← Chapters

မိသားစု

Vol. 13 Ch. 1270

မိသားစု

Vol. 13 Ch. 1270

ရှိသမျှလူတိုင်းသည် ပိုင်ရှောင်ချန်းနှင့် အလွန်ရင်းနှီးလျှင်ရင်းနှီး သို့မဟုတ် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ အများစုက သူ မည်ကဲ့သို့လူစားမျိုးဖြစ်ကြောင်း သိထားပြီး တချို့မှာ မလိုအပ်သောမေးခွန်းများကို မေးကြမည်မဟုတ်သည့် လူစားများ ဖြစ်ကြ၏။ တခဏကြာတိတ်ဆိတ်သွားပြီးနောက် လူတိုင်း ခါးသီးစွာ ခေါင်းညိတ်ကြလိုက်တော့သည်။

နောက်ဆုံး၌ သူတို့သည် တွေဝေမှု၊ အကြောက်တရားနှင့် အားကိုးရာမဲ့ခြင်းတို့ ရစ်ပတ်ထွေးနှောင်လျက် လူစုခွဲလိုက်ကြ၏။ အကွက်ချခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်းအရာတွင် ဆရာတစ်ဆူဖြစ်သော မဟာကောင်းကင်သခင်ပင် ဤကဲ့သို့အခြေအနေတစ်ရပ်တွင် တစ်စုံတရာလုပ်ရန် မတတ်စွမ်းနိုင်၍ အိုမင်းသွားဟန်တူသည်။

ပိုင်ရှောင်ချန်းက သူတို့ထွက်ခွာသွားသည်ကို ကြည့်သာကြည့်နေတော့သည်။ သူ တစ်စုံတခု ပြောချင်သော်လည်း အဆုံးသတ်တွင် သူတို့အား မည်သို့နှစ်သိမ့်ရမည်ကို မသေချာ၍ ခပ်ဆိတ်ဆိတ်သာ နေလိုက်၏။

မကြာခင် နန်းတော်ထဲ၌ ကျိုးကျစ်မို၊ စုန့်ကျင်းဝမ်၊ ဟိုရှောင်မေ့နှင့် ကုန်းစွန်းဝမ်အာတို့သာ ကျန်ခဲ့လေသည်။ ကုန်းစွန်းဝမ်အာနှင့်ပတ်သက်လာပါက တခြားအမျိုးသမီးသုံးယောက်က ပိုင်ရှောင်ချန်းနှင့် သူမအကြား ထူးခြားသောပတ်သက်မှု တစ်ခုခုရှိကြောင်း အချိန်အတော်ကြာကတည်းက သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုက အစတွင် သူမကို ဖယ်ထားခဲ့သော်လည်း ဟိုရှောင်မေ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ အချိန်အနည်းငယ် လွန်ဆွဲနေခဲ့ရပြီး နောက်ဆုံး သူတို့နှင့်အတူ သူမ၏ဆရာက ရှိခြင်းက သူမကို အကျိုးအမြတ်များစေမည် ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

ယခု ကျရောက်တော့မည့် အန္တရာယ်နှင့် ကြိုမသိနိုင်သော အနာဂတ်ကို ရင်ဆိုင်နေရသည့် အခိုက်အတန့်တွင် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုမှာ အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချလိုက်ကြပြီး နောက်ဆုံး ကုန်းစွန်းဝမ်အာကို လက်ခံလိုက်ကြသည်။

သူတို့အတွက် အချိန်မှာ အကန့်အသတ်ရှိပြီး သူ အလွယ်တကူ မဖြေရှင်းနိုင်သော ကပ်ဘေးကြီးလာနေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိသည်။ အစက ဖိအားက ကြောက်စရာကောင်းလိမ့်မည်ဟု သူ ယူဆခဲ့၏။ သို့သော် သူ့ဘေးရှိ အမျိုးသမီးများကြောင့် ထင်ထားသလောက် ကြောက်လန့်မနေကြောင်း သဘောပေါက်လိုက်လေသည်။

အမှန်တကယ်တွင် သူတို့ကို သူ လွမ်းနေကြောင်း သတိထားမိလိုက်ပြီး တကယ်တမ်း သူ့အချိန်အများစုကို ကျင့်ကြံခြင်းနှင့် ထာဝရအင်မော်တယ်နယ်မြေများရှိ ဗဟိုဧကရာဇ်နိုင်ငံထူထောင်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့ရသည်ဖြစ်၍ အတန်ငယ်အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။ အချိန်အတော်ကြာသည်အထိ နိုင်ငံ၏ကျဆုံးခန်းကို ဦးတည်စေနိုင်သော၊ သူ့ခွန်အားအများစုမှာ အတုအယောင်တစ်ခုဖြစ်သည်ဆိုသော အချက်အား လူအများက ထိုးဖောက်မြင်မည်ကို သူ စိတ်ပူခဲ့လေသည်။

ထိုအကြောင်းကြောင့် သူသည် ကျင့်ကြံခြင်းအပေါ်တွင် အာရုံစူးစိုက်ထားခဲ့ရ၏။ ပိုင်ဟောက်ကို အသက်ပြန်သွင်းရန် ရည်ရွယ်ချက်ဖြစ်စေ၊ လောကနတ်ဘုရားအဆင့်ရောက်ရန်အတွက်ဖြစ်စေ သူ အပြင်းအထန်အားထုတ်ခဲ့သဖြင့် အရေးအကြီးဆုံး အရာကို မေ့သွားခဲ့ရသည်။

မိသားစု …

အကြောင်းပြချက်များစွာရှိခဲ့သည်ကို အပထား တကယ်တမ်းကျ သူ၏မိသားစုကို သူ အာရုံစိုက်သင့်သလောက် အာရုံမစိုက်ခဲ့ပေ။ သူတို့နှင့်အတူ သူ အချိန်များစွာ မကုန်ဆုံးခဲ့ရချေ။ ကျရောက်တော့မည့် ကပ်ဘေးကြီးကြောင့်သာ မဟုတ်ပါက ၄င်းကို သူ သဘောပေါက်ခဲ့မည်မဟုတ်တန်ရာ။ ထို့ပြင် ၄င်းကို သဘောပေါက်ခဲ့ကောင်း သဘောပေါက်ခဲ့နိုင်သော်လည်း ကျင့်ကြံခြင်းနှင့် မိသားစုအကြား မှန်ကန်သောမျှခြေကို ဘယ်တော့မှ ရှာနိုင်မည် မဟုတ်ပေ။

ယောက်ျားသားများသည် ထိုကဲ့သို့ကိစ္စများနှင့် မကြာခဏ ရင်ဆိုင်ရတတ်ပြီး ပိုင်ရှောင်ချန်းကဲ့သို့ အကျင့်စရိုက်နှင့် လူအဖို့မှာတော့ ပို၍ ခက်ခဲသောတာဝန်တစ်ရပ် ဖြစ်လာတော့သည်။

ယခုတွင် ကပ်ဘေးကြီး ဘွားခနဲပေါ်လာပြီး အချိန်က အကန့်အသတ်ရှိလေသည်။ ထို့ပြင် ဝမ်းနည်းဖွယ်ကောင်းစွာ ဤအခြေအနေမျိုးမှသာ သူ သတိမထားခဲ့မိသည်များကို သိလာတော့သည်။ သူက သက်ပြင်းချ၍ ရှေ့သို့လျှောက်လာကာ အမျိုးသမီးလေးယောက်လုံးကို ပွေ့ဖက်လိုက်၏။

" တပေါက်နဲ့ ရှောင်ရှောင်ကော ဘယ်လိုနေလဲ "

သူက နူးညံ့ညင်သာစွာ မေးလိုက်သည်။ အဖေတစ်ယောက်အနေဖြင့် ထိုကဲ့သို့မေးခွန်းတစ်ခုမေးရသည်မှာ ထူးဆန်းပြီး သူ၏ကျင့်ကြံခြင်းက သူ့ကို သူ၏တာအိုလက်တွဲဖော်များ သာမက သူ့ကလေးများဆီမှလည်း အဝေးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ပို၍သာ ခိုင်မာသွားစေတော့သည်။

" သူတို့နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံနေတယ် "

စုန့်ကျင်းဝမ်က တိုးတိုးလေး ပြန်ဖြေ၏။

ပိုင်ရှောင်ချန်းက နတ်ဘုရားအာရုံတချို့ စေလွှတ်လိုက်ပြီး မကြာခင် တပေါက်နှင့် ရှောင်ရှောင်ရှိသော သီးသန့်အခန်းနှစ်ခန်းကို တွေ့သွားလေသည်။

သူတို့ကို သူ နောက်ဆုံးတစ်ခေါက်မြင်ခဲ့ကတည်းက နှစ်အနည်းငယ်ကြာခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင်ခရီးစဥ် အတောအတွင်းက ရံဖန်ရံဖန် ပြန်လာခဲ့သော်လည်း သူတို့နှင့် ဘယ်တော့မှ အချိန်များစွာ မကုန်ဆုံးနိုင်ခဲ့ပေ။

သူတို့နှစ်ယောက်စလုံး ငယ်သေးသော်လည်း သူတို့၏ကျင့်ကြံခြင်းအရ သူတို့က ထာဝရအင်မော်တယ်နယ်မြေများရှိ ကောင်းကင်နှင့်မြေကြီး၏ ပေါများသော စိတ်စွမ်းအင်များကိုသာမက အဖိုးထိုက်ပစ္စည်းအမြောက်အမြားကိုလည်း သုံးခွင့်ရခဲ့လေသည်။ ထို့ပြင် သူတို့က အစကတည်းက ကြောက်ခမန်းလိလိ ပင်ကိုယ်စွမ်းရည်ရှိသူများဖြစ်၏။ သူတို့နှစ်ယောက်လုံး နှစ်ဆယ်ဝန်းကျင်ခန့်သာရှိသေးသော်လည်း ရှောင်ရှောင်သည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ဖောက်ထွက်ရန် ကြိုးပမ်းနေပြီဖြစ်လေသည်။

သူမက ပိုင်ရှောင်ချန်း၊ စုန့်ကျင်းဝမ်တို့နှင့် အလွန်တူသောသမီးလေးဖြစ်ပြီး နှစ်ယောက်လုံးထံမှ အရည်အသွေးများ အမွေဆက်ခံရရှိခဲ့၏။ သူမသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောက် ချောမောလှပပြီး အလွန်ဉာဏ်ထက်သည်။ သူမကို တစ်ချက်ကလေးကြည့်လိုက်ရုံနှင့် စိတ်ကူးဉာဏ်ရှိပြီး ချင့်ချိန်တတ်ကြောင်း မည်သူမဆို သဘောပေါက်မည် ဖြစ်သည်။

တပေါက်က နတ်ဘုရားတစ်ပိုင်းအဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်ကာ သူ၏အစ်မတော်ထက် အတန်ငယ်နိမ့်ကျ၏။ သူက သူ့အဖေနှင့် အလွန်တူပုံရသော်လည်း သူ့အစ်မကဲ့သို့ ဉာဏ်မထက်ပေ။ သူက အနည်းငယ် အချိန်ယူရသည်။ သူ၏ ယောက်ျားပီသသော အသွင်အပြင်အရ သူ မည်မျှ ဇွဲကြီးပြီး အလျှော့မပေးတတ်ပုံကို မြင်နိုင်ပေသည်။ အမှန်တွင် သူ့ကို ဖော်ပြရန် နည်းလမ်ကောင်းတစ်ခုမှာ သေရမည်ကို မကြောက်သော ပိုင်ရှောင်ချန်း ဟူ၍။

သူ့သားနှင့်သမီးကို နတ်ဘုရားအာရုံဖြင့် မြင်လိုက်ရသည်နှင့် ပိုင်ရှောင်ချန်းက ပြုံးလိုက်သည်။ ထို့နောက် သူက သူ၏တာအိုလက်တွဲဖော်လေးယောက်ထံ အာရုံပြောင်းလိုက်ပြီး သူ၏အကြည့်က ဟိုရှောင်မေ့၏ ဆူထွက်နေသော ဗိုက်ကလေးထံ ရောက်သွား၏။ သိသာစွာပင် သူမကား မွေးနေ့စေ့နေလေပြီ။

သူသည် ဟိုရှောင်မေ့ကိုယ်တွင်းမှ သူ့သွေး၏အခိုးအငွေ့များကို အာရုံရခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ယခု သူမကို ကြည့်လိုက်သည်တွင် သူမမှာ အတန်ငယ်ရှက်သွေးဖြာသွားပြီး သူမ၏ဗိုက်ပူပူလေးကို လက်ဖြင့်ပွေ့ဖက်လိုက်လေသည်။

သူက ပြုံး၍ လျှောက်လာကာ သူမကို ဖက်လိုက်၏။

" အစ်ကို နာမည်ကောင်းကောင်းတစ်ခု စဥ်းစားပြီးသွားပြီ "

သူက ပြောသည်။ ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဟိုရှောင်မေ့မှာ သိသိသာသာ စိုးရိမ်သွားလေသည်။ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့နှစ်ယောက်မှာ အထိတ်တလန့်ဖြင့် မျက်တောင်များ ခတ်လိုက်ကြပြီး ကုန်းစွမ်းဝမ်အာ၏မျက်လုံးများကား စိန်းစိန်းဝါးဝါးအကြည့်အဖြစ် ပြူးထွက်သွားတော့သည်။

သံမဏိကဲ့သို့ မာကြောသောအသံဖြင့် ကုန်းစွန်းဝမ်အာက ပြောသည်။

" နာမည်အတွက် နင် စိတ်ပူနေစရာမလိုဘူး "

ဟိုရှောင်မေ့မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

ပိုင်ရှောင်ချန်းက အကြိမ်အနည်းငယ် တဟမ်းဟမ်း ချောင်းဟန့်ပြီး အမျိုးသမီးများအား ဝေ့ဝိုက်ကြည့်ကာ ယခုအချိန်မှာ ဤဆတ်ဆတ်အထိမခံသောကိစ္စကို ဆွေးနွေးရန် အချိန်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။

သို့နှင့် နေ့ရက်များ စတင်ကုန်ဆုံးလာတော့သည်။ ၎င်းက ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတုန်းက သူ၏နေ့ရက်များအား အမှတ်ရသွားစေ၏။ သူက ကျင့်ကြံခြင်းကို လျစ်လျူရှုလိုက်ပြီး ထိုကိစ္စမှအပ သူ၏တာအိုလက်တွဲဖော်များဖြင့် အတူရှိရန်နှင့် တပေါက်နှင့် ရှောင်ရှောင်ကို စောင့်ရှောက်ပေးရန် ရွေးချယ်လိုက်သည်။ သူသည် ဖက်တီးကျန်းကြီးနှင့် သူ၏မိတ်ဆွေများဖြင့်လည်း အချိန်ဖြုန်းလေသည်။

အမှန်ပင် သူသည် လီချင်းဟောက်နှင့် အခြားဝါရင့်ဂိုဏ်းဝင်များဖြင့်လည်း အတိတ်အကြောင်း ပြန်ပြောကြရင်း အချိန်ကုန်ဆုံး၏။

သုံးလကြာသော် ဟိုရှောင်မေ့ ကလေးမွေးဖွားလေသည်။ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ကုန်းစွန်းဝမ်အာပင် ပိုင်ရှောင်ချန်း နာမည်မပေးနိုင်စေရန် တတ်နိုင်သမျှ အကုန်လုပ်ခဲ့သော်လည်း သူက ဗဟိုဧကရာဇ်ဖြစ်နေရာ အလွယ်တကူတားဆီး၍ မရပေ။ သူသည် သူ၏နောက်ကလေးအတွက် မျက်နှာပြင်တွင် နာမည်ထွင်းထားသည့် သက်သေခံဆွဲပြားတစ်ခုကိုပင် တိတ်တိတ်ကလေး ပြင်ဆင်ထားခဲ့ပြီးလေပြီ။ ကလေးမွေးသည်နှင့်တပြိုင်နက် သူက ချက်ချင်းပင် နာမည်ကို လူသိထင်ရှားကြေညာလိုက်တော့သည်။

သတင်းသည် ဗဟိုဧကရာဇ်နိုင်ငံတွင် ချက်ချင်းပျံ့နှံ့သွားရာ အမျိုးသမီးများ ကြားသောအခါတွင် တစ်ခုခုလုပ်ရန် အခါနှောင်းသွားခဲ့လေပြီ။

" ဒီလိုလား ပိုင်ရှောင်ချန်း ။ နင်တော့ သေပြီသာမှတ် "

" ဒါက ဘယ်လိုနာမည်မျိုးလဲ ပိုင်ရှောင်ချန်း။ ရှောင်ပေါက်တဲ့လား။ နင် ...နင်.. နင့်ကလေးကို နင့်လို နာမည်တူပေးခါနီးနီးပဲနော် "

ကုန်းစွန်းဝမ်အာမှာ ဒေါပွနေပြီး စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုမှာမူ သူတို့ကလေးများ၏နာမည်ကို ပြန်တွေးမိလိုက်သောအခါ ထိုနည်းတူ ဒေါသူပုန်ထသွားတော့သည်။

" ဟေး "

ပိုင်ရှောင်ချန်းက ရဲရဲဝံ့ဝံ့ပြောသည်။

" ရှောင်ရှောင်က နာမည်ကောင်းတစ်ခုမဟုတ်ဘူးလား။ တပေါက်ကောပဲ။ ဒါတွေအားလုံးက အဓိပ္ပါယ်ရှိပါတယ်။ ငါ့ သားအကြီးဆုံးက တပေါက်၊ အငယ်ဆုံးက ရှောင်ပေါက်၊ မြင်လား။ နှစ်ယောက်လုံး ရတနာလေးတွေကို "

ပိုင်ရှောင်ချန်းက အဖေဖြစ်၍ သူ့ကလေးများအတွက် နာမည်ရွေးပိုင်ခွင့်ရှိသည်။ ထို့ပြင် အထူးသဖြင့် သူ ပေးထားသော မည်မျှအံ့သြစရာကောင်းသည်ကို စဥ်းစားကြည့်သောအခါတွင် ဖြစ်ပေသည်။

နာမည်အပေါ် ငြင်းခုံမှုများနှင့် ပိုင်ရှောင်ပေါက်၏ မွေးဖွားမှုက ဗဟိုဧကရာဇ်နိုင်ငံအပေါ် သက်ရောက်နေသော ဖိအားတချို့တစ်ဝက်ကို လတ်တလော ပြေလျော့သွားစေ၏။ မဟာကောင်းကင်သခင်နှင့် အရေးပါသောမှူးမတ်များ အပါအဝင် လူအများမှာ စတင်ပြုံးလာကြပြီး နောက်တစ်ဖန် ရယ်မောလာကြသည်။ သရဲကြီးဘုရင်၊ လီချင်းဟောက်နှင့် အခြားကောင်းကင်ဧကရာဇ်များအားလုံး နိုင်ငံရှိစိုးရိမ်ပူပန်မှုများ လျော့ပါးသွားကို မြင်သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြတော့သည်။

ကုန်းစွန်းဝမ်အာ၊ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့အားလုံး ပြီးခဲ့သည်က ပြီးခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ပိုင်ရှောင်ချန်းက နာမည်ကို လူသိထင်ရှားကြေညာခဲ့ကြောင်း ထည့်တွက်ပါက ၄င်းကို ပြောင်း၍မရတော့ပေ။ ဟိုရှောင်မေ့မှာ သက်ပြင်းလေးသာချလိုက်၏။ သူမကလေး၏ပါးလေးကို ပွတ်သပ်၍ စဥ်းစားကြည့်မိသောအခါ ထိုကဲ့သို့နာမည်တစ်ခုကို လက်ခံနိုင်သည်ဟု ကောက်ချက်ချလိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ တစ်ယောက်တည်း အလွန်ကျေနပ်အားရနေလျက် ရှောင်ပေါက်ကို သူ့လက်ထဲပွေ့ကာ ရှေ့နောက်လွှဲယမ်းနေတော့သည်။ ရှောင်ပေါက်က သူ၏အစ်ကို၊အစ်မတို့နှင့် အတန်ငယ်ကွဲပြားလေသည်။ တပေါက်ကဲ့သို့ ထာဝရအပိုင်းမရှိသလို၊ ရှောင်ရှောင်ကဲ့သို့လည်း ထာဝရအသက်ရှည်အပိုင်းလည်း မရှိပေ။ သို့သော် သူက တာအိုခန္ဓာကိုယ်၏အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။

အများစုသည် ထိုအရာကို မြင်နိုင်မည်မဟုတ်သော်လည်း ပိုင်ရှောင်ချန်းက တစ်ချက်ကြည့်ရုံနှင့် သတိထားမိ၏။ ၄င်းက လောကတာအို ပိုင်ဆိုင်ခဲ့သည့်တစ်ခုနည်းတူ သေချာပေါက် တာအိုခန္ဓာကိုယ်တစ်ခု ဖြစ်လေသည်။

ကျင့်ကြံခြင်းနှင့် ပတ်သက်လာပါက တာအိုခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်သော ကျင့်ကြံသူတစ်ယောက်သည် အဟန့်အတားများ၊ အဆင့်တစ်နေခြင်းများ မရှိလုနီးပါး လျင်မြင်စွာ တိုးတက်နိုင်သည်ဟု ဆိုလိုပေသည်။ ပိုင်ရှောင်ချန်းမှာ ဤဖြစ်ရပ်ကြောင့် အံ့အားသင့်သွားရသော်လည်း ဘယ်သူ့ကိုမှ မပြောပြပေ။

ရှောင်ပေါက်၏ ပင်ကိုယ်စရိုက်က မွေးဖွားသည်နှင့်တစ်ပြိုင်နက်နီးပါး ထင်ရှားပေါ်လွင်လာ၏။ မျက်လုံးဝိုင်းဝိုင်းကလေးများဖြင့် စူးစမ်းစွာ ကြည့်နေသည်အရ ရှောင်ပေါက်က သူ၏ပင်ကိုယ်စရိုက်ကို ကောင်းစွာ အမွေဆက်ခံရရှိခဲ့ကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်လေသည်။

ဘာသာပြန်သူ၏မှတ်စု။ ရှောင်ပေါက်က " သေးငယ်သော ရတနာ " လို့ အဓိပ္ပါယ်ရပါတယ်။ တပေါက်က " ကြီးသော ရတနာ "၊ ရှောင်ရှောင်က သေးသော/ ငယ်သော စာလုံးနှစ်ကြိမ်ဆက်တိုက် ဖြစ်ပါတယ်။ အဲဒီအတွက် သူ့ကလေးသုံးယောက်ကို ဘာသာပြန်ရရင် ရတနာကြီး၊ ငယ်ငယ်နဲ့ ရတနာလေး ဆိုပြီး ဖြစ်ပါလိမ့်မယ်။

All Chapters