အိမ်ပြန်ရောက်သောအခါဝယ်
Vol. 13 Ch. 1269
အမှန်တွင် ပိုင်ရှောင်ချန်းက ကြောက်ခမန်းလိလိ သန်မာ၏။ အထူးသဖြင့် သူ အားကုန်ထုတ်လိုက်သောအခါတွင် ဖြစ်ပေသည်။ သူက ညာလက်ရှိ မိုးမြေဧကရာဇ်အရှိန်အဝါကိုပင် ဆင့်ခေါ်ခဲ့သည်ဖြစ်၍ မကောင်းဆိုးဝါးတစ္ဆေကို ကျောက်တံခါးမှ အပြင်သို့ အလွယ်တကူ ဆွဲထုတ်နိုင်လိုက်သည်။
၄င်းက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် တစ္ဆေမှာ ဖြစ်ပျက်နေသည်အား မယုံနိုင်လောက်အောင် ဖြစ်နေပြီး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ မျက်စိတစ်မှိတ်အတွင်း သူက ပိုင်ရှောင်ချန်း၏ အရှေ့တည့်တည့်တွင် ရပ်နေမိလျက်သား ဖြစ်နေတော့သည်။
ယခု သူ့အသွင်က ပိုင်ရှောင်ချန်းကို ငူငူငိုင်ငိုင်ကြီး ရပ်ကြည့်နေသော ရှုပ်ပွနေသော ဆံပင်များဖြင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့် တူနေတော့သည်။ ထို့နောက် သူက သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ပြီး အကယ်၍ သူသာ တတ်နိုင်ပါက သူ့ကိုယ်မှ ချွေးအေးများ စီးကျနေပေလိမ့်မည်ဖြစ်ကြောင်း တွေးနေမိတော့သည်။
ထိုအလွှာ မည်မျှ ခိုင်ခံ့ကြောင်း သူ အတိအကျ သိထားသည်။ အချိန်အတော်ကြာသည်အထိ သူ အချည်းနှီး ရုန်းကန်နေခဲ့ရသည် မဟုတ်ပါလော။ ထို့နောက် အနှီပိန်ပိန်ပါးပါး အသားဖြူဖြူ လူငယ်က ၄င်းကို အလွယ်တကူ စုတ်ဖြဲပစ်လိုက်လေသည်။
ပို၍ အရေးကြီးသည်မှာ သူတို့ကြား ရပ်တည်ပေးသော တံခါးနှင့် အလွှာမရှိတော့သည်ဖြစ်၍ ပိုင်ရှောင်ချန်း၏အရှိန်အဝါကြောင့် သူ တစ်ကိုယ်လုံး တုန်ရီသွားရသည်။
" အာ ... ဟေး .... ဆရာကြီး " သူက ပြောသည်။
" ဒါက နားလည်မှုလွဲရုံလေးပါ ... "
" အီး "
ပိုင်ရှောင်ချန်းက သိချင်စိတ်ပြင်းပြစွာ ပြော၏။
" ခင်ဗျားက သိပ်ထူးခြားတဲ့ဝိညာဥ်အမျိုးအစား ဟုတ်တယ်မလား "
" မဟုတ်ဘူး မဟုတ်ဘူး ဒါတွေအားလုံးက နားလည်မှုလွဲတာပါဗျာ။ စိတ်လျှော့ပါ ဆရာြကီးရယ်။ ဒီတော့ အခု ကျွန်တော် ပြန်သွားတော့မယ်နော် … "
ထို့နောက် သူက လှည့်ပြီး ဂိတ်တံခါးထံ လှစ်ခနဲ ပြေးလိုက်သည်။ သို့သော်ငြား ဩချရလောက်အောင် မြန်ဆန်သွက်လက်စွာ သွားလိုက်သည့်တိုင် ပိုင်ရှောင်ချန်းက သူ့လက်မောင်းကို ဆတ်ခနဲ ဖမ်းဆွဲလိုက်သဖြင့် သူ တုံ့ခနဲ ရပ်သွားတော့သည်။
ထို့နောက် ပိုင်ရှောင်ချန်း၏ နားလည်ရခက်သောအပြုံးတစကို မြင်လိုက်ရကာ သူ့မျက်နှာ အိုစာသွားလေသည်။
" ဒါက တကယ် နားလည်မှုလွဲတာပါဗျာ "
သူက အော်ဟစ်မြည်တမ်းလိုက်၏။
" ကျွန်တော် ... ကျွန်တော် လျှောက်ပြောနေတာ။ အဲဒါလေးပဲ။ ကျွန် .... "
" ဘာတွေ ဒီလောက် အလျင်လိုနေတာတုန်း " ပိုင်ရှောင်ချန်းက ကြားဖြတ်ပြောသည်။
" ကျုပ်အတွက်တော့ ကျုပ်တို့နှစ်ယောက်က ကံတရားချင်း ဆက်စပ်နေပုံရတယ်။ ခင်ဗျားက တကယ့်ကို ကျုပ်လို စကားပြောတတ်တာပဲ "
သူက လည်ချောင်းရှင်း၍ မကောင်းဆိုးဝါးတစ္ဆေကို ပြန်ဆွဲခေါ်လာ၏။ ထိုအခိုက် တစ္ဆေက အစွယ်နှင့် လက်သည်းများ ထုတ်ပြီး ပိုင်ရှောင်ချန်းအပေါ် ခုန်အုပ်ရန် ကြိုးစားလိုက်သည်။
သူ၏တိုက်ကွက်ထဲတွင် ပြည့်နှက်နေသော လောကနတ်ဘုရားစွမ်းအားက သူတော်စင်ဧကရာဇ်ကို အတော်လေး ဒုက္ခပေးနိုင်သည်။ သို့သော် ပိုင်ရှောင်ချန်းက မတူပေ။ အနီးကပ်တိုက်ပွဲများအား သူ နည်းနည်းလေးပင် မကြောက်ချေ။
" ဒါ ဘာသဘောတုန်း။ ကျုပ်ကို တိုက်ခိုက်တာလား "
ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါး ကြည့်၍ ရောင်စုံမီးတောက်တစ်ခုကို ဆွဲထုတ်ပြီး မကောင်းဆိုးဝါးတစ္ဆေထံ ပစ်သွင်းလိုက်ရာ ၄င်းထံမှ မချိတင်ကဲအော်ဟစ်သံကြီး ထွက်လာသည်။
ပိုင်ရှောင်ချန်း၏နည်းလမ်းများက ဝိညာဥ်များကို ကောင်းစွာ ဒုက္ခပေးနိုင်စွမ်းရှိသည်။ ရောင်စုံမီးတောက်များသည် ဝိညာဥ်များကိုအသုံးပြု၍ ဖန်တီးထားသည်ဖြစ်ရာ ဝိညာဥ်များအား အနိုင်ယူရာတွင် အတော်လေးထိရောက်မှုရှိပေသည်။ ထို့နောက် ပိုင်ရှောင်ချန်းက ကောက်ကျစ်စဥ်းလဲသော မကောင်းဆိုးဝါးတစ္ဆေအပေါ် သူ၏ဒေါသများ ဆက်လက်ပုံချသဖြင့် အော်ဟစ်သံများ ထပ်မံကြားလိုက်ရတော့သည်။
မကြာခင် ထိုအော်သံများက အသနားခံသံများဖြစ်လာ၏။
" ကျွန်တော် တောင်းပန်ပါတယ် ဆရာကြီးရယ် ... အီး ကျွန်တော့်ကို မရိုက်ပါနဲ့... “
" ကျွန်တော့်အမှားပါဗျာ... “
" ကျွန်တော့်ကို လွှတ်ပေးပါ။ အိမ်ပဲ ပြန်ချင်ရုံလေးပါဗျာ ... "
အော်ဟစ်နေသော တစ္ဆေမှာ တဖြေးဖြေး အားနည်းလာနေတော့သည်။ နောက်ဆုံး ပိုင်ရှောင်ချန်းက အနည်းငယ် လျှော့ပေးလိုက်ရာ တစ္ဆေက ဂိတ်တံခါးထံ တွားသွားရန် အပြင်းအထန်ကြိုးစားလိုက်၏။ သို့သော် လမ်းတစ်ဝက်ရောက်ချိန် ပိုင်ရှောင်ချန်းက ခြေထောက်ကို ဆွဲပြီး ပြန်ဆွဲခေါ်လိုက်လေသည်။
" ခင်ဗျား ဘယ်မှမသွားရဘူး။ ဒါကို ယူလိုက်စမ်း "
သူက စိန်းစိန်းဝါးဝါးကြည့်၍ နောက်ထပ် ရောင်စုံမီးတောက်ကို ယူပြီး မြေကြီးပေါ် အားပြင်းပြင်းပစ်ချလိုက်ရာ မီးတောက်မီးလျှံများ အရပ်မျက်နှာတစ်ခွင် ဝုန်းခနဲ တောက်လောင်သွား၏။ မီးတောက်များက ကမ္ဘာ၏ချုပ်နှောင်ခံထားရသော အစိတ်အပိုင်းတခွင် ပြည့်နှက်သွားစဥ် ပုန်းအောင်းနေကြသော မကောင်းဆိုးဝါးတစ္ဆေများမှာ ဖျက်ဆီးခံလိုက်ရသဖြင့် စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်လာသည်။
" ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ အိမ်ပြန်ခွင့်လေးပေးပါ။ ကျွန်တော် ထပ်မခံနိုင်တော့ဘူး....."
ကြောက်လန့်တုန်ရီလျက် မကောင်းဆိုးဝါးတစ္ဆေက ငိုသံပါကြီးဖြင့် အော်တော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းက ခြေထောက်ကို မြှောက်ပြီး မြေကြီးပေါ် ဆောင့်နင်းချလိုက်၏။
ချုပ်နှောင်ခံထားရသောနေရာတစ်ခုလုံး ပြိုကျပျက်စီးလာသဖြင့် ပေါက်ကွဲသံများ မြည်ဟည်းသွားလေသည်။ မြေကြီးက ပထမဆုံး ပြိုကျသွားပြီးနောက် မီးတောင်၊ ကျောက်ဂိတ်တံခါးတို့ ဆက်လက်ပြိုကျလာစဥ် လောကနတ်ဘုရားတစ္ဆေမှာ ကျောက်တံခါးထံရောက်ရန် ထိတ်ထိတ်ပျာပျာ ရုန်းကန်လိုက်သော်လည်း ပိုင်ရှောင်ချန်းက သူ့ကို ခြေထောက်မှ ကိုင်၍ နောက်ပြန်ဆွဲလိုက်လေသည်။
" ထွက်ပြေးဖို့ ကြိုးစားနေသေးတယ်ပေါ့လေ"
မကောင်းဆိုးဝါးတစ္ဆေမှာ ကြောက်လန့်လွန်းသဖြင့် တဆတ်ဆတ်တုန်ရီသွားပြီးနောက် သတိလစ်သွားရာ ပိုင်ရှောင်ချန်းမှာ ပို၍ အံ့သြသွားရသည်။ သို့သော် တစ္ဆေက သိသာထင်ရှားစွာ အလွန် ထူးခြားသော အမျိုးအစား ဖြစ်၍ အင်္ကျီလက်စကိုခါပြီး သူ့အိတ်ထဲ ပစ်ထည့်လိုက်၏။ ထို့နောက် သူက ချုပ်နှောင်ခံထားရသော ကမ္ဘာ၏အစိတ်အပိုင်းတစ်ခုလုံးကို ဝါးမျိုနေသည့် တဟုန်းဟုန်းတောက်လောင်နေသော မီးပင်လယ်အား ဝေ့ကြည့်လိုက်သည်။ မကြာခင် အရာအားလုံး အစိတ်စိတ်အမြွှာမြွာ ကွဲကြေနေတော့သည်။
အကြီးမားဆုံး ချုပ်နှောင်ခံထားရသည့်နေရာ ပျောက်ကွယ်သွားပြီးနောက် ပိုင်ရှောင်ချန်းက လေထဲပျံတက်ပြီး နတ်ဘုရားအာရုံကို ထာဝရအင်မော်တယ်နယ်မြေများ၏ ကျန်နေရာများထဲ ပို့လွှတ်လိုက်ရာ ပို၍သေးငယ်သော ချုပ်နှောင်ခံထားရသည့်နေရာ တစ်ရာကျော်က ပူစီဖောင်းများသဖွယ် မြင့်တက်လာနေသည်ကို ချက်ချင်း မြင်လိုက်ရ၏။
ထာဝရအင်မော်တယ်နယ်မြေများကို လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ခိုင်းနှိုင်းလျှင် ထိုနေရာကလေးများက ပတ်ပတ်လည်အတွင်းရှိ အရာအားလုံးကို တိုက်စားတတ်သော ကြောက်စရာအသွင်ရှိသည့် ဆိုးဝါးသော အနာစိမ်းများပမာပင်။
သူက မျက်နှာအမူအရာသုန်မှုန်နေလျက် ဗဟိုဧကရာဇ်နိုင်ငံသို့ ရိပ်ခနဲ သွားလိုက်သည်။ သိသာစွာပင် ဗဟိုဧကရာဇ်နိုင်ငံသည် သူ့ခေါင်းထဲရှိ ပထမဆုံးအရာ ဖြစ်၏။ သူက ကျော်ဖြတ်လာရသည့် အချုပ်အနှောင်ကမ္ဘာတစ်ခုစီကို ဝိညာဥ်စုစည်းဆေးလုံးများ၊ မီးပင်လယ်များဖြင့် ဖျက်စီးသွားလေသည်။
သူက ဗဟိုဧကရာဇ်နိုင်ငံရှိ နေရာများအားလုံးနီးပါး ရှင်းလင်းသွားသည့်တိုင်အောင် တစ်နေရာမှတစ်နေရာသို့ သွားကာ မရပ်မနားလှုပ်ရှားနေတော့သည်။ အမှန်တွင် နေရာအနည်းစုအား မဟာကောင်းကင်သခင်၊ ကုန်းစွန်းဝမ်အာနှင့် အခြားထိပ်တန်းကျင့်ကြံသူများက ကိုင်တွယ်ကြလေသည်။
သို့သော် သူတို့မှာ အနားယူရန် အချိန်မရှိဘဲ မိစ္ဆာဧကရာဇ်နိုင်ငံထံသွားကာ မကြာခင် သူတော်စင်ဧကရာဇ်နိုင်ငံမှ တပ်ဖွဲ့များဖြင့် ပူးပေါင်းလိုက်ကြ၏။ မကြာခင် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်က ထာဝရအင်မော်တယ်နယ်မြေများ၏မျက်နှာပြင်ပေါ်မှ အန္တရာယ်များသော အနာစိမ်းများအား အတူတကွ ဖြတ်ထုတ်နေကြတော့သည်။
ထာဝရအင်မော်တယ်နယ်မြေများမှာ တိုက်စားခံထားသော အက်ကြောင်းများဖြင့် ဇကာပေါက်သဖွယ် ဖြစ်နေပြီး သက်စောင့်အားပမာဏများစွာ ဆုံးရှုံးခဲ့ရလေပြီ။ တချိန်တည်းမှာပင် သံယောဇဥ်မဲ့လူသားက ယခင်နှင့် နည်းနည်းလေးပင် ခြားနားသွားပုံ မပေါ်သော်လည်း အနီးကပ်လေ့လာ့ကြည့်ပါက သူ့နဖူးပေါ်ရှိ တစ်ခုသောနေရာမှာ ယခင်ထက်ပို၍ အလင်းဖျော့လာခဲ့ကြောင်း တွေ့ရပေမည်။
သူတော်စင်ဧကရာဇ်က တခဏကြာ အပေါ်ကို မော့ကြည့်ကာ သက်ပြင်းချပြီးနောက် ပိုင်ရှောင်ချန်းထံ လှည့်၍ လက်ယှက်လျက် လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
" ဗဟိုဧကရာဇ် … ကျုပ်လူတွေ စိတ်တည်ငြိမ်စေဖို့ သူတော်စင်ဧကရာဇ်နိုင်ငံကို ပြန်ဦးမယ်။ ပြီးတာနဲ့ ကျုပ်တို့ နောက်ထပ်ခြေလှမ်းအတွက် ဆွေးနွေးတိုင်ပင်ဖို့ ခင်ဗျားရဲ့ မြို့တော်ကို ကျုပ် လာခဲ့ပါ့မယ် "
သူက လေသံအရ သာမက စကားလုံးများအရပါ အလွန်ယဥ်ကျေးစွာ ပြောဆိုသွား၏။
ပိုင်ရှောင်ချန်းက သက်ပြင်းချ၍ နှုတ်ဆက်ကြောင်းပြောပြီးနောက် လေထဲတွင် ရပ်ကာ သံယောဇဉ်မဲ့လူသားကို မော့ကြည့်လိုက်သည်။ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို စဥ်းစားကာ သူ ခါတိုင်းထက် ပို၍ ဖိအားများ ခံစားလိုက်ရ၏။
" အချုပ်အနှောင်စာရွက်က နှစ်ခြောက်ဆယ်စက်ဝန်းတစ်ဝက်ပဲ ခံမယ်လို့ သူတော်စင်ဧကရာဇ် ပြောခဲ့တယ်။ အခုလေးတင်ဖြစ်ပျက်ခဲ့တာေတွအရတော့ အဲဒီလောက်ကြာလိမ့််မယ်မထင်ဘူး ... "
သံယောဇဥ်မဲ့လူသား အချိန်မရွေးနိုးလာနိုင်သည့်အချက်က ပိုင်ရှောင်ချန်း၏ရင်ထဲတွင် သေစေနိုင်သော အန္တရာယ်ကြီးဖြင့် ပြည့်နှက်သွားစေ၏။
သို့သော် ထိုသည်ကို ဖော်ထုတ်ပြသ၍ မဖြစ်ကြောင်း သူ သိလေသည်။ ဗဟိုဧကရာဇ်နိုင်ငံသားများကို အားပေးနှစ်သိမ့်ရန် လိုအပ်သည်။ အထူးသဖြင့် သူ့မိတ်ဆွေများနှင့် မိသားစုပင်။
" အဲဒီနေ့ တကယ်ရောက်လာရင် ငါ တတ်နိုင်သမျှလူများများ ခေါ်သွားဖို့ ငါ့ယပ်တောင်ကို အသုံးပြုရမယ် "
ထိုအတွေးကပင် သက်ပြင်းချမိသွားစေ၏။ ယပ်တောင်ထဲ လူများစွာထည့်ခြင်းက သူတို့ကို ဘေးကင်းအောင် မလုပ်ပေးနိုင်သည် မဟုတ်ပါလော။ ယပ်တောင် တည်ရှိနေရသေးသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သံယောဇဉ်မဲ့လူသား ချုပ်နှောင်ခံခဲ့ရသောကြောင့် ဖြစ်သည်။ သူနိုးလာသည်နှင့်တစ်ပြိုင်နက် သူ့အတွက် ၄င်းကို ရှာပြီး ဖျက်စီးပစ်ရန်မှာ လက်ကလေးလှန်လိုက်သကဲ့သို့ လွယ်ပေလိမ့်မည်။
ယခင်ထက်ပို၍ ရင်လေးလာရင်း ပိုင်ရှောင်ချန်းသည် နောက်ဆုံး ဗဟိုဧကရာဇ်မြို့တော်ရှိ အင်ပါယာနန်းတော်ထံ လှည့်ပြန်သွား၏။ နန်းတော်သို့ရောက်သောအခါ မဟာကောင်းကင်သခင်နှင့် အခြားကောင်းကင်ဧကရာဇ်များက သူ့ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
သူတို့က ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်ကဲ့သို့ ဤကိစ္စကို အစုံအလင်နားမလည်သော်လည်း သာမန်ကျင့်ကြံသူထက် ပိုသိကြလေသည်။ ထိုမျှသာမက ဘေးအန္တရာယ် ပိုမိုကြီးမားလာသည်နှင့်အမျှ ပိုင်ရှောင်ချန်းအပေါ် မှီခိုရန် လိုအပ်ကြောင်းကိုလည်း သိကြသည်။ ထို့ကြောင့် သူတို့ ဦးညွှတ်နှုတ်ဆက်ခြင်းမှာ သစ္စာခံခြင်းနှင့် အကာအကွယ်အတွက် အသနားခံခြင်း ဖြစ်ပေသည်။
သရဲကြီးဘုရင်သည် အချိန်အတော်ကြာကတည်းက ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိရှိပြီး ကောင်းကင်ရှိ ဧရာမမိုးမြေဧကရာဇ်ကြီးနှင့် ပတ်သက်ခဲ့သော ဟိုးလေးတကျော်ကျော် ပေါင်းစည်းမှုကို ကြားလိုက်ရပြီးနောက် သူက ခေါင်းကို ခါရမ်းပြီး သက်ပြင်းချလိုက်သည်။
ပိုင်ရှောင်ချန်းက တိတ်ဆိတ်စွာ မလှုပ်မယှက်ရပ်နေပြီး လူတိုင်းက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ဘယ်သူမှ စကားတစ်ခွန်း မဆိုပေ။ ကျိုးကျစ်မိုနှင့် စုန့်ကျင်းဝမ်တို့သည်လည်း ထိုနေရာတွင်ရှိပြီး ဗိုက်ကလေးဆူထွက်နေသော ဟိုရှောင်မေ့လည်း ရှိနေသည်။ သူတို့အားလုံး အလွန်စိုးရိမ်ကြောင့်ကြနေဟန်ရှိသည်။
တခဏကြာသော် ပိုင်ရှောင်ချန်းက ခေါင်းမော့လိုက်ရာ သူ့မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်စကို မြင်နိုင်လေသည်။
" အားလုံးပဲ စိတ်မပူပါနဲ့။ အကုန် အဆင်ပြေသွားမှာပါ ... "