← Chapters

နိုးထပါလော့

Vol. 13 Ch. 1276

နိုးထပါလော့

Vol. 13 Ch. 1276

လောကနတ်ဘုရားအပြင်ခန္ဓာ …

လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်း အခြေခံ …

ပိုင်ရှောင်ချန်း၏ အပြင်ခန္ဓာနှင့် ကျင့်ကြံခြင်းအခြေခံ ပေါင်းစည်းသွားသောအခါ သူက ဘိုးဘေးကြီးတစ်ယောက် နိုးထလာသည်နှင့် ဆင်တူသော စွမ်းအင်တစ်ရပ်ဖြင့် သက်ဝင်လာတော့သည်။

မိုးကောင်းကင်မှာ အရိုင်းဆန်သောအရောင်များဖြင့် ပြိုးပြိုးပြက်ပြက် လင်းလက်လာပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်လာကာ ထာဝရအင်မော်တယ်နယ်မြေများ ငလျင် လှုပ်ခတ်လာလေသည်။ သက်ရှိသတ္တဝါများအားလုံး အမြုတေအထိ တုန်လှုပ်သွားကြတော့သည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ စူးရှတောက်ပနေ၏။ ဤရက်ပိုင်းအတွင်း သူ ဖိအားများစွာ ခံစားခဲ့ရသောကြောင့် အတိုက်အခိုက်စွမ်းရည်တွင် ရုတ်တရက် တဟုန်ထိုးမြင့်တက်သွားခြင်းက သံယောဇဥ်မဲ့လူသား၏ အစပျိုးနေသော ကပ်ဘေးကြီးကို ပြေပျောက်မသွားစေသော်ငြား အနည်းဆုံးတော့ သူ့ကို အတန်ငယ် စိတ်သက်သာရာရစေသည်။

သူ၏အပြင်ခန္ဓာ အဆင့်တက်သွားသဖြင့် သူ၏ပြန်လည်ကုစားခြင်းစွမ်းအားများက ပို၍ ထိရောက်လာရာ သူ၏ဒဏ်ရာများ လျင်မြန်စွာ သက်သာလာ၏။ မကြာမီ သူသည် ပုံမှန်ပြန်ဖြစ်သွားပြီး သူ၏သက်စောင့်အားမီးတောက်မှာ အရှိန်တညီးညီး တောက်လောင်နေသော နေလုံးကြီးသဖွယ်ပင်။

" ထာဝရမယ်တော် "

သူက ခေါင်းမော့၍ ခေါင်းလောင်းကိုသာ မမှိတ်မသုန် စူးစိုက်ကြည့်ပြီး ရှေ့သို့ လျှောက်လာ၏။ ခြေလှမ်းလေးတစ်လှမ်းနှင့် ၄င်း၏အရှေ့သို့ သူ ရောက်သွားလေပြီ။ ထိုနေရာတွင် သူက လက်သီးဖြင့် မဟုတ်ဘဲ လက်ဝါးဖြင့်သာ ရိုက်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

သူ၏လှုပ်ရှားမှုမှာ သာမန်ဖြစ်ပုံရသော်လည်း ကြီးမားသော ဖျက်စီးခြင်းအားများ ပါဝင်သည်။ ခေါင်းလောင်းသံ မြည်ဟည်းသွားပြီး လိပ်ကလေး ပင့်သက်ရှိုက်သွား၏။ သူတော်စင်ဧကရာဇ်မှာမူ နောက်တစ်ဖန် မချင့်မရဲဖြစ်သွားပြီး အံ့သြမှုကို မထိန်းသိမ်းနိုင်တော့ပေ။

" အဲဒီလက်ဝါးရိုက်ချက် ... "

လက်ဝါးရိုက်ချက်မှ ထုတ်လွှတ်လိုက်သောစွမ်းအင်က ဖြုံစရာကောင်းသော်လည်း သိပ်အားမစိုက်ထားဘဲ ၄င်းနောက်ကွယ်ရှိ စွမ်းအင်များစွာကို ပျံ့နှံ့စေလိုက်ခြင်း ဖြစ်ကြောင်း သူ ပြောနိုင်လေသည်။ ထိုသည်က ထူးဆန်းသောဖြစ်ရပ်ပင်။ ၄င်းမှာ ဤနတ်ဘုရားအတတ်ကို တတ်နိုင်သည့် အတိုင်းအတာအပြည့်အထိ အသုံးမပြုခြင်း၏ ရလဒ်တစ်ခုသာ ဖြစ်သည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံ မြင့်မားလာပြီး မှော်အတတ်ကို မြင့်မားသောအဆင့်အထိ ထိန်းချုပ်နိုင်လာသည်နှင့်အမျှ ဤကဲ့သို့အရာ ဖြစ်ပွားနိုင်သည်။ ၄င်းကား သဘာဝတုံ့ပြန်ချက်တစ်ခုပင်။

ပိုင်ရှောင်ချန်း၏ သာမန်ဖြစ်ပုံရသော လက်ဝါးချက်က ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်မသွားစေသည့်တိုင် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားက မည်မျှခိုင်မာစွာ ဆက်စပ်နေသည်ကို လှစ်ဟပြလိုက်လေသည်။

၄င်းမှာ ထာဝရအင်မော်တယ်နယ်မြေများရှိ လူများစွာ ဘိုးဘေးကြီးတစ်ယောက်၏ အရှိန်အဝါဟုခေါ်မည့် တစ်စုံတရာ ဖြစ်ပြီး သူတော်စင်ဧကရာဇ် ယခုလေးတင် ဘိုးဘေးကြီးအဆင့်ဟု ခေါ်ခဲ့သော အရာ ဖြစ်သည်။

အမှန်တွင် ဘိုးဘေးကြီးအဆင့်က ကျင့်ကြံခြင်းအဆင့်တစ်ခု မဟုတ်ဘဲ ရှေးမှတ်တမ်းများတွင် လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံနှင့် အပြင်ခန္ဓာက ပြီးပြည့်စုံစွာ ပေါင်းစည်းသွားသောအခါတွင် ခေါ်ဆိုသော ပညတ်ချက်တစ်ခု ဖြစ်သည်။ ရှေးမှတ်တမ်းများအရ ဘိုးဘေးကြီးသုံးဦးသာ ယခုကဲ့သို့ စွမ်းဆောင်ခဲ့ဖူးလေသည်။

ပို၍နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံနှင့် လူများသည် တူညီသောအရာကို ရရှိကောင်း ရရှိနိုင်သော်လည်း သူတို့၏ပေါင်းစည်းမှုက ဤကဲ့သို့ စွမ်းအင်မျိုးဖြင့် ရလဒ်ထွက်လာမည် မဟုတ်ပေ။ လောကနတ်ဘုရားအဆင့်ရှိ တစ်စုံတယောက်သာ အလွန်နက်နဲသိမ်မွေ့စွာ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အရာကို လုပ်ဆောင်နိုင်လေသည်။

၄င်းမှာ လူတစ်ယောက်က ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို တစ်နေရာတည်းတွင် စုဆုံစေပြီး လမ်းကြောင်းရှိ မည်သည့်အရာကိုမဆို ချေမှုန်းရန် အသုံးပြုနိုင်သော အဆင့်တစ်ဆင့် ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ လက်ဝါးချက် ကျရောက်သွားသောအခါ ခေါင်းလောင်းက ယခင်က မည်သည့်အရာမဆိုထက် အဆမတန် ကျယ်လောင်သော အသံတစ်သံ ထုတ်လွှတ်လိုက်လေသည်။ တစ်ပိုင်းတဝက် ဖောက်ထွင်းမြင်ရသော ခေါင်းလောင်းတစ်ခုလုံး ပျက်စီးတော့မည့်အလား တွန့်လိမ်ရှုံ့တွ ပုံပျက်လာတော့သည်။ ကောင်းကင်တုန်ခါ၍ မြေပြင်တို့အက်ကွဲသွားစေသော ထစ်ခြုန်းမြည်သံများ ကြားလိုက်ရပြီး တန်ပြန်အားကြီးတစ်ခုက ချက်ချင်း လွင့်ထွက်သွားစေသော မမြင်နိုင်သော လှိုင်းလုံးကြီးအလား ပိုင်ရှောင်ချန်းထံ ဝုန်းခနဲ လိမ့်ဝင်သွားလေသည်။

ယခင်ကဆိုလျှင် သူသည် အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့လောက်သော်လည်း သူ၏ထာဝရအတွဲက သက်ရောက်မှုများကို ကုစားပေးနိုင်မည် မဟုတ်ပေ။ သို့သော် ယခုတွင်ကား ခြားနားသွားလေပြီ။ မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေလျက် သူက နောက်တစ်လှမ်းပင် မဆုတ်ဘဲ တန်ပြန်အားကို စုပ်ယူနေသည့်အလား သူ၏လက်ကို ခေါင်းလောင်း၏မျက်နှာပြင်ပေါ် တင်မြဲတင်ထားလေ၏။ သူ၏ယင်အင်္ဂါငါးခုက အလျင်အမြန် ပြုပြင်သွားပြီး တန်ပြန်အား၏သက်ရောက်မှုများကို လျော့ပါးသွားစေသည်သာမက သူ့ကိုလည်း ကုသပေးသော စွမ်းအားကို ထုတ်လွှတ်ပေးသဖြင့် သူ၏အမူအရာကား ပကတိအတိုင်း မပြောင်းလဲပေ။

အဖြစ်အပျက်မှာ ဖော်ပြရန် အနည်းငယ် ကြာလိုက်သော်လည်း အသက်တစ်ရှိုက်ရှူချိန်အတွင်း ဖြစ်ပျက်သွားလေသည်။ ကြောက်မက်ဖွယ်တန်ပြန်အားကို ပပျောက်စေပြီးနောက် ပိုင်ရှောင်ချန်းက မခိုးမခန့် ရယ်ပြီး ခေါင်းလောင်းကို နောက်တစ်ဖန် ထိုးနှက်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက မရပ်တန့်ပေ။ သူကား ထာဝရမယ်တော်မနိုးမချင်း လက်မလျှော့မည့်အလားပင်။ မရပ်မနားဘဲ သူက ခပ်ပျော့ပျော့ လက်ဝါးရိုက်ချက်ရှစ်ချက်ကို တဆက်တည်း ရိုက်ချလိုက်သည်။ ယခင်က သူ ထိုးခဲ့သည့် လက်သီးချက်များကို ထည့်တွက်ပါက သူက ခေါင်းလောင်းအား အကြိမ်သုံးဆယ်နီးပါး ထုနှက်ခဲ့ပြီးဖြစ်သည်။

တဝုန်းဝုန်းပေါက်ကွဲသံများ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားပြီး ခေါင်းလောင်းကား ဆက်လက်ရှုံ့တွလာ၏။ တန်ပြန်အားလှိုင်းများလည်း ဆက်လက် ကန်ထွက်နေသည့်တိုင် ပိုင်ရှောင်ချန်းက မရပ်ပေ။ သူ၏ထာဝရအတွဲမှာ အသားကုန် အလုပ်လုပ်နေသဖြင့် သူသည် ရုပ်ပိုင်းဆိုင်ရာအရ ေလာကီကို လွန်မြောက်သွားသည့်အလား ကြုံတွေ့လိုက်ရ၏။ သုံးဆယ့်တစ်၊ သုံးဆယ့်နှစ်...။

လက်ဝါးရိုက်ချက်တစ်ချက်စီတိုင်း လက်သေးသေးကလေးများက သူ့ကို နှံ့နှံ့စပ်စပ် ဖြေးဖြေးချင်း နှိပ်နယ်ပေးနေသည့်အလား သူ ယခင်ကထက်ပို၍ သက်တောင့်သက်သာရှိလာ၏။ ထိုခံစားချက်က သူ၏ဝိညာဥ်ကိုပင် ကူးစက်သွားရာ ထာဝရမယ်တော်အကြောင်းမေ့သည်အထိ သူ သဘောကျနှစ်ခြိုက်လျက် ထိုခံစားချက်အပေါ် အာရုံစိုက်နေမိတော့သည်။

သို့နှင် သူက သုံးဆယ့်သုံးချက် ရိုက်လိုက်သည်။ ထို့နောက် သုံးဆယ်လေး၊ သုံးဆယ့်ငါး ... လေးဆယ်။

လေးဆယ်ချက်အရောက်တွင် နှစ်လိုဖွယ်ရာခံစားချက်မှာ မယုံကြည်နိုင်ဖွယ်အမြင့်အထိ ရောက်သွားရာ သူ့ကို ပင့်သက်ရှိုက်ပြီး ကျယ်လောင်စွာ ငြီးတွားစေလိုက်သော်လည်း တခဏသာ ဖြစ်သည်။ သူ လုပ်နေသောအရာကို သဘောပေါက်သောအခါ ကမန်းကတမ်း ပါးစပ်ပိတ်လိုက်လေသည်။

သူ ရိုက်ခဲ့သော ရိုက်ချက်ဆယ်ချက်ကျော်က ထာဝရမြစ်ကို နေရာအနှံ့ တုန်ခါသွားစေပြီး မြေပြင်တဝှမ်း နေထိုင်သူများကို အကြီးအကျယ် အံ့အားသင့်သွားစေတော့သည်။

" ဘုရား ဘုရား … ဗဟိုဧကရာဇ်က ခေါင်းလောင်းကို ဘယ်နှချက်တောင်ရိုက်မှာတုန်း … "

" ကြည့်ရတာ ရိုက်ရတာကို အကြိုက်တွေ့နေတာ ဖြစ်မယ်။ သူ့မျက်နှာထားကိုလဲ ကြည့်ဦး ... "

ထိုအချိန် သူတော်စင်ဧကရာဇ်နှင့် လိပ်ကလေးမှာ သစ်သားကြက်ရုပ်လေးများကဲ့သို့ ဆွံ့အံနေတော့သည်။ ပိုင်ရှောင်ချန်း ဆက်ရိုက်နေသည်ကို သူတို့ အာရုံနေသည်သာမက သူ့မျက်နှာပေါ်ရှိ ကျေနပ်နေသောအသွင်ကြောင့် မချင့်မရဲ ဖြစ်နေကြ၏။

အမှန်မှာ စောစောက သူမည်ကဲ့သို့ငြီးတွားခဲ့သည်ကို ထာဝရအင်မော်တယ်နယ်မြေများရှိ လူများ သတိမထားမိခဲ့သော်လည်း သူတော်စင်ဧကရာဇ်နှင့်လိပ်ကလေးမှာ ထိုနေရာတွင်ရှိနေခဲ့၍ ပြတ်ပြတ်သားသား ကြားခဲ့ရလေသည်။

" သူ ... သဘောကျနေတာလား "

သူတော်စင်ဧကရာဇ်က တွေးလိုက်ပြီး သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာတော့သည်။ မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက ထိုပုံစံပေါက်နေရသည်ကို သူ နားလည်တော့ပေ။ ၄င်းမှာ တကယ့်ကို အလွန်ထူးဆန်းသောမျက်နှာထား ဖြစ်လေသည်။

သူ ခေါင်းလောင်းကို ထုနှက်နေသောပုံစံအရ ရပ်တန့်ချင်သည့်ပုံ မရပေ။ ထိုသည်က အမှန်ပင်။ တန်ပြန်အားက သူ့အား ခေါင်းလောင်းကို မရပ်မနားရိုက်ရန် လှုံ့ဆော်နေပြီး သုခဘုံကို ရောက်သွားသည့်ပမာ ခံစားရစေသဖြင့် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေတော့သည်။

ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ်ဆယ် ...

ခေါင်းလောင်းသံက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေပြီး ထာဝရပင်လယ်နှင်ပ ထာဝရမြစ်တို့တွင် လှိုင်းလုံးကြီးများ တလိမ့်လိမ့် ထကြွလာစေ၏။ ထာဝရမယ်တော်ကို ကိုယ်စားပြုသည့်အလင်းမှာမူ ပို၍ပင် တောက်ပစွာ တဖျပ်ဖျပ်လက်လာပြီး နိုးထလာတော့မည့်ဆဲဆဲ ဖြစ်ပုံရလေသည်။

နောက်ဆုံး၌ ထိုအလင်းသည် ရုတ်တရက် အလိုအလျောက် ဧရာမမျက်လုံးကြီးတစ်လုံးအသွင် ပြောင်းကာ ကျုံ့လာသဖြင့် လိပ်ကလေးနှင့် သူတော်စင်ဧကရာဇ်တို့မှာ အံ့သြတုန်လှုပ်ကာ စိတ်လှုပ်ရှားသွားကြပြီး နယ်မြေများ၏နေထိုင်သူအပေါင်း အံ့အားသင့်သွားကြတော့သည်။

၄င်းက ပိတ်ထားသော်လည်း ချက်ချင်း တဆတ်ဆတ် လှုပ်လာ၏။ ထို့နောက် ပိုင်ရှောင်ချန်း၏ ခေါင်းလောင်းအပေါ် နောက်ဆုံးရိုက်ချက်ပြီးနောက် ၄င်းက တဖြေးဖြေးပွင့်လာတော့သည်။

ထာဝရမယ်တော် နိုးထလာလေပြီ။

မျက်လုံးပွင့်သွားသည်နှင့် ထာဝရအင်မော်တယ်နယ်မြေများအား စူးရှတောက်ပသောအလင်းများဖြင့် လွှမ်းခြုံသွား၏။ သစ်ပင်ပန်းမန်များအားလုံး၊ တောင်တန်းမြစ်ချောင်းများအားလုံး၊ လူအားလုံး တောက်ပစွာ လင်းလက်လာတော့သည်။ ဟင်းလင်းပြင် တစ်နေရာမှ ကြည့်လျှင် ထာဝရအင်မော်တယ်နယ်မြေများသည် ရင်သပ်ရှုေမာဖွယ်ကောင်းလောက်အောင် ငွားငွားစွင့်စွင့် ဖူးပွင့်လာတော့မည့် ပန်းလေးတစ်ပွင့်အလားပင်။

တချိန်တည်းမှာပင် မိခင်တစ်ယောက်၏ ရင်သွေးအပေါ် ထိတွေ့မှုပမာ ရင်းနှီးသောအရာဖြစ်သည့် ဖော်ပြခြင်းငှာ မစွမ်းသာသော နွေးထွေးမှုတစ်ခုက ကျင့်ကြံခြင်းအဆင့် မည်သို့ပင်ဖြစ်စေ သက်ရှိသတ္တဝါများအားလုံးကို ပွေ့ဖက်သွားလေသည်။

" ထာဝရမယ်တော် "

သူတော်စင်ဧကရာဇ်က စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီနေလျက် ပြော၏။ သူက လျင်မြန်စွာ လက်ယှက်၍ ဦးညွှတ်လိုက်သည်။

လိပ်ကလေးက မျက်လုံးပြူးကြီးများဖြင့် ကြည့်ကာ အတန်ငယ်အပြစ်ရှိသလို ခံစားနေရလျက် နောက်ဆုတ်လိုက်သည်။ သူတော်စင်ဧကရာဇ်၏နောက်တွင် ပုန်း၍ သူက မျက်လုံးတစ်လုံးအသွင် ဖန်ဆင်းထားသော ထာဝရမယ်တော်ကို ချောင်းကြည့်လေသည်။

ပိုင်ရှောင်ချန်း၏ရင်ထဲမှာလည်း မိခင်ကဲ့သို့ အတွေ့အထိဖြင့် ပြည့်နှက်သွားပြီး သူ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

" ဂါဝရပြုပါတယ် ထာဝရမယ်တော် "

All Chapters