← Chapters

တစ်ခုခု လွဲနေပြီ

Vol. 13 Ch. 1271

တစ်ခုခု လွဲနေပြီ

Vol. 13 Ch. 1271

ရှောင်ပေါက်ဖွားမြင်မှုက ဗဟိုဧကရာဇ်နိုင်ငံရှိ စိုးရိမ်ပူပန်မှုအများစုကို လျော့ပါးသွားစေသည်။ သူသည် မျှော်လင့်ချက်တစ်ခုအလား လက်ဆုပ်လက်ကိုင်မပြနိုင်သည့်တိုင် အနိမ့်ဆုံး အင်ပါယာသုံးနိုင်ငံ၏လူအများကို ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ဆုတောင်းရန် လုံလောက်သည်။

ကံဆိုးစွာ သံယောဇဥ်မဲ့လူသားက မိုးကောင်းကင်တွင် အုပ်မိုးလျက်ရှိသေး၍ သူ၏ဖိအားက လူတိုင်းကို တဖြေးဖြေး ကြောက်ရွံ့ထိတ်လန့်စိတ်များ ပြန်ဝင်သွားစေတော့သည်။

ထာဝရအင်မော်တယ်နယ်မြေများရှိ နေရာအများစုတွင် ကျင့်ကြံသူများက ရိုင်းစိုင်းကြမ်းတမ်းကာ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် စတင်ပြုမူလာကြသည်။ လူသတ်မှုများ၊ လုယက်တိုက်ခိုက်မှုနှင့် အခြားအကြမ်းဖက်မှုများ ပေါ်ပေါက်လာပြီး လူအများစုမှာ သူတို့၏ စိတ်အမှောင်ဘက်ခြမ်းအား ဘောင်ခတ်ထားရန် မည်သည့်အားထုတ်မှုကိုမဆို လက်လျှော့လိုက်ကြ၏။ သံယောဇဥ်မဲ့လူသားကို ခစားလျှင် သူတို့ကို သနားညှာတာမှုပြသလိမ့်မည်ဆိုသော မျှော်လင့်ချက်များဖြင့် သူ့ကို ကိုးကွယ်လာသူတချို့ပင် ရှိသည်။

ထိုကဲ့သို့အပြုအမူများ ပို၍သောင်းကျန်းလာရာ ဤအတိုင်းဆက်သွားပါက ထာဝရအင်မော်တယ်နယ်မြေများမှာ သံယောဇဥ်မဲ့လူသားပင် နိုးထမလာမီ လုံးလုံးလျားလျား ပရမ်းပတာဖြစ်သော အခြေအနေအထဲ ကျရောက်တော့မည်ဖြစ်ကြောင်း သိသာလာတော့သည်။

ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့က ဖြစ်ပျက်နေသည်များအား သဘောပေါက်သောအခါ အခြေအနေကို ကိုင်တွယ်ရန် ကောင်းကင်ဧကရာဇ်များအား စေလွှတ်လိုက်ကြသည်။ ကောင်းကင်ဧကရာဇ်များမှာ ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို ကိုင်တွယ်ရန် ဖိအားပေးခံရသည့်အတွက် အတော်လေး မချင့်မရဲ ဖြစ်ကြသော်လည်း ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်မှာ ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် အရေးကြီးသည်ဟု ခံစားရလေသည်။

အမှန်ပင် ထိုကဲ့သို့အပြုအမူများအား အတင်းအကြပ်ဖိနှိပ်ခြင်းက ခဏတဖြုတ်သာ အလုပ်ဖြစ်မည်ဆိုသည်ကို ပိုင်ရှောင်ချန်း သဘောပေါက်သည်။ နောက်ဆုံးတွင် ထိုကဲ့သို့လုပ်ဆောင်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

အဆုံးသတ်တွင် ၄င်းနှင့်ပတ်သက်၍ သက်ပြင်းချရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။ ထို့ပြင် သူသည် ယခုလောလောဆယ်တွင် အာရုံမပျက်ချင်ပေ။ သူ့အတွက် ယခု အရေးကြီးသောအရာနှစ်ခုရှိသည်။ ပထမက သူ့မိသားစုနှင့် အချိန်ကုန်ဆုံးခြင်းဖြစ်ပြီး ဒုတိယက ပိုင်ဟောက်အတွက် ခန္ဓာကိုယ်တစ်ခုပြုလုပ်ခြင်း ဖြစ်သည်။

၄င်းမှာ လုပ်မည်ဟု သူ့ကိုယ်သူ အချိန်အတော်ကြာကတည်းက ကတိပေးခဲ့သောအရာ ဖြစ်သည်။ ထို့ကြောင့် သူ့မိသားစုနှင့် အချိန်ကုန်ဆုံးခြင်းအပြင် ပုံမှန်အခြေအနေများတွင် ကျင့်ကြံသူများ အသေအလဲ တိုက်ခိုက်လုယူမည့်ပစ္စည်းများဖြစ်သော မိုးကောင်းကင်နှင့် မြေကြီး၏ အဖိုးထိုက်ရတနာအမျိုးမျိုးအား ရှာဖွေရန် ဗဟိုဧကရာဇ်နိုင်ငံတွင် ရရှိနိုင်သမျှ ရင်းမြစ်များအားလုံးကို မှာယူလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းအတွက် ၄င်းတို့မှာ ပိုမိုကြီးမားသော ဖော်စပ်နည်း၏ အရံပစ္စည်းလေးများသာ ဖြစ်သည်။

အဓိကပါဝင်ပစ္စည်းမှာ အယောင်ဆောင်မိစ္ဆာဧကရာဇ်က သူတို့တိုက်ပွဲ၏နောက်ဆုံးအခိုက်အတန့်တွင် အသုံးပြုခဲ့သော သွေးဆူးချွန် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ထိုဆူးချွန်ကို အသေးစိတ်လေ့လာခဲ့ပြီး ၄င်းကိုအမြဲ သံသယဝင်ခဲ့လေသည်။ သံယောဇဥ်မဲ့လူသားနှင့် ဆက်သွယ်နေသေးသည်လား ကြည့်ရန် ၄င်းအပေါ် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများပင် လုပ်ဆောင်ခဲ့၏။ ထို့နောက် မည်သည့်သက်သေအထောက်အထားမှ မတွေ့ခဲ့ပေ။ သို့သော် အန္တရာယ်ကင်းစေရန် ဆူးချွန်ကို ပိုင်ဟောက်၏ခန္ဓာကိုယ်အသစ်အတွက် အခြေခံအဖြစ် အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက ၄င်းမှ သက်စောင့်အား နုတ်ယူပြီးနောက် သူ စုဆောင်းထားသည့် အဖိုးထိုက်ရတနာများအတွင်း စိမ့်ဝင်စေလေသည်။ ထို့နောက် ထိုပစ္စည်းများကို အပင်နှင့်အသီးအရွက် ခန္ဓာကိုယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲရန် သတိကြီးကြီးထား၍ ဆောင်ရွက်လိုက်သည်။

၎င်းက အခြားမည်သူ့အတွက်မဆို အလွန်ခဲယဥ်းသောအလုပ်တစ်ခုဖြစ်ပြီး အချိန်များစွာကုန်မည် ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းသည် အချိန်အနှစ်သာရကို အတန်ငယ် ထိန်းချုပ်နိုင်ပြီဖြစ်၍ များစွာအထောက်အကူ ရလေသည်။ ပါဝင်ပစ္စည်းများအားလုံး ပြင်ဆင်ရန် သူ့အတွက် ခုနစ်ရက်သာ ကြာမြင့်ခဲ့ပြီး တကယ့်တာအိုခန္ဓာကိုယ်တစ်ခုကို မပြုလုပ်နိုင်သော်လည်း ၄င်းအတွင်း နေထိုင်သော မည်သည့် ဝိညာဥ်အတွက်မဆို အလွန်အကျိုးပြုသော ကိုယ်ထည်တစ်ခုကို ဖန်တီးနိုင်သေးသည်။

၄င်းက ယခင်ပိုင်ဟောက်နှင့် တစ်ထပ်တည်းတူပြီး ပိုင်ဟောက်၏ဝိညာဥ်က ၄င်းအတွင်း ပေါင်းစည်းသွားပြီးနောက် မျက်လုံးများဖွင့်လိုက်သောအခါ ကျေးဇူးတင်စွာဖြင့် ငိုကြွေးလေသည်။ သူက ဒူးထောက်၍ စိတ်အားထက်သန်စွာ ဦးတိုက်ဂါဝရပြု၏။

"ကျေးဇူးတင်ပါတယ် ဆရာ"

ပိုင်ရှောင်ချန်းက ပြုံးသည်။ သံယောဇဥ်မဲ့လူသားကြောင့် ခံစားနေရသော ဖိအားမှာ မွန်းကြပ်နေစေသော်လည်း ဤအခိုက်အတန့်တွင် ပိုင်ဟောက်ကို မြင်ရသည့်အတွက် သူ အလွန်ဝမ်းသာလေသည်။

ယခုလောလောဆယ်၌ ဘဝက သာယာနေတော့သည်။ ပိုင်ရှောင်ချန်းတွင် ဘေး၌ သူ့မိသားစုရှိပြီး ပိုင်ဟောက်ပါ ပြန်လာသည်ဖြစ်၍ ကျင့်ကြံအားထုတ်နိုင်ပြီဖြစ်လေသည်။ အတိတ်ကို ပြန်ပြောင်းသတိရရန်အတွက်လည်း ဖန်တီးကျန်းကြီးနှင့် သူ၏အခြားမိတ်ဆွေများလည်း ရှိသေးသည်။ တစ်ခါတလေ ပိုင်ရှောင်ချန်းက သက်ပြင်းချပြီး သံယောဇဉ်မဲ့လူသားသာ မရှိပါက သူ၏ဘဝသည် ပြီးပြည့်စုံလုနီးပါးမည်ဟု တွေးမိ၏။ လိုအပ်နေသည့် တစ်ခုတည်းသောအချက်မှာ ယခုထက်ထိ သူ ထာဝရအသက်မရှင်နိုင်သေးသည့်အချက် ဖြစ်ပေမည်။

ထိုအချိန် ရှောင်ရှောင် အဆင့်တက်သွား၏။

ပိုင်ရှောင်ချန်းမှာ ရှောင်ရှောင်ကို အချိန်အတော်ကြာ မမြင်ခဲ့ရသော်လည်း ကျင့်ကြံခြင်းအဆင့်တက်သွားသည်ကို အာရုံရလိုက်သည့် ဗဟိုဧကရာဇ်မြို့တော်ရှိ ပထမဆုံးလူ ဖြစ်သည်။ ရုတ်တရက် သူ့သမီး၏ တရားပိတ်ကျင့်ကြံရာအဆောင်မှ စွမ်းအားကြီးသော အခိုးအငွေ့များ လာနေသည်ကို သူ ခံစားလိုက်ရသည့်အချိန် မဟာကောင်းကင်သခင် တင်ပြသော စစ်မှုရေးရာအစီရင်ခံစာကို နားထောင်နေသည့်ခုလတ်တွင် ဖြစ်သည်။ ဖြစ်နိုင်သောပြဿနာတစ်စုံတရာကို စိတ်ပူသဖြင့် သူက မဟာကောင်းကင်သခင်ကို ရှင်းလင်းချက်ပင်မပြောဘဲ နန်းတော်ခန်းမမှ ပျောက်ကွယ်သွားတော့သည်။

မဟာကောင်းကင်သခင် မတုံ့ပြန်နိုင်ခင် ပိုင်ရှောင်ချန်းကား ရှောင်ရှောင်၏သီးသန့်အခန်းထဲ ရောက်သွားလေပြီ။

ယခင်က သူမ၏ကျင့်ကြံခြင်းအခန်းကဏ္ဍအား နှောင့်ယှက်မိမည်ကို သူ စိုးရိမ်ခဲ့သော်လည်း အခု သူမအဆင့်တက်ခဲ့ပြီဖြစ်၍ သူ၏လောကနတ်ဘုရားကျင့်ကြံခြင်းအခြေခံကို အခွင့်ကောင်းယူကာ လက်ကိုဝှေ့ယမ်း၍ ချက်ချင်းပင် သူ၏ကံကြမ္မာကို သူမနှင့် ရစ်ပတ်ရောယှက်လိုက်သည်။

ရှောင်ရှောင်က စမ်းသပ်ချက်ကို သူမဘာသာ ဖိနှိပ်နိုင်ကြောင်း သူ အာရုံရသော်လည်း သူ့သမီးလေး ထိခိုက်နိုင်ခြေကို စိတ်ပူနေဆဲ ဖြစ်သည်။ ဤအချိန် မဟာကောင်းကင်သခင်နှင့် အခြားကျင့်ကြံသူများသည်လည်း ဖြစ်ပျက်နေသည်ကို အာရုံရသွားပြီး များစွာစိတ်လှုပ်ရှားသွားကြ၏။ ရှောင်ရှောင်သည် ထူးခြားပြီး ကောင်းကင်ဧကရာဇ်များ၏ ပထမဆုံးမျိုးဆက်သစ် ဖြစ်သည်။ ထိုမျှသာမက ကျရောက်တော့မည့် ကပ်ဘေးကြီးကို စဥ်းစားကြည့်ပါက နောက်တိုး ကောင်းကင်ဧကရာဇ်တိုင်းက စုစုပေါင်းစွမ်းအားအရ အလွန့်အလွန် အရေးကြီးသည်။

အမှန်ပင် စုန့်ကျင်းဝမ်က ရှောင်ရှောင်နှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းထက်ပင် စိတ်ပူကာ ကျင့်ကြံရာအခန်းထံ ချက်ချင်းပျံလာလေသည်။ သို့သော် ပိုင်ရှောင်ချန်း ရောက်နေပြီဖြစ်ကြောင်း စုန့်ကျင်းဝမ် သဘောပေါက်လိုက်သောအခါ အတန်ငယ်စိတ်အေးသွားတော့သည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားစဥ် ဟိုရှောင်မေ့၊ ကျိုးကျစ်မို၊ ကုန်းစွန်းဝမ်အာတို့နှင့်အတူ အခြားသူများလည်း ရောက်ရှိလာကြ၏။

တဖြည်းဖြည်း ရှောင်ရှောင်၏ အရှိန်အဝါမှာ ပို၍အားကောင်းလာသည်။ တစ်နာရီသာကြာပြီးနောက် ကောင်းကင်ဧကရာဇ်စမ်းသပ်ချက် ရောက်ရှိလာသဖြင့် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ကြားလိုက်ရ၏။ သို့သော် သံယောဇဥ်မဲ့လူသား နိုးထလာမည့်ဖြစ်ရပ်က ထာဝရမယ်တော်ကို သက်ရောက်ခဲ့ဟန်တူ၍ ဤစမ်းသပ်ချက်တွင် အမှောင်မိစ္ဆာဆန်သော တစ်စုံတရာ အမှန်တကယ်ပါဝင်နေသည်။

ပိုင်ရှောင်ချန်း ထိုမိစ္ဆာစွမ်းအင်ကို အာရုံရသောအခါ မျက်မှောင်ကြုတ်သွား၏။ စောစောက သူ မည်သို့လုပ်ရန် ဝေခွဲရခက်နေခဲ့ပြီး ဝင်စွက်ဖက်လျှင် ရှောင်ရှောင်ထံမှ တန်ဖိုးရှိသောအတွေ့အကြုံယူမိမည်ကို စိတ်ပူခဲ့လေသည်။ သို့သော် ယခုတွင် သူသည် တခဏလေးပင် တုံ့ဆိုင်းမနေချေ။ စမ်းသပ်ချက် အပေါ်တွင် မဖြစ်တည်နိုင်ခင် ရှောင်ရှောင်၏ တံခါးပိတ်ကျင့်ရာအဆောင်မှ အလွန်တရာစွမ်းအားကြီးပြီး လွှမ်းမိုးခြယ်လှယ်သော အရှိန်အဝါတစ်ခု တဟုန်ထိုး တက်သွား၏။

၄င်းက ကောင်းကင်တစ်ခွင်လုံးအား ဖုံးလွှမ်းရန် ပျံ့နှံ့သွားစဥ် ပိုင်ရှောင်ချန်းက ပြောသည်။

" စမ်းသပ်ချက် ထွက်သွားစေ "

ထိုခပ်တိုတို စကားလုံးလေးများက ကောင်းကင်ကိုလှဲကျင်းပြီး ကောင်းကင်ဧကရာဇ်စမ်းသပ်ချက်ကို အပြီးတိုင် ဖယ်ရှားပစ်လိုက်သော ဧရာမလက်ကြီးတစ်ဖက်အလားပင်။

ကောင်းကင်က တဖြေးဖြေးပုံမှန်ပြန်ဖြစ်သွားပြီး ရှောင်ရှောင်၏ အရှိန်အဝါ တည်ငြိမ်သွား၏။ သို့သော် အလွန်တရာထူးဆန်းသည်က အဆင့်တက်သွားသည့်တိုင် သူမတွင် ကောင်းကင်ဧကရာဇ်အရှိန်အဝါ မရှိပေ။

ပို၍ပင်ထူးဆန်းသည်က ထာဝရမယ်တော်အတွက် ကောင်းကင်ဧကရာဇ်အသစ်တစ်ပါး ပေါ်ထွက်လာသည်ကို ပြောရန် ပုံမှန်ဖြစ်သော်လည်း ထိုကဲ့သို့ သဘာဝဖြစ်စဥ် မဖြစ်ပွားပေ။

ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားသောအခါ ပိုင်ရှောင်ချန်း၏မျက်နှာပေါ်၌ အရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်လာ၏။ ထိုအချိန် ရှောင်ရှောင်က မျက်လုံးကလေးများဖွင့်ပြီး စစချင်းတွေဝေနေသော်လည်း ပိုင်ရှောင်ချန်းက သူမနှင့်အတူရှိနေကြောင်း သိသောအခါ အလွန်ဝမ်းသာနေဟန်ဖြင့် ချက်ချင်းထရပ်လိုက်၏။

" ဖေဖေ "

ပိုင်ရှောင်ချန်းက ပြုံးပြီး ဆံပင်လေးများကို ဖွလိုက်လေသည်။ သို့သော် သူ စိတ်ပူနေ၏။ ရှောင်ရှောင်က အဆင့်တက်ခဲ့သည့်တိုင် ထာဝရမယ်တော်၏အသိအမှတ်ပြုမှုကို မရရှိခဲ့၍ ကောင်းကင်ဧကရာဇ်အရှိန်အဝါ မရှိပေ။

အခြေအနေကိုရှင်းပြရန် သူတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ထာဝရမယ်တော်နှင့်ပတ်သက်၍ တစ်စုံတခု မှားယွင်းနေလေပြီ။

ထိုသည်က သူ့အပေါ် ဖိအားသာ ပိုများသွားစေတော့သည်။ ရှောင်ရှောင်မှာမူ သူမ၏ကျင့်ကြံခြင်းအခြေခံကို စူးစမ်းလိုက်စဥ် တခဏမျှ ချီတုံချတုံဖြစ်သွား၏။ ပိုင်ရှောင်ချန်း၏မျက်နှာပေါ်ရှိ ဆင်ခြင်စဥ်းစားနေသောအမူအရာကို သတိထားမိကာ သူမက တခဏတွေးတောပြီးနောက် သူမ၏စိုးရိမ်မှုအားး တိုးတိုးကလေး ထုတ်ပြောတော့သည်။

" ဖေဖေ သမီး အဆင့်တက်သွားရဲ့လား "

" စိတ်မပူနဲ့ ရှောင်ရှောင် "

သူက တည်ကြည်ပြတ်သားစွာ ခေါင်းညိတ်၍ ပြော၏။

" သမီး အဆင့်တက်သွားပြီ "

သူက အင်္ကျီလက်စကို ခါရမ်း၍ သီးသန့်အခန်းတံခါးကို ဖွင့်ပြီးနောက် အပြင်ဘက်တွင်ရပ်ကာ တွေဝေစိတ်ပူလျက် ကြည့်နေကြသော လူတိုင်းကို မြင်လိုက်လေသည်။

သူတို့သည်လည်း ထာဝရမယ်တော်င တုံ့ပြန်မှုတစ်စုံတရာ မရှိသည်ကို သတိထားမိခဲ့ပြီး တစ်ခုခုပြောသင့်သည်လား စဥ်းစားနေကြတော့သည်။

ပိုင်ရှောင်ချန်းက မလှုပ်မယှက်ရပ်နေလျက် သူတော်စင်ဧကရာဇ်နိုင်ငံရှိရာဘက် လှမ်းကြည့်လိုက်၏။ အချိန်အနည်းငယ်ကြာသော် သူ ရှိရာသို့ တဟုန်ထိုးလာနေသော မြင့်မြတ်သောအလင်းတန်းတစ်တန်း ပေါ်လာ၏။ မကြာမီ သူတော်စင်ဧကရာဇ် ပေါ်လာတော့သည်။

သူသည်လည်း ထိုနည်းတူ အရုပ်ဆိုးသော မျက်နှာအမူအရာရှိနေပြီး သိသာစွာပင် နေမထိမထိုင်သာ ဖြစ်နေပုံရ၏။

သူတို့အကြည့်ချင်းဆုံသွားသည်နှင့်တစ်ပြိုင်နက် သူ့အသံက ပိုင်ရှောင်ချန်း၏စိတ်ထဲ ပဲ့တင်ထပ်သွားသည်။

" ဗဟိုဧကရာဇ် ... ထာဝရမယ်တော်တစ်ခုခုဖြစ်နေပြီ "

All Chapters