားပေါ်တွင် သူ၏ရုန်းကန်ခဲ့မှုများကြောင့် မရေမတွက်နိုင်သော အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ ထိုအက်ကွဲကြောင်းများမှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည်တော့ မဟုတ်ပေ။ နှစ်ပေါင်းများစွာတိုင်အောင် သူ၏ခန္ဓာကိုယ် အပေါ်တွင် စုဝေးနေခဲ့ကြသည့် ထူထဲလှသော ဖုန်များနှင့် ကျောက်သားများပေါ်တွင် ရှိနေကြခြင်းသာ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုသို့ စိုးရိမ်တကြီး မော့ကြည့်နေစဥ် သူတော်စင်ဧကရာဇ် ရောက်ရှိလာသည်။ သူ၏စိတ်ထဲ တွေးနေသည့်အရာကို သူတော်စင်ဧကရာဇ်က သိ၍ အချိန်တစ်ခဏမျှ ကုန်ဆုံးသွားပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

" အချုပ်အနှောင် စာရွက်တစ်ရွက်နဲ့ဆိုရင် အဲဒီမိုးမြေဧကရာဇ်ကြီးကို ထိန်းထားနိုင်မှာ မှန်ပေမဲ့ ကြာကြာတော့ ရမှာမဟုတ်ဘူး။ အလွန်ဆုံး နှစ်ခြောက်ဆယ်စက်ဝန်းတစ်ဝက်စာလောက်ပဲ ရမှာ "

သူတော်စင်ဧကရာဇ်သည် သူ၏သွေးမျိုးဆက်မှ အမွေအနှစ်ကို အပြည့်အဝ ပိုင်ဆိုင်ထားသည်ဖြစ်၍ ထိုဂဏန်းများကို အတိအကျတွက်ချက်နိုင်သည်။ ထာဝရအင်မော်တယ်နယ်မြေအားလုံးထဲတွင် သူတစ်ယောက်သာ ထိုအမှန်တရားကို သိသည်။

သူ၏စကားများကြောင့် ပိုင်ရှောင်ချန်းမှာ ပို၍ နှလုံးခုန်နှုန်း မြန်လာတော့သည်။ ယခုကဲ့သို့ အချိန်မျိုးတွင် သူတော်စင်ဧကရာဇ်က လိမ်ညာမည်မဟုတ်ကြောင်း သူ သိသည်။ သူတို့မှာ သံယောဇဥ်မဲ့လူသားနိုးထလာမည့်အချိန်ကို ရေတွက်နေရပြီဖြစ်သည်။ သူ စတင်ရုန်းကန်လာသည်နှင့် ထိုအချုပ်အနှောင်စာရွက်ကို ဖျက်ဆီးကာ မျက်လုံးများပွင့်လာမည်ဖြစ်သည်။

သူတော်စင်ဧကရာဇ်မှာ နာကျည်းမှုများ ပြည့်နှက်နေသည့် လေသံဖြင့် ဆက်၍ပြောလိုက်သည်။

" တကယ်လို့ ငါတို့သာ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ဝက်အတွင်း မိုးမြေဧကရာဇ်တွေ ဖြစ်သွားနိုင်မယ်ဆိုရင်တော့ အခွင့်အရေးရှိရင်ရှိလာနိုင်တယ်။ ဒါပေမဲ့ မဖြစ်လာနိုင်ဘူးဆိုရင်တော့ ငါတို့ရဲ့ကံကြမ္မာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ကူးကြည့်ရုံနဲ့ သိနိုင်တယ် "

" ပြီးတော့ ငါတို့ ထွက်ပြေးစရာနေရာလည်း လုံးဝ မရှိဘူး။ မင်း လောကနတ်ဘုရားအဆင့်ကို ရောက်လာတာ ထာဝရမယ်တော်ရဲ့ ထောက်ခံချက်နဲ့ လုံးဝ မဆိုင်ဘူးလို့ ငါယူဆတယ်။ မင်းပြင်ပကမ္ဘာကနေ အခွင့်အလမ်းကောင်းတွေ ရခဲ့တာပဲဖြစ်ရမယ်။ ငါ့အထင်တော့ အဲဒီရတနာယပ်တောင်ကြီးဆီကပေါ့။ အဲဒီအပြင်ဘက်က ဟင်းလင်းပြင်ကြီးကို မင်း တွေ့ပြီးပြီ မဟုတ်လား ... "

သူက သက်ပြင်းချလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ တစ်ခဏမျှ စကားတစ်ခွန်းတစ်လေပင် မပြောပေ။ သို့သော် သူပြန်ဖြေရန် ပြင်လိုက်ပြီး ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူအားလုံး စိတ်အေးလက်အေးဖြင့် သက်ပြင်းချနေကြစဥ် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားတော့သည်။

အခြား သွေးမျိုးဆက်အချုပ်အနှောင်စာရွက်နှစ်ရွက် ရှိမနေခြင်းကြောင့်လားတော့ မသိ၊ ချုပ်နှောင်ခံထားရပြီး မလှုပ်မယှက် ရပ်နေသည့် သံယောဇဥ်မဲ့လူသား၏ ပခုံးများမှာ တစ်စစီကွဲအက်ကာ ကြေမွပျက်စီးသွားကြသဖြင့် တအုန်းအုန်းမြည်သံများ ဗလုံးဗထွေး ပေါ်ထွက်လာတော့သည်။

ထိုကျောက်စကျောက်နများမှာ အောက်သို့ ကျဆင်းလာပြီး ဥက္ကာခဲတိမ်တိုက်တစ်ခုအသွင် ထာဝရအင်မော်တယ်နယ်မြေများ၏ မျက်နှာပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။ ထိုဥက္ကာခဲများထဲမှ အသေးဆုံးမှာ လူတစ်ယောက်အရွယ်အစားခန့်ရှိပြီး အကြီးဆုံးမှာ တောင်တန်းများလောက် ကြီးမားနေသည်။ ထိုဥက္ကာခဲများအားလုံးက တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အနက်ရောင်အလင်းရောင်များဖြင့် တောက်ပနေကြပြီး အရာရာတိုင်းကို ထိုးဖောက်သွားနိုင်သည့် ပုံစံပေါ်နေသည်။ ထိုဥက္ကာခဲများကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့ နှစ်ယောက်စလုံးမှာ မျက်နှာများ ပျက်သွားကြသည်။ သူတို့က ထိုဥက္ကာခဲများကို သွားရောက်တားဆီးရန် ပြင်လိုက်ကြချိန်မှာပင် ထိုဥက္ကာခဲများ၏ အရှိန်မှာ မြင့်တက်လာတော့သည်။

ထိုဥက္ကာခဲများ မြေပြင်ထဲသို့ ထိုးခွင်းသွားကြသဖြင့် တဂျုံးဂျုံးမြည်သံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် ၎င်းတို့မှာ ကမ္ဘာကြီးတစ်ခုလုံးကို ချုပ်နှောင်တော့မည့်အလား မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များကို နေရာအနှံ့သို့ ထုတ်လွှတ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်း ထိုကဲ့သို့ ကမ္ဘာကြီးကို ချုပ်နှောင်ရန်ပြင်နေသည့် ဥက္ကာခဲပေါင်း တစ်ရာကျော်မှာ မင်းဆက်သုံးဆက်၏ ပိုင်နက်များအတွင်းသို့ ကျဆင်းလာကြပြီ ဖြစ်သည်။

ထိုမျှလောက်သာဆိုပါက ရေးကြီးခွင်ကျယ် မဟုတ်သေးပေ။ သို့သော်လည်း ထိုအနက်ရောင်အလင်းများမှာ ပြန့်ထွက်သွားပြီးနောက် ၎င်းတို့နှင့် ထိစပ်နေသည့်အရာအားလုံးထံမှ သက်စောင့်အားများကို စုပ်ယူနေကြသည်။

ထိုဖြစ်ရပ်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူတော်စင်ဧကရာဇ်မင်းဆက်ထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများနှင့် အလွန်ဆင်တူပေသည်။

ထိုအနက်ရောင်အလင်းများ၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် သိပ်မကြာခင် ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည်ဖြစ်သည်။ ထိုသို့ စုပ်ယူခံလိုက်ရသည့် သက်စောင့်အားများမှာ သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားမည်ဖြစ်၍ သူ့အား အချုပ်အနှောင်စာရွက်ကို ရုန်းကန်နိုင်ရန် စွမ်းအားများ ပို၍ပေးနေသကဲ့သို့ ဖြစ်နေမည်လည်းဖြစ်သည်။

" ငါတို့တွေ တစ်ခုခု လုပ်မှရမယ်။ အခုချက်ချင်း လုပ်မှရမှာ "

သူတော်စင်ဧကရာဇ်မှာ ထိတ်ထိတ်ပျာပျာဖြင့် သူ၏လက်အောက်ငယ်သားများဆီသို့ အမိန့်များပေးပို့လိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူပင်။ ထိုအခါ ဗဟိုဧကရာဇ်မင်းဆက်နှင့် သူတော်စင်ဧကရာဇ်မင်းဆက်တို့မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ ထိုကမ္ဘာကြီးကို ချုပ်နှောင်ရန် ပြင်နေသည့်အလင်းရောင်များဆီသို့ အပြေးအလွှား သွားလိုက်ကြတော့သည်။

မိစ္ဆာဧကရာဇ်မှာမူ သေဆုံးသွားပြီဖြစ်၍ မူလနတ်ဆိုးမင်းသားနှင့် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ မိစ္ဆာဧကရာဇ်မင်းဆက်ကို ဦးဆောင်ကာ အမိန့်ပေးလိုက်ကြသည်။ သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများကို စုရုံးပြင်ဆင်ကာ ကာကွယ်မှုများပြုလုပ်ရန် ပိုင်ရှောင်ချန်းထံမှ မည်သည့် အမိန့်ကိုမှ မလိုလိုက်ပေ။

ပိုင်ရှောင်ချန်းကမူ ရတနာယပ်တောင်ကြီးဆီမှ လောကနတ်ဘုရားအဆင့်ကျေးကျွန်ကြီး နှစ်ယောက်ကိုပါ ဆင့်ခေါ်လိုက်ပြီး တိုက်ပွဲထဲသို့ စေလွှတ်လိုက်တော့သည်။

တော်ဝင်မင်းဆက်ကြီးသုံးဆက်ထဲမှ အင်အားများအားလုံး ပူးပေါင်းသွားသည့်အပြင် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှစ်ယောက်ပါ ပါသေးသည်။ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့မှာမူ အချုပ်အနှောင်စွမ်းအား အများဆုံး ရှိနေသည့် နေရာများကို လိုက်လံရှာဖွေလိုက်ပြီး ထိုနေရာများတွင် သူတို့တာဝန်ကို အာရုံစိုက်၍ လုပ်ဆောင်နေကြတော့သည်။

သူတော်စင်ဧကရာဇ်မှာ ပိုင်ရှောင်ချန်း၏ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှစ်ယောက်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရပါသော်လည်း တချိန်ထဲမှာပင် ထာဝရအင်မော်တယ်နယ်မြေများဆက်၍ အသက်ရှင်ကျန်ရစ်နိုင်မည်ဟူသော သူ၏ယုံကြည်ချက်များမှာလည်း ရုတ်တရက် မြင့်တက်သွားသည်။ သူသည် တိုက်ခိုက်ခံနေရသဖြင့် ဖရိုဖရဲဖြစ်နေသော တောင်ထိပ်တစ်ခုကို အာရုံစိုက်လိုက်ပြီး ပိုင်ရှောင်ချန်းကမူ ထာဝရပင်လယ်၏ အလယ်တွင် ဧရာမကျွန်းကြီးတစ်ကျွန်းအဖြစ် ကျဆင်းသွားခဲ့သည့် အကြီးဆုံးသော ဥက္ကာခဲကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်နေရုံသာမက ပင်ပန်းနွမ်းနယ်နေပြီလည်းဖြစ်သည်။ သူသည် ထာဝရအင်မော်တယ်နယ်မြေသို့ ယခုလေးတင် ပြန်ရောက်လာခဲ့သည် ဖြစ်ပါသော်လည်း သရဲကြီးဘုရင်ကိုသွားရောက်ကယ်တင်ကာ အယောင်ဆောင်မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ခဲ့ရပြီးနောက် သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ပေါ်ရှိ ပျက်စီးနေသော သွေးမျိုးဆက်အချုပ်အနှောင် စာရွက်များအကြောင်းကို သိရှိခဲ့ရသည်။ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်၍ သူ၏သွေးမျိုးဆက်နှင့် ချိတ်ဆက်နေသော အချုပ်အနှောင်စာရွက်ကို ပြုပြင်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံး အန္တရာယ်ထဲသို့ ကျရောက်သွားပြန်တော့သည်။

သူသည် စိတ်ရောကိုယ်ပါ မောပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် မာန်တင်းလိုက်ပြီး ထာဝရပင်လယ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားလိုက်သည်။

သူသည် လုံးဝတွေဝေမနေပဲ ထာဝရပြုစားခြင်းအတတ်ကိုသုံး၍ အရှိန်တင်လိုက်သည်။ အချုပ်နှောင်ခံထားရပြီဖြစ်သော အနက်ရောင်နေရာကြီးထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်သောအခါ ဆုံချက်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် တအံ့တသြဖြင့် ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်သောအခါ ပင်လယ်ရေများ လုံးဝ ရှိမနေပဲ အနက်ရောင်ကုန်းမြေများသာ ရှိနေသည်ကို မြင်လိုက်ရသည်။

အဝေးတစ်နေရာတွင် ထိုဥက္ကာခဲကြီးကြောင့် ဖြစ်တည်လာခဲ့သည့် မီးတောင်ကြီးတစ်ခု ရှိနေသည်။ ထိုမီးတောင်မှ တလိပ်လိပ်ထွက်နေသည့် အနက်ရောင်မီးခိုးများမှာ ဤကမ္ဘာကြီးကို ချုပ်နှောင်နေသည့် အမှောင်ထုများပင်ဖြစ်သည်။

သူသည် နတ်ဘုရားအာရုံအချို့ ထုတ်လွှတ်လိုက်သောအခါ ပုန်းလျှိုးနေကြသည့် မရေမတွက်နိုင်လောက်အောင် များပြားသော မကောင်းဆိုးဝါးတစ္ဆေများကို မြင်လိုက်ရ၍ တုန်လှုပ်သွားသည်။ ယခုလောလောဆယ်တွင်မူ သူတို့က ဤပျံ့နှံ့နေသော မီးခိုးများ၏ လက်သည်တရားခံလား သို့မဟုတ် ဤမီးခိုးများက ၎င်းတို့ကို သယ်ဆောင်လာခြင်းပေလား ဝေခွဲမရနိုင်လောက်အောင်ပင်။

ထိုမကောင်းဆိုးဝါးတစ္ဆေများမှာ ပိုင်ရှောင်ချန်းအား မြင်လိုက်သည်နှင့် တစ်ပြိုက်နက် အော်ဟစ်မြည်တမ်း၍ သူ့ထံ အရှိန်အဟုန်ဖြင့် ပြေးလာကြတော့သည်။

ထိုမကောင်းဆိုးဝါးတစ္ဆေများမှာ မိုးမြေဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ တစ္ဆေများနှင့် မတူပေ။ တခဏအကြာတွင် သူတို့က အမုန်းဝိညာဥ်များဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိရှိသွားတော့သည်။

ပိုင်ရှောင်ချန်းထံတွင် ဝိညာဥ်များကို ကိုယ်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာ ရှိသည်မဟုတ်ပါလော။ သို့ဖြစ်၍ သူသည် စိတ်အေးလက်အေး သက်ပြင်းချလိုက်ကာ လက်ကို ဝှေ့ယမ်း၍ ဝိညာဥ်စုစည်းဆေးလုံး အမြောက်အမြားကို ထုတ်ယူလိုက်ပြီး သူ၏ရှေ့သို့ ပစ်လွှတ်လိုက်တော့သည်။

" သံယောဇဥ်မဲ့လူသားမှာ ဒီလိုမျိုးဝိညာဥ်တွေအများကြီးရှိနေတာသာ ငါ သိခဲ့လို့ကတော့ ဟင်းလင်းပြင်ကြီးထဲကိုတောင် ငါသွားခဲ့မှာမဟုတ်ဘူး "

သူသည် လက်ကိုဝှေ့ယမ်းကာ ရှေ့ဘက်ရှိ လူသူကင်းမဲ့နေသော နေရာဆီသို့ ချီတက်သွားတော့သည်။

All Chapters