← Chapters

လွန်လေပြီးသော အတိတ်ဆီသို့

Vol. 13 Ch. 1281

လွန်လေပြီးသော အတိတ်ဆီသို့

Vol. 13 Ch. 1281

ပိုင်ရှောင်ချန်းမှာ စုန့်ကျင်းဝမ်အား ခွန်းတုန့်မပြန်နိုင်တော့ပေ။ သူမ ပြောသည်မှာ မှန်နေကြောင်း သူ သိသည် မဟုတ်ပါလော။ ထာဝရအင်မော်တယ်နယ်မြေများသာ ပျက်စီးသွားပါက သံယောဇဥ်မဲ့လူသားက အလွန်စွမ်းအားကြီးနေသည်ဖြစ်၍ ဟင်းလင်းပြင်ကြီးထဲတွင် ရတနာယပ်တောင်ကို အလွယ်တကူ ရှာတွေ့သွားမည်သာ ဖြစ်သည်။

ယင်းအပြင် သူ၏တာအိုမှာ အရာအားလုံးကို တစ်ခုမကျန် ဖျက်ဆီးရန်ဖြစ်ရာ ထိုယပ်တောင်ပေါ်ရှိ လူများသည်လည်း ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။

သံယောဇဥ်မဲ့လူသားသာ ထာဝရအင်မော်တယ်နယ်မြေများ၏ အပြင်ဘက်တွင် အချုပ်အနှောင် မခံခဲ့ရဘူးဆိုပါက ပျက်စီးနေခဲ့သော ယပ်တောင်ကြီးမှာ ရှိပင် ရှိနေခဲ့မည် မဟုတ်ပေ။ သဲနာရီကမ္ဘာပင် ဖျက်ဆီးခံခဲ့ရမည် ဖြစ်သည်။

" ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက " ကျိုးကျစ်မိုက ဆိုလိုက်သည်။

" နောက်ဆုံး အခိုက်အတန့် ရောက်မလာခင် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးဖို့ပဲ။ ပိုင်ရှောင်ချန်း ... ငါတို့နင့်ကို ခေါ်သွားချင်တဲ့ နေရာတစ်ခုရှိတယ် "

သူမနှင့် ဟိုရှောင်မေ့တို့ နှစ်ယောက်စလုံးမှာ ပြုံး၍ ပိုင်ရှောင်ချန်းအား ကြည့်နေကြသည်။

သူသည် သူ၏တာအိုလက်တွဲဖော်များကို ပြန်၍ကြည့်လိုက်သောအခါ နှလုံးသားထဲတွင် နွေးထွေးမှုများ လွှမ်းခြုံသွားတော့သည်။ ဤကဲ့သို့ အသက်တမျှ အရေးကြီးနေသော အခိုက်အတန့်လေးများကို သူ တန်ဖိုးထားရမည် ဖြစ်သည်။ သူ ချစ်သောသူများနှင့် ရက်အနည်းငယ်လောက်တော့ အတူ ဖြတ်သန်းနိုင်သေးသည် မဟုတ်ပါလော။ ထိုသို့ဖြတ်သန်းပြီးပါက သူ အဆင့်တက်နိုင်ရန်အတွက် တံခါးပိတ်ကျင့်ကြံရတော့မည် ဖြစ်သည်။

" ဘယ်နေရာလဲ " သူက ပြုံး၍ မေးလိုက်သည်။

စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့တို့မှာ ကောင်းကင်တံတားနယ်မြေမှ လူများအတွက် အထူးပြုလုပ်ပေးထားသော နေရာတစ်ခုကို သူ မသိအောင် ပြင်ဆင်ထားခဲ့သည်။

ပိုင်ရှောင်ချန်းမှာ သိလိုစိတ်ကို မချုပ်တည်းနိုင်တော့သဖြင့် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သောအခါ အခြားသူများပါ ရောက်နေကြောင်း သိလိုက်ရသည်။ သရဲကြီးဘုရင်၊ မဟာကောင်းကင်သခင်၊ လီချင်းဟောက်၊ စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီး၊ ဖက်တီးကျန်းကြီး၊ ရွှီပေါက်ချိုင်၊ နတ်ဆရာနှင့် ဘရူဆာတို့ပင် ရှိနေသည်။

သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများကြောင့် ပိုင်ရှောင်ချန်း၏ သိလိုစိတ်များမှာ ပို၍ မြင့်တက်လာရတော့သည်။ သူတို့အားလုံးမှာ ဗဟိုဧကရာဇ်မြို့တော်မှ ထွက်ခွာလာခဲ့ပြီး တိုင်းပြည်၏ နယ်စပ်ရှိ တစ်နေရာသို့ သွားလိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာမူ သိလိုစိတ်ကို ထိန်းချုပ်၍မရသဖြင့် သူ၏နတ်ဘုရားအာရုံကို သူ၏ရှေ့ကို အဆက်မပြတ် ဖြန့်ကြက်ထားနေတော့သည်။

အဆုံးသတ်တွင် ထိုအာရုံထဲ၌ တစ်စုံတစ်ရာကို မြင်လိုက်ရသောအခါ သူသည် ဆတ်ခနဲ တုန်ရီသွားပြီး နှလုံးခုန်များ မြန်ဆန်လာတော့သည်။ ထို့နောက် သူသည် မျက်လုံးပြူးကြီးများဖြင့် သူနှင့်အတူ လိုက်ပါလာသော လူအားလုံးကို လှည့်ကြည့်လိုက်တော့သည်။

" မင်းတို့တွေ ... "

သူမြင်နေရသည့်အရာကို သူကိုယ်တိုင် မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရသည်။ ၎င်းမှာ သူစိတ်ကူးထားသည့်အရာအားလုံးထက် သာလွန်နေသည်။ အဝေးတစ်နေရာတွင် ယခင် ကောင်းကင်တံတားနယ်မြေ၏ အရွယ်အစားခန့်ရှိသော စီရင်စုနယ်မြေတစ်ခု ရှိနေခြင်း ဖြစ်သည်။ ယခင်က ထိုနေရာမှာ ဟင်းလင်းပြင်ကြီးဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ မြစ်လေးစင်းရှိနေပြီ ဖြစ်သည်။

ထိုမြစ်များမှာ ပင်လယ်ရေများပြည့်နှက်နေသည့် အလယ်ဗဟိုတစ်နေရာမှ စီးဆင်းလာခြင်း ဖြစ်သည်။ ထိုနေရာမှာ ရေအိုင်လေးတစ်ခုထက် မပိုပါသော်လည်း အတိတ်က ကောင်းကင်တံတားပင်လယ်နှင့် အရွယ်အစား တူတူပင် ဖြစ်သည်။

မြစ်ကမ်းပါးများပေါ်တွင် ဂိုဏ်းများရှိနေကြပြီး မဟာတံတိုင်းကြီးတစ်ခုလည်း ရှိနေသည်။ ၎င်း၏အလွန်တွင်မူ ယခင်က ဗဟိုဧကရာဇ်မြို့တော် ရှိနေသည်။

သူသည် ကောင်းကင်တံတားနယ်မြေအား မြင်တွေ့နေရခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့သြမှင်သက်သွားရတော့သည်။

ဤစီရင်စုနယ်မြေအား ဖန်တီးကာ ၎င်း၏နေရာတိုင်းကို ကောင်းကင်တံတားနယ်မြေနှင့် တစ်ပုံစံထဲဖြစ်လာအောင် ပြောင်းလဲရန်အတွက် လွန်စွာ အားထုတ်ကြိုးပမ်းခဲ့ရမည်မှာ အသေအချာပင်။ ပိုင်ရှောင်ချန်းမှာ စိတ်နှလုံးများပင် လှုပ်ရှားသွားရတော့သည်။

သူ၏နတ်ဘုရားအာရုံမှာ ယခင်ကတည်းက အင်မော်တယ်နယ်မြေတစ်ခုလုံးအား ပြည့်နှက်သွားစေနိုင်သည့် အဆင့်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။ သို့သော် သူသည် အာရုံမစိုက်နိုင်ခဲ့သဖြင့် ဤစီရင်စုနယ်မြေကို သတိမထားမိခဲ့ပေ။ ထို့အပြင် သူ ပြန်ရောက်လာစဥ်ကတည်းက အလွန်အရေးကြီးသောကိစ္စရပ်များစွာ ဖြစ်ပွားနေခဲ့သည် မဟုတ်ပါလော။ ယခုမှသာ သူ့ပြည်သူများ၏ လတ်တလောလုပ်ရပ်များကို သူ သိလိုက်ရခြင်း ဖြစ်သည်။

မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်း အံ့သြနေသည်ကို မြင်လိုက်ရသောအခါ ရယ်မောလိုက်သည်။

" အရှင်မင်းမြတ်က အကြာကြီး တံခါးပိတ်ကျင့်ကြံနေခဲ့တော့ အရှင့်မိဖုရားတွေက အိမ်ကို လွမ်းလာကြတာ။ ကျွန်တော်မျိုးလည်း အတူတူပါပဲ။ အဲဒါကြောင့် ကျွန်တော့မျိုးကိုယ်တိုင် ကောင်းကင်တံတားနယ်မြေက လူတွေကို တတ်နိုင်သလောက် လိုက်ပြီးစုစည်းခဲ့တာ။ ပြီးတော့ ကျွန်တော်တို့အားလုံးရဲ့ မှတ်ဉာဏ်တွေအားလုံးကို အိပ်သွန်ဖာမှောက်ထုတ်ပြီးတော့ အဲဒီမှတ်ဉာဏ်တွေအပေါ်အခြေခံပြီး ဒီနေရာကြီးကို တည်ဆောက်ခဲ့တာပါ "

" ဒီနေရာက ကျွန်တော်မျိုးတို့လို ကောင်းကင်တံတားနယ်မြေကလူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်မျိုးတည်ဆောက်ခဲ့တာပါ။ အဲဒါဆို ကျွန်တော်မျိုးတို့အနေနဲ့ တစ်နယ်တကျေးကို ရောက်နေတဲ့ သူစိမ်းတွေလို ခံစားရမှာ မဟုတ်တော့ပါဘူး။ ဒီနေရာမှာဆိုရင် ကျွန်တော်မျိုးတို့ရဲ့အိမ်ကိုပြန်ရောက်သွားသလို ခံစားနိုင်ပြီး အတိတ်အကြောင်းတွေကိုလည်း ပြန်ပြောင်းသတိရလို့ ရတာပေါ့ "

" ဒါပေမဲ့လည်း တည်ဆောက်မှုကြီး ပြီးသွားတော့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဆင်တိုက်ပေါ်ပေါက်လာခဲ့တော့ ကျွန်တော်မျိုးတို့က အရှင့်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး မလျှောက်တင်နိုင်ခဲ့တာပါ။ အဲဒီအတွက် ကျွန်တော်မျိုးတို့က ဒီနေရာကို အများသူဝင်ရောက်ကြည့်ရှုလို့ရအောင် မဖွင့်ရသေးတာပါ "

မဟာကောင်းကင်သခင်မှာ လက်ယှက်၍ ပိုင်ရှောင်ချန်းအား ဦးညွှတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ အတိတ်ကအကြောင်းများကို ပြန်တွေးမိလိုက်သောအခါ ခံစားချက်ပေါင်းစုံ နိုးထလာတော့သည်။ အတိတ်ဆီသို့ ပြန်သွားနိုင်သည့် တံခါးတစ်ချပ် ရုတ်တရက် သူ၏ရှေ့တွင် ပွင့်သွားသည့်အတိုင်းပင်။

" ကောင်းတယ်။ သိပ်ကောင်းတယ် "

သူသည် အားပါးတရ ရယ်မောကာ ရှေ့သို့ပျံထွက်သွားလိုက်ပြီး ထိုစီရင်စုနယ်မြေထဲသို့ ဝင်သွားတော့သည်။ သူ၏နောက်တွင် သူ၏လူများမှာ အတိတ်ကိုပြန်လည်တွေးတောကာ ခံစားချက်ပေါင်းစုံရောယှက်နေကြသည့် မျက်ဝန်းများဖြင့် လိုက်လာကြသည်။

ပိုင်ရှောင်ချန်းမှာ ကောင်းကင်တံတားနယ်မြေအသစ်တစ်ခွင် လှည့်လည်သွားနေလျက် သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ နိုးကြားလာသည်။ များမကြာမီ သူသည် အရှေ့ဘက်ကောင်းကင်တံတားဒေသသို့ ရောက်ရှိသွားပြီး ပထမဦးစွာ ဟူတောင်ဆီသို့ သွားလိုက်လေသည်။

ထိုတောင်မှာ သူ၏မှတ်ဉာဏ်ထဲတွင် ရှိနေသည့်ပုံနှင့် ထပ်တူနီးပါးပင်။ တောင်ခြေတွင် ရွာကလေးတစ်ရွာပင် ရှိနေပြီး သူ့အိမ်နှင့်တူသည့် အိမ်ကလေးတစ်လုံးလည်း ရှိနေသေးသည်။

ဟူတောင်ထိပ်သို့ရောက်သွားသောအခါ သူသည် မျက်လုံးများမှိတ်လိုက်ပြီး သူ၏မှတ်ဉာဏ်များထဲတွင် စီးမျောလိုက်တော့သည်။ သူ၏ဘေးတွင်မူ သူ၏မိတ်ဆွေနှင့် မိသားစုဝင်များအားလုံးက ဝန်းရံနေကြသည်။

အဆုံးသတ်တွင် သူ၏ မျက်လုံးများပွင့်လာပြီး သူ ငယ်စဥ်အခါက သူ့မျက်နှာထက်တွင် မကြာခဏ မြင်ရတတ်သည့် အပြုံးတစ်ပွင့် ဖြစ်တည်လာတော့သည်။

" မင်းတို့တွေ သိမလားတော့ မသိဘူး "

သူက ညင်သာစွာဆိုလိုက်သည်။

" ဒီနေရာက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲကို ငါ စဝင်ခဲ့တဲ့ နေရာပဲ။ ငါ့အဖေက ငါ့ကို အမွှေးတိုင်တစ်ချောင်းပေးခဲ့ပြီး အဲဒီအမွှေးတိုင်ကိုထွန်းလိုက်မယ်ဆိုရင် တန်ခိုးရှင်တစ်ပါးက ငါ့ကိုလာခေါ်လိမ့်မယ်လို့ ပြောခဲ့တာကွ "

" ဒါပေမဲ့ တစ်ခုရှိတာက အဲဒီအမွှေးတိုင်ကို ငါ ထွန်းလိုက်တိုင်း လျှပ်စီးတွေလက်လာလို့ ငါ့မှာ ကြောက်လန့်ပြီး ချက်ချင်း လက်လျှော့ခဲ့ရတာ။ တစ်ဆယ့်သုံးကြိမ်ရောက်မှပဲ ငါလည်း အံကြိတ်ပြီးတော့ အမွှေးတိုင်ကိုထွန်းပြီး လျှပ်စီးတွေကို ရင်ဆိုင်လိုက်တာ။ အဲဒီလိုနဲ့ ဦးလေးလီနဲ့ ငါ စပြီးဆုံခဲ့တာပေါ့ "

ထိုသို့ဆိုကာ သူသည် လီချင်းဟောက်အား သူ၏ဖခင်အရင်းတစ်ယောက်ကဲ့သို့ သဘောထားကာ လှမ်း၍ ကြည့်လိုက်တော့သည်။

လီချင်းဟောက်မှာ ယခုအခါ အိုမင်းနေပြီဖြစ်ပြီး ဆံပင်များဖြူကာ မျက်နှာပေါ်တွင် အရေးကြောင်းများ ပေါ်နေပြီဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်းအားကြည့်ကာ ပြုံးလိုက်ပြီး စိတ်ထဲတွင် မမျိုသိပ်နိုင်တော့ပဲ သက်ပြင်းချလိုက်သည်။

" သိပ်ဟုတ်တာပေါ့ ကောင်လေးရာ "

သူက ပြန်ပြောလိုက်သည်။

" မင်း အဲဒီအမွှေးတိုင်ကို ထပ်ခါထပ်ခါ ထွန်းပြီး ပြန်ပြန်ငြှိမ်းခဲ့လို့ ငါ့မှာ လမ်းတစ်ဝက်ထက်ပိုပြီး မလာနိုင်ခဲ့ဘူးလေ။ နောက်ဆုံး ငါမင်းကို တွေ့လို့ကတော့ ကောင်းကောင်းဆုံးမပစ်မယ်လို့ ဆုံးဖြတ်ခဲ့ရတဲ့အထိပဲ "

ပိုင်ရှောင်ချန်းမှာ အနေရခက်သွားပြီး ချောင်းဟန့်လိုက်၏။

" အဲဒီအပိုင်းကို ပြောစရာမလိုပါဘူးဗျာ ဦးလေးလီကလည်း.... "

စုန့်ကျင်းဝမ်၊ ဟိုရှောင်မေ့နှင့် အခြားလူများအားလုံးမှာ ထိုစကားကိုကြားလိုက်ရသောအခါ ပြုံးသွားကြသည်။ ဤတောင်ကို လီချင်းဟောက်၏ မှတ်ဉာဏ်များအား အခြေခံ၍ တည်ဆောက်ထားခဲ့သည် မဟုတ်ပါလော။

" ဒီနေရာကနေ ဦးလေးလီက ငါ့ကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီ ခေါ်သွားခဲ့တာ.... "

သူသည် ခေါင်းလှည့်၍ အဝေးတစ်နေရာသို့ ခေတ္တမျှ လှမ်းကြည့်လိုက်သည်။ ထို့နောက် ထူးခြားသောအစွမ်းများကို အသုံးပြု၍ ရှေ့သို့လှမ်းလိုက်ပြီး အခြားလူများအားလုံးကို သူနှင့်အတူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီသို့ ခေါ်ဆောင်သွားလိုက်သည်။

ထိုနေရာမှာလည်း သူ၏မှတ်ဉာဏ်ထဲမှပုံစံနှင့် တထေရာတည်းနီးပါပင်။ ကျောက်စရစ်များဖြင့် ခင်းထားသော လမ်းကလေးတစ်လမ်းပင် ရှိနေပြီး ထိုလမ်းအတိုင်း လျှောက်သွားလိုက်သောအခါ စားဖိုဆောင်ထဲသို့ ရောက်သွားတော့သည်။

" ဒီနေရာမှာ ငါ့အစ်ကိုအကြီးဆုံးကို စတွေ့ခဲ့တာပေါ့။ အဲဒီတုန်းက ဖက်တီးရှစ်ယောက်ရှိပေမဲ့ အစ်ကိုအကြီးဆုံးက အရင်ဆုံးထွက်လာပြီး ငါ့ကိုအသိစိတ်ပျောက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တာ။ အဲဒီတုန်းကဆို သူက အသားစိုင်တွေနဲ့တည်ဆောက်ထားတဲ့တောင်ကြီးတစ်လုံး ကျနေတာပဲ "

ဖက်တီးကျန်းကြီးမှာ ရှက်ကို့ရှက်ကန်းဖြင့် နှာခေါင်းကိုပွတ်နေပါသော်လည်း အနည်းငယ် ရယ်မောလိုက်သည်။

" အဲဒီတုန်းကတော့ မင်းပိန်လှပါလားဆိုပြီး ငါက တွေးနေခဲ့တာ "

ဖက်တီးကျန်းကြီးက ပြောလိုက်သည်။

" ဒါနဲ့ ဒီကောင့်ကိုတော့ ငါ ကျွေးမွေးမှရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ။ မင်းရောက်လာတာကြောင့် စားဖိုဆောင်က ငါတို့တွေအတွက် တံခါးအသစ်တစ်ချပ် ပွင့်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိခဲ့မှာလဲ။ အဲဒီနေ့ကစပြီး ငါတို့တွေ စားကောင်းသောက်ဖွယ်တွေ နည်းနည်းချင်းစီ ခိုးတတ်ခဲ့တာပဲ "

ဤနေရာတွင် ရှိနေသူအများစုအတွက်မူ ထိုအရာများမှာ သူတို့ ပထမဆုံး ကြားဖူးသည့် စကားများဖြစ်နေတော့သည်။ အထူးသဖြင့် ကုန်းစွန်းဝမ်အာနှင့် ကျိုးကျစ်မိုတို့မှာ အဓိက ဖြစ်သည်။ ဖက်တီးကျန်းကြီးမှာ သူတို့ အလွန်သိချင်စိတ် ပြင်းပြနေကြောင်း မြင်လိုက်ရသောအခါ ထိုနှစ်များတလျှောက် သူနှင့် ပိုင်ရှောင်ချန်းတို့ လုပ်ခဲ့သည့် အရာအားလုံးကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့သည်။ တစ်ကြိမ်တွင် သူသည် ကြက်သူခိုးအကြောင်း ပြောလိုက်သောအခါ ဟိုရှောင်မေ့ထံမှ မယုံကြည်နိုင်သောအသံလေး ပေါ်ထွက်လာသည်။

" ကြက်သူခိုးမိစ္ဆာက အစ်ကိုဆိုတာ ညီမဖြင့်မယုံနိုင်ဘူး "

ပိုင်ရှောင်ချန်းမှာမူ အနည်းငယ် အနေရခက်သွားပြီး ဘေးနားရှိ တဲကလေးတစ်လုံးအား လက်ညှိုးထိုးပြလိုက်သည်။

" အဲဒီတဲကိုမြင်လား။ အဲဒီမှာ ရွှီပေါက်ချိုင်က ငါ့ကို သူ့ရဲ့ သွေးနဲ့ရေးထားတဲ့ သတိပေးစာကို ပေးခဲ့တာ။ သူက စားဖိုဆောင်ထဲက သူ့နေရာပျောက်သွားလို့ အကြီးအကျယ် ဒေါသထွက်ပြီးတော့ ငါ့ကို သွေးသတိပေးစာတစ်စောင်ပစ်ပေးပြီး တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့တာလေ ... "

ရွှီပေါက်ချိုင်မှာ ရယ်မောလိုက်သော်လည်း မည်သည့်စကားမှ ဝင်မပြောလိုက်ပေ။ ယခုတွင် လူများမှာ သူ့အား စိတ်မဝင်စားကြပဲ ဖက်တီးကျန်းကြီး၏ ကြက်သူခိုးပုံပြင်အား ပို၍စိတ်ဝင်စားနေကြဟန်တူသည် မဟုတ်ပါလား။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ လူတိုင်းအား စမ်းသပ်ပွဲစင်မြင့် လှေကားထစ်များဆီသို့ ခေါ်သွားလိုက်သည်။ ထိပ်သို့ရောက်သောအခါ သူက ပြုံးလိုက်သည်။

" ဒီနေရာမှာ ဟိုရှောင်မေ့ကို စတွေ့ခဲ့တာပေါ့ "

ဟိုရှောင်မေ့မှာ လှေကားထစ်များကိုကြည့်ကာ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ထွက်လာသည်။ သူမအတွက်မူ အတိတ်သို့ ပြန်ရောက်သွားသည့်အတိုင်းပင် ဖြစ်နေတော့သည်။

All Chapters