ဘယ်လိုတောင် ဆွဲထုတ်နိုင်ရတာတုံး
Vol. 13 Ch. 1268
သံယောဇဥ်မဲ့လူသားက ကြယ်တာရာကောင်းကင်ထဲရှိ လူများအားလုံးကို လူမျိုးတုံးသတ်ဖြတ်ခဲ့စဥ်က ထွက်ပေါ်လာခဲ့သည့် အမုန်းဝိညာဥ်များမှာ သူ့အငွေ့အသက်၏ လွှမ်းမှိုးခြင်းခံခဲ့ရသည့်အတွက် တိုက်ပွဲတွင် ရင်ဆိုင်ရသူတိုင်း တုန်လှုပ်ခြောက်ခြားသွားရသည့် မကောင်းဆိုးဝါးတစ္ဆေများအသွင် ပြောင်းလဲသွားခဲ့သည်။
သူတို့မှာ သေဆုံးပြီးသားဖြစ်၍ တိုက်ပွဲတွင် ကျဆုံးသွားရမည်ကို ကြောက်ရွံ့ခြင်းမရှိသလို ရင်သပ်ရှုမောစရာကောင်းလောက်အောင် အစွမ်းထက်သည့် နတ်ဘုရားအစွမ်းများနှင့် မှော်အတတ်များသာ မရှိပါက သူတို့ကို နှိမ်နင်းရန်မှာ လုံးလုံး မဖြစ်နိုင်ပေ။ အခြားနည်းလမ်းအများစုမှာ သူတို့အပေါ်တွင် အသုံးမဝင်ပေ။
ကြယ်တာရာကောင်းကင်ထဲရှိ လူနည်းစုသာ ဝိညာဥ်ခန္ဓာကိုယ်များကို ပစ်မှတ်ထားနိုင်သည့် နတ်ဘုရားအစွမ်းများကို ပိုင်ဆိုင်ထားကြသည်။ ထိုလူများကိုမူ သံယောဇဥ်မဲ့လူသားက သူကိုယ်တိုင် ရင်ဆိုင်ခဲ့သည်။ အခြားသောနေရာ အများစုတွင် မကောင်းဆိုးဝါးတစ္ဆေများဖြင့် ဖွဲ့စည်းထားသည့် ခမ်းနားကြီးကျယ်သော သူ့စစ်တပ်ကြီးမှာ သူ၏ ကြောက်မက်ဖွယ်ရာအကောင်းဆုံးနှင့် အန္တရာယ်အကြီးဆုံး လက်နက်ကြီးပင် ဖြစ်သည်။
ထာဝရသားတော်သုံးပါးက သူတို့ကိုယ်သူတို့ စတေးကာ သံယောဇဥ်မဲ့လူသားကို ချုပ်နှောင်ခဲ့စဥ်က သူ၏စစ်တပ်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ဆွဲယူခံလိုက်ရပြီး နှစ်ပေါင်းမြောက်မြားစွာ သူနှင့်အတူ အိပ်စက်နေခဲ့သည်။
ယခုတွင် သံယောဇဥ်မဲ့လူသားမှာ နိုးထစပြုလာပြီဖြစ်ရာ သူ၏မကောင်းဆိုးဝါးတစ္ဆေများမှာလည်း ထိုနည်းတူပင်။ သူ၏အသားစများက ဥက္ကာခဲများအဖြစ် ပြုတ်ကျလာချိန်တွင် ထိုတစ္ဆေများသည်လည်း ကမ္ဘာကြီးကို စတင်ချုပ်နှောင်လိုက်ကြပြီး ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်ရန်အတွက် အရပ်မျက်နှာပေါင်းစုံသို့ ဖြည်းညင်းစွာ ပြန့်ထွက်သွားနေကြသည်။ တချိန်တည်းမှာပင် ထိုနေရာများထဲသို့ ဝင်ရောက်လာသူများမှာ လျင်မြန်စွာပင် ဝါးမျိုခံလိုက်ရမည် ဖြစ်သည်။
သို့သော် ယခုတွင်မူ သူတို့သည် ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်လိုက်ရပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ဘဝတစ်လျှောက် ဝိညာဥ်မည်မျှခန့် ဖမ်းဆီးခဲ့သည်ကို အတိအကျဖော်ပြရန် မဖြစ်နိုင်သလို အောက်လမ်းအတတ်တွင် သူ အသုံးပြုခဲ့သည့် ဝိညာဥ်အရေအတွက်ကိုလည်း အတိအကျသိရန် မဖြစ်နိုင်ပေ။ ထိုအရေအတွက်မှာ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လက်ရှိလူဦးရေထက်ပင် များလျှင်များနေနိုင်သည်။ ထို့အပြင် ဟင်းလင်းပြင်ကြီးထဲတွင် သွားလာခဲ့သည့် ခရီးစဥ်များကြောင့် သူ၏သရဲကြောက်စိတ်မှာ ပြောင်းပြန်ဖြစ်သွားခဲ့ရပြီဖြစ်သည်။ သူ၏ဘဝတွင် သရဲများကို မကြောက်ဆုံးပင် ဖြစ်နေပြီ ဖြစ်သည်။
မာန်ဖီဟိန်းဟောက်ကာ ရက်စက်ကြမ်းကြုတ်လှသည့် မကောင်းဆိုးဝါးတစ္ဆေတစ်အုပ်လုံး သူ့ထံ ပြေးလာနေသည်ကို မြင်လိုက်ရသောအခါ သူ ပြုံးလိုက်၏။ ထို့နောက် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဥ်စုစည်းဆေးလုံးများစွာကို ထုတ်လွှတ်လိုက်သောအခါ ၎င်းတို့မှာ ပေါက်ကွဲကာ လေပွေများအသွင် ပြောင်းလဲသွားကြပြီး အနီးနားရှိ တစ္ဆေများအား ဆွဲငင်လိုက်ကြတော့သည်။
ထိုတစ္ဆေများမှာ ရုန်းကန်နေကြပါသော်လည်း ဆုံချက်ဆီသို့ ဆွဲငင်နေသည့် အားကြီးကိုမူ မတွန်းလှန်နိုင်ပေ။ ယခုတွင် သူတို့မှာ အားအင်ချည့်နဲ့ကာ စွမ်းကားကင်းမဲ့နေသည့်ပုံပေါက်နေပြီဖြစ်ပြီး အော်ဟစ်မြည်တမ်းကာ ဝိညာဥ်စက်လုံးဒါဇင်များစွာထဲသို့ ဆွဲစုပ်ခံလိုက်ရတော့သည်။
ထိုစက်လုံးတစ်လုံးချင်းစီထဲတွင် ရေတွက်၍မရနိုင်လောက်အောင် များပြားသော တစ္ဆေများပါဝင်ပြီး သူတို့အားလုံး အော်ဟစ်မြည်တမ်းကာ တစ်ယောက်ကိုတစ်ယောက် ကိုက်နေကြပြီး လွတ်မြောက်နိုင်ရန် ရုန်းကန်နေကြသည်။
ရုတ်တရက် ပိုင်ရှောင်ချန်းမှာ သတိကြီးကြီးထားနေရာမှ စိတ်ပေါ့ပါးသွားပြီး အနည်းငယ်ပင် စိတ်လှုပ်ရှားလာတော့သည်။ သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး တစ်နေရာပြီးတစ်နေရာသို့သွား၍ ဝိညာဥ်စက်လုံးများကို လိုက်လံကောက်ယူနေတော့သည်။
" စွမ်းအင်လမ်းကြောင်းထဲမှာသာ ဒီလိုလွယ်လွယ်ကူကူ ဖြစ်ခဲ့မယ်ဆိုလို့ကတော့ကွာ "
သူသည် သက်ပြင်းများချရင်း ဝိညာဥ်စက်လုံးများစွာကို လိုက်လံစုစည်းကာ သူ့ထံသို့ပြေးလာနေကြဆဲ ဖြစ်သည့် မကောင်းဆိုးဝါးတစ္ဆေများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် တိုက်ခိုက်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ခေါင်းကိုနောက်ပစ်ကာ အသံဆွဲ၍ အော်ဟစ်လိုက်တော့သည်။
" လာခဲ့ကြစမ်း။ ဒီနေ့ မင်းတို့တွေအကုန်လုံး ကိုယ်တော်ပိုင်ဘယ်လောက်စွမ်းလဲဆိုတာ သိစေရမယ် "
ထိုသို့ဆိုကာ သူသည် ဝိညာဥ်စုစည်းဆေးလုံးများကို ထပ်၍ထုတ်လွှတ်လိုက်ပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ချေမှုန်းနေတော့သည်။
အဆုံးသတ်တွင် မကောင်းဆိုးဝါးတစ္ဆေများဖြင့် ဖွဲ့စည်းထားသည့် ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်ကြီးမှာ လမ်းစပျောက်နေသည့် ဝိညာဥ်အနည်းငယ်အဖြစ်သို့ ရောက်သွားရတော့သည်။ ထိုကျန်ရှိနေသေးသည့် ဝိညာဥ်များမှာလည်း ပိုင်ရှောင်ချန်း သူတို့အနားသို့ ရောက်လာတိုင်း ထွက်ပြေးသွားကြသည်သာဖြစ်သည်။
သူတို့သည် ကြယ်တာရာကောင်းကင်ကြီးထဲတွင် လှည့်လည်ခဲ့စဥ်က ကြောက်မက်ဖွယ် ရန်သူများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသော်လည်း ထိုထဲမှ မည်သူကမှ မကောင်းဆိုးဝါးအားလုံး၏ အရှင်သခင်ကဲ့သို့ဖြစ်နေသော ပိုင်ရှောင်ချန်းအား လိုက်မမီကြပေ။
ယခု သူသည် ဟင်းလင်းပြင်းကြီးထဲတွင် လှည့်ပတ်သွားလာခဲ့စဥ်က ဖမ်းမိခဲ့သည့် ဝိညာဥ်များ၏ သုံးဆယ်ရာခိုင်နှုန်းလောက်ကို ဖမ်းဆီးပြီးသွားပြီဖြစ်သည်။ ထို့အပြင် ထိုသို့ဖမ်းဆီးရသည်မှာ လွယ်ကူလွန်းနေသည့်အတွက် သူက မီးတောက်အချို့ကိုပါ ဖန်တီးလိုက်သေးသည်။
သူ၏လက်ဝယ်တွင်ရှိနေသည့် ရင်းမြစ်ပစ္စည်းများကြောင့် အမျိုးမျိုးသော ရောင်စုံခြယ်မီးတောက်များကို ဖန်တီးနေနိုင်ပြီဖြစ်၍ တလက်လက်တောက်ပနေသည့် အလင်းရောင်များ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်နေကြတော့သည်။ မကြာမီ ထိုမကောင်းဆိုးဝါးတစ္ဆေများမှာ သံယောဇဥ်မဲ့လူသားပြီးလျှင် ပိုင်ရှောင်ချန်းအား အကြောက်ဆုံး ဖြစ်သွားကြတော့သည်။
သူတို့တွင် အသိစိတ် မရှိပါသော်လည်း ပိုင်ရှောင်ချန်းမှာ မည်မျှ အန္တရာယ်များကြောင်း ခံစားနိုင်စွမ်းရှိနေသည်ဖြစ်၍ သူ့အား တိုက်ခိုက်ရန် မကြိုးစားရဲလောက်အောင်ပင် ဖြစ်နေကြသည်။ သူတို့မှာ ထွက်ပြေးရင်း ပို၍ မြန်မြန်ထွက်ပြေးနိုင်ရန်သာ ဆုတောင်းနေကြတော့သည်။
အခြားသောအခြေအနေများတွင်ဆိုလျှင် ပိုင်ရှောင်ချန်းမှာ သူတို့ကိုလိုက်ဖမ်းရန်အထိ ဆန္ဒရှိနေမည်မဟုတ်သော်လည်း ယခုတွင်မူ သူ ရရှိပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကြီးကို တွေးမိလိုက်သောအခါ ဤချုပ်နှောင်ခံထားရသည့် နေရာကြီး၏အလယ်ဗဟိုရှိ မီးတောင်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူ၏လမ်းတွင် မည်သည့်အရာမှ ပိတ်မနေနိုင်သည်ဖြစ်ရာ တခဏလေးအတွင်း ထိုမီးတောင်ဆီသို့ သူ ရောက်ရှိသွားပြီး ၎င်းအား သူ၏နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်တော့သည်။ ထိုအခါ သူ၏မျက်ဝန်းများမှာ ချက်ချင်းပင် စူးစမ်းလိုစိတ်များဖြင့် တောက်ပသွားတော့သည်။
ထိုမီးတောင်ထဲတွင် ရှေးဟောင်းကျောက်တံခါးကြီးတစ်ပေါက် ရှိနေခြင်း ဖြစ်သည်။
ထိုတံခါးပေါက်မှာ ရှေးဟောင်းအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည့်ပုံပေါ်နေပြီး ၎င်းထံမှ ဗလုံးဗထွေးဖြစ်နေသည့် အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်နေသည်။ ၎င်းမှာ တံခါးတစ်ပေါက်နှင့်ပင် သိပ်မတူပဲ ကျောက်သားဖြင့်ဖွဲ့စည်းထားသည့် ဘောင်တစ်ခုနှင့်တူနေပြီး ထိုဘောင်ကြီးထဲတွင် ရေနှင့်တူသော အလွှာပါးတစ်ခုက ပရမ်းပတာတုန်ခါနေသည်။
ထိုအလွှာပါးလေးက ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည်မှာ ၎င်း၏အတွင်းထဲရှိ တစ်စုံတစ်ရာက လွတ်မြောက်အောင်ရုန်းကန်ပြီး ကမ္ဘာကြီး၏ ချုပ်နှောင်ထားသော နေရာဆီသို့ ဝင်ရောက်လာနိုင်ရန် ကြိုးပမ်းနေသကဲ့သို့ပင်။
ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးအိမ်များကျဥ်းသွားရသည်။ သို့သော် တခဏအကြာတွင် ထိုအခြားတစ်ဖက်ရှိ အရာကြီးမှာ လောကနတ်ဘုရားအဆင့်သာ ရှိနေသေးကြောင်း သူက အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် အနည်းငယ်မျှ စိတ်အေးသွားပြီး မီးတောင်ကြီးဆီသို့ ဆက်၍ပျံသန်းသွားလိုက်တော့သည်။
ထိုမီးတောင်ကြီးမှာ အနက်ရောင်မီးခိုးများထုတ်လွှတ်နေပါသော်လည်း ပိုင်ရှောင်ချန်းထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ထိုမီးခိုးများကိုအဝေးသို့ တွန်းထုတ်နေသည့်အတွက် သူ့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမနေပေ။ ထို့ကြောင့် သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ မီးတောင်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး ထိုကျောက်တံခါးကြီး၏ ရှေ့သို့ ရောက်သွားတော့သည်။
ထိုအခါ ထိုအခြားတစ်ဖက်ရှိ သတ္တဝါကြီးမှာ သူရှိနေကြောင်းကို အာရုံခံမိလိုက်သည့်ပုံပေါ်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေနိုင်သည့် အသံမျိုးဖြင့် အော်ဟစ်လိုက်လေသည်။ ရုတ်တရက် ထိုအထဲမှ လက်ကြီးတစ်ဖက်ဆန့်ထွက်လာပြီး ထိုအလွှာပါးလေးကို ထိုးဖောက်ချင်နေသည့်အလား တွန်းနေတော့သည်။
ဤသတ္တဝါကြီးက မကောင်းဆိုးဝါးတစ္ဆေတစ်ကောင် ဖြစ်နေသည်မှာ အသေအချာပင်။ သို့သော်လည်း သူသည် အခြားသောတစ္ဆေများနှင့် မတူညီပဲ ကွဲပြားနေသည်။ ၎င်းမှာ များစွာပို၍ စွမ်းအားကြီးမားပြီး လောကနတ်ဘုရားအဆင့်တွင် ရှိနေပေသည်။
ထို့အပြင် ၎င်း၏ဝိညာဥ်ခန္ဓာကိုယ်မှာ ပြီးပြည့်စုံနေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း ဟင်းလင်းပြင်ကြီးထဲမှ ရရှိခဲ့သည့် လောကနတ်ဘုရား ဝိညာဥ်ကြီးနှင့် လုံးဝမတူညီပဲ ကွဲပြားနေသည်လည်းဖြစ်သည်။ ဤ မကောင်းဆိုးဝါးတစ္ဆေမှာ သံယောဇဥ်မဲ့လူသား၏ စစ်တပ်ထဲတွင် စစ်သေနာပတိချုပ်တစ်ယောက်ကဲ့သို့ ဖြစ်ခဲ့သည့်ပုံပင်။
အချိန်အနည်းငယ်သာ ထပ်ပေးလိုက်မည်ဆိုပါက ထိုသတ္တဝါကြီးမှာ အလွှာပါးလေးကိုထိုးဖောက်ကာ ဤချုပ်နှောင်ထားသော နေရာကို သိမ်းပိုက်အုပ်ချုပ်ရန် ထွက်လာမည်ဖြစ်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ၎င်းကိုနှင်ထုတ်ရန် အနည်းငယ် ပို၍အားစိုက်ရတော့မည် ဖြစ်သည်။
လောကနတ်ဘုရားအဆင့် မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်မှာ စစ်တပ်ကြီးတစ်ခုကို ကောင်းကောင်းအုပ်ချုပ်နိုင်စွမ်း ရှိနေမည် မဟုတ်ပါလော။ ထို့အပြင် ထိုအခြေအနေမျိုးတွင် ပိုင်ရှောင်ချန်း၏ ဝိညာဥ်စုစည်းဆေးလုံးများမှာ အလုပ်ဖြစ်နေဦးမည် ဖြစ်သော်လည်း ယခင်ကလောက် စွမ်းနေဦးမည်တော့ မဟုတ်ပေ။
ဤလောကနတ်ဘုရားအဆင့် တစ္ဆေကြီးအတွက် ကံဆိုးသွားသည်မှာ ပိုင်ရှောင်ချန်းသည် အခြားမည်သူမှ မထင်ထားနိုင်လောက်အောင် လျင်မြန်စွာရောက်ရှိလာသည့်အပြင် သူ့ထံတွင် ဝိညာဥ်ခန္ဓာများကို ဖမ်းဆီးနိုင်မည့် နည်းလမ်းများစွာ ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုမကောင်းဆိုးဝါးတစ္ဆေကြီး အပြင်သို့ထွက်မလာနိုင်ခင် သူက ၎င်း၏လမ်းကို ပိတ်လိုက်တော့သည်။
ထိုမကောင်းဆိုးဝါးတစ္ဆေကြီးမှာ ဒေါသများထွက်သွားသဖြင့် အော်ဟစ်မြည်တမ်းကာ ရေခဲတမျှအေးစက်နေသော အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး အလွှာပါးလေးကို စတင် ဆုတ်ဖြဲနေတော့သည်။ ဤတစ္ဆေကြီးနှင့် အခြား မျိုးနွယ်တူတစ္ဆေများအကြား ကွဲပြားနေရသည့် နောက်ထပ်တစ်ချက်မှာ ၎င်းထံတွင် အသိစိတ်ရှိနေရုံသာမက နတ်ဘုရားအာရုံတစ်ခုကိုပါ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
" မင်းဒီတစ်ခေါက် ကံကောင်းသွားတယ် "
ထိုတစ္ဆေကြီးက ဒေါသတကြီးအော်ပြောလိုက်သည်။
" ငါ့ခန္ဓာကိုယ်အစစ်သာ ဒီကိုရောက်နေမယ်ဆိုရင် မင်း အခုရပ်နေတဲ့နေရာမှာ မင်းကိုသတ်ပစ်လို့ရတယ် "
" ဒါပေမဲ့ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ သိပ်မကြာခင် ငါ့သခင်ရဲ့ စစ်တပ်တစ်ခုလုံး ရောက်လာပြီး ငါ့ခန္ဓာကိုယ်အစစ်ပါ ပါလာမှာ။ အဲဒီအခါမှ ငါတို့က ဒီနယ်မြေတွေအားလုံးကို သိမ်းပိုက်ပြီး မင်းရဲ့ပြည်သူတွေကို ငါတို့ရဲ့ မကောင်းဆိုးဝါးတစ္ဆေစစ်တပ်ထဲရောက်အောင် လုပ်ပစ်မှာကွ "
ထိုသို့ဆိုကာ ထိုလက်ကြီးမှာ အလွှာပါးလေးထဲသို့ ပြန်၍နစ်ဝင်သွားတော့သည်။
သို့သော် ၎င်း ပျောက်ကွယ်မသွားခင် ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ရှေ့သို့လှမ်းလိုက်သည်။ ထို့နောက် သူ၏လက်ကိုဆန့်ထုတ်၍ ထိုလက်ကြီးကို လှမ်းဆွဲလိုက်တော့သည်။ ထိုလက်ကြီးမှာ အလွှာပါးလေး၏ အုပ်မိုးခြင်းကိုခံထားရသည်ဖြစ်ရာ လက်အိပ်တစ်ခုဝတ်ဆင်ထားသည်နှင့်ပင် တူနေတော့သည်။
" ဟေး ဘာတွေလောနေတာတုန်း။ မင်းက ဒီကိုရောက်နေပြီဆိုမှတော့ မင်းကို ငါ ကူညီပေးရမှာပေါ့ကွ "
ပိုင်ရှောင်ချန်းမှာ ဤလောကနတ်ဘုရားအဆင့် မကောင်းဆိုဝါးတစ္ဆေကြီးအား မည်သည့်နည်းနှင့်မျှ လွှတ်ပေးလိုက်မည် မဟုတ်ပေ။ ၎င်းမှာ တန်ဖိုးကြီးမားလွန်းနေသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းမှာ သူ၏အပြင်အားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်သုံးကာ အံ့သြဖွယ်ကောင်းသောအားတစ်မျိုးဖြင့် ထိုလက်ကြီးအား အပြင်သို့ပြန်၍ ဆွဲထုတ်လိုက်သဖြင့် ထိုမကောင်းဆိုးဝါးတစ္ဆေကြီးမှာ တုန်လှုပ်ခြောက်ခြားသွားရတော့သည်။