ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်တယ်
Vol. 13 Ch. 1277
ထာဝရအင်မော်တယ်နယ်မြေများရှိ လူတိုင်း ဝိညာဥ်များ ထကြွနိုးကြားလာကာ ရင်းနှီးပြီး နွေးထွေးသောခံစားချက်တစ်ခုဖြင့် သွေးများ စီးဆင်းနေလျက် မျက်လုံးပြူးကြီးများဖြင့် ကောင်းကင်ထက်ရှိပုံရိပ်ကို မော့ကြည့်နေကြတော့သည်။
ဤသည်မှာ သူတို့သွေးဆက်အားလုံး၏အရင်းအမြစ်ဖြစ်သော သူတို့အားလုံး၏မိခင်၊ ထာဝရမယ်တော်ပင်။
သူတော်စင်ဧကရာဇ်သော်လည်းကောင်း၊ ပိုင်ရှောင်ချန်းသော်လည်းကောင်း သူတို့သွေးများမှ လာနေသော တုံ့ပြန်ချက်များကို မထိန်းချုပ်နိုင်ကြပေ။ သူတို့အတွက် ခေါင်းလောင်းအတွင်းရှိ မျက်လုံးမှာ အတွင်းကျကျ ရင်းနှီးနေသလိုလို သူတို့ ခံစားနေရပါသော ငွားငွားစွင့်စွင့် ဖူးပွင့်နေသော ပန်းတစ်ပွင့်ပမာ ဖြစ်နေသည်။
ရုတ်တရက် ထာဝရအင်မော်တယ်နယ်မြေအားလုံးကား ပန်းရနံ့ သင်းပျံ့လာတော့သည်။ စူးရှတောက်ပသော အလင်းရောင်များ အရပ်မျက်နှာအားလုံးတွင် တောက်ပနေသဖြင့် ကမ္ဘာပတ်လည်ရှိ ဟင်းလင်းပြင်ပင် သက်ရောက်ခံလိုက်ရ၏။
ဧရာမသံယောဇဥ်မဲ့လူသားသည်သာ အသတ်အဖြတ်နှင့် သေမင်းအရှိန်အဝါတို့ဖြင့် သက်စောင့်အားနှင့်ပန်းရံနံ့များကို ဖိနှိပ်လျက် တုတ်တုတ်မှ မလှုပ်ပေ။
ထာဝရအင်မော်တယ်နယ်မြေများအားလုံးတွင် မတူညီခြားနားစွာ တုံ့ပြန်သည့် တစ်ဦးတည်းသောသူမှာ လိပ်ကလေးပင်။ ထိုအခြင်းအရာအားလုံးကြောင့် သူ့ပုံစံက က္ကန္ဒြေမပျက်ရှိနေဟန်တူပြီး အမှန်တကယ်တွင် မျက်နှာမပြလိုဘဲ သူတော်စင်ဧကရာဇ်အနောက်တွင် ပုန်းနေ၏။
လူတိုင်း တုန်လှုပ်နေကြစဥ် ထာဝရမယ်တော်၏မျက်လုံးက တွေဝေနေသောပုံဖြင့် ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်သည်။ သူမက အချိန်အတော်ကြာ အိပ်ပျော်သွားခဲ့ပြီး ကြည့်ရသရွေ့ ကြုံတွေ့ခဲ့သည့် အိပ်မက်များကို လက်တွေ့နှင့် အံခွင်ကျဖြစ်အောင် လုပ်ရာတွင် အခက်အခဲဖြစ်နေပုံရ၏။
အချိန်အတော်ကြာပြီးနောက် သူမက ဦးညွှတ်ထားဆဲဖြစ်သော ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်ကို ဇဝေဇဝါဖြစ်နေသော အသံဖြင့် ဖြေးဖြေးချင်း မေးသည်။
" ဘာလို့ ... ငါ့ကို ... နှိုးတာလဲ... "
သူမ၏အသံမှာ အံ့သြတုန်လှုပ်ဖွယ်မကောင်းဘဲ နွေးထွေးလေသည်။ သူမသည် ကလေးငယ်၏ အနှိုးခံခဲ့ရသော မိခင်တစ်ဦးနှင့် အစစ်အမှန် တူညီပြီး တချိန်တည်းမှာပင် ပြုံးလည်းပြုံး၊ သက်ပြင်းလည်းချနေ၏။
ပိုင်ရှောင်ချန်း၏နှလုံးသားထဲရှိ နွေးထွေးသောခံစားချက်က သူ့ကို မိခင်အရင်းအရှေ့ ရောက်နေသည်ထက်ပို၍ ခံစားသွားရစေသည်။ သူတော်စင်ဧကရာဇ်လည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက်လုံး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူတော်စင်ဧကရာဇ်က ရှေ့တစ်လှမ်းတိုးပြီး အလွန်လေးစားသောအသံဖြင့် စကားစတင်ပြောလေ၏။
" ကောင်းကင်အလွန်ကရန်သူကြီး နိုးလာခါနီးနေတာမလို့ ကျွန်တော်တို့ သူ့ကို ခုခံဖို့ နည်းလမ်းမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မယ်တော့်ကို နှိုးရတာပါ။ မယ်တော် … ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မိုးမြေဧကရာဇ်တွေဖြစ်လာဖို့ အသိအမှတ်ပြုပေးပါ၊ ဒါမှ ကောင်းကင်အလွန်ကရန်သူကြီးကို ကျွန်တော်တို့ တိုက်ခိုက်နိုင်ပါလိမ့်မယ် "
သူတော်စင်ဧကရာဇ်မှာ အလိုအလျောက်ဖြစ်သည့်အလား လုံးလုံးလျားလျား လေးစားကြည်ညိုသော အမူအရာဖြင့် အယဥ်ကျေးဆုံး ပြောလေသည်။
ထာဝရမယ်တော်က တခဏတာ တိတ်ဆိတ်သွား၏။ နောက်ဆုံး၌ ခပ်တိုးတိုးရေရွတ်လေသည်။
" သံယောဇဥ်မဲ့လူသားက လွတ်မြောက်တော့မှာတဲ့လား ... "
ထို့နောက် သူမက နတ်ဘုရားအာရုံတချို့ ထုတ်လွှတ်လိုက်ရာ ၄င်းတို့သည် မြင့်တက်သွားပြီး သံယောဇဥ်မဲ့လူသားပတ်လည်တွင် တခဏ ဝေ့ဝိုက်လှည့်ပတ်သွားကာ ပျောက်ကွယ်သွားသည်။ ထိုအချိန် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့က နောက်ထပ်သက်ပြင်းချသံကို ကြားလိုက်ရသည်။
" ရှင်ချိန်တန်ရင် ရှင်၊ သေချိန်တန်ရင် သေရမှာပဲ... “
" တစ်ခါတုန်းက ပြန်လည်ဝင်စားခြင်းဆိုတာ မရှိခဲ့ဘူး။ မျှော်လင့်ချက်တွေ တည်ရှိလာတဲ့နောက်မှသာ ပြန်လည်ဝင်စားခြင်း ဖြစ်တည်လာတယ်။ တစ်ခါက ထာဝရဆိုတာ မရှိခဲ့ဘူး။ ဒါပေမဲ့ မျှော့်လင့်ချက်တွေ တည်ရှိလာပြီးနောက် ထာဝရဆိုတာ တည်ရှိလာတယ် “
" ဟိုးအရင်တုန်းက ငါ့မှာ အသိမရှိဘူး။ ဒါပေမဲ့ သေစေနိုင်တဲ့ကပ်ဘေးနဲ့ ကြုံတွေ့ရတဲ့အခါ အလိုအလျောက် အသိစိတ် ရှိလာပြီး ကလေးသုံးယောက်ဖြစ်လာတဲ့ အစေ့သုံးစေ့ကို အပြင်စေလွှတ်ခဲ့တယ် … “
" ကြည့်ရတာ ... ငါ နှောင့်နှေးအောင်ပဲ လုပ်နိုင်ပုံရတယ်။ မျိုးတုန်းသုတ်သင်ခြင်းကပ်ဘေးကို အဆုံးသတ်ဖို့ နည်းလမ်းမရှိတော့ဘူး “
" ဘယ်လောက်နှမြောစရာကောင်းလိုက်လဲ ... သံယောဇဥ်မဲ့လူသားကို ချုပ်နှောင်တာက ငါ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေခဲ့ပြီး အနှိုးခံရတာတောင်မှ အထွတ်အထိပ်အဆင့်ကို ပြန်မရောက်သေးဘူး။ ငါ့မှာ အသိအမှတ်ပြုစွမ်းအား မကျန်တော့ဘူး။ အလွန်ဆုံး မင်းတို့ထဲကတစ်ယောက်ကို မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာဖို့ပဲ အသိအမှတ်ပြုပေးနိုင်တယ် "
ထာဝရမယ်တော်၏အသံမှာ နွေးထွေးသော်လည်း ၄င်းကိုသေသေချာချာ နားထောင်လျှင် ခံစားချက်များများစားစား ပါရှိပုံမရပေ။ သို့သော် ၄င်းက စစ်မှန်ရိုးသားလေသည်။ သိသာစွာပင် သူမ ပြောခဲ့သည့်အတိုင်း နိုးလာလျှင်နိုးလာချင်း သူမတွင် အတိတ်တုန်းက တစ်ခါက ရှိခဲ့ဖူးသော စွမ်းအားကို မပိုင်ဆိုင်တော့ပေ။
လောကနတ်ဘုရားတစ်ပါးအတွက် ပို၍မြင့်မားသောအဆင့်ကို တက်လှမ်းရန် အသိအမှတ်ပြုပေးခြင်းက လွယ်ကူသောအရာဖြစ်သည်ဟု ထင်ကောင်းထင်လိမ့်မည်။ သို့သော် အမှန်မှာ ထာဝရမယ်တော်အနေဖြင့် လောကနတ်ဘုရားအပေါ် ထားရှိခံရမည့် တံဆိပ်အမှတ်အသားတစ်ခု ဖြစ်လာမည်ဖြစ်သော အနှစ်သာရစွမ်းအားကို ဆင့်ခေါ်ရန် လိုအပ်သည်။
သူမ၏တုံ့ပြန်ချက်က ပိုင်ရှောင်ချန်း၏အမူအရာကို ရိပ်ခနဲ ဖြစ်သွားစေပြီးနောက် အတန်ငယ် မည်းမှောင်သွားစေလေသည်။ သူတော်စင်ဧကရာဇ်မှာမူ မျက်နှာဖြူဖျပ်ဖြူလျော်နှင့် လျော့တိလျော့ရဲ ဖြစ်သွား၏။ ယခင်က သူ၏မျှော်လင့်ချက်များအားလုံးကို ထာဝရမယ်တော်အပေါ် ထားရှိခဲ့သော်လည်း အခု သူမနိုးလာသောအခါ ထိုမျှော်လင့်ချက်မှာ စိတ်ပျက်အားငယ်ခြင်းအဖြစ် ပြောင်းလဲသွားတော့သည်။
" မိုးမြေဧကရာဇ်တစ်ပိုင်း ... "
သူက ခါးသီးစွာ ရေရွတ်လိုက်သည်။ ထာဝရမယ်တော်၏ စကားလုံးများအရ မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာရန် လမ်းကြောင်းမှာ အမှန်စင်စစ် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သူ ပြောနိုင်လေသည်။
" ငါ အကြာကြီး နိုးမနေနိုင်ဘူး။ အသက်ရှူချိန်ဆယ်ကြိမ်ထက် နိုးနေဖို့ဆိုရင် ငါ့ကလေးတွေ ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေအားလုံးဆီက သက်တမ်းတစ်ရက် ယူဖို့လိုအပ်တယ်... “
" မြန်မြန် ဆုံးဖြတ်....."
သူမ၏အသံမှာ အားနည်းနေပြီး မျက်လုံးကြီး တဖြေးဖြေးမှိတ်လာသဖြင့် သူမကို ကိုယ်စားပြုသည့် စူးရှတောက်ပနေသောအလင်းမှာ မည်းမှောင်လာတော့သည်။
သူတော်စင်ဧကရာဇ်က ခါးသီးစွာဖြင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်သည်။
ပိုင်ရှောင်ချန်းက တိတ်ဆိတ်စွာ ရပ်နေ၏။ အမှန်မှာ သူသည် သူတော်စင်ဧကရာဇ်ကဲ့သို့ ခါးသီးမနေပေ။ မိုးမြေဧကရာဇ်တစ်ပိုင်း သူ မဖြစ်ချင်ပေ။ ထိုသည်က အကျိုးမရှိသည့်အပြင် သံယောဇဥ်မဲ့လူသားအား မုချ အနိုင်ယူနိုင်မည် မဟုတ်ပေ။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ လက်ယှက်၍ ထာဝရမယ်တော်ကို ဦးညွှတ်ပြီးနောက် တိုးညင်းစွာ မေးသည်။
" မယ်တော် … ကျွန်တော် မေးခွန်းတစ်ခုမေးချင်ပါတယ်။ မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာဖို့ မယ်တော်ရဲ့ အသိအမှတ်ပြုမှု မဖြစ်မနေ လိုအပ်တာလား။ တခြားနည်းလမ်းမရှိဘူးလား "
ထာဝရမယ်တော်ဖြစ်သည့် အလင်းလုံးမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ဖြည်းညင်းစွာ ပိတ်နေသောမျက်လုံးက ရုတ်တရက် ဖျတ်ခနဲပွင့်လာပြီး အရှေ့တွင် ရပ်နေသည့် ကလေးကို စူးစိုက်လိုက်သည်။
တခဏကြာသော် သူမ၏နူးညံ့သောအသံကို နောက်တစ်ခါ ကြားရလေ၏။
" ဒီတော့ ငါ့ကို နှိုးတာမင်းပါလား။ မင်းရဲ့ သွေးထဲက အခိုးအငွေ့တွေကို ငါ အာရုံရနေတယ်။ တချို့ အင်္ဂါရပ်တွေမှာ မင်းက ငါ့တခြားကလေးသုံးယောက်ကို ကျော်လွန်ခဲ့ပြီးပြီ။ ပြီးတော့ မင်းမှာ ငါနဲ့မသက်ဆိုင်တဲ့ ချီစီးကြောင်းတစ်ခုရှိနေတာ ငါအာရုံရတယ်... “
" ကံဆိုးတာက ဒီကြယ်တာရာကောင်းကင်မှာ သဘာဝနိယာမတွေက မိုးမြေဧကရာဇ်တွေဟာ ကမ္ဘာတစ်ကမ္ဘာရဲ့ စိတ်ဆန္ဒနဲ့အတူတူပဲ မွေးဖွားနိုင်တယ်လို့ သတ်မှတ်ထားတယ်။ တခြားနည်းလမ်းမရှိဘူး "
ထာဝရမယ်တော်၏ တုံ့ပြန်မှုက ပိုင်ရှောင်ချန်းကို တိတ်ဆိတ်သွားစေ၏။ သူ နားမလည်သေးပေ။ ကမ္ဘာတစ်ကမ္ဘာ၏ အသိအမှတ်ပြုမှုက မိုးမြေဧကရာဇ်တစ်ပါးကို မွေးဖွားပေးနိုင်သော်လည်း လူတစ်ယောက်သည် ကမ္ဘာတစ်ကမ္ဘာ၏ စိတ်ဆန္ဒမပါဘဲ မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာခဲ့လေသည်။ အမှန်တွင် ထိုပုဂ္ဂိုလ်က ကမ္ဘာများကို ဖျက်စီးခဲ့သေးသည်။
ထိုလူကား သံယောဇဉ်မဲ့လူသားပင်။
ပိုင်ရှောင်ချန်းမှာ လောကတာအို၏မှတ်ဉာဏ်များမှ တစ်ဆင့် မျက်စိဖြင့် တပ်အပ်မြင့်ခဲ့ရလေသည်။
သံယောဇဉ်မဲ့လူသား၏ မိုးမြေဧကရာဇ်အဆင့်သို့ ရောက်ရှိခြင်းက သူ၏တာအိုနှင့် တစ်ခုခုပတ်သက်ကြောင်းလည်း သူ သိသည်။ လောကတာအိုကိုယ်တိုင်၏အကူအညီဖြင့် တိမ်တိုက်တောင်ကြားထဲတွင် သိရှိခဲ့သည်ကြောင့် သူ အခိုင်အမာ ပြောနိုင်လေသည်။
ဝန်းရံထားသော ဟင်းလင်းပြင်၏အခြေအနေကို ကြည့်ခြင်းအားဖြင့် သံယောဇဥ်မဲ့လူသား၏တာအိုကို နားလည်နိုင်၏။ ၄င်းမှာ သက်စောင့်အားများအလုံးစုံ ဖယ်ရှားခံရလျက် အပျက်အစီးများဖြင့်သာ ပြည့်ကြပ်နေလေသည်။ ကောင်းကင်နှင့်မြေကြီးအားလုံး အဆုံးသတ်သွားခဲ့ပြီး အရာအားလုံးကို အမှောင်ထုထဲ သွပ်သွင်းခဲ့လေသည်။ သံယောဇဉ်မဲ့လူသား၏တာအိုက အရာရာတိုင်းကို အမြစ်ဖြုတ်ချေမှုန်းရန်ဖြစ်ပြီး ထိုသည်က သူ မည်ကဲ့သို့ မိုးမြေဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်ကို လှစ်ဟပြသနေသည်။
သူ၏အတွေးစများက ဤနေရာရောက်သော် ပိုင်ရှောင်ချန်း၏ မျက်လုံးများ လင်းလက်သွားပြီး ထာဝရမယ်တော်၏ စူးရှတောက်ပနေသောအလင်းကို လှမ်းကြည့်လိုက်သည်။
"သံယောဇဥ်မဲ့လူသားရဲ့ လမ်းစဥ်က ကမ္ဘာတစ်ကမ္ဘာရဲ့ အသိအမှတ်ပြုမှု မလိုအပ်ခဲ့ဘူး။ ဒီတော့ သူ ဘယ်လိုလုပ်ခဲ့တာလဲ။ သူ အောင်မြင်နိုင်ရင် ဘာအတွက်ကြောင့် မိုးမြေဧကရာဇ်တစ်ပါးဖြစ်ဖို့က ကမ္ဘာတစ်ကမ္ဘာရဲ့ အသိအမှတ်ပြုမှုကို လိုအပ်နေတာလဲ "
နောက်တစ်ဖန် ထာဝရမယ်တော်၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားပြန်ပြီး ဤတစ်ကြိမ်တွင် ပြိုင်ဘက်ကင်းသော ခံ့ညားထည်ဝါခြင်းများဖြင့် တောက်ပသွား၏။ ပိုင်ရှောင်ချန်း၏ စကားလုံးများက ထာဝရအင်မော်တယ်နယ်မြေများကို တသိမ့်သိမ့်တုန်ခါသွားစေပြီး ထာဝရမြစ်ကို လှုပ်ယမ်းသွားစေသည့် ထူးဆန်းသောစွမ်းအားတစ်ခုဖြင့် ဖြည့်တင်းပေးထားသည့်အလားပင်။
ထာဝရမယ်တော်အတွက် သူ၏စကားလုံးများက သဘာဝနိယာမ တချို့၏ အခြေခံကို နိုးကြားသွားစေသည့်အလားပင်။
သူတော်စင်ဧကရာဇ်နှင့် လိပ်ကလေးပင် ထာဝရမယ်တော်မှာ ယခု ပိုင်ရှောင်ချန်းတစ်ယောက်တည်းကိုသာ လုံးဝအာရုံစိုက်ထားသကဲ့သို့ သူမ၏ မျက်လုံးများ ယခင်ကထက် ပြူးကျယ်သွားခဲ့သည်ကို ပြောနိုင်လေသည်။ သူမသည် ပိုင်ရှောင်ချန်းအား အနက်ရှိုင်းဆုံးအထိ စူးစမ်းလေ့လာနေသည့်ပုံ ပေါ်လေ၏။
အချိန်အနည်းငယ်ကြာသော် သူမက နတ်ဘုရားအာရုံကို ပြန်နုတ်ယူလိုက်သည်။ ယခင်ထက်ပို၍ အားနည်းနေသောလေသံဖြင့် ပိုင်ရှောင်ချန်းကို နောက်ဆုံးတစ်ခု ပြောလိုက်သည်။
" မျိုးတုန်းသုတ်သင်ခြင်းက မိုးမြေဧကရာဇ်တစ်ပါးကိုမွေးဖွားပေးနိုင်ရင် ဆန့်ကျင်ဘက်လဲ ဖြစ်ကောင်းဖြစ်နိုင်တယ် "
ထိုစကားလုံးများကို ပိုင်ရှောင်ချန်း ကြားလိုက်ရသည့် အခိုက်အတန့်တွင် ယခင်က တင်းမာခက်ထန်နေသော သူ့မျက်လုံးများကား တောက်ပစွာ လင်းလက်လာတော့သည်။