← Chapters

ကောင်းကင်တံတားတာအို ပြန်ပေါ်လာခြင်း

Vol. 13 Ch. 1278

ကောင်းကင်တံတားတာအို ပြန်ပေါ်လာခြင်း

Vol. 13 Ch. 1278

" မျိုးတုန်းသုတ်သင်ခြင်းက မိုးမြေဧကရာဇ်တစ်ပါးကို မွေးဖွားပေးနိုင်ရင် "

ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်သည်။

" ဆန့်ကျင်ဘက်လဲ ... ဖြစ်ကောင်းဖြစ်နိုင်တယ် "

ထိုစကားလုံးများက သူ၏ကမ္ဘာကို လှုပ်ခါပစ်လိုက်ပြီး တချိန်တည်းမှာပင် သူ့အတွက် တံခါးအသစ်ဖွင့်ပေးကာ သူ၏စိတ်နှင့် နှလုံးသားကို ကောင်းကင်ဘုံမှလာသော မိုးကြိုးအလား အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွားလေသည်။

ဤကိစ္စကို သူ သံသယဝင်ခဲ့သော်လည်း မှန်ကန်ကြောင်း သက်သေပြရန် ခိုင်လုံသောအထောက်အထား မရှိပေ။ သို့သော်ငြား ထာဝရမယ်တော်က သူ၏ထင်မြင်ချက်များကို အတည်ပြုပေးခဲ့သည်။ သံယောဇဥ်မဲ့လူသား၏ တာအိုမှ သက်သေပြခဲ့သောအရာကို စဥ်းစားကာ ယခု သူ့အတွက် လှုပ်ရှားရန် ဦးတည်ချက်တစ်ခု ရှိနေလေပြီ။

သူ အောင်မြင်မည်လား၊ ကျရှုံးမည်လား တပ်အပ် မပြောနိုင်ပေ။ သို့သော် မိုးမြေဧကရာဇ်တစ်ပိုင်းဖြစ်လာခြင်းက သူ လိုချင်သောအရာ မဟုတ်ချေ။ သူလိုချင်သည်က မိုးမြေဧကရာဇ်တစ်ပိုင်း ပေးနိုင်သည်ထက်ပိုသော မျှော်လင့်ချက်များ ပေးမည့်အရာကိုပင်။

ယင်းမှာ သံယောဇဉ်မဲ့လူသား နိုးထလာသောအခါ သူ အမှန်တကယ် မီးကုန်ယမ်းကုန်တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် နက်ရှိုင်းသော အဆင့်တစ်ခုအထိ ပြောင်းလဲသွားခဲ့လေပြီ။ ယခုတွင် သူသည် တစ်ခါက ဟူတောင်ထိပ်အပေါ် ရပ်နေခဲ့သည့် ပူပင်ကြောင့်ကြကင်းသော လူငယ်လေးနှင့် ပကတိဆန့်ကျင်ဘက်နီးပါးပင်။ နှစ်ပေါင်းများစွာတစ်လျှောက် တစ်ခါက လူငယ်လေးတစ်ဦးကို ရင့်ကျက်လာအောင် တွန်းပို့လိုက်သော၊ မယုံကြည်နိုင်ဖွယ်ဖိအားကို ပခုံးနှစ်ဖက်ပေါ်တွင် ထမ်းထားရသည့် လူစားမျိုးအဖြစ် သူ ပြောင်းလဲသွားခဲ့လေသည်။

နောက်ဆုံး၌ သူက ထာဝရမယ်တော်နှင့် လမ်းခွဲပြီး အသက်ရှူချောင်သွားသော လိပ်ကလေးကို သူနှင့်အတူ ခေါ်လာကာ ထာဝရမြစ်မှ ထွက်ခွာလာ၏။

သူတော်စင်ဧကရာဇ်က ကျန်နေခဲ့သည်။ အခြားရွေးချယ်စရာမရှိကြောင်း စဥ်းစား၍ မိုးမြေဧကရာဇ်တစ်ပိုင်းဖြစ်ရန် သူ ရွေးချယ်လိုက်လေသည်။ ၄င်းက တစ်ကိုယ်ကောင်းဆန်သော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ ပိုင်ရှောင်ချန်းသည် ဦးတည်ချက်အသစ်တစ်ခု ရွေးချယ်ခဲ့ပြီး ဖြစ်သည်ကို သူ မြင်နိုင်ပြီး လာမည့်ကပ်ဘေးကြီးတွင် တိုက်ခိုက်ရာ၌ တတ်နိုင်သမျှ အထောက်အကူ ဖြစ်စေရန်အလို့ငှာ အနည်းဆုံးတော့ စွမ်းအားအတိုင်းအတာတစ်ခုထိရရန် သူ၏ပင်ကိုယ်စွမ်းရည်အချို့ကို ပေးဆပ်ရန် ရွေးချယ်လိုက်လေသည်။

ပိုင်ရှောင်ချန်းက သူ့လမ်းသူ ထွက်သွားစဥ် သူတော်စင်ဧကရာဇ်မှာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ခေါင်းလောင်း၏အရှေ့တွင် တင်ပျဥ်ခွေထိုင်ချလိုက်၏။ တဖြေးဖြေးနှင့် ထာဝရမယ်တော်၏အလင်းက သူ့အား ရစ်ပတ်သွားတော့သည်။

ဤအခိုက်အတန့်တွင် ထာဝရအင်မော်တယ်နယ်မြေများရှိ တန်ခိုးအကြီးမားဆုံး လူနှစ်ယောက်သည် သူတို့အိမ်၊ သူတို့မိတ်ဆွေများနှင့် သူတို့မိသားစုများကို ကာကွယ်ရန် သူတို့လုပ်နိုင်သည့်အရာ လုပ်နေကြလေသည်။

ပိုင်ရှောင်ချန်းက ဗဟိုဧကရာဇ်မြို့တော်ကို ပြန်ပြီး တံခါးပိတ်ကျင့်ကြံခြင်း ဝင်ရောက်သွားသော်လည်း သိပ်မကြာလိုက်ပေ။ ခုနစ်ရက်ကြာသော် သီးသန့်ဆောင်မှ သူ ထွက်လာကာ ဗဟိုဧကရာဇ်အနေဖြင့် တရားဝင်ဓမ္မအမိန့်များ ထုတ်ပြန်လေ၏။

" ထာဝရအင်မော်တယ်နယ်မြေများထဲက လူအပေါင်းတို့ ၊ သင်တို့ ကောင်းကင်ဧကရာဇ်ပဲဖြစ်ဖြစ်၊ နတ်ဘုရားတစ်ပိုင်းတစ်ပိုင်းပဲဖြစ်ဖြစ်၊ နတ်အဆင့် ဒါမှမဟုတ် ယင်ယန်ဝိညာဥ်အဆင့်ပဲ ဖြစ်နေပါစေ.... ကျွန်ုပ် ကောင်းကင်အလွန်ကရန်သူကြီးကို ချုပ်နှောင်ဖို့ သင်တို့ရဲ့အကူအညီလိုအပ်တယ် "

မကြာခင် ထာဝရအင်မော်တယ်နယ်မြေများအား လှုပ်ရှားမှု လေမုန်တိုင်းကြီး လွှမ်းခြုံသွား၏။

သူတော်စင်ဧကရာဇ် အမိန့်စာတမ်းထုတ်ပြန်ခဲ့လျှင်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားမည် ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်း စကားပြောသကဲ့သို့ တူညီသော ရလဒ်ထွက်လာမည် မဟုတ်ပေ။

ထာဝရအင်မော်တယ်နယ်မြေများရှိ သက်ရှိသတ္တဝါများအားလုံးသည် ကောင်းကင်အလွန်က ရန်သူကြီးအား ချုပ်နှောင်နေသော၊ ထာဝရမယ်တော်ကို နှိုးနေသော သူ့ကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရလေသည်။ သူသည် ယခုတွင် ထာဝရအင်မော်တယ်နယ်မြေများ၏ စစ်မှန်သောမျှော်လင့်ချက် ဖြစ်သည်။

တချို့သောအချက်များတွင် သူ၏စကားလုံးများက ထာဝရမယ်တော်နှင့် သြဇာသက်ရောက်မှု တူညီလုနီးပါးပင်။ သို့သော်ငြား လူအတော်များများအတွက် သူက အမှန်တကယ်ပင် သူမထက် သာလွန်၏။ သူက အင်မော်တယ်နယ်မြေများ၏ စစ်မှန်သောအုပ်ချုပ်သူ ဖြစ်သည်။

ကျင့်ကြံသူအစုအဝေးကြီးက ဗဟိုဧကရာဇ်မြို့တော်အပေါ်တွင် စုဝေးလာကြလေသည်။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၊ နတ်အဆင့်ကျင့်ကြံသူများ၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် ကောင်းကင်ဧကရာဇ်များပင်မကျန် လာရောက်ကြ၏။

မကြာခင် ပိုင်ရှောင်ချန်း၏ ရန်သူကြီးကိုချုပ်နှောင်ရန် အစီအစဥ်အကြောင်း အသေးစိတ် ထွက်ပေါ်လာတော့သည်။

တစ်ချက်က သံယောဇဉ်မဲ့လူသားကိုလက်ရှိ ထိန်းသိမ်းထားသော အချုပ်အနှောင်စာရွက်မှာ ကြာသင့်သလောက်ကြာကြာ မခံမည်ကို သူ စိုးရိမ်၏။ ကံဆိုးစွာပင် လောကနတ်ဘုရားအဆင့်မှ ဖောက်ထွက်ရန် သူ့အတွက် မည်မျှကြာမည်ကို သူ မသိပေ။

သူ ၄င်းကို မြန်မြန် လုပ်နိုင်ကောင်းလုပ်နိုင်သည်။ မလုပ်နိုင်သည်လည်းရှိမည်။ ကျလည်းကျရှုံးသွားနိုင်သည်။ မည်သို့ဆိုစေ၊ သူ ယုံကြည်ချက်ရှိရှိ အားထုတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက သူ့အတွက် အလုပ်လုပ်ရန် အချိန်လုံလုံလောက်လောက်ရှိရန်သာ။

အချုပ်အနှောင်စာရွက် ဖျက်စီးခံရလျှင်တောင်မှ အချိန်ဆွဲပေးမည့် ဒုတိယအချုပ်အနှောင် မှော်အတတ်ရှိစေရန် လိုအပ်သည်။

ပြန်ရောက်ရောက်ချင်း တံခါးပိတ်ကျင့်ကြံရာတွင် ကုန်ဆုံးခဲ့သည့် ခုနစ်ရက်မှာ အခြေအနေအတွက် ပြီးပြည့်စုံသော မန္တန်ဝင်္ကပါကို မည်သို့ဖန်တီးရမည်နည်းနှင့်ပတ်သက်ကာ သူ၏အတွေးများအား စုဆောင်းပြီး အစီအစဥ်ဆွဲရန် ရည်ရွယ်ချက်အတွက် ဖြစ်ခဲ့သည်။

လူတိုင်း စုဝေးရောက်ရှိလာသောအခါ ပိုင်ရှောင်ချန်းက သူ့အစီအစဥ်ကို အသေးစိတ်ရှင်းပြ၏။

" ဒီချုပ်နှောင်ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်က ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံးရဲ့ စွမ်းအင် ဖြစ်မယ်။ ကျုပ်ရဲ့ အချိန်အနှစ်သာရမှော်အတ်၊ ဆွဲအား ဇီဝိန်ခြွေအတတ်နဲ့ ခင်ဗျားတို့ကို လမ်းညွှန်ပေးပါ့မယ်။ သဲနာရီကမ္ဘာလို့ ကျုပ်ခေါ်တဲ့ တစ်ခါက အလည်သွားခဲ့ဖူးတဲ့ ကမ္ဘာတစ်ကမ္ဘာရဲ့ အပြင်ဘက်နေရာကလိုမျိုး အရာတစ်ခု ဖန်တီးမှာဖြစ်တယ်။ အဲဒါက ... မဟာအချိန်ဝင်္ကပါပဲ “

" အဲဒါက အချိန်နဲ့အကွာအဝေးကို ပုံပျက်စေပြီး သံယောဇဥ်မဲ့လူသားပတ်လည်က အရာအားလုံးကို ချုပ်နှောင်ပေးလိမ့်မယ် “

" ဝင်္ကပါဆုံမှတ်တွေ သန်းပေါင်းများစွာ ပါမယ်။ ဆုံမှတ်တစ်ခုစီက ထာဝရအင်မော်တယ်နယ်မြေတွေက လူတစ်ယောက်စီနဲ့ ဆက်သွယ်နေလိမ့်မယ်။ တစ်နည်းအားဖြင့် ဝင်္ကပါကို ကျုပ်တို့ နယ်မြေတွေရဲ့ လူတွေကနေ အားဖြည့်ပေးရမှာဖြစ်တယ် “

" အလုပ်ဖြစ်ရင်တော့ သံယောဇဥ်မဲ့လူသား နိုးလာတဲ့အခါ အနည်းဆုံးတော့ သူ့ကို နှောင့်နှေးစေပြီး ကျုပ်တို့အတွက် အချိန်ဆွဲပေးလိမ့်မယ် "

မျှော်လင့်ချက်များပျက်သုဥ်းနေသူများအတွက် ဤအစီအစဥ်မှာ အသက်ရှင်သန်လွတ်မြောက်ရန် တစ်ခုတည်းသောအခွင့်အရေး အမှန်တကယ်ဖြစ်ပုံရ၏။ ဘယ်သူမှ မဆန့်ကျင်ပေ။ တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ ထာဝရအင်မော်တယ်နယ်မြေများရှိ ကျင့်ကြံသူများအားလုံး အစီအစဥ်အတိုင်းသွားရန် သဘောတူလိုက်ကြသည်။

ကျန်ရက်များတွင် ပိုင်ရှောင်ချန်းသည် သံယောဇဥ်မဲ့လူသားပတ်လည်တွင် မန္တန်ဝင်္ကပါကြီးတစ်ခု နေရာချရန် အားထုတ်မှုကို ဦးဆောင်လေသည်။ ထိုမျှသာမက သူသည် အချိန်အနှစ်သာရကို မရေမတွက်နိုင်သော ဆွဲငင်အားဆိုင်ရာသစ်စေ့များအဖြစ် ခွဲထုတ်ပြီးနောက် သူ့အမိန့်အောက်ရှိ ကျင့်ကြံသူများလက်ထဲ ပေးပို့ကာ အလုပ်စတင်လုပ်လေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက သူတို့ကို မန္တန်ဝင်္ကပါဖြင့် ချိတ်ဆက်ပေးသော ဆွဲငင်အားဆိုင်ရာသစ်စေ့များကို စုပ်ယူလိုက်ကြ၏။

နောက်ဆုံး၌ သစ်ပင်ပန်းမာန်များ၊ တောင်များ၊ မြစ်များနှင့် မြေပြင်များရှိ ရုပ်ဝတ္ထုများအားလုံး ပိုင်ရှောင်ချန်းထံမှ ဆွဲငင်အားဆိုင်ရာသစ်စေ့များဖြင့် ပြည့်နှက်သွားလေသည်။ တဖြည်းဖြည်းနှင့် မန္တန်ဝင်္ကပါသည် ပြီးပြည့်စုံသောအဆင့်တစ်ခုသို့ ရောက်ရှိလာတော့သည်။

၄င်းက မည်သည့်ပစ္စည်းများကိုမှ ဖန်တီးရန် မလိုအပ်ပေ။ ထာဝရအင်မော်တယ်နယ်မြေများ၏ လူများနှင့်ရုပ်ဝတ္ထုများသာ လိုအပ်၏။ ပိုင်ရှောင်ချန်း၏ မိသားစုအပါအဝင် လူတိုင်း ကြိုးစားအားထုတ်မှုတွင် ပါဝင်ကြလေသည်။ ပိုင်ရှောင်ချန်းသည်လည်း သူ့ကိုယ်သူ မန္တန်ဝင်္ကပါနှင့် ချိတ်ဆက်ထား၏။

ပြင်ဆင်ချက်များအားလုံး ပြီးမြောက်ပြီးနောက် သူက ကောင်းကင်ကိုပျံတက်ပြီး မြေပြင်တဝှမ်းရှိ လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်၌ သံယောဇဥ်မဲ့လူသားပတ်လည်တွင် ဆွဲအားဇီဝိန်ခြွေအတတ်ကို အသက်သွင်းရန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထာဝရအင်မော်တယ်နယ်မြေများရှိ လူများ၊ အပင်များနှင့် မြေမျက်နှာအသွင်အပြင်များက ကြယ်စင်များကဲ့သို့ တောက်ပနေသည်ကို ငုံ့ကြည့်၍ ဆွဲအားဇီဝိန်ခြွေအတတ်ကို အားဖြည့်ရန် ကောင်းကင်ယံသို့ ကြယ်အလင်းရောင်များ စီးဆင်းသွားစေလိုက်သည်။

ဖြေးဖြေးနှင့်မှန်မှန် မဟာဝင်္ကပါကြီး စတင်အသက်ဝင်လာ၏။ ၄င်းကို ကြည့်ခြင်းအားဖြင့် ဖြစ်စဥ်တစ်ခုလုံးပြီးမြောက်ရန် နာရီပေါင်းများစွာ ကြာမည်ကို သိနိုင်သည်။

သို့သော်ငြား ပိုင်ရှောင်ချန်းက ဆွဲအားဇီဝိန်ခြွေအတတ်၏ သက်ရောက်မှုများအား ဖြန့်ကျက်ရန် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး အောက်ဘက်ရှိ မရေမတွက်နိုင်သောနေရာများမှ ကြယ်လင်းရောင်များ ထိုးထွက်လာချိန်မှာပင် သံယောဇဥ်မဲ့လူသားမှာ ဖြစ်ပျက်နေသည်များကို အလိုအလျောက်အာရုံရလိုက်ပုံရပြီး တုန်ရီသွား၏။

ထို့နောက် ရုတ်တရက် သံယောဇဉ်မဲ့လူသား၏နဖူးပေါ်တွင် လေပွေတစ်ခု ပေါ်လာသဖြင့် ပိုင်ရှောင်ချန်းမှာ ကွက်ခနဲ မျက်နှာပျက်သွားလေသည်။ ၄င်းက လည်ပတ်နေစဥ် ပုံရိပ်တစ်ခုက ၄င်းအတွင်း တဖြေးဖြေး ပုံပေါ်လာတော့သည်။

ထိုလူက တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးများထဲရှိ သွေးအေးရက်စက်သောအလင်းရောင်မှအပ ဟန်ပန်အမူအရာကင်းမဲ့နေ၏။ သူ လမ်းလျှောက်ထွက်လာစဥ် သူ၏မျက်နှာသွင်ပြင်မှာ ထင်ရှားပြတ်သားလာသဖြင့် ပိုင်ရှောင်ချန်းကို ပင့်သက်ရှိုက်သွားစေပြီး သူ၏မျက်လုံးများအား လင်းလက်စွာ တောက်ပသွားစေလေသည်။

" ကောင်းကင်တံတားတာအို "

၄င်းသည်ကား အမှန်တကယ် ကောင်းကင်တံတားတာအိုပင်။

အမှန်အတိုင်းပြောရလျှင် ပိုင်ရှောင်ချန်း သိပ်မအံ့သြမိပေ။ ကောင်းကင်တံတားတာအိုကို မိစ္ဆာဧကရာဇ်နိုင်ငံတွင် တစ်ခါမှ ရှာမတွေ့နိုင်ခဲ့၍ ဤသို့ဖြစ်ပျက်လိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကောင်းကင်တံတားဒေသတွင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးနှင့် သူ သိသည့် ထိုလူအကြောင်းကိုစဥ်းစားကြည့်ပါက ရှူထောင့်များစွာ၌ သံယောဇဉ်မဲ့လူသားနှင့် အမှန်တကယ် ဆင်တူ၏။

မိစ္ဆာဧကရာဇ်က သံယောဇဥ်မဲ့လူသား၏ကိုယ်ပွားတစ်ခု ဖြစ်ခဲ့သည့်အချက်က ပိုင်ရှောင်ချန်းအား ကောင်းကင်တံတားတာအို ဖြစ်ပျက်ခဲ့သည့်အရာနှင့်ပတ်သက်၍ သေချာသောခန့်မှန်းချက်များထံ ဦးတည်ပေးလေသည်။ ယခု သူ့ကို မြင်ရခြင်းက အရာအားလုံးကို ထင်ရှားသွားစေ၏။ သံယောဇဥ်မဲ့လူသားသည် သူ့ပတ်လည်တွင် နေရာချနေသည့် မန္တန်ဝင်္ကပါအား ကိုယ်တိုင်ကိုယ်ကျ တစ်ခုခု မလုပ်နိုင်သောကြောင့် ကောင်းကင်တံတားတာအိုကို သူ့အစား စေလွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

" ကဲ ကောင်းတာပေါ့ ... ဘယ်လိုနေနေ ကျုပ်တို့နှစ်ယောက်ကြား ကိစ္စတွေ ဖြေရှင်းဖို့ အချိန်ကျပြီ "

ပိုင်ရှောင်ချန်းက မျက်လုံးများ တဖျပ်ဖျပ်လက်လာလျက် ကောင်းကင်တံတားတာအိုထံ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

All Chapters