← Chapters

ခေါင်းလောင်းသံအား ဗဟိုပြု၍ ထာဝရမယ်တော်ကို နိုးထစေခြင်း

Vol. 13 Ch. 1274

ခေါင်းလောင်းသံအား ဗဟိုပြု၍ ထာဝရမယ်တော်ကို နိုးထစေခြင်း

Vol. 13 Ch. 1274

" ထာဝရမယ်တော် "

သူတော်စင်ဧကရာဇ်မှာ ပင့်သက်ရှိုက်မိသွားသည်။ သူသည် လိပ်လှေထဲမှ ပျံထွက်သွားပြီး စိတ်လှုပ်ရှားနေသည့်အမူအရာဖြင့် ထို အလင်းတစ်ဝက်ဖောက်နိုင်သော ခေါင်းလောင်းဆီသို့ ချဥ်းကပ်သွားလိုက်တော့သည်။

သူသည် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသော်လည်း ထာဝရမယ်တော်အား သူ၏မျက်လုံးများနှင့် တပ်အပ်မြင်လိုက်ရသည့်အတွက် အလွန်အမင်းအံ့တုန်လှုပ်သွားရပြီး ထိုအံ့သြမှုအရိပ်အယောင်များမှာ သူ၏မျက်နှာပေါ်တွင် ချက်ချင်းပင် ပေါ်ထွက်လာတော့သည်။

ထာဝရမယ်တော်မှာ ထာဝရအင်မော်တယ်နယ်မြေအားလုံး၏ စိတ်ဆန္ဒကို ကိုယ်စားပြုနေသည်။ သူမသည် သက်ရှိအားလုံး၏ မိခင်ဖြစ်ပြီး အရာရာတိုင်းကို ဖန်တီးခဲ့သည့် ထာဝရပန်းပွင့်လည်း ဖြစ်သည်။

သူတော်စင်ဧကရာဇ်တစ်ယောက်တည်းသာ စိတ်လှုပ်ရှားနေသည်တော့မဟုတ်။ ပိုင်ရှောင်ချန်းမှာလည်း ထိုခေါင်းလောင်းနားသို့ ချဥ်းကပ်သွားလိုက်ပြီးနောက် သူ၏မိခင်ရှေ့သို့ အလိုလို ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

သို့သော် သူတို့နှစ်ယောက်မှာ ထိုတလက်လက်တောက်ပနေသည့် အလင်းရောင်ကို မြင်နေရပါသော်လည်း မည်သည့်သက်စောင့်အားကိုမှ အာရုံမခံနိုင်ပေ။ ထိုအလင်းရောင်မှာ သဘာဝအတိုင်း ရှိနေသည့်ပုံပေါ်နေပြီး မည်သည့်အသိဉာဏ်နှင့်အတွေးစကိုမှ ကိုယ်စားပြုနေခြင်း မရှိသည့်ပုံပင်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှ စိတ်ပျက်သွားပြီး သူတော်စင်ဧကရာဇ်အား လှမ်းကြည့်လိုက်သည်။ သူတော်စင်ဧကရာဇ်မှာမူ သူ၏စိတ်လှုပ်ရှားမှုများကို ချုပ်တည်း၍ နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ ထိုခေါင်းလောင်းကြီးကို စစ်ဆေးနေသည်။ အစတွင် သူသည် ထိုသို့ စစ်ဆေးရန် ခက်ခဲလိမ့်မည်ဟု တွက်ထားပါသော်လည်း မည်သည့်အရာကမှ သူ၏နတ်ဘုရားအာရုံကို တားဆီးမနေခဲ့ပေ။ သူ၏နတ်ဘုရားအာရုံမှာ ခေါင်းလောင်းထဲသို့ အသာအယာဝင်ရောက်သွားပြီး အလင်းရောင်ကို တို့ထိကာ တစ်စုံတစ်ရာကို ဆင့်ခေါ်လိုက်သည်။

သို့သော်လည်း မည်သည့်တုံ့ပြန်မှုမှ ထွက်မလာခဲ့ပေ။ သူတော်စင်ဧကရာဇ်မှာ နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ထာဝရမယ်တော်အားခေါ်ကာ သူမကို နှိုးရန် ကြိုးစားနေပါသော်လည်း မည်သည့်နည်းလမ်းမှ အလုပ်မဖြစ်ခဲ့ပေ။ ပိုင်ရှောင်ချန်းမှာလည်း သူ့နည်းတူ ကြိုးစားကြည့်လိုက်ပါသော်လည်း ရလဒ်မှာ ပြောင်းလဲမသွားပေ။ သူတို့နှစ်ယောက် မည်သို့ပင်ကြိုးစားစေကာမူ မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။

သူတော်စင်ဧကရာဇ်မှာ မျက်နှာပျက်လာပြီး စိုးထိတ်မှုများပိုလာသဖြင့် သူ၏နတ်ဘုရားအာရုံထဲရှိ အငွေ့အသက်များမှာ ပို၍ပြင်းထန်လာတော့သည်။

" ထာဝရမယ်တော်ခင်ဗျား ကျေးဇူးပြု၍ ထပါတော့ "

လိပ်ကလေးမှာမူ ထာဝရမြစ်ထဲတွင် ပျင်းရိပျင်းတွဲနှင့် ရေကူးရင်း သူတို့၏ကြိုးစားအားထုတ်မှုများကို ကြည့်နေ၏။ အဆုံးတွင် သူတော်စင်ဧကရာဇ်ထံမှ အော်ခေါ်သံများ ထွက်လာပြီဖြစ်ရာ သူက သူတော်စင်ဧကရာဇ်အား လှမ်းကြည့်၍ ချောင်းဟန့်လိုက်တော့သည်။

" အော်နေလို့ ဘာမှမထူးဘူး။ ထာဝရမယ်တော်က အိပ်နေတာ။ သူ ဒီလိုအိပ်နေတာ နှစ်နဲ့ချီနေပြီ။ ပြီးတော့ သူနိုးထလာတယ်ဆိုတာကလည်း သူ့ရဲ့ နတ်ဘုရားအာရုံကို စေလွှတ်တာလောက်ပဲ ရှိတာ "

" မင်းတို့တွေ အသံကုန်အောင်အော်နေပြီး နတ်ဘုရားအာရုံတွေအားလုံးကို ဖြုန်းတီးရင်တောင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး "

" သူ့ကို နှိုးနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းက ခေါင်းလောင်းကို တီးဖို့ပဲ။ အဲဒီခေါင်းလောင်းသံက သက်ရှိတွေအားလုံးနဲ့ ချိတ်ဆက်နေသလို သက်ရှိတွေအားလုံးကို ကိုယ်စားပြုနေတာ ... "

လိပ်ကလေးမှာ ဤကိစ္စနှင့်ပတ်သတ်၍ ဗဟုသုတကြွယ်ဝနေသဖြင့် သူ့ကိုယ်သူ အလွန်ကျေနပ်နေတော့သည်။

သူတော်စင်ဧကရာဇ်မှာ တွေဝေမနေပဲ ရှေ့သို့လှမ်းလိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်ကာ ခေါင်းလောင်းအား ရိုက်နှက်လိုက်တော့သည်။

သူသည် သူ့ထံတွင်ရှိသော စွမ်းအားအကုန်လုံးကို အသုံးပြုလိုက်သည်ဖြစ်ရာ လောကနတ်ဘုရားအဆင့် အငွေ့အသက်များသာမက သူတော်စင်တစ်ယောက်၏ အငွေ့အသက်ကဲ့သို့ နှိုင်းယှဥ်၍မရနိုင်အောင် မြင့်မြတ်သည့် အငွေ့အသက်တစ်ခုပါ တလိပ်လိပ် ပေါ်ထွက်လာတော့သည်။ ထိုစွမ်းအင်များမှာ ဒြပ်ထုရှိသော ရောင်စုံလက်တစ်ဖက်အသွင် ပြောင်းလဲသွားပြီး သူ၏လက်အတိုင်းလှုပ်ရှားကာ ခေါင်းလောင်းကြီးကို ရိုက်နှက်လိုက်တော့သည်။

ထိုအခါ ထစ်ချုန်းသံများရောယှက်နေသော အုန်းခနဲ မြည်သံတစ်သံ ပေါ်ထွက်လာပြီး ထာဝရမြစ်ရေပြင်ပေါ်တွင် လှိုင်းလုံးများထသွားတော့သည်။ ထာဝရအင်မော်တယ်နယ်မြေအားလုံးပင် တုန်ရီစပြုလာပြီး ထာဝရပင်လယ်ပြင်ကြီးပေါ်တွင်ပင် လှိုင်းလုံးများကို မြင်နေရတော့သည်။

သူတော်စင်ဧကရာဇ်မှာ အစွမ်းကုန်ကြိုးစား၍ တုန်လှုပ်ခြောက်ခြားစရာကောင်းသော စွမ်းအင်များကို ထုတ်လွှတ်ကာ ရိုက်နှက်ခဲ့သည်ဖြစ်ရာ နားများပင်အူသွားစေနိုင်သည့် တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။ သို့သော်လည်း သူ၏ရိုက်နှက်ချက်မှာ ခေါင်းလောင်းပေါ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိလိုက်သည့်ပုံပင်။ ခေါင်းလောင်းသံ ပေါ်ထွက်လာပါသော်လည်း ထာဝရမယ်တော် နိုးမလာခဲ့ပေ။ ထို့အပြင် တန်ပြန်ဒဏ်တစ်ခုက သူ့အား ဖျက်ဆီးနိုင်စွမ်းအပြည့်ဖြင့် ရိုက်နှက်သွားသဖြင့် သူတော်စင်ဧကရာဇ် တုန်လှုပ်သွားရတော့သည်။

ဘုန်းတန်ခိုးကြီးမားလှသော သူတော်စင်ဧကရာဇ်မှာ နောက်သို့ ခြေလှမ်းများစွာ ဒယိမ်းဒယိုင် ဖြစ်သွားပြီး သွေးပွက်ကြီးတစ်ပွက် အန်ထွက်လာကာ မျက်နှာဖြူဆုတ်သွားတော့သည်။ သူရပ်တန့်သွားသောအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲပျက်စီးလုမတတ် ခံစားလိုက်ရတော့သည်။

" ဒါဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ "

သူ၏နှုတ်မှ လွှတ်ခနဲ ရေရွတ်မိလိုက်သည်။

" ဘာလို့ မဖြစ်နိုင်ရမှာလဲ "

လိပ်ကလေးက သက်ပြင်းချကာ ပြန်မေးလိုက်သည်။ ထို့နောက် ခေါင်းလောင်းအား အားကျသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

" မင်းက လောတာကိုးကွ။ လိပ်ကိုယ်တော် ဆုံးအောင်တောင် မရှင်းပြရသေးဘူးလေ။ သူ့ကိုနှိုးနိုင်ဖို့ ခေါင်းလောင်းတီးစရာ တစ်နည်းပဲ ရှိတယ်ဆိုပေမဲ့ အောင်မြင်ဖို့က ပြောသလောက်မလွယ်ဘူး။ အဲဒီခေါင်းလောင်းက အင်မတန် စွမ်းအားကြီးတဲ့ တန်ပြန်ဒဏ်ကို ပြန်ထုတ်ပေးနိုင်စွမ်းရှိတယ်။ မင်းဟာမင်း ခေါင်းလောင်းကို ကြိုက်သလောက် ရိုက်နှက်နေလည်း ခေါင်းလောင်းကိုမထိပဲ မင်းကိုမင်းပဲ ပြန်ထိမှာ "

သူတော်စင်ဧကရာဇ်၏ မျက်နှာထား တင်းမာသွားပြီး လိပ်ကလေးအား လျစ်လျူရှုကာ ပိုင်ရှောင်ချန်းအား စိုးထိတ်စွာလှမ်းကြည့်လိုက်သည်။

ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ သတိကြီးကြီး ထားနေရပြီဖြစ်သည်။ သူတော်စင်ဧကရာဇ်အား ရိုက်နှက်ခဲ့သည့် တန်ပြန်ဒဏ်ကြီးကို မြင်လိုက်ရသည်မှာ သူ့အတွက် အနည်းငယ်ထိတ်လန့်စရာ ကောင်းသွားခဲ့သည်။ ယခုတွင်မူ လိပ်ကလေးက ထပ်၍ရှင်းပြလိုက်သည်ဖြစ်ပြီး သူတော်စင်ဧကရာဇ်မှာလည်း သူ့အားကြည့်နေသောကြောင့် ပိုင်ရှောင်ချန်းမှာ ခေတ္တမျှ တွေဝေသွားတော့သည်။

" အာ ဘာပဲ ဖြစ်ဖြစ်ပါ။ " သူကတွေးလိုက်သည်။

" ကြည့်ရတာ တစ်ခြားရွေးစရာမှ မရှိတော့ပဲ။ ဖြစ်ချင်ရာဖြစ် လုပ်ရတော့မှာပဲ "

ထို့နောက် သူသည် ပြတ်သားမှုအရိပ်အယောင်များ တောက်ပနေသည့်မျက်ဝန်းများဖြင့် အံကြိတ်လိုက်ပြီး ရှေ့သို့လျှောက်လှမ်းသွားတော့သည်။ သူ၏ခွန်အားကို အနည်းငယ်လေးမျှပင် ထိမ်ချန်ထားရန် မဖြစ်နိုင်ပေ။ အကယ်၍ ထိုသို့ထိန်ချန်လိုက်ပါက တန်ပြန်ဒဏ်ကို လျှော့ချနိုင်မည်ဖြစ်ပါသော်လည်း စုစုပေါင်း အကျိုးသက်ရောက်မှုကိုပါ လျှော့ချသလို ဖြစ်သွားမည်ဖြစ်ရာ စွမ်းအင်ဖြုန်းတီးနေသလို ဖြစ်နေမည်သာ ဖြစ်သည်။

" ငါ့ရဲ့ အားအင်ပြန်ပြည့်နိုင်စွမ်းတွေက ငါ့ကို ထိန်းထားပေးနိုင် လောက်ပါတယ် "

သူသည် တွေဝေမနေတော့ပဲ ညာလက်သီးကိုဆုပ်လိုက်သောအခါ မသဲကွဲသော ဧကရာဇ်တစ်ပါး ပေါ်ထွက်လာတော့သည်။ ၎င်းမှာ သူ၏ ထာဝရမိုးမြေဧကရာဇ်လက်သီးပင် ဖြစ်သည်။

အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ တုန်ရီသွားသည်။ မသဲကွဲသော ဧကရာဇ်ကြီးမှာလည်း ပိုင်ရှောင်ချန်းကဲ့သို့ လက်သီးဆုပ်လိုက်ပြီး ထိုလက်သီးချက် ခေါင်းလောင်းကြီးကို မထိလိုက်ခင်မှာပင် သူနှင့်အတူ တစ်သားထဲပေါင်းစည်းသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ဤလက်သီးချက်ထဲတွင် ရှိသမျှစွမ်းအင်အကုန် ထည့်ထားသည်ဖြစ်ရာ ထိုလက်သီးချက်ကြီးက ထိုးနှက်မိသွားသောအခါ သူတော်စင်ဧကရာဇ်ထက် များစွာ ပို၍ကျယ်လောင်သည့် အုန်းခနဲမြည်သံတစ်သံ ပေါ်ထွက်လာသည်။

ထိုနေရာတစ်ဝိုက်ရှိ ထာဝရမြစ်ရေများမှာ ရေမှုန်များအသွင် ကွဲထွက်သွားကြပြီး ပေါ်ထွက်လာသော တုန်ခါလှိုင်းများကြောင့် လိပ်ကလေးပင် နောက်သို့မီတာရာဂဏန်းအနည်းငယ်ခန့် လွင့်စင်သွားသည်။ သူတော်စင်ဧကရာဇ်မှာ မျက်နှာပျက်သွားပြီး ပိုင်ရှောင်ချန်း၏တိုက်ကွက်အားကြည့်၍ ပင့်သက်များရှိုက်ကာ နောက်သို့ထပ်၍ ဒယိမ်းဒယိုင်ဖြစ်သွားရပြန်သည်။

ထာဝရအင်မော်တယ်နယ်မြေအားလုံးမှာလည်း တုန်ခါသွားပြီး ကျယ်လောင်သောထစ်ချုန်းသံများ ပဲ့တင်ထွက်ပေါ်လာသဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားရတော့သည်။

ပိုင်ရှောင်ချန်းမှာမူ တောင်များကိုပြိုလဲသွားစေနိုင်ပြီး ပင်လယ်များကိုခန်းခြောက်သွားစေနိုင်သည့် အားကြီးဖြင့် သူ့အား တန်ပြန်ရိုက်ခတ်သွားသဖြင့် မျက်နှာပျက်သွားရပြီး အင့်ခနဲဖြစ်သွားလေသည်။ သို့သော်လည်း သူ၏ထာဝရအတွဲမှအစွမ်းများ ချက်ချင်း ပေါ်ထွက်လာသည်ဖြစ်ရာ သူသည် ရပ်တန့်မနေတော့ပဲ ပထမခေါင်းလောင်းသံ မကွယ်ပျောက်သွားသေးခင်မှာပင် ဒုတိယလက်သီးချက်ကို ထိုးနှက်လိုက်တော့သည်။

ဒုတိယခေါင်းလောင်းသံမှာ ကောင်းကင်မှမိုးခြိမ်းသံနှင့်ဆင်တူပြီး ခေါင်းလောင်းအား အပြင်းအထန်တုန်ရီသွားစေသောကြောင့် လိပ်ကလေးမှာ အော်ဟစ်လိုက်ရပြီး သူတော်စင်ဧကရာဇ်မှာလည်း ဖြူဆုတ်နေသည့် မျက်နှာဖြင့် နောက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားရပြန်သည်။

သို့သော် ပိုင်ရှောင်ချန်းမှာ ထိုမျှလောက်နှင့် မရပ်တန့်သွားပေ။ သူသည် နီမြန်းနေသောမျက်ဝန်းများဖြင့် တတိယမြောက်လက်သီးချက်ကို ထိုးနှက်လိုက်ပြီးနောက် စတုတ္ထနှင့် ပဥ္စမအချက်တို့ကိုပါ ထိုးနှက်လိုက်တော့သည်။ သူသည် ရူးသွပ်သွားသည့်ပုံစံပေါ်နေပြီး ပါးစပ်မှလည်း သွေးများစီးကျကာ လက်သီးချက်ရှစ်ချက်အထိ ရောက်သည့်တိုင်အောင် ခေါင်းလောင်းကြီးအား ဆက်တိုက်ထိုးနှက်လိုက်သည်။

" ထပါတော့ ထာဝရမယ်တော် "

သူ၏ထာဝရအတွဲမှာ တန်ပြန်ဒဏ်ကို မခံနိုင်တော့သဖြင့် သူ အော်ဟစ်လိုက်တော့သည်။ လက်သီးချက်ကိုးချက်မှာ သူ အများဆုံးထိုးနိုင်သည့် အချက်အရေအတွက်ဖြစ်သည့်ပုံပင်။ ယခင်က ခေါင်းလောင်းသံရှစ်သံမှာ နဝမမြောက်ခေါင်းလောင်းသံနှင့် ပေါင်းစည်းသွားသောအခါ ကောင်းကင်ကြီး တုန်ရီသွားပြီး မြေပြင်သည်လည်း တုန်ခါသွားတော့သည်။

" ဘယ်လိုနည်းနဲ့များ သူကဒီလောက်ထိ သန်မာနေရတာလဲ "

သူတော်စင်ဧကရာဇ်မှာ ပါးစပ်မှသွေးများစီးကျလာပြီး နောက်သို့ မီတာသုံးထောင်တိတိ လွင့်ထွက်သွားတော့သည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ သူ့ထက် စိတ်ကူးနှင့်ပင် ပုံဖော်၍မရလောက်အောင် များစွာ ပို၍ စွမ်းအားကြီးနေပြီဖြစ်ကြောင်း သူက သိလိုက်တော့သည်။

ထာဝရအင်မော်တယ်နယ်မြေများမှာ ကိုးကြိမ်ဆက်တိုက် လှုပ်ယမ်းခံလိုက်ရသဖြင့် တောင်တန်းများ ပြိုလဲကုန်ပြီး မြေပြင်များပေါ်တွင် လျှိုမြောင်များ အသီးသီး ပေါ်ထွက်လာကြသည်။

သို့သော် ထိုကိုးချက်မြောက်ခေါင်းလောင်းသံတွင် ထာဝရမယ်တော်ထံမှ နိုးထလာမည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ ထာဝရအင်မော်တယ်နယ်မြေများ၏ အထက်ကောင်းကင်ယံတွင် ပိုင်ရှောင်ချန်းတစ်ယောက် ခေါင်းလောင်းကြီးအား တီးခတ်ရိုက်နှက်နေသည့် ပုံရိပ်တစ်ခုပေါ်ထွက်လာတော့သည်။

ထိုအခါ ထိုနယ်မြေများထဲရှိ သက်ရှိအားလုံးမှာ ပင့်သက်များ ရှိုက်သွားကြ၏။

" ဗဟိုဧကရာဇ် "

" ဗဟိုဧကရာဇ်ပါလား။ အဲဒီအလင်းရောင် အလုံးကြီးကို ဘာလို့ငါ ရင်းရင်းနှီးနှီးကြီး သိနေသလို ခံစားနေရတာလဲ။ ငါ့အမေကို ငါ ပြန်ကြည့်နေရသလိုပဲ... "

" ဗဟိုဧကရာဇ်က အဲဒါကို ထာဝရမယ်တော်လို့ ခေါ်လိုက်တာ။ ဟမ် … အဲဒါက တကယ်ပဲ ဒဏ္ဍာရီတွေထဲက ထာဝရမယ်တော်လား "

All Chapters