ထာဝရမြစ်၏ အစွန်ဆုံး
Vol. 13 Ch. 1273
သူတော်စင်ဧကရာဇ်၏ စကား မှန်ကန်ပေသည်။ မည်သည့်သက်ရှိမဆို ထာဝရမယ်တော်အား ရှာဖွေလိုပါက ထာဝရပန်းပွင့်၏ အဖော်ဝိညာဥ်ဖြစ်သော ထာဝရလိပ်ကလေး၏ အကူအညီကို ရယူပြီးမှသာ ရှာဖွေနိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့သာမက ထာဝရအင်မော်တယ်နယ်မြေများထဲရှိ မည်သည့်သက်ရှိမဆို ထိုဒဏ္ဍာရီလာထာဝရမြစ်ကို ရှာတွေ့နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့မှာ သဲလွန်စများ ရှာဖွေနေသည့် လိပ်ကလေး၏နောက်သို့ လိုက်သွားရင်း သုံးလကြာပြီးနောက် အဆုံးသတ်တွင် ထာဝရပင်လယ်၏ ရေနက်ပိုင်းတစ်နေရာရှိ လျှိုမြောင်တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
ပင်လယ်ကြမ်းပြင်ပေါ်တွင် လျှိုမြောင်များမှာ မရေမတွက်နိုင်လောက်အောင် များပြားစွာ ရှိနေသည်ဖြစ်ရာ သူတို့နှစ်ယောက်က ကျင့်ကြံသူမြောက်မြားစွာ စုဝေး၍ ရှာဖွေလျှင်တောင် ဤနေရာအား လိပ်ကလေး၏အကူအညီမပါပဲ လုံးဝရှာတွေ့မည် မဟုတ်ပေ။ နှစ်ထောင်ပေါင်းများစွာ ရှာဖွေလျှင်တောင် မည်သည့်ရလဒ်မှ ထွက်ပေါ်လာမည်မဟုတ်။ အကယ်၍ သူတို့ရှာတွေ့ခဲ့လျှင်တောင် အကျိုးရှိတော့မည်မဟုတ်ပေ။
ရှေ့သို့ဆက်သွားရန် လမ်းမရှိတော့သော ထိုလျှိုမြောင်ထဲ၏ အတွင်းပိုင်းထဲသို့ ရောက်သွားသောအခါ လိပ်ကလေးမှာ သက်ပြင်းချလိုက်ပြီး ပိုင်ရှောင်ချန်းအား တွန့်တိုကတ်သတ်သည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူသည် သူ၏ခေါင်းကို အတတ်နိုင်ဆုံး ဆန့်ထုတ်လိုက်ပြီး နောက်လှည့်၍ သူ၏လည်ပင်းကို လှမ်းကိုက်ကာ သူ၏ဦးခေါင်းကို ဖြတ်လိုက်တော့သည်။ သူ၏ဦးခေါင်း လွင့်ထွက်သွားသောအခါ သွေးအမြောက်အမြားပန်းထွက်လာပြီး သူ၏ရှေ့ရှိနံရံပေါ်တွင် စွန်းထင်းသွားသည်။
ထိုအခါ ထိုနံရံကြီးမှာ တောက်ပလာပြီး ကြေးမုံပြင်တစ်ချပ်အသွင် ပြောင်းလဲသွားသည်။
ထို့နောက် လိပ်ကလေး၏ ဦးခေါင်းဆီမှ ဗလုံးဗထွေးစကားသံများ ထွက်လာသည်။
" အဲဒီထဲကို ဝင်သွားလိုက်မယ်ဆိုရင် မင်းတို့ ထာဝရမြစ်ကို တွေ့လိမ့်မယ်။ ငါမင်းတို့နှစ်ယောက်ကို ကူညီဖို့ အများကြီး စတေးထားတာနော်။ အဲဒီတော့ ကောင်းကင်နဂါးတူငါးတွေကို ငါ့အပိုင်ပေးတော့ "
" ပြီးတော့ ပိုင်ရှောင်ချန်း … မင်းကငါ့အတွက် တာအိုလက်တွဲဖော်တွေ ရှာပေးရမှာနော်။ ငါ လိပ်မချောချောလေးတွေ အနည်းဆုံး အကောင်တစ်ထောင်လောက် လိုချင်တယ်... "
" ပြီးတော့ သူတော်စင်ဧကရာဇ်။ မင်းရဲ့ ရေအိုင်ထဲက ကြာစေ့တွေက မှည့်ခါနီးနေပြီ။ ကျုပ် ရှစ်ဆယ်ရာခိုင်နှုန်းတိတိ လိုချင်တယ် "
ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့မှာ အလျင်အမြန် ခေါင်းညိတ်ကာ လိပ်ကလေး၏ တောင်းဆိုချက်အား သဘောတူလိုက်ကြပြီး သူတို့ရှေ့တွင် ပေါ်လာနေသည့် ကြေးမုံပြင်ကြီးကို ငေးကြည့်လိုက်ကြသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးသွားသောအခါ ထိုနံရံကြီးမှာ အခြားကမ္ဘာသို့သွားနိုင်မည့် လမ်းတစ်ခုအသွင် အပြီးတိုင်ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုနေရာတစ်ဝိုက်တွင် ရေပွက်သံများကို ကြားနေရပြီး လေထုထဲတွင် ရေငွေ့အနည်းငယ်ကိုပင် မြင်နေရသည်။ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသောအခါ တစ်ယောက်၏မျက်ဝန်းထဲရှိ စိတ်လှုပ်ရှားမှုများကို အခြားတစ်ယောက်က မြင်လိုက်ရတော့သည်။
ထာဝရမယ်တော်ကိုရှာဖွေရန်မှာ လက်ရှိတွင် သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ရာ ပိုင်ရှောင်ချန်းမှာ တွေဝေမနေပဲ ထိုကြေးမုံပြင်ထဲသို့ ပျံသန်းသွားပြီး သူတော်စင်ဧကရာဇ်မှာလည်း သူ၏နောက်မှ လိုက်သွားတော့သည်။ ထာဝရလိပ်ကလေးမှာမူ သူ၏ဦးခေါင်းနှင့် သူ၏ခန္ဓာကိုယ် ပြန်လည်ချိတ်ဆက်သွားပြီးနောက် တချိန်လုံး မြည်တွန်တီးတောက်၍ သူတို့နောက်မှလိုက်သွားတော့သည်။
သူတို့ အတွင်းသို့ ရောက်သွားသောအခါ ထိုကြေးမုံပြင်ကြီးမှာ တွန့်လိမ်ကွေးကောက်သွားပြီး သာမန်ကျောက်သားနံရံတစ်ခုအဖြစ် တဖြည်းဖြည်းပြန်လည် ပြောင်းလဲသွားသည်။
ထိုကြေးမုံပြင်ထဲတွင် ပိုင်ရှောင်ချန်းက ပထမဦးစွာ ရေစီးသံများကို ကြားလိုက်ရပြီးနောက် သူ၏အမြင်အာရုံ ပြန်လည်ရှင်းလင်းသွားသောအခါ ခမ်းနားကြီးကျယ်လှပြီး အဆုံးအစမဲ့လောက်အောင်ရှည်လျားနေသည့် မြစ်ကြီးတစ်စင်း၏အထက်တွင် မျောလွင့်နေကြောင်း သိလိုက်ရသည်။
ထိုရေများမှာ သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေပြီး စိတ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
" ထာဝရမြစ် "
သူတော်စင်ဧကရာဇ်က စိတ်လှုပ်တရှား ဆိုလိုက်သည်။ ထို့နောက် သူက လက်ကို အောက်သို့ဆန့်ထုတ်ကာ ရေကိုတို့ထိလိုက်ပြီးနောက် ရေတစ်လုပ် ခတ်သောက်လိုက်တော့သည်။
လိပ်ကလေးမှာမူ ရေထဲသို့ ထိုးဆင်းသွားပြီး ရေကူးနေ၏။ သူသည် စိတ်လှုပ်တရှားဖြစ်နေသော သူတော်စင်ဧကရာဇ်အား မျက်စောင်းထိုးကြည့်လိုက်ပြီး အေးစက်စက်နှာမှုတ်လိုက်သည်။
" မင်းက ဘာတွေ စိတ်လှုပ်ရှား နေတာတုန်း။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျုပ် ဒီမြစ်ထဲမှာ သေးဘယ်နှကြိမ်ပေါက်ခဲ့လဲဆိုတာ မင်းသိလား "
သူတော်စင်ဧကရာဇ်မှာမူ ရုတ်တရက် မျက်နှာပျက်သွားရတော့သည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းမှာ လက်ကိုဆန့်ထုတ်လိုက်ပြီး လိပ်ကလေးအားလှမ်းဖမ်းလိုက်သည်။ ထို့နောက် စိတ်ရှုတ်နေသည့် အမူအရာဖြင့် သူ့အားစိုက်ကြည့်လိုက်ပြီး ဆိုလိုက်တော့သည်။
" စကားမများနဲ့ လိပ်ကလေး။ လမ်းပြမှာဖြင့်ပြ။ ပြီးတော့ ဘာမှမပူနဲ့။ ငါမင်းအတွက် တာအိုလက်တွဲဖော် တစ်သိန်းကျော် ပြင်ဆင်ပေးထားပြီးပြီ "
" ကောင်းကင်နဂါးတူငါးတွေကိုလည်း မင်းအကုန်ယူလို့ရတယ်။ ကောင်းကင်ရေအိုင်ထဲက ကြာစေ့တွေရောပဲ။ သူတော်စင်ဧကရာဇ်က ဘာမှတွက်ကတ်နေမှာမဟုတ်ဘူး "
ထိုသို့ဆိုကာ သူသည် ချောင်းဟန့်လိုက်ပြီး သူတော်စင်ဧကရာဇ်အား လှမ်း၍ကြည့်လိုက်သည်။
သူတော်စင်ဧကရာဇ်မှာမူ လိပ်ကလေးအား စိုက်ကြည့်နေတော့သည်။ အခြားအခြေအနေများတွင်မူ သူက စျေးအနည်းငယ်ဆစ်နေဦးမည် ဖြစ်သော်လည်း ယခုတွင်မူ ကပ်ဘေးကြီး ကျရောက်တော့မည်ဖြစ်ရာ ထာဝရမယ်တော်နှင့် ဖြေရှင်းရမည့် အခြေအနေမှာ အရေးကြီးဆုံး အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက အသေးအဖွဲ့ကိစ္စရပ်လေးများကို တွေးပူမနေတော့ပေ။
" အကုန်သာယူကွာ "
သူက ခတ်ပြတ်ပြတ်ဆိုလိုက်သည်။
ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့ထံမှ နှုတ်အားဖြင့် အာမခံချက်များကို ရလိုက်ပြီဖြစ်၍ လိပ်ကလေးမှာ စိတ်လှုပ်ရှားသွားဟန်တူသည်။ သူက မြစ်ထဲမှ ခုန်ထွက်လာပြီး အော်ဟစ်လိုက်သောအခါ မရေမတွက်နိုင်သော မှော်သင်္ကေတပေါင်းများစွာမှာ သူ၏ခန္ဓာကိုယ်ထဲမှ အတန်းလိုက် ထွက်ပေါ်လာကြပြီး ဧရာမလိပ်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။
အဝေးမှကြည့်လိုက်ပါက ထိုလိပ်ကလေးကိုယ်တိုင် အရွယ်အစားကြီးမားလာပြီး မီတာသုံးဆယ်အထိ အရပ်မြင့်သွားသည်ဟုပင် ထင်ရသည်။ အမှန်မှာ ထိုလိပ်ကြီးသည် ဧရာမမှော်လှေတစ်စင်းအသွင်ဖြင့် ပိုင်ရှောင်ချန်း၊ သူတော်စင်ဧကရာဇ်နှင့် ထာဝရလိပ်ကလေးတို့ကို ထာဝရမြစ်တစ်လျှောက် ခေါ်ဆောင်သွားနေခြင်း ဖြစ်သည်။
ထိုအချိန်မှသာ ထာဝရမြစ်မှာ ၎င်းကိုမည်သည့်အရာမှ ဆန်မတက်နိုင်ရန် ကြိုးပမ်းနေသည့်အလား သူတို့ကို တွန်းထုတ်နေသည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက ရိပ်မိလိုက်သည်။
မြစ်၏အထက်ရှိ လေပေါ်တွင်ပျံလျှင်လည်း ထိုနည်းတူပင်။ သူတို့မှာ ရှေ့သို့ရောက်လေလေ ရေတွန်းအားမှာ ပို၍ပြင်းထန်လာလေလေဖြစ်သည်။ လိပ်ကလေးက မီတာသောင်းဂဏန်းများစွာ ရှေ့သို့ဆန်တက်ပြီးနောက် အဆုံးတွင် ထိုရေတွန်းအားမှာ အလွန်ပြင်းထန်လာသဖြင့် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့မှာ အံ့သြတုန်လှုပ်နေရတော့သည်။
သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသောအခါ သူတို့နှစ်ယောက်စလုံး အံ့အားသင့်နေရသည်ကို သိလိုက်ကြသည်။ သူတို့ဘက်တွင် လိပ်ကလေးသာရှိမနေပါက အကယ်၍ သူတို့ အပြင်ဘက်ရှိ ဤလျှိုမြောင်ကြီးအား ရှာတွေ့ခဲ့ပြီး အတွင်းသို့ ဝင်နိုင်ခဲ့လျှင်တောင် မြစ်အားဖြတ်သန်းနိုင်မည် မဟုတ်ပေ။
ထာဝရမြစ်မှာ ကြုံလျှင်ကြုံသလို ကွေးကောက်နေသည်ဖြစ်ပြီး အရွယ်အစားမတူညီသော မြစ်လက်တက်ပေါင်းများစွာလည်း ရှိနေသေးသည်။ သို့သော် သူတို့ဆန်တက်နေသည့် နေရာမှာ ကျယ်ဝန်းလွန်းလှ၍ အဓိကမြစ်လက်တက်ဖြစ်ကြောင်း သိနိုင်သည်။
သူတို့ ထိုသို့ ဆန်တက်နေရင်း မြစ်ခွဲနေရာများသို့ ရောက်သည့်အခါတိုင်း လိပ်ကလေးမှာ ရပ်တန့်လိုက်ပြီး အချိန်ယူကာ သူ၏အာရုံများကို စေလွှတ်၍ ဆက်သွားရမည့် လမ်းကိုရွေးချယ်နေသည်။ ထိုသို့ဖြင့် သူတို့မှာ ဧရာမဝင်္ကပါကြီးတစ်ခုဖြစ်သော ထာဝရမြစ်ကြီးကို ဖြတ်သန်းနေတော့သည်။
ရက်ပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း ကံကောင်းထောက်မစွာပင် သူတို့က မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းအခြေခံများကိုပင် အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် လိပ်ကလေးမှာ ဆက်တိုက် လမ်းပျောက်နေသည်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ အားမလိုအားမရ ဖြစ်လာတော့သည်။
ထိုသို့လမ်းပျောက်သည့်အခါတိုင်း လိပ်ကလေးမှာ တအံ့တသြနှင့် အာမေဋိတ်သံများ ပြုလိုက်ပြီး သူ၏ခေါင်းကို အူကြောင်ကြောင်အမူအရာဖြင့်ကုတ်ကာ နောက်သို့လှည့်၍ လမ်းအသစ်ကို ရှာနေရသည်။ ပထမဆုံး အကြိမ်အနည်းငယ်တွင် ပိုင်ရှောင်ချန်းမှာ မသိသလိုဟန်ဆောင်ကာ သူ၏အမှားများကိုခွင့်လွှတ်ပေးလိုက်ပါသော်လည်း အကြိမ်ပေါင်းဒါဇင်အနည်းငယ်ခန့် ရှိလာသောအခါ အလွန်စိတ်ရှုပ်လာတော့သည်။
" ငါတို့ ဒီလမ်းကို သွားပြီးပြီလေ လိပ်ကလေးရ။ မင်းတကယ်ရော လမ်းသိလို့လား။ ဘယ်သွားနေလဲဆိုတာကိုရော သိသေးရဲ့လား "
" သိပါတယ်ကွ။ မပူပါနဲ့ "
အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း အတိအကျပြောရန် မဖြစ်နိုင်တော့ပေ။ သူတော်စင်ဧကရာဇ်ပင် မချင့်မရဲ ဖြစ်လာပြီဖြစ်ပြီး လိပ်ကလေးမှာလည်း အလွန်အမင်း စိုးထိတ်နေသည့်အခြေအနေသို့ ရောက်လာတော့သည်။
" မဟုတ်သေးပါဘူး မှားနေပြီ " သူက ရေရွတ်လိုက်သည်။
" ဘာလို့ ငါလမ်းအမှန်ကို မရှာနိုင်ရတာလဲ " လမ်းခုလတ်တစ်နေရာတွင် သူသည် စိုးရိမ်လွန်းလာသဖြင့် လည်ပင်းကိုဆန့်ထုတ်ကာ ထပ်၍ကိုက်လိုက်ပြီး သူ၏သွေးစက်များမှ အကူအညီကို ရယူလိုက်တော့သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုနေရာတစ်ဝိုက်ရှိ ရေငွေ့အနည်းငယ်ကို ရှသွင်းလိုက်တော့သည်။ ထိုအခါမှသာ သူ၏နီမြန်းနေသောမျက်ဝန်းများမှာ အရောင်တောက်လာတော့သည်။
" တွေ့ပြီကွ "
သူက အော်ဟစ်လိုက်သည်။ သူ၏ခေါင်းနှင့်ခန္ဓာကိုယ် ပြန်လည်ချိတ်ဆက်သွားပြီးနောက် သူသည် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့အား မြစ်လက်တက်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ၎င်းအားစုံဆင်းလိုက်တော့သည်။ အဆုံးသတ်တွင် သူတို့၏နှာခေါင်းများထဲသို့ မွှေးပျံ့သောရနံ့တစ်ခု လွင့်ပျံ့သဖြင့် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့မှာ သူတို့၏နတ်ဘုရားအာရုံများကို ထုတ်လွှတ်လိုက်ကာ သူတို့၏ရှေ့တွင်ရှိနေသောအရာကို အကဲခတ်လိုက်ကြသည်။
ရက်အနည်းငယ်ကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့မှာ သူတို့၏ နတ်ဘုရားအာရုံများမှတစ်ဆင့် မြစ်၏အဆုံးရှိ တောက်ပနေသော အလင်းစက်လုံးတစ်လုံးကို မြင်လိုက်ရ၍ အံ့သြတုန်လှုပ်သွားကြပြီး မတ်တတ်ထရပ်လိုက်ကြတော့သည်။
မည်သည့်အကြောင်းကြောင့်တော့မသိ
ထိုတလက်လက်တောက်ပနေသည့် အလင်းရောင်နှင့် သူတို့နှစ်ယောက်စလုံးမှာ ရင်းနှီးနေသည့်ပုံပေါ်နေပြီး မိသားစုဝင်တစ်ယောက်အား မထင်မှတ်ပဲဆုံတွေ့လိုက်ရသည့် မောပန်းနွမ်းလျနေသော ခရီးသွားတစ်ယောက်ကဲ့သို့ ခံစားလိုက်ရတော့သည်။ သူတို့၏သွေးများထဲတွင်သာမက ဝိညာဥ်များထဲတွင်ပါရှိနေသော အရာတစ်ခုကြောင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးထဲတွင် အနွေးဓာတ်များဖြင့် ပြည့်နှက်သွားသကဲ့သို့ပင်။
ထိုအလင်းရောင်ကို ဝန်းရံနေသည့်အရာကား အလင်းတစ်ဝက်ဖောက်နိုင်သော ခေါင်းလောင်းတစ်လုံးပင်ဖြစ်သည်။