← Chapters

သံယောဇဥ်မဲ့လူသား၏ တပည့်

Vol. 13 Ch. 1279

သံယောဇဥ်မဲ့လူသား၏ တပည့်

Vol. 13 Ch. 1279

ကောင်းကင်တံတားတာအိုမှာ သံယောဇဥ်မဲ့လူသား၏ နဖူးရှေ့တွင် ရစ်ဝဲနေသည်။ သူ၏မျက်လုံးများမှာ အေးစက်နေပါသော်လည်း ခံစားချက်များ ရောယှက်နေသောအကြည့်ဖြင့် သူ့ထံ ချဥ်းကပ်လာနေသော ပိုင်ရှောင်ချန်းကို လှမ်းကြည့်နေသည်။

ပိုင်ရှောင်ချန်း ထင်ထားခဲ့သည့်အတိုင်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သို့သော် သံယောဇဥ်မဲ့လူသား၏ နောက်လိုက်တစ်ယောက် ဖြစ်ပြီးနောက် မည်သည့်အရာများ ကြုံတွေ့ရမည်ကို ကောင်းကင်တံတားတာအိုပင် မခန့်မှန်းနိုင်ခဲ့ပေ။ အနက်ရောင် ကျောက်တုံးလေးတစ်တုံးကြောင့် အရာရာတိုင်း ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။

ထိုကျောက်တုံးလေးကြောင့် ဟိုးယခင်ကတည်းက သူ ရှာဖွေနေခဲ့သော ဖောက်ထွက်မှုကို ရရှိရန် ထာဝရမယ်တော်၏ ထောက်ခံချက်ကိုပင် မလိုအပ်ခဲ့ပေ။ ထိုကျောက်တုံးအား သူ ပိုင်ဆိုင်လိုက်သည့် အချိန်မှစ၍ ထိုအနက်ရောင်ကျောက်တုံးထဲတွင်ရှိသော စိတ်ဆန္ဒကဲ့သို့သော အရာတစ်ခုအား အသုံးချ၍ ထာဝရမယ်တော်၏ စိတ်ဆန္ဒကို လှည့်စားကာ ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သူ သိခဲ့ပေသည်။

ထိုသို့ အဆင့်တက်ပြီးနောက်ပိုင်း သူ၏ကျင့်ကြံခြင်းအခြေခံက အလျင်အမြန် တိုးတက်လာခဲ့သည်မှာလည်း ထိုအနက်ရောင်ကျောက်တုံးကြောင့်ပင် ဖြစ်သည်။ မိစ္ဆာဧကရာဇ်ကလည်း သူ့အား မကြာခဏ ကျောက်တုံးတစ်တုံးပြီးတစ်တုံး ပေးအပ်နေခဲ့သည်။

အဆုံးသတ်တွင် သူ့ကိုယ်သူ မပိုင်တော့ကြောင်း သူ သိသွားတော့သည်။ ထိုအချိန်တွင် မိစ္ဆာဧကရာဇ်၏ အကူအညီဖြင့် ကောင်းကင်ယံတွင် ရှိနေခဲ့သည့် သံယောဇဥ်မဲ့လူသား၏ ဘုန်းတန်ခိုးအစစ်အမှန်ကို သိရှိသွားရတော့သည်။

သူ့အတွက် ဆုံးဖြတ်ချက်ချရသည်မှာ မခဲယဥ်းခဲ့ပေ။ သူသည် တွေဝေတုံ့ဆိုင်းမနေပဲ ထာဝရအင်မော်တယ်နယ်မြေများကို သစ္စာဖောက်ကာ သံယောဇဥ်မဲ့လူသား၏ လက်အောက်ငယ်သားအဖြစ် ခံယူလိုက်တော့သည်။ ထို့အပြင် သူသည် ကိုယ်ပွားတစ်ခုမျှသာဖြစ်သော မိစ္ဆာဧကရာဇ်နှင့်လည်း မတူညီပေ။ ကောင်းကင်တံတားတာအိုမှာ သံယောဇဥ်မဲ့လူသား၏ တပည့် ဖြစ်သွားခဲ့သည်။

သူ၏အမူအကျင့်အများစုမှာ သံယောဇဥ်မဲ့လူသားနှင့် ဆင်တူနေကြောင်း သူက သိသည်။ ကုန်ဆုံးသွားခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ထာဝရအင်မော်တယ်နယ်မြေများထဲတွင် သူတစ်ယောက်သာ သံယောဇဥ်မဲ့လူသား၏ လက်အောက်သို့ ခိုလှုံခဲ့သည့် တစ်ယောက်ထဲသောသူဖြစ်ပြီး သူ၏ ထောက်ခံချက်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် မိစ္ဆာဧကရာဇ်မြို့တော်မှ ပျောက်ကွယ်သွားခဲ့ပြီး သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ထဲတွင် ပြန်၍ပေါ်လာကာ သူ၏ကျင့်ကြံခြင်းအခြေခံက ယခင်ကနှင့် မတူလောက်အောင် လျင်မြန်စွာ တိုးတက်နေခဲ့တော့သည်။ သူသည် သံယောဇဥ်မဲ့လူသား၏ တာအိုအား အတုယူပြီးနောက် ယခင်က သူ စိတ်ကူးပင်မယဥ်နိုင်ခဲ့သည့် နတ်ဘုရားအစွမ်းများနှင့် မှော်အတတ်များကို အသုံးပြုလာနိုင်တော့သည်။

ထိုပုံစံဖြင့် သူသည် လောကနတ်ဘုရားအဆင့်အထိ ရောက်ရှိသွားခဲ့ပြီး မိစ္ဆာဧကရာဇ်ထက်ပင် ပို၍ စွမ်းအားကြီးမားသွားတော့သည်။ သူပိုင်ဆိုင်ထားသည့် အရာအားလုံးမှာ သံယောဇဥ်မဲ့လူသားထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သံယောဇဥ်မဲ့လူသားမှာ အချို့သော အခန်းကဏ္ဍများတွင် ထောက်ခံချက်ပေးနိုင်သော စိတ်ဆန္ဒတစ်ခုကို ပိုင်ဆိုင်ထားသည့် ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ သူသည် ထာဝရမယ်တော်ကဲ့သို့ သူ၏ကိုယ်ပိုင် စွမ်းအားရှင်များကို မွေးထုတ်နိုင်ပေသည်။

ထိုအတောအတွင်း ကောင်းကင်တံတားတာအိုမှာ အသိစိတ်ပျောက်သွားခဲ့ရတော့သည်။ ထိုသို့ပျောက်သွားခဲ့သည်ကိုလည်း သူ့ကိုယ်သူ သိလိုက်သည်။ သူ၏ရည်မှန်းချက် ပန်းတိုင်များကို ရရှိနိုင်ရန်အတွက် သူသည် ရက်စက်ကြမ်းကြုတ်ကာ ကြင်နာစိတ်ကင်းမဲ့သွားခဲ့ပြီး လွန်စွာ တစ်ကိုယ်ကောင်းဆန်လာတော့သည်။ သို့သော်ငြား အတိတ်က သူ ထိုသို့မဟုတ်ခဲ့သည့် အချိန်များကိုလည်း ပြန်၍ မှတ်မိနေသေးသည်။

သူသည် တစ်ခါတရံတွင် အတိတ်အကြောင်းကို ပြန်ပြောင်းတွေးတောနေခဲ့တော့သည်။ သူ၏မှတ်ဉာဏ်များမှာ သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေပါသော်လည်း သူ့ထံ သမီးတစ်ယောက်ရှိသေးသည်ဆိုသောအချက်ကိုတော့ မှတ်မိနေဆဲပင်။

" ဒါ ငါပေးဆပ်ရမဲ့ တန်ကြေးပဲ ထင်ပါရဲ့ "

သူသည် စိတ်ထဲတွင် သက်ပြင်းများချ၍ ထိုအတွေးစများကို ဖျောက်ဖျက်လိုက်သောအခါ သူ၏မျက်ဝန်းများမှာ ရေခဲတမျှ အေးစက်မှုများဖြင့် တောက်ပလာတော့သည်။

ယခုအချိန်အထိ သူက တရားမှတ်နေခဲ့သည်။ သို့သော်ငြား သံယောဇဥ်မဲ့လူသား၏ စိတ်ဆန္ဒက သူ့ထံ ရောက်ရှိလာခဲ့ပြီး သူ၏တာဝန်မှာ ပြင်ပရှိအန္တရာယ်များကို ခုခံကာကွယ်ရန် ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ယခုတွင် အသက်မရှိတော့သော ကိုယ်ပွားကြီး၏ တာဝန်မှာလည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်။ အကယ်၍ အရာရာတိုင်းသာ စီစဥ်ထားသည့်အတိုင်း ဖြစ်သွားခဲ့မည်ဆိုပါက သံယောဇဥ်မဲ့လူသား နိုးထလာမည့်အချိန်ထိ ကိစ္စတိုင်းမှာ ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားရမည်သာ ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်း ပြန်ရောက်လာခဲ့ပြီး မိစ္ဆာဧကရာဇ်အား နှိမ်နင်းခဲ့သဖြင့် သံယောဇဥ်မဲ့လူသားမှာ သူ၏အစီအစဥ်များကို အလှည့်ကျော်၍ ပြုလုပ်ခဲ့ရတော့သည်။

ထို့နောက် သူ နိုးထလာခါနီးတွင် ပိုင်ရှောင်ချန်းက အချိန်အနှစ်သာရကို အသုံးပြု၍ မန္တန်အစီအရင်တစ်ခု တည်ဆောက်ခဲ့သည်။ သံယောဇဥ်မဲ့လူသားမှာ ထိုမန္တန်အစီအရင်က သူ့အတွက် ကြီးမားသော အန္တရာယ်ကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း အာရုံခံမိလိုက်သည်။ ထို့ကြောင့် ကောင်းကင်တံတားတာအိုမှာ တာအိုအစောင့်အရှောက်တစ်ယောက်အနေဖြင့် ထိုအန္တရာယ်ကြီးအား ချေမှုန်းရန် ပေါ်ထွက်လာရတော့သည်။

" ပိုင်ရှောင်ချန်း "

သူသည် အရောင်များလက်နေသည့် မျက်ဝန်းများဖြင့် အော်လိုက်သည်။ ထို့နောက် သူ့ထံ ချဥ်းကပ်လာနေသည့် ပိုင်ရှောင်ချန်းဆီသို့ လှမ်းသွားလိုက်ပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ အချုပ်အနှောင်အမှတ်အသားကိုးခု ပေါ်ထွက်လာသည်။ ထိုအမှတ်အသားများမှာ ချက်ချင်းပင် အရွယ်အစားကြီးမားသွားပြီး ဧရာမမီးအိမ်ကိုးလုံးအသွင် ပြောင်းလဲသွားသည်။

တခဏအကြာတွင် ထိုမီးအိမ်ကိုးလုံးထဲမှ တစ်လုံးမှာ ငြိမ်းသက်သွားပြီး အနက်ရောင်မီးခိုးများ ထွက်ပေါ်လာကာ လက်ကြီးတစ်ချောင်းအသွင်ပြောင်းလဲ၍ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားတော့သည်။

ထိုလက်ကြီးထံမှ ပေါ်ထွက်နေသည့် စွမ်းအင်မှာ လောကနတ်ဘုရားအဆင့် အထွတ်အထိပ်ကို ယှဥ်နိုင်စွမ်းရှိနေပြီး မိစ္ဆာဧကရာဇ်ထုတ်လွှတ်နိုင်ခဲ့သည့် စွမ်းအားထက် များစွာသာလွန်နေသည်။ သို့သော်လည်း ယခု ပိုင်ရှောင်ချန်းမှာ ထာဝရမယ်တော်၏ခေါင်းလောင်းအား ထိုးနှက်ခဲ့ခြင်းကြောင့် အချိုးကျနေပြီ ဖြစ်သည့် အပြင်ခန္ဓာအား ပိုင်ဆိုင်ထားပြီဖြစ်၍ ထိုစွမ်းအင်မှာ သူ တွေးပူနေစရာမလိုလောက်အောင်ပင် အားပျော့နေပြီ ဖြစ်သည်။

ထိုလက်ကြီးအနီးသို့ ရောက်လာသောအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ကောင်းကင်တံတားတာအိုအပေါ် ထားရှိသည့် အမုန်းတရားများဖြင့် တောက်ပသွားသည်။ ထို့နောက် သူက မန္တန်လက်ကွက်တစ်ခု အလျင်အမြန်ဖော်လိုက်ပြီး သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော ကောင်းကင်နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာတော့သည်။

ထိုသို့ဖြင့် နတ်ဘုရားအစွမ်းများ ယှဥ်ပြိုင်သည့် တိုက်ပွဲကြီး စတင်သွား၏။ တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာပြီးနောက် ဒုတိယမြောက်မီးအိမ် ငြိမ်းသက်သွားသည်။ ထို့နောက် တတိယမြောက် ... ထို့နောက် စတုတ္ထမြောက်မီးအိမ်တို့လည်း ငြိမ်းသက်သွားပြီး ပိုင်ရှောင်ချန်းဆီသို့ အနက်ရောင်လက်ကြီးများ တစ်ဖက်ပြီးတစ်ဖက် စေလွှတ်နေတော့သည်။

ပိုင်ရှောင်ချန်းကလည်း မန္တန်လက်ကွက်များ ထပ်၍ဖော်လိုက်သောအခါ သူ၏ အပြင်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံနှစ်ခုစလုံး အဆင့်တက်သွားသည်။ ထို့နောက် သူ၏ ထာဝရမိုးမြေဧကရာဇ်လက်သီးအား ထုတ်လွှတ်၍ အနက်ရောင်လက်များအားလုံးကို တစ်စစီချေမွလိုက်တော့သည်။

ကောင်းကင်တံတားတာအိုမှာ မျက်မှောင်ကြုတ်သွားကာ သူ၏ကျန်ရှိနေသေးသော မီးအိမ်များအားလုံးကို ငြှိမ်းသက်လိုက်ပြီး အနက်ရောင်လက်များစွာကို ထပ်၍ဖန်တီးလိုက်ပြန်သည်။ ထို့နောက် အရင်ဆုံး ကြေမွပျက်စီးသွားခဲ့သည့် လက်များထံမှ မီးခိုးများမှာ အသစ်ဖန်တီးထားသည့် လက်များထံ ဝံပျဲသွားပြီးနောက် ထိုလက်များအားလုံး ပေါင်းစည်းသွားကာ လူ့ဘီလူးကြီးတစ်ကောင်ဖြစ်သွားကာ ပိုင်ရှောင်ချန်းထံသို့ အော်ဟစ်၍ တဟုန်ထိုးပြေးသွားလေသည်။

ထိုဖြစ်ရပ်များအားလုံးမှာ အသက်ရှူကြိမ်အနည်းအတွင်း ဖြစ်ပျက်သွားခဲ့သည်သာ ဖြစ်သည်။ နတ်ဘုရားအစွမ်းများမှာ တစ်ခုနှင့်တစ်ခု ဝင်တိုက်မိသွားကြသဖြင့် တုန်ခါလှိုင်းများအား အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်နေကြတော့သည်။ အောက်ဘက် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ကျင့်ကြံသူအားလုံးမှာမူ တအံ့တသြဖြင့် ငေးကြည့်နေကြသည်။

" ကောင်းကင်တံတားတာအိုပဲ "

" သူက ကောင်းကင်အလွန်က ရန်သူကြီးနဲ့ ပူးပေါင်းလိုက်တာပါလား "

" သောက်ရေးတဲ့မှပဲ၊ ဒီလိုသာဖြစ်မယ်မှန်းသိရင် သူ့ကိုလွန်ခဲ့တဲ့ နှစ်တွေထဲက ငါသတ်ခဲ့ပါတယ် "

မိစ္ဆာဧကရာဇ်မင်းဆက်မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများအားလုံးမှာ အေးစက်ကာ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ကြည့်နေကြတော့သည်။

သို့သော် ဤကောင်းကင်တံတားတာအိုအား ယှဥ်၍တိုက်ခိုက်ရန် သူတို့ထဲမှ မည်သူမှ စွမ်းမည်မဟုတ်ကြောင်း သူတို့ သိသည်။ ပိုင်ရှောင်ချန်း အနိုင်ရရန်သာ သူတို့ ဆုတောင်းနေနိုင်တော့သည်။ အထက်တွင်မူ ပိုင်ရှောင်ချန်းမှာ မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ပြီး အချိန်၏အနှစ်သာရကို ဆင့်ခေါ်လိုက်သဖြင့် သူ၏ပတ်ပတ်လည်ရှိ အရာရာတိုင်း တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားသည်။ လက်ကြီးမှာလည်း ချက်ချင်းပင် နှေးကွေးသွားသဖြင့် ပိုင်ရှောင်ချန်းမှာ ၎င်းအား ထိုးဖောက်သွားနိုင်တော့သည်။ သူ၏ထာဝရအတွဲမှာ သူ၏ဒဏ်ရာများအား ပြန်လည်ကုစားပေးနေချိန်တွင် သူသည် အသွားထက်သောဓားတစ်ချောင်းကဲ့သို့ ကောင်းကင်တံတားတာအိုအား ထိုးနှက်ရန်ပြင်လိုက်တော့သည်။

ကောင်းကင်တံတားတာအို၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး သူသည် လက်များကိုရှေ့ဘက်သို့ဝှေ့ယမ်းကာ ဆိုလိုက်တော့သည်။

" ကြယ်တာရာကောင်းကင်၊ မျိုးတုန်း သုတ်သင်ခြင်း "

ထိုအခါ သူ၏ပတ်ပတ်လည်တွင် ကြယ်တာရာကောင်းကင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုပုံရိပ်ထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော တလက်လက်တောက်ပနေသည့် ကြယ်များပါဝင်ပြီး ထိုကြယ်တစ်လုံးချင်းစီတိုင်းက လူအများ မှီတင်းနေထိုင်နေကြသည့် ကမ္ဘာတစ်ခုချင်းစီကို ကိုယ်စားပြုနေသည်။ သို့သော် တခဏလေးအတွင်း ထိုပုံရိပ်ကြီးတစ်ခုလုံး အမှောင်ဖုံးသွားတော့သည်။

ထိုအခါ ထာဝရအင်မော်တယ်နယ်မြေများ၏ ကောင်းကင်ကြီးမှာလည်း မည်းမှောင်သွားသည်။

ထိုစဥ် ကောင်းကင်တံတားတာအို၏ စကားသံထဲတွင် ကိန်းအောင်းနေပုံရသည့် မျိုးတုန်းသုတ်သင်ခြင်း စိတ်ဆန္ဒတစ်ခုမှာ မည်းမှောင်နေသည့် ကောင်းကင်ကြီးအား ပါးစပ်ကြီးတစ်ခုအသွင် ပြောင်းလဲလိုက်ပြီး ပိုင်ရှောင်ချန်းထံ စေလွှတ်ကာ သူ့အား ဝါးမျိုစေလိုက်တော့သည်။

ထူးဆန်းသည်မှာ ထိုမျက်နှာက ကောင်းကင်တံတားတာအို၏ မျက်နှာနှင့် တူပါသော်လည်း သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက သံယောဇဥ်မဲ့လူသားနှင့် ပို၍ဆင်တူနေသည်ကို မြင်ရမည် ဖြစ်သည်။

ထိုမျက်နှာကြီးမှာ ၎င်းနှင့်ထိတွေ့မိသမျှ အရာတိုင်းကို အပြီးတိုင်ဖျက်ဆီးချေမှုန်းပစ်နိုင်သည့် အစွမ်းများ ပိုင်ဆိုင်ထားသည်ဟုပင် ထင်ရသည်။ ကောင်းကင်ကြီးပင် ခြောက်ကပ်စ ပြုလာတော့သည်။ ဤနတ်ဘုရားအစွမ်းမှာ မိစ္ဆာဧကရာဇ် အသုံးပြုခဲ့ဖူးသည့် အတတ်တိုင်းထက် သာလွန်နေသည်သာ ဖြစ်သည်။ ဤအစွမ်းမှာ သံယောဇဥ်မဲ့လူသား၏တာအိုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုအတတ်အားအသုံးပြုနေသူမှာ ကောင်းကင်တံတားတာအို ဖြစ်နေပါသော်လည်း ၎င်းမှာ မျိုးတုန်းသုတ်သင်ခြင်း မှော်အတတ်တစ်ခု ဖြစ်နေဆဲပင်။

ထိုအစွမ်း လွင့်ပျံလာသောအခါ မပြီးစီးသေးသော မန္တန်အစီအရင်မှာ တိုက်စားခံနေရသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ ထိုအစီအရင် အချိန်တိုအတွင်း ပျက်စီးသွားတော့မည်မှာ အသေအချာပင်။

ထိုမန္တန်အစီအရင်မှာ အားအင်ချည့်နဲ့နေသည်မဟုတ်ပဲ ပြီးပြည့်စုံမှု မရှိသေးကြောင့်သာ ဖြစ်သည်။ ၎င်းသာ ပြီးပြည့်စုံနေပါက ကောင်းကင်တံတားတာအိုမှာ ၎င်းအား ဖျက်ဆီးရန် အချိန်ပေးကာ ခက်ခက်ခဲခဲ ကြိုးစားရမည် ဖြစ်သည်။

" ငါဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်မှ ဖြစ်မယ် " ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ ထို့နောက် သူက တွေဝေမနေတော့ပဲ ရှေ့သို့ပျံထွက်သွားပြီး လက်ကိုဝှေ့ယမ်းလိုက်တော့သည်။

" ရွှယ်ကျဲ "

သူက အော်ဟစ်လိုက်သည်။ ထိုအခါ ရေငွေ့များ တလိပ်လိပ်ပေါ်ထွက်လာပြီး နွံအိုင်ကြီးတစ်အိုင်ကို ဖန်တီးလိုက်သဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့တွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားသည်။ ထိုနွံအိုင်ကြီးမှာ သမုဒ္ဒရာတစ်စင်းနှင့်ပင် တူနေပြီး ၎င်းပေါ်ထွက်လာသောအခါ ၎င်း၏အတွင်းမှ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကြီးကို ကြားလိုက်ရတော့သည်။

All Chapters