← Chapters

လောကနတ်ဘုရား အပြင်ခန္ဓာ

Vol. 13 Ch. 1275

လောကနတ်ဘုရား အပြင်ခန္ဓာ

Vol. 13 Ch. 1275

ထာဝရအင်မော်တယ်နယ်မြေများရှိ သက်ရှိသတ္တဝါဟူသမျှ ခေါင်းလောင်းသံကို ကြားလိုက်ကြရပြီး ဧရာမခေါင်းလောင်းကြီးကြောင့် တုန်လှုပ်နေသော ထာဝရမြစ်၏အဆုံးသတ်တွင်ရှိသည့် ပိုင်ရှောင်ချန်း၏ပုံရိပ်ကို မြင်လိုက်ကြရ၏။

သူက သူတော်စင်ဧကရာဇ်နှင့်မတူ ကွဲပြားသောနည်းလမ်းဖြင့် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ ခေါင်းလောင်းမှ တန်ပြန်အားကိုးလှိုင်းက သူ့ခန္ဓာကိုယ်နှင့် ထူးဆန်းပြီး ပုံမှန်မဟုတ်သောနည်းလမ်းဖြင့် ပေါင်းစပ်လာခဲ့ကြောင်း တွေ့ရှိလာ၍ပင်။

သူက သံတုံးတစ်တုံးဖြစ်ပြီး ခေါင်းလောင်းသံများက သူ့ကို အားအင်အပြည့်ဖြင့် ထုနှက်နေတော တူပမာ ခံစားရလေသည်။

ခေါင်လောင်းသံကိုးချက်ပြီးနောက် သူ အလွန်အမင်း အားနည်းနေသည်ကို ခံစားလိုက်ရသည့်တိုင် သူ၏ထာဝရအတွဲက ပြင်းပြင်းထန်ထန် အလုပ်လုပ်သွား၏။ ၄င်းက သူ့ကို ကုသနေစဥ် ပြီးမြောက်သွားခဲ့သော ပေါင်းစပ်ခြင်းက ယခင်ကထက်ပို၍ ထင်ရှားပေါ်လွင်လာတော့သည်။

" ခေါင်းလောင်းထိုးတာက .... တကယ်ပဲ ငါ့အပြင်အားကို တိုးတက်စေခဲ့တာလား "

သူက မောဟိုက် ပင်ပန်းစွာ အသက်ရှူရင်း တွေးလိုက်သည်။ အချုပ်အနှောင်စာရွက်ကို ပြုပြင်ရန် အားထုတ်ခဲ့သည့်အတောအတွင်း သူ၏ထာဝရအတွဲသည် ပို၍မြင့်မားသောအဆင့်တစ်ခုကို ရောက်ရှိခဲ့၏။ ယင်အင်္ဂါငါးခုမှော်အတတ်၏ ဉာဏ်အလင်းကိုလည်း ရရှိခဲ့ရာ သူ့ခန္ဓာကိုယ်ထဲတွင် သက်စောင့်အားများ ပို၍ပြည့်ဝခဲ့သည်။

ထိုအသိက သူ၏မျက်လုံးများကို တဖျပ်ဖျပ်လက်သွားစေတော့သည်။ သူသည် လောကနတ်ဘုရားတစ်ပါးဖြစ်သော်လည်း သူ၏အပြင်အားမှာ ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ရှိသေးသည်။ ထိုစဥ်ကတည်းက ပိုင်ရှောင်ချန်းမှာ အဆင့်တက်ရန် မည်သို့လုပ်ဆောင်ရမည်ကို သိချင်ခဲ့ပြီး ယခုတွင်ကား အသိအမြင်အလင်းကို ရုတ်တရက် ခံစားလိုက်ရလေပြီ။

ထာဝရအင်မော်တယ်နယ်မြေများရှိ လူတိုင်း စောင့်ကြည့်နေကြပြီး သူတော်စင်ဧကရာဇ်က သူ့ကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေချိန်မှာပင် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် မာန်သွင်းကြုံးဝါးရင်း ဆယ်ချက်မြောက် လက်သီးချက်ကို ပစ်သွင်းလိုက်သည်။

မိုးကောင်းကင်တုန်ခါပြီး မြေပြင်တို့အက်ကွဲသွားစေသော တိုက်ကွက်ကြီးက ထာဝရမယ်တော်၏ စူးရှတောက်ပနေသောအလင်းကို ဝန်းရံထားသည့် တစ်ပိုင်းတစ်ဝက်ထိုးဖောက်မြင်ရသော ခေါင်းလောင်းထံသို့ ဝင်ဆောင့်လိုက်သောအခါ လှိုင်းလုံးကြီးတစ်လုံး တလိပ်လိပ်ရိုက်ခတ်သွားပြီး ပြင်းထန်သောတန်ပြန်အားတစ်ခု ပိုင်ရှောင်ချန်းလက်ကို ဝင်တိုက်သွားတော့သည်။

ထာဝရအတွဲက သူ့ကို ပြန်လည်အားဖြည့်ပေးရန် အဆက်မပြတ် အလုပ်လုပ်သွားပြီး အင့်ခနဲ သူ တဆတ်ဆတ် တုန်ယင်သွားလေသည်။ သူ၏ပါးစပ်မှ သွေးများစီးကျလာသည့်တိုင် သူ၏မျက်လုံးများကား ယခင်ထက်ပို၍ တောက်ပလာ၏။ သူတော်စင်ဧကရာဇ် ပင့်သက်ရှိုက်လိုက်ချိန်မှာပင် ပိုင်ရှောင်ချန်းက ဆယ့်တစ်ချက်မြောက်လက်သီးချက် ဆက်လက်ပစ်သွင်းလိုက်တော့သည်။

" နိုးထပါလော့ ထာဝရမယ်တော် "

သူက ဟိန်းဟောက်လိုက်၏။ ပတ်ဝန်းကျင်ရှိအရာအားလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားစဥ် သူက မျက်လုံးများ နီရဲလျက် လက်သီးချက်သုံးချက် ထပ်မံပစ်သွင်းလိုက်လေသည်။

တတိယမြောက် လက်သီးချက်သည် သူ တတ်နိုင်သမျှအကုန်ဖြစ်ပြီး တန်ပြန်အားက ဒီရေလှိုင်းများပမာ သူ့ကို ထိသွားသောအခါ သွေးပွက်ကြီးတစ်ပွက် အန်လိုက်ရပြီး နောက်သို့ မီတာရာပေါင်းများစွာ ယိမ်းယိုင်သွားတော့သည်။ ထိုနေရာတွင် သူက သွေးများဆက်လက် အန်လိုက်လေသည်။

သို့သော် သူ၏ မျက်လုံးများကား လင်းလက်စွာ တောက်ပနေ၏။ ယခုလောလောဆယ်တွင် မယုံနိုင်ဖွယ်ကောင်းလောက်အောင် အားနည်းနေသည့်တိုင် သူ၏ယင်အင်္ဂါငါးခုသည် ပေါက်ကွဲထွက်တော့မည့်ဆဲဆဲ မီးတောင်အလား သက်စောင့်အားများဖြင့် တဟုန်းဟုန်းတောက်လောင်နေလေသည်။

" လာစမ်း "

သူက မာန်သွင်းဟိန်းဟောက်လိုက်၏။ ခေါင်းလောင်းအား နောက်တစ်ခေါက် ထပ်ထိုးလျှင် ၄င်းက ဆန်းကြယ်သော ကံကြမ္မာကောင်းကို သူ့ဆီ သယ်ဆောင်လာပေးမည်ဖြစ်ပြီး သူ၏အပြင်ခန္ဓာကို တိုးတက်စေမည်ဖြစ်ကြောင်း သူသိလေသည်။ ဆန့်ကျင်ဘက်အားဖြင့် ယခု လက်လျှော့လိုက်ပါက အချည်းနှီးဖြစ်ရာရောက်ပေမည်။ တစ်ခုတည်းသော ရွေးချယ်စရာက ဆက်သွားနေရန်ပင်။ သူ၏ယင်အင်္ဂါငါးခုအတွင်းရှိ သက်စောင့်အားများ ထွက်ပေါ်လာသည့်တိုင်အောင် သူ တောင့်ခံရပေမည်။

သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကြုံးဝါးကာ ရှေ့တက်၍ ဆယ့်ခြောက်ချက်မြောက်လက်သီးချက်ကို ထိုးသွင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် သူတော်စင်ဧကရာဇ်မှာ လက်ဖျားများ အေးစက်သွားရပြီး ပိုင်ရှောင်ချန်းက ခေါင်းလောင်းအား ထပ်ကာထပ်ကာထိုးနှက်နေသည်ကို တွေတွေကြီးသာ ကြည့်နေနိုင်တော့သည်။

" ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာတုန်း " ထာဝရအင်မော်တယ်နယ်မြေများရှိ လူအများမှာလည်း အံ့သြတုန်လှုပ်နေကြပြီး သွေးရူးသွေးတန်းဖြစ်နေသော ပိုင်ရှောင်ချန်းကို အာရုံစူးစိုက်ထားကြလေသည်။

ထို့ပြင် ပိုင်ရှောင်ချန်းသည် အမှန်တကယ့်ကို အားထုတ်ရင်း ရူးသွပ်သွားခြင်းပင်။ သူ လက်သီးတစ်ချက် ပစ်သွင်းလိုက်တိုင်း သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး ဆိုးရွားသောဒဏ်ရာများ ခံစားရလေသည်။ သို့သော် နောက်ဆုံးတော့ သူ၏ဆယ့်ခုနစ်ချက်မြောက်လက်သီးချက်တွင် ထာဝရမယ်တော်ကို ကိုယ်စားပြုသည့် စူးရှတောက်ပသောအလင်းကား တဖျပ်ဖျပ်လှုပ်လာ၏။

သူတော်စင်ဧကရာဇ်၏မျက်လုံးများ ချက်ချင်း ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ လိပ်ကလေးမှာမူ ပိုင်ရှောင်ချန်းကို စောင့်ကြည့်နေပြီး အမှန်တကယ် ရူးသွားပြီလား တွေးနေလေ၏။ ထိုသို့မဟုတ်လျှင် မည်သည့်အတွက်ကြောင့် ခေါင်းလောင်းကို ထပ်ကာထပ်ကာ ထိုးနေမည်နည်း။

" ငါ ခေါင်းလောင်းကိုထိုးတဲ့အကြောင်း ပြောခဲ့တာက တကယ်တမ်း ခန့်မှန်းချက်လေးတစ်ခုပဲရှိတာ။ ထာဝရမယ်တော်က အခုထိ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တာလေ။ ခေါင်းလောင်းထိုးတာက တကယ်ပဲ သူ့ကို နှိုးနိုင်တယ်လို့ မပြောနဲ့နော် " လိပ်ကလေးမှာ အတန်ငယ်အပြစ်ရှိသလိုခံစားနေရပြီး ယခု ထာဝရမယ်တော်၏အလင်းက တဖျပ်ဖျပ်လှုပ်နေသည့်အချက်ကြောင့်လည်း အတန်ငယ် အံ့အားသင့်နေလေသည်။

ပိုင်ရှောင်ချန်းမှာမူ သိသိသာသာပင် အမူအရာဝင်းပသွား၏။ သူ များစွာနာကျင်နေသော်လည်း အံတင်းတင်းကြိတ်၍ ရှေ့တက်ပြီး ဆယ့်ရှစ်ကြိမ်မြောက် ထိုးချလိုက်သည်။

ဤတစ်ကြိမ်တွင် ခေါင်းလောင်းသံက ပိုတိုးသော်လည်း တန်ပြန်အားကြောင့် ပိုင်ရှောင်ချန်း၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ၏သက်စောင့်အားမီးတောက်မှာ အားနည်းသွားသည်။

သူတော်စင်ဧကရာဇ်အပါအဝင် စောင့်ကြည့်နေကြသူအားလုံး ရင်တဒိန်းဒိန်းခုန်နေကြတော့သည်။

" လာစမ်း "

ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများသည် နီရဲနေသော်လည်း သူ၏ယင်အင်္ဂါငါးခုမှာ စွမ်းအားများဖြင့် တဟုန်းဟုန်းတောက်နေပြီး သိသာစွာပင် အဆင့်တက်ခါနီးဆဲဆဲ ဖြစ်လေသည်။

ယခု သူသည် ရင်ဆိုင်ရနိုင်ခြေရှိသော အန္တရာယ်များအကြောင်း တွေးပင်မတွေးပေ။ သံယောဇဉ်မဲ့လူသားက သက်ရှိသတ္တဝါအားလုံးအား သတ်ဖြတ်နိုင်ခြေနှင့် နှိုင်းယှဥ်ပါက မည်သည့်စွန့်စားမှုမဆို ထိုက်တန်သည် မဟုတ်ပါလော။

ထိုမျှသာမက ဤခေါင်းလောင်းဖြင့် အပြင်ခန္ဓာအဆင့်တက်ရန် ဤအခြေအနေကို အခွင့်ကောင်းမယူလျှင် ထိုသို့ ပြုလုပ်ရန် အခွင့်အရေး ဘယ်တော့မှရတော့မည် မဟုတ်ကြောင်း သူ အသေအချာကြိုသိနေလေသည်။

" ဒါက ငါတို့ပြောနေတဲ့ လောကနတ်ဘုရားအပြင်ခန္ဓာပဲ "

သူ့တွင် ကျန်သေးသည့် စွမ်းအင်အစအနတိုင်းကို ဆင့်ခေါ်၍ ဆယ့်ကိုးချက်မြောက်လက်သီးချက်ကို သူ ပစ်သွင်းလိုက်သည်။ အကျိုးဆက်အနေဖြင့် သူ၏အရိုးများ ကျိုးကြေသွားပြီး သူ၏သွေးအသားများမှာ ပျက်စီးတော့မတတ် ဖြစ်သွားတော့သည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ၏အမြင်အာရုံတို့ ဝေဝါးလာလေသည်။

ရပ်ရန်ပင် ခက်ခဲသော်လည်း တဆက်တည်း သူ၏မျက်လုံးများ လင်းလက်သွား၏။ သွေးများ ထပ်အန်လိုက်ရပြီး သူက ရုတ်တရက် ကျယ်လောင်စွာ အော်ရယ်တော့သည်။

" အလုပ်ဖြစ်တယ် "

တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်သော စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားထကြွလာလေသည်။ လွန်ခဲ့သောအခိုက်အတန့်အနည်းငယ်က ငြိမ်းတော့မည့် ဆီမီးပမာ ဖြစ်ခဲ့သည့် ပိုင်ရှောင်ချန်းမှာ ရုတ်တရက် သွေးစွမ်းအင်များဖြင့် ဝုန်းခနဲ ထွက်ပေါ်လာရာ သူတော်စင်ဧကရာဇ်အား ပင့်သက်ရှိုက်သွားစေပြီး လိပ်ကလေး၏မျက်လုံးများအား ပြူးထွက်သွားစေတော့သည်။ ထာဂရအင်မော်တယ်နယ်မြေများရှိ သက်ရှိသတ္တဝါအားလုံးမှာမူ တစ်ခဲနက် ကြွေးကြော်လိုက်ကြလေသည်။

သူ၏ချီနှင့်သွေးများသည် ယခုတွင် ပြိုင်ဘက်ကင်း အစွမ်းထက်သွားသဖြင့် ထာဝရမြစ်ကို ရဲရဲနီသွားစေပြီး ထာဝရမြစ်အပေါ်ရှိ ကောင်းကင်ကို ကြက်သွေးရောင်တောက်သွားစေလေ၏။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် သူ၏အပြင်အားက တစ်နေသောအဆင့်တစ်ခုကို ဖောက်ထွက်နေကြောင်း အာရုံရလိုက်ပြီး တချိန်တည်းမှာပင် သူ၏ယင်အင်္ဂါငါးခုနှင့် ယန်အင်္ဂါခြောက်ခုထံမှ အကန့်သတ်မဲ့ သက်စောင့်အားများ စီးထွက်နေသည်ကို ခံစားလိုက်ရလေသည်။

ထိုသက်စောင့်အားအသစ်များက သူ့ကိုဖြတ်၍ စီးဆင်းသွားသဖြင့် သူ၏ပျက်စီးယိုယွင်းနေသော ခန္ဓာကိုယ်သည် ထာဝရအတွဲမှ ပြန်လည်ကုစားခြင်းစွမ်းအားများဖြင့် အားဖြည့်ပေးလျက် ၄င်း၏အထွတ်အထိပ်သို့ ပြန်ရောက်လာတော့သည်။

အချုပ်အနှောင်စာရွက်ထဲတွင် ဗဟိုဘိုးဘေးကြီး သူ့ကို ပေးအပ်ခဲ့သော ကံကြမ္မာကောင်းသည် ယခုအခါ သူ၏ထာဝရအတွဲအား ခြောက်ဆင့်မြောက်ထံ တွန်းပို့နေလျက် သူ့ခန္ဓာကိုယ်ထဲ ပြည့်နှက်သွား၏။

ဤသည်မှာ ထာဝရအတွဲ၏ စစ်မှန်သော နောက်ဆုံး အထွတ်အထိပ်ပင်။

သူ၏ဒဏ်ရာများ ပျောက်ကင်းသွားပြီး သူ့ခန္ဓာကိုယ်တွင်း၌ ဖြစ်တည်နေသော အားကြီးကို ခံစားလိုက်ရစဥ် ဧရာမလေပွေကြီးတစ်ခု ပေါ်ပေါက်လာလေသည်။

ထိုလေပွေကြီးက ထာဝရမြစ်ကိုပင် သက်ရောက်သွားပြီး ပိုင်ရှောင်ချန်းအား အလယ်တွင်ထားလျက် အရာအားလုံးကို ပြင်းပြင်းထန်ထန် လှဲကျင်းတိုက်ခတ်သွားသည်။ မြေပေါ်မှ သူ မြောက်တက်လာပြီး လက်နှစ်ဖက်ကို တစ်ဖက်တစ်ချက်စီ ဖြန့်ကားလျက် လောကနတ်ဘုရားကျင့်ကြံခြင်းအဆင့်နှင့် ကွာခြားသော အခိုးအငွေ့များအား ထုတ်လွှတ်နေတော့သည်။

ဤသည်ကား လောကနတ်ဘုရားအပြင်ခန္ဓာကိုယ်။

လောကနတ်ဘုရား ကျင့်ကြံခြင်းအခြေခံရယူခြင်းမှာ ကမ္ဘာတစ်ကမ္ဘာ၏ အသိအမှတ်ပြုမှု လိုအပ်သော်လည်း လောကနတ်ဘုရားအပြင်ခန္ဓာကတော့ ထိုကဲ့သို့ လိုအပ်ချက်များ မရှိချေ။ ယင်းမှာ လူတစ်ယောက်၏ခန္ဓာနှင့်သာ သက်ဆိုင်ပြီး အသိအမှတ်ပြုမှုတစ်စုံတရာ မလိုအပ်ပေ။ လုံလောက်သော စွမ်းအားနှင့် ခွန်အားရှိသော မည်သည့် လောကနတ်ဘုရားများမဆို အပြင်ခန္ဓာ၏ ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်ရန် ဖြစ်နိုင်သည်။

ထစ်ခြုန်းမြည်ဟည်းသံများ ပိုင်ရှောင်ချန်းတွင် ပြည့်နှက်သွားပြီး သူ၏မျက်လုံးများသည် စူးရှသောအလင်းများဖြင့် တောက်ပနေ၏။ သူ ထုတ်လွှတ်နေသော လောကနတ်ဘုရားအခိုးအငွေ့နှစ်မျိုးကား ဗသိုဘိုးဘေးကြီး၏စွမ်းအင်များပမာ တစ်ခုနှင့်တစ်ခု ထပ်သွားလေသည်။

ဘေးရှိ သူတော်စင်ဧကရာဇ်မှာ တုန်ရီသွားပြီး သူ၏ဝိညာဥ်ထဲမှ ဒူးထောက်အရိုအသေပေးရန် လှုံ့ဆော်နေသော အလိုအလျောက်တုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရ၏။ လိပ်ကလေးမှာ ပင့်သက်ရှိုက်သွားရပြီး မြင်ကွင်းကို စောင့်ကြည့်နေကြသော ထာဝရအင်မော်တယ်နယ်မြေများရှိ လူအားလုံးကား ဆိုဖွယ်မရှိတော့ပြီ။

" လောကနတ်ဘုရား ကျင့်ကြံခြင်းအခြေခံ။ လောကနတ်ဘုရား အပြင်ခန္ဓာကိုယ်... "

" ဗဟိုဧကရာဇ်မှာ တည်ထောင်သူဘိုးဘေးကြီးရဲ့ အရှိန်အဝါရှိတယ် "

" ဒါ ... ဘိုးဘေးကြီးအဆင့်ပဲ" (၁)

ဘာသာပြန်သူမှတ်စု။ စာဖတ်သူအတော်များများ အာဂန်ရဲ့ တခြားစာအုပ်တွေနဲ့ ဒီစာအုပ်ကို နှိုင်းယှဥ်မိမှာပါ။ ဒီ ' ဘိုးဘေးကြီးအဆင့် ' က ကောင်းကင်တံခါးကို ငါပိတ်မယ်စာစဥ်မှာ ဖော်ပြခဲ့တဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုနဲ့ တရုတ်စာလုံးတစ်ခုတည်း ဖြစ်ပါတယ်။ ဒီအချက်က နောက်အခန်းမှာ ထင်ရှားပေမယ် အတွေးမမှားအောင် ဒီမှာ မှတ်ချက်ရေးထားတာပါ။ ထာဝရအသက်ရှည်လိုသော်မှာ ' ဘိုးဘေးကြီးအဆင့် 'က ဘာလဲဆိုတာကိုတော့ နောက်အခန်းမှာ ဖတ်ရှုရပါလိမ့်မယ်။

All Chapters