တစ်ကိုက်
Vol. 13 Ch. 1280
၎င်းသည်ကား ပိုင်ရှောင်ချန်း၏သက်စောင့်ဝိညာဥ်ပင် ဖြစ်သည်။ ထိုသတ္တဝါကြီးမှာ ယခင်ကအမှားကို သင်ခန်းစာရသွားပြီဖြစ်၍ ယခုအကြိမ်တွင် လက်သည်းများကို အရင် ဆန့်မထုတ်လိုက်ပဲ သူ၏အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မိကျောင်းနှင့်တူသည့် ဦးခေါင်းကြီးက အရင်ဆုံး ထိုးထွက်လာတော့သည်။ သူ၏စူးရှချွန်ထက်သော သွားများမှာလည်း တောင်တန်းများ၏ အရွယ်အစားတမျှ ကြီးမားနေသည်။
ထိုသတ္တဝါကြီးမှာ ကောင်းကင်ကြီး၏ တစ်ဝက်နီးပါးတိတိကို ဖုံးလွှမ်းသွားပြီး မျိုးတုန်းသုတ်သင်ခြင်းမျက်နှာထံ ခုန်အုပ်လိုက်တော့သည်။
၎င်းမှာ အလွန်ကြီးမားလွန်းလှသည့်အတွက် သူ၏ဦးခေါင်းပင် ကောင်းကင်ကြီး၏ တစ်ဝက်တိတိ နေရာယူထားသည်ဖြစ်ရာ သူ၏ခန္ဓာကိုယ်ဆိုပါက မည်မျှအထိ ကြီးမားနေမည်ဖြစ်ကြောင်း စိတ်ကူးကြည့်ရုံနှင့် သိနိုင်ပေသည်။ ထိုမျှလောက် ကြီးမားသော သတ္တဝါကြီးတစ်ကောင်မှာ ထာဝရအင်မော်တယ်နယ်မြေများအားလုံးပေါင်းလျှင်တောင် ဝင်ဆံ့မည် မဟုတ်ပေ။
သာမန်လူများသည်သာ အရွယ်အစားကြီးမားသောအရာများမှာ စွမ်းအားကြီးမားကြောင်း ယူဆကြသည်။ ကျင့်ကြံသူများမှာမူ သူတို့နှင့် အမြင်မတူပဲ အရွယ်အစားကြီးမားသော အရာများဆိုပါက လုံးဝမဖြစ်နိုင်လောက်အောင် ကြီးမားနေသည့် အနေအထားသို့ ရောက်နေမှသာ အထင်ကြီးလေ့ရှိကြသည်။ သို့သော်ငြား ယခုတွင်မူ ဤဦးခေါင်းကြီးအား မြင်လိုက်ရသည့် ကျင့်ကြံသူများအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြပြီ ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ်မှာ အဓိပ္ပါယ်မရှိလောက်အောင် အရွယ်အစားကြီးမားလွန်းနေသည်။
အမှန်မှာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ရွှယ်ကျဲကော်တုမှာလည်း အရွယ်အစား ပို၍ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
ယခင်က ဤအတတ်ကို သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ထဲတွင် အသုံးပြုခဲ့သည်ဖြစ်ရာ မည်သူမှ မတွေ့ခဲ့ရပေ။ သို့သော် ယခု ထိုသတ္တဝါကြီးကို လူအများမှာ တပ်အပ်မြင်လိုက်ရသည်ဖြစ်ရာ ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားဟောင်းများမှာဆိုလျှင် အခြားသူများထက်ပို၍ အံ့သြမှင်တက်နေကြပြီဖြစ်သည်။
လီချင်းဟောက်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ တအံ့တသြ ငေးကြည့်နေရတော့သည်။ ရွှယ်ကျဲကော်တုကို ကျင့်ကြံရသည်မှာ ခက်ခဲပါသော်လည်း သမိုင်းတစ်လျှောက်တွင် ထိုအတတ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သူများ ပေါ်ထွက်ခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တုနှင့် ယှဥ်ကြည့်လိုက်ပါက ယခင်က ရွှယ်ကျဲကော်တုအားလုံး အတုအယောင်များကဲ့သို့ ဖြစ်သွားတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှလူများမှာ သူတို့၏ ဂိုဏ်းမှ ဤနတ်ဘုရားအစွမ်းက အစစ်အမှန်ဟုတ်၊မဟုတ်ကိုပင် သံသယဝင်လာကြတော့သည်။
" အဲဒါက ... ရွှယ်ကျဲကော်တုတဲ့လား "
ပိုင်ရှောင်ချန်း၏ မိသားစုပင် အံ့သြမှင်တက်နေတော့သည်။ စုန့်ကျင်းဝမ်မှာ ပင့်သက်များ ရှိုက်နေရပြီး တပေါက်နှင့် ရှောင်ရှောင်တို့မှာ အလွန့်အလွန် ကြီးမားလွန်းလှသည့် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော မိကျောင်းခေါင်းကြီးကြောင့် ဆွံ့အသွားကြသည်။
လူတိုင်း ကြက်သေသေကာ ငေးကြည့်နေကြစဥ် ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ်မှာ မျိုးတုန်းသုတ်သင်ခြင်း မျက်နှာကြီးအား လှမ်း၍ ဟပ်လိုက်ပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ ကျေနပ်အားရမှု မရှိသေးသည့်ပုံဖြင့် တွေဝေမနေပဲ သံယောဇဥ်မဲ့လူသားထံ ပျံသန်းသွားလိုက်တော့သည်။
ကောင်းကင်တံတားတာအိုပင် သူမြင်နေရသည့် သတ္တဝါကြီးကြောင့် မတုန်လှုပ်ပဲ မနေနိုင်တော့ပေ။ သူသည် ဦးခေါင်းခွံထဲမှ မျက်လုံးများ ကျွတ်ထွက်လာတော့မည့်အလား ခံစားလိုက်ရပြီး နှုတ်မှလွှတ်ခနဲ ရေရွတ်မိလိုက်တော့သည်။
" အဲဒါ ဘာကြီးတုန်း "
ကောင်းကင်တံတားတာအို၏ ဦးခေါင်းခွံမှာ ပေါက်ကွဲလုမတတ် ထုံကျဥ်နေပြီ ဖြစ်သည်။ သံယောဇဥ်မဲ့လူသား၏ တပည့်တစ်ယောက်ဖြစ်ခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ ဤကဲ့သို့ တုန်လှုပ်ခြောက်ခြားနေရသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏စိတ်နှလုံးသားထဲတွင် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည့် ခံစားချက်တစ်ခုမှာ ရစ်ပတ်စပြုနေပြီပင် ဖြစ်သည်။
သူသည် လုံးဝမတွေဝေရဲတော့ပဲ သံယောဇဥ်မဲ့လူသား၏ နဖူးထဲသို့ ပြန်ဝင်သွားရန် နောက်သို့ဆုတ်လိုက်တော့သည်။ သို့သော်ငြား ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ်မှာ မြန်ဆန်လွန်းနေသည်ဖြစ်ရာ သူ့လမ်းကို ပိတ်ဆို့လိုက်တော့သည်။
ကောင်းကင်တံတားတာအိုမှာ သေဆုံးတော့မည့်အလား ခံစားလိုက်ရပြီး သူ၏ နှလုံးသားထဲတွင် ဖီဆန်လိုစိတ်များ မြင့်တက်လာတော့သည်။ သူ့အတွက်မူ သူသည် ဓားသုံး၍တိုက်ခိုက်ရသော ရန်ပွဲတစ်ခုထဲတွင် ရောက်နေပါသော်လည်း သူ၏ပြိုင်ဘက်မှာ သူ၏ဓားကိုပစ်ချ၍ တောင်ကြီးတစ်လုံးကိုထုတ်ကာ သူ့အား ချေမှုန်းလိုက်သကဲ့သို့ ခံစားနေရပြီ ဖြစ်သည်။
ထိုသက်စောင့်ဝိညာဥ်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကဲ့သို့ ဖြစ်နေသည်ဖြစ်ပြီး ကောင်းကင်တံတားတာအိုမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။
သံယောဇဥ်မဲ့လူသား၏ ဦးခေါင်းမှာ ဤသက်စောင့်ဝိညာဥ်ထက် ပိုကြီးနေပါသော်လည်း ၎င်းမှာ ဆာလောင်မွတ်သိပ်နေသည့်အလား ပါးစပ်များကိုဟကာ ကိုက်လိုက်တော့သည်။
ထာဝရအင်မော်တယ်နယ်မြေထဲရှိ ကျင့်ကြံသူများမှာ သစ်သားဖြင့် ထုဆစ်ထားသော ကြက်ရုပ်လေးများကဲ့သို့ ဆွံ့အနေကြပြီဖြစ်ပြီး ပိုင်ရှောင်ချန်းမှာလည်း စိုးထိတ်လွန်းလှ၍ ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ သူသည် သူ၏သက်စောင့်ဝိညာဥ်ကြီးကို ပြန်၍ခေါ်ရန် စဥ်းစကြည့်လိုက်သေးပါသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ သူမည်သည့်အရာမှ မလုပ်နိုင်ခင် ထိုသတ္တဝါကြီးမှာ သံယောဇဥ်မဲ့လူသားအား ကိုက်လိုက်တော့သည်။
ထိုအခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားစေနိုင်သည့် ပေါက်ကွဲသံတစ်သံနှင့်တူသော တဂျွတ်ဂျွန်မြည်သံတစ်သံ ပေါ်ထွက်လာသည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ်ထံမှ သွေးပြတ်ချောက်ချားဖွယ်အော်ဟစ်သံကြီးတစ်သံပေါ်ထွက်လာပြီး ၎င်း၏ တောင်စဥ်တန်းများနှင့်တူသော သွားအချို့မှာ ကျိုးကာ ပြုတ်ကျလာတော့သည်။
သို့သော် ထိုသက်စောင့်ဝိညာဥ်ကြီးမှာ ကျောက်တုံးနှင့်တူသော အသားခဲတစ်ခဲကို ရရှိသွားသည့်ပုံပေါ်သည်။ ထိုသို့ကိုက်ဖြတ်လိုက်ပြီးနောက် ၎င်းမှာ နွံအိုင်ကြီးထဲသို့ ပြန်၍ဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
ထာဝရအင်မော်တယ်နယ်မြေများမှ လူများမှာ တအံ့တသြ ငေးကြည့်နေကြပြီး ကောင်းကင်တံတားတာအိုမှာလည်း သူ အသက်ရှင်လျက်ရှိနေသေးသည့်အချက်ကို အံ့အားသင့်နေသည့်အလား ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုနေ၏။ သူ၏မျက်နှာမှ ချွေးများစီးကျလာပြီးနောက် သူသည် နောက်သို့တစ်ချက်ပင်မလှည့်ပဲ သံယောဇဥ်မဲ့လူသား၏ နဖူးဆီသို့ ဦးတည်၍ ပျံသန်းသွားလိုက်တော့သည်။
သံယောဇဥ်မဲ့လူသား၏မျက်နှာပေါ်တွင် သွားနှစ်ချောင်း စိုက်နေဆဲဖြစ်ပြီး ထိုနေရာတစ်ဝိုက်တွင် အက်ကွဲကြောင်းများစွာ ဝန်းရံနေတော့သည်။ ထိုမြင်ကွင်းကြီးမှာ အမှန်တကယ်ပင် ထူးဆန်းနေသည်။
ပိုင်ရှောင်ချန်းမှာမူ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဤကဲ့သို့ အလွန်သုန်မှုန်စရာကောင်းပြီး အရေးကြီးလှသော တိုက်ပွဲမျိုးတွင်ပင် သူသည် ပုံမှန်အတိုင်း ရယ်မောစရာကောင်းသော အခြေအနေများကို ဖန်တီးနိုင်ခဲ့ဆဲပင်။
ကောင်းကင်တံတားတာအို ထွက်ပြေးသွားသဖြင့် ပိုင်ရှောင်ချန်းမှာ မကျေမနပ်ဖြစ်နေပါသော်လည်း သူ၏မျက်နှာပေါ်ရှိ အံ့သြတုန်လှုပ်သွားသည့် အမူအရာကိုမြင်လိုက်ရသဖြင့် တန်သည်ဟု ယူဆလိုက်တော့သည်။
" ဒီတစ်ခေါက် သူထွက်ပြေးတာ မြန်သွားလို့ပေါ့ကွာ "
သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ အချိန်အနှစ်သာရ၏ မန္တန်အစီအရင်မှာ ပြန်လည်ဖွဲ့စည်းလာတော့သည်။ အောက်ဘက်ရှိ အံ့သြတုန်လှုပ်နေကြသည့် ကျင့်ကြံသူများမှာမူ ယခင်က သူတို့လုပ်နေကြသည့် အလုပ်များအား ပြန်၍အာရုံစိုက်လိုက်ကြတော့သည်။
ယခုတွင်မူ ကောင်းကင်တံတားတာအိုမှာ လာရောက်နှောင့်ယှက်ခြင်း မရှိတော့ပေ။
ကောင်းကင်ယံမှ ကြယ်အလင်းရောင်များ အောင်သို့ ဖြာကျလာချိန်တွင် သံယောဇဥ်မဲ့လူသား၏ ပတ်ပတ်လည်တွင် ဧရာမ မန္တန်အစီအရင်ကြီးတစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်ပေါက်လာတော့သည်။ ထိုအစီအရင် ပြီးမြောက်သွားသောအခါ အချိန်၏အနှစ်သာရများမှာ ဝဲကတော့တစ်ခုကဲ့သို့ ပေါ်ထွက်လာပြီး ဧရာမလေပွေကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။
ထိုလေပွေကြီးထဲတွင် မရေမတွက်နိုင်သော ကြယ်ပေါင်းများစွာ ပါဝင်နေပြီး ထိုကြယ်တစ်လုံးချင်းစီတိုင်းမှာ မန္တန်အစီအရင်၏ အစိတ်အပိုင်းတစ်ခုစီ ဖြစ်နေကြသည်။ ၎င်း၏အတွင်းထဲတွင် အနှစ်သာရစွမ်းအားများရှိနေသဖြင့် ထိုနေရာတစ်ဝိုက်ရှိ အချိန်စီးဆင်းမှုအား နှေးကွေးသွားစေတော့သည်။
ဤအစီအရင်၏ အဓိကရည်ရွယ်ချက်မှာလည်း ထိုသို့နှေးကွေးအောင်ပြုလုပ်ရန်ပင် ဖြစ်သည်။ ၎င်းမှာ အချုပ်အနှောင် အစောကြီး ပွင့်ထွက်မလာအောင် တားဆီးပေးထားမည်သာမက သူ့တို့အတွက် အချိန်အနည်းငယ်ဆွဲထားပေးနိုင်မည်လည်း ဖြစ်သည်။
ယခု ထိုမန္တန်အစီအရင်မှာ အလုပ်လုပ်လာပြီဖြစ်၍ ပိုင်ရှောင်ချန်းမှာ စိတ်အေးလက်အေး သက်ပြင်းချလိုက်တော့သည်။ ထိုအချိန်တွင် သူသည် သံယောဇဥ်မဲ့လူသား၏ နဖူးဆီသို့ မော့ကြည့်လိုက်သောအခါ သူ၏မျက်နှာထဲတွင် စိုက်ဝင်နေသည့် သွားများကို တွေ့လိုက်ရသည်။ ထိုအချက်မှာ အမှန်တကယ် ထူးဆန်းနေသည်။ သူ၏သက်စောင့်ဝိညာဥ် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ထိုသွားများ ကျန်ရစ်ခဲ့ရပါသနည်း။ သူသည် ထိုကိစ္စအား တွေးတောသုံးသပ်ရင်း ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ပြန်၍ဆင်းသက်လာတော့သည်။
ဗဟိုဧကရာဇ်မြို့တော်သို့ ရောက်သောအခါ သူ၏လက်အောက်ငယ်သားအချို့သည် သက်စောင့်ဝိညာဥ်ထံမှ ကျွတ်ကျလာသည့် သွားများကို သူ့အားဆက်သလိုက်သည်။ သူသည် သူ့လက်အောက်ငယ်သားများ၏ မျက်နှာများပေါ်ရှိ အထူးတဆန်းဖြစ်နေသော အမူအရာများကို လျစ်လျူရှုလိုက်ပြီး ထိုသွားများကို တစ်ခဏမျှ လေ့လာဆန်းစစ်ကာ သူ၏ထည့်စရာအိတ်ထဲတွင် သိမ်းဆည်းလိုက်သည်။ သူ၏သက်စောင့်ဝိညာဥ် နောက်တစ်ကြိမ်ပေါ်ထွက်လာချိန်တွင် သွားများစွာ ပါမလာပါက အလွန်အရုပ်ဆိုးနေမည်မှာ အမှန်ပင်။
ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပြီး အဘယ်ကြောင့် သူ၏ပတ်ဝန်းကျင်ရှိ ဖြစ်ရပ်များမှာ အမြဲတမ်းထူးဆန်းနေရကြောင်း ထပ်၍စဥ်းစားမိနေတော့သည်။
" တကယ်ကို အရေးကြီးနေတဲ့ အခြေအနေကြီးထဲ ရောက်နေခဲ့တာတောင်မှကွာ "
သူသည် ခေါင်းကိုကုတ်၍ ထိုကိစ္စများကို ဘေးချိတ်လိုက်ပြီး သူ၏တာအိုလက်တွဲဖော်များအား သွားရှာလိုက်တော့သည်။
သူ၏ရွှယ်ကျဲကော်တုကြောင့် တင်းမာမှုအချို့ လျော့ကျသွားခဲ့ရပါသော်လည်း ကမ္ဘာပျက်တော့မည့် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည့် အချက်ကြီးမှာမူ ပြောင်းလဲမသွားသေးပေ။
သူတော်စင်ဧကရာဇ်က မိုးမြေဧကရာဇ်တစ်ပိုင်း ဖြစ်သွားခဲ့ပါကလည်း ဤပြဿနာ၏ အဖြေကိုရရှိမည် မဟုတ်ပေ။ အရာရာတိုင်းမှာ ပိုင်ရှောင်ချန်း၏ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းအပေါ်တွင်သာ မှီခိုနေသည်။
ယခုတွင် သူသည် တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ပြီး မည်မျှအချိန်ကြာကြာ ထိုသို့ဝင်နေရမည်ကိုမူ မည်သူမှ မသိနိုင်ပေ။
သူပြန်ထွက်လာသည့်အချိန်တွင် အန္တရာယ်ကြီးမားသော အခြေအနေထဲသို့ ရောက်လျှင်ရောက်နေနိုင်မည်လည်း ဖြစ်သည်။ ထိုအချိန်တွင် မည်သို့ဖြစ်ပျက်နေမည်ကို အတိအကျပြောရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယခုတွင် သူတွေးမိသည့်တစ်ခုတည်းသောအရာမှာ သူ၏မိသားစုနှင့် မိတ်ဆွေများ ဘေးကင်းစွာနေထိုင်နိုင်ရန်အတွက် သူတို့အား ရတနာယပ်တောင်ကြီးထံ ပို့ထားရန်သာဖြစ်သည်။
သို့သော် စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့တို့အနက် မည်သူမှ ထိုကိစ္စကို သဘောမတူကြပေ။ တပေါက်နှင့် ရှောင်ရှောင်တို့သည်လည်း ထိုနည်းတူပင်။ သရဲကြီးဘုရင်၊ လီချင်းဟောက်နှင့် အခြားလူအားလုံး၏ အမြင်မှာလည်း ထိုကဲ့သို့ပင် ဖြစ်သည်။
" အဲဒီလိုလုပ်တော့ရော ဘာအဓိပ္ပါယ်ရှိမှာတဲ့တုန်း " စုန့်ကျင်းဝမ်က ခပ်တိုးတိုးဆိုလိုက်သည်။
" ထာဝရအင်မော်တယ်နယ်မြေကြီး ပျက်သုဥ်းပျောက်ကွယ်သွားတဲ့အချိန်ရောက်ရင် ငါတို့တွေက ဘယ်ကမှန်းမသိတဲ့ ယပ်တောင်ကြီးတစ်ခုပေါ်မှာ နေနိုင်ဦးမယ်လို့ နင်က ထင်နေတာလား။ သံယောဇဥ်မဲ့လူသားက ကြယ်တာရာကောင်းကင်တစ်ခုလုံးနဲ့ ရှိသမျှလူတွေအကုန်လုံးကို အမြစ်ဖြုတ်ချေမှုန်းဖို့ ရည်ရွယ်ထားတာလို့ နင်ပဲပြောခဲ့တာလေ။ ငါတို့တွေ ဒီကပ်ဘေးကြီးတစ်ခုကနေ လွတ်မြောက်သွားနိုင်မယ်ဆိုရင်တောင် မလွဲဧကန်ကြုံတွေ့ရမဲ့ ကိစ္စရပ်ကြီးကို နှောင့်နှေးအောင်လုပ်နေသလိုပဲ ဖြစ်နေမှာပေါ့ "