ထာဝရမယ်တော်ကို ရှာဖွေခြင်း
Vol. 13 Ch. 1272
သူတော်စင်ဧကရာဇ် စကားပြောလိုက်ချိန်မှာပင် ပိုင်ရှောင်ချန်းက နေရာမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံထက် သူ့အရှေ့တွင် ပြန်ပေါ်လာ၏။ ထိုနေရာတွင် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူတို့၏ပတ်လည်တွင် သူတို့၏စကားလုံးများနှင့် နတ်ဘုရားအာရုံများကိုပင် ဖုံးအုပ်ပြီး စုံစမ်းမရအောင် ထိန်းသိမ်းပေးသည့် မမြင်နိုင်သော အကာအကွယ်တစ်ခု ဖြစ်တည်လာလေသည်။
သူတော်စင်ဧကရာဇ်ပြောသည့်အရာကို ပိုင်ရှောင်ချန်း သံသယဝင်နေခဲ့ပြီးဖြစ်ကာ ထိုအတွေးကြောင့် သူတို့နှစ်ယောက်သား လုံးလုံးလျားလျား တုန်လှုပ်သွားကြတော့သည်။ အမှန်ဆိုပါက သံယောဇဥ်မဲ့လူသားက အချုပ်အနှောင်စာရွက်မှ လွတ်မြောက်ရန် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ဝက်ပင် လိုအပ်မည် မဟုတ်ပေ။
စာရွက်များ၏ အချုပ်အနှောင်စွမ်းအားသည် သူတို့၏သွေးဆက်များမှသာ မဟုတ်ဘဲ ထာဝရမယ်တော် ချမှတ်ထားသော သဘာဝနိယာမများမှလည်း လာသည်။ ဥပမာဆိုရလျှင် ပိုင်ရှောင်ချန်းက အယောင်ဆောင်မိစ္ဆာဧကရာဇ်ကို မျက်နှာဖုံးခွာပြီး ထိုသဘာဝနိယာမများထံ ဖော်ထုတ်ခဲ့တုန်းက သူ၏ကိုယ်ပွားပုံစံမှာ ချက်ချင်း ခြောက်ကပ်ညှိုးနွမ်းလာခဲ့လေသည်။ တစ်နည်းနည်းဖြင့် ထာဝရအင်မော်တယ်နယ်မြေများ၏ သဘာဝနိယာမများသည် သူတို့၏ အကြီးမားဆုံးအကာအကွယ်များအနက် တစ်ခု ဖြစ်ပေသည်။
သို့သော် ယခုတွင် ရှောင်ရှောင် အသိအမှတ်ပြုမခံခဲ့ရသည့် အချက်က သေချာပေါက် တစ်ခုခု ချွတ်ယွင်းနေသည်ကို သက်သေပြနေလေသည်။
ပိုင်ရှောင်ချန်းကို မသက်မသာကြည့်ရင်း သူတော်စင်ဧကရာဇ်က ပြောသည်။
" ထာဝရမယ်တော် သေချာပေါက် တစ်ခုခုဖြစ်နေပြီ “
" အဲဒါက စမ်းသပ်ချက်ပျောက်ကွယ်သွားတာတောင်မှ ရှောင်ရှောင် ဘာလို့ အသိအမှတ်မပြုခံရလဲဆိုတာရဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ပဲ “
" အရင်က ဒီလိုတစ်ခါမှ မဖြစ်ပွားခဲ့ဖူးဘူး။ အရင်လက ကျုပ် ထာဝရမယ်တော်ကို ခေါ်ဖို့ ကြိုးစားခဲ့တယ်။ အရင်ကဆို အမြဲတမ်း အလုပ်ဖြစ်လို့ ကျုပ် သူ့ကို သေချာပေါက် အာရုံခံနိုင်တယ်။ ဒါပေမဲ့ အခု ကျုပ် ဘယ်လောက်ခေါ်ခေါ် အာရုံခံလို့ကိုမရဘူး။ ထာဝရမယ်တော်က ထာဝရအိပ်ပျော်သွားတဲ့အတိုင်းပဲ “
" အယောင်ဆောင်မိစ္ဆာဧကရာဇ်နဲ့ ကောင်းကင်အလွန်ကရန်သူကြီးနဲ့ တစ်ခုခုပတ်သက်နေမယ် ထင်တယ်။ အဲဒါက ရန်သူကြီး အစီအစဥ်ရဲ့ တစ်စိတ်တပိုင်းတောင် ဖြစ်လောက်တယ် "
ပိုင်ရှောင်ချန်းက မတုံ့ပြန်ပေ။ သူသည် အောက်ဖက် အင်ပါယာနန်းတော်ထဲတွင် စုဝေးနေလျက် သူ့ကို စိုးရိမ်တကြီးမော့ကြည့်နေသော လူထုကို ငုံ့ကြည့်လိုက်၏။ သူက သက်ပြင်းချရင်း ဤကိစ္စကို သိပ်ကြာကြာလျှို့ဝှက်ထား၍ မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်လေသည်။
" ကျုပ်တို့ အခု မဟာရန်သူတော်ကြီးရဲ့ ပြင်ပခြိမ်းခြောက်မှုနဲ့ ထာဝရမယ်တော် အိပ်ပျော်နေတဲ့ အတွင်းဘေးအန္တရာယ်ရှိနေပြီ။ ဗဟိုဧကရာဇ် ကျုပ်တို့ အရင်က သဘောထားကွဲလွဲမှုတွေ ရှိတာ ကျုပ်သိပေမယ့် အခုတော့ ကျုပ်တို့ သီးသန့်ခွဲမထားဘဲ အတူတူလုပ်ရတော့မယ် “
" ကျုပ်တို့ထဲက တစ်ယောက်ယောက် မိုးမြေဧကရာဇ်ဖြစ်လာနိုင်ရင် ကျရောက်တော့မယ့် ကပ်ဘေးမှာ ရှင်သန်နိုင်ဖို့ အခွင့်အရေးရရင် ရလိမ့်မယ်။ အနည်းဆုံး ထာဝရအင်မော်တယ်နယ်မြေတွေရဲ့ အပိုင်းတစ်ပိုင်းတော့ လွတ်မြောက်ကောင်း လွတ်မြောက်စေနိုင်တယ် ... "
ပိုင်ရှောင်ချန်းက လတ်တလော သူ့မိသားစု၊ သူ့မိတ်ဆွေများဖြင့် အချိန်ဖြုန်းနေချိန် သူတော်စင်ဧကရာဇ်မှာ စိုးရိမ်သောကများဖြင့် ထိတ်ထိတ်ပျာပျာသာ ထိုင်နေခဲ့ရပြီး နောက်ဆုံး စိုးရိမ်ရေမှတ်နားသို့ ရောက်ရှိလာခဲ့လေသည်။
အမှန်ပင် ပိုင်ရှောင်ချန်းသည်လည်း သူတော်စင်ဧကရာဇ်နှင့်အတူ အလုပ်လုပ်ပြီး မိုးမြေဧကရာဇ်အဆင့်ကို ရောက်အောင် ကြိုးစားရန် လိုအပ်ကြောင်း နားလည်သဘောပေါက်ထားသည်။ ထိုသည်က သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် မဟုတ်ပါလော။
ကံဆိုးစွာပင် မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာရန်မှာ အလွန့်အလွန်ခက်ခဲသော အရာတစ်ခုဖြစ်၏။ လူတစ်ယောက်က လောကနတ်ဘုရားတစ်ပါးဖြစ်လာရန် ပို၍ခမ်းနားကြီးကျယ်သောနည်းလမ်းဖြင့် တစ်ကမ္ဘာလုံး၏အသိအမှတ်ပြုမှုကို လိုအပ်လေသည်။ လောကနတ်ဘုရားများက ကမ္ဘာတစ်ကမ္ဘာ၏ မွေးစားသားသမီးများပမာဖြစ်လျှင် မိုးမြေဧကရာဇ်များကား သားကြီးသမီးကြီးများဖြင့် တူပေသည်။
၄င်းမှာ ကြီးမားသောကွာခြားမှုကြီးတစ်ခု ဖြစ်ပြီး ကမ္ဘာ့စိတ်ဆန္ဒအားဖြင့် အဓိကစတေးမှုကြီးတစ်ရပ် လိုအပ်သည်။ အမှန်တွင် ထာဝရအင်မော်တယ်နယ်မြေများမှာ မိုးမြေဧကရာဇ်တစ်ပါး၏ တည်ရှိမှုကို ခံနိုင်ရည် မရှိကြောင်း ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ် သိ၏။ တကယ်တမ်း အချိန်အတော်ကြာသည်အထိ လောကနတ်ဘုရားများထပ်မံ ထွက်ပေါ်မလာခဲ့သည့် အကြောင်းရင်းမှာ ထာဝရမယ်တော်က အလွန်အားနည်းနေ၍ တတိယမြောက်လောကနတ်ဘုရားကို ထောက်ပံ့ပေးရန် စိတ်ဆန္ဒသော်လည်းကောင်း၊ ချီစီးကြောင်းသော်လည်းကောင်း မရှိသောကြောင့်ပင်။
ထိုသည်က ပိုင်ရှောင်ချန်း လောကနတ်ဘုရားတစ်ပါးဖြစ်နေသည်ကို အယောင်ဆောင်မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့နှစ်ယောက်လုံး အလွန်အံ့သြတုန်လှုပ်သွားခဲ့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။
ပိုင်ရှောင်ချန်းက ကံကြမ္မာေကာင်းဖြစ်သော အင်မော်တယ်ကမ္ဘာမှ နောက်ဆုံး လက်ကျန်ချီစီးကြောင်းကိုသာ မရရှိခဲ့ပါက ယခု လောကနတ်ဘုရား ဖြစ်မည် မဟုတ်ပေ။
" ကျုပ် ထာဝရမယ်တော်ကို အခုတလော မရေမတွက်နိုင်အောင် ခေါ်ခဲ့ပေမယ့် တစ်ခုမှ မအောင်မြင်ဘူး။ ပြီးတော့ ဒီနေ့ ရှောင်ရှောင် အဆင့်တက်တာ ပေါ်မလာပြန်ဘူးလေ။ သေချာပေါက် တစ်ခုခုတော့ ဖြစ်နေပြီ “
" မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာဖို့ ထာဝရမယ်တော်ရဲ့အသိအမှတ်ပြုမှုရမှ ရမယ်။ ဗဟိုဧကရာဇ် … ကျုပ်တို့ သူ့ကို ရှာရမယ်။ ကျုပ်တို့ သူ့ကို နှိုးရမယ်။ အဲဒါက ကျုပ်တို့ရဲ့ မိုးမြေဧကရာဇ်ဖြစ်လာဖို့ တစ်ခုတည်းသောမျှော်လင့်ချက်ပဲ"
" သူက ဘယ်မှာလဲ "
ပိုင်ရှောင်ချန်းက ယခုချိန်အထိ အချိန်အတော်ကြာ သိချင်နေခဲ့သောအရာကို မေးလိုက်သည်။ ကံဆိုးစွာပင် ဗဟိုဧကရာဇ်နိုင်ငံတွင် အလွန်နက်ရှိုင်းသော လျှို့ဝှက်စွမ်းအားများ မရှိပေ။ ကောင်းကင်တံတား ဖျက်စီးခံခဲ့ရပြီး သင်္ချိုင်းစောင့်ကြီး သေဆုံးခဲ့ရလေပြီ။ ထိုအရာအားလုံးကြောင့် ဆင့်ကဲလွှဲပြောင်းခဲ့သင့်သော အမွေအနှစ်ဆိုင်ရာအချက်အလက်များစွာက သူ့အတွက် ပဟေဋ္ဌိဆန်နေသေးသည်။ ဥပမာ - ထာဝရမယ်တော်နှင့်ပတ်သက်သော အသေးစိတ်အကြောင်းအရာများပင်။
အကြောင်းကိစ္စများမှာ သူတော်စင်ဧကရာဇ်နိုင်ငံနှင့် လုံးဝကွာခြားလေသည်။ သူတော်စင်ဧကရာဇ်က အသေးစိတ်များ အားလုံး သိထားပြီး အကြောင်းအရာအား နက်နက်နဲနဲနားလည်သွားစေသော အရာများစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးလေသည်။
သူက တင်းမာသောမျက်နှာထားဖြင့် ပိုင်ရှောင်ချန်းကို ကြည့်ပြီး ပြောသည်။
" ကျုပ် သူ့ရဲ့ နေရာအတိအကျကို မသိဘူး။ ဒါပေမဲ့ နတ်ဘုရားအာရုံအရတော့ မိုးမြေဧကရာဇ်တစ်ပါးပဲ သူ့ကို ရှာနိုင်မှာ။ ဒဏ္ဍာရီတွေအရ ထာဝရပန်းရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ မမြင်လည်းမမြင်ရ၊ ရှာလို့လဲမတွေ့နိုင်တဲ့ ပုံရိပ်ယောင်မြစ်တစ်စင်းရှိတယ်။ အဲဒီမြစ်က ထာဝရမြစ်ပဲ ... “
" မိုးမြေဧကရာဇ်တစ်ပါးကလွဲပြီး ဘယ်သူမှ မဝင်နိုင်ဘူး။ တစ်ချက်တော့ရှိတယ်....... ထာဝရမြစ်ထဲဝင်ပြီး ထာဝရမယ်တော်ကို ရှာနိုင်တာက ... ထာဝရလိပ်ပဲ “
" ကျုပ် ထာဝရလိပ်ကို အရမ်းစိတ်ဝင်စားရတဲ့အကြောင်းရင်းက သူ့ရဲ့ မင်္ဂလာရှိတဲ့ သဘာဝကြောင့်တင်မဟုတ်ဘူး၊ သူက မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တာကြောင့်ပဲ"
သူတော်စင်ဧကရာဇ်သည် ဘာကိုမှ ချန်လှပ်မထားဘဲ အမှန်အကန် ရိုးသားစွာပြောနေခြင်း ဖြစ်သည်။ တစ်ချက်တော့ရှိသည်၊ ယခင်က မရိုးသားခဲ့လောက်သော်လည်း ကပ်ဘေးကြီးနှင့်ရင်ဆိုင်နေရချိန်တွင်တော့ သူ မဟုတ်မမှန် မလုပ်ပေ။
ပိုင်ရှောင်ချန်းမှာ ဤအကြောင်းကြားလျှင်ကြားချင်း တုန်လှုပ်သွားတော့သည်။ သို့သော် ထိုအကြောင်းကို တွေးပြီးနောက် ကျိုးကြောင်းဆီလျော်ပြီး သူတော်စင်ဧကရာဇ်ကို ကြည့်ရသည်မှာလည်း လိမ်ညာနေသည့်ပုံမပေါ်ပေ။ တစ်စုံတစ်ယောက်က ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ထာဝရပန်း၏ဝိညာဥ်ကို ရှာဖွေနိုင်လျှင် ထိုတစ်စုံတစ်ယောက်က ထိုပန်း၏ အဖော်ဝိညာဥ်ဖြစ်သော လိပ်ကလေးဖြစ်လိမ့်မည်မှာ ယုတ္တိရှိ၏။
ပိုင်ရှောင်ချန်းက တွန့်ဆုတ်မနေဘဲ နတ်ဘုရားအာရုံကို ဗဟိုဧကရာဇ်မြို့တွင် ပြည့်နှက်စေလိုက်ပြီး လိပ်ကလေးအား အလျင်အမြန် တွေ့လိုက်လေသည်။ အချိန်အနည်းငယ်ကြာသော် လိပ်ကလေးက ငါးတစ်ကောင်ကို တဂျွတ်ဂျွတ်ဝါးနေလျက် သူ့လက်ထဲတွင် ပေါ်လာ၏။
" ဟေး မင်း ဘာလုပ်နေတာတုန်းကွ "
လိပ်ကလေးက အော်လေသည်။ သူ့မှာ ကောင်းကင်နဂါးတူငါးတစ်ကောင်ကို စားရန် ဆွဲထုတ်လိုက်ရုံရှိသေးသည်၊ လေပွေတစ်ခုပေါ်လာကာ သူ မည်မျှရုန်းကန်စေကာမူ သူ့ကို အထဲဆွဲခေါ်သွားခဲ့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်နှစ်ယောက်ကို မျက်နှာချင်းဆိုင်လျက်ရှိနေသော သူ့ကိုယ်သူအား တွေ့လိုက်ရ၏။ ယင်းမှာ အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသောအရာဖြစ်လေသည်။
ကောင်းကင်နဂါးတူငါးကို အလျင်အမြန် မျိုချရင်း သူက ပြော၏။
" ဒါ ကောင်းကင်နဂါးတူငါးမဟုတ်ဘူး။အာ.... ပိုင်ရှောင်ချန်း ကျုပ်ကို လုပ်ခိုင်းတာ "
သူတော်စင်ဧကရာဇ်မှာ ကောင်းကင်အလွန်ကရန်သူကြီးနှင့် ထာဝရမယ်တော်ကြောင့် လေးလေးနက်နက်စိုးရိမ်သောကရောက်နေသည့်တိုင် ကောင်းကင်နဂါးတူဂါး၏မြင်ကွင်းက သူ့မျက်နှာကို ရှုံတွသွားစေသေးသည်။
အမှန်မှာ လိပ်ကလေး ယခင်က ပျောက်သွားခဲ့တုန်းက အခြားတစ်ခု ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်နဂါးတူငါး ကိုးဆယ်ရာခိုင်နှုန်းပင်။ သူတော်စင်ဧကရာဇ်မှာ လိပ်ကလေး အကုန်စားပစ်လိုက်သည်ဟု ယူဆခဲ့သော်လည်း ယခုတွင် သူ့ဘာသာသူ မွေးမြူရန်နှင့် သူ ကြိုက်သည့်အချိန်တိုင်း ကိုက်စားရန် ယူသွားခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။
ကောင်းကင်နဂါးတူငါးများ မွေးမြူရန်မှာ အလုပ်များပြီး လိပ်ကလေး တစ်ယောက်တည်း မလုပ်နိုင်ကြောင်း သူတော်စင်ဧကရာဇ် အတန်အသင့်သေချာလေသည်။ ထို့ကြောင့် သူသည် ပိုင်ရှောင်ချန်းထံမှ အကူအညီရခဲ့ခြင်း ဖြစ်ရမည်။
ထို့နောက် သူက ပိုင်ရှောင်ချန်းကို ဖြေးဖြေးချင်း လှမ်းကြည့်ပြီး အကြာကြီးစိုက်ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ အတန်ငယ်ရှက်သွားကာ လိပ်ကလေးကို မျက်စောင်းထိုးလိုက်သည်။ လိပ်ကလေးက ကောင်းကင်နဂါးတူငါးတစ်အုပ်ကြီးဖြင့် ထွက်ပြေးလာခဲ့ကြောင်း သူ သိခဲ့သော်လည်း ကောင်းသောအရာတစ်ခုဟူ၍ ယူဆခဲ့၏။ ထို့နောက် ၄င်းတို့ကို စောင့်ရှောက်ရန် သရဲကြီးဘုရင်နှင့်အခြားကောင်းကင်ဧကရာဇ်များ၏ အကူအညီကို သူ ယူခဲ့သည်။
အလွန်လေးနက်သောဟန်ဖြင့် သူက လည်ချောင်းကိုရှင်းပြီး ပြောသည်။
" ကောင်းပြီ လိပ်ကလေး။ ငါ အခု မင်းကို ကောင်းကင်နဂါးတူငါးအကြောင်း ဖြေရှင်းခိုင်းနေတာမဟုတ်ဘူး။ ငါ လိုရင်းပဲ ပြောမယ်။ မင်း ထာဝရမြစ်ကို ရှာနိုင်မလား။ ငါတို့ကို ထာဝရမယ်တော်ဆီ ခေါ်သွားပေးနိုင်မလား "
လိပ်ကလေးမှာ အတန်ငယ်စိတ်အေးသွားကာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူတော်စင်ဧကရာဇ်ကို ကြည့်၍ လက်ဆုပ်လက်ကိုင်အမိခံလိုက်ရသဖြင့် အတန်ငယ်အပြစ်ရှိသလို ခံစားချက်များကို ဖိနှိပ်ရန် ကြိုးစားပြီး အားတက်သရော ခေါင်းညိတ်လိုက်သည်။
" ထာဝရမယ်တော်။ ဟိုပန်းမလား၊ လွယ်မှာတော့မဟုတ်ဘူး။ ဒါပေမဲ့ လိပ်ကိုယ်တော်က ဘာမဆိုလုပ်နိုင်ပါတယ်။ ပြဿနာမရှိဘူး "