ဒဏ္ဍာရီဆန်သော ဘဝ ( ဝါ ) စံတင်လောက်သော ဘဝ
Vol. 13 Ch. 1282
ထိုနှစ်က လူငယ်တစ်ယောက်နှင့် သူ၏ အလွန် ဝဖြိုးလှသော မိတ်ဆွေနှစ်ယောက်မှာ လမ်းကိုပိတ်၍ သူတို့၏ ရောင်းရင်းဂိုဏ်းသားများအား ငွေညှစ်ခဲ့သည်။
ထိုအချိန်က မိန်းမပျိုတစ်ယောက်မှာ ဒေါသတကြီးဖြင့် ဆောင့်အောင့်နေခဲ့သည်။ သို့သော်ငြား ထိုမိန်းမပျိုက ထိုလူငယ်လေးအား မြင်မြင်လိုက်ချင်း နှလုံးသားတစ်ခုလုံး တဒိန်းဒိန်းခုန်သွားခဲ့ရသည်။
ပိုင်ရှောင်ချန်းက ဟိုရှောင်မေ့အားလှမ်းကြည့်လိုက်သောအခါ ဟိုရှောင်မေ့သည်လည်း သူ့အား ပြန်ကြည့်နေတော့သည်။ သူတို့နှစ်ယောက်စလုံး ထိုအချိန်ကာလသို့ ပြန်ရောက်သွားသည့်ပမာ ခံစားနေရပြီ ဖြစ်သည်။
အဆုံးသတ်တွင် ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မြောက်ခြမ်းသို့ သွားလိုက်တော့သည်။ သားရဲမွေးမြူရေးခြံသို့ ရောက်သွားပြီး သူနှင့် ဘရူဆာတို့ ယခင်က နေခဲ့ကြသည့် နေအိမ်လေးကို မြင်လိုက်ရသောအခါ ဘရူဆာ မွေးဖွားလာခဲ့သည့်အချိန်အား သူ ပြန်၍ တွေးမိသွားတော့သည်။
" ဘရူဆာ ... "
သူက တိုးတိုးလေး ဆိုလိုက်သည်။ ဘရူဆာမှာ သူ့ထံ ပြေးလာပြီး ထိုစဥ်က ရှိခဲ့သည့် အရွယ်အစားအတိုင်း ကျုံ့ဝင်သွားလိုက်သောအခါ သူ၏နှစ်လိုဖွယ်ကောင်းသော အသွင်အပြင်များကြောင့် ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားတော့သည်။
" အဲဒီနေရာမှာ ဘရူဆာကို မွေးခဲ့တာ "
သူက ရှင်းပြလိုက်သည်။ ဘရူဆာမှာလည်း အတိတ်ကအကြောင်းများကို ပြန်တွေးမိကာ သူ၏ မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံ ထင်ဟပ်လာတော့သည်။
ထိုသို့ဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ သူမှတ်မိသမျှ သူနှင့်ရင်းနှီးနေသောနေရာများအားလုံးသို့ လည်ပတ်နေတော့သည်။ သူသည် သူ၏အတိတ်မှ အမှတ်တရများနှင့် လုပ်ရပ်များကို ပြန်လည်တွေးတောနေစဥ် အခြားလူများအားလုံးမှာလည်း သူ၏မှတ်ဉာဏ်ထဲသို့ လိုက်ပါဝင်ရောက်သွားကြတော့သည်။
အဆုံးသတ်တွင် သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ထွက်လာခဲ့ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ သွားလိုက်တော့သည်။
အလယ်တောင်ထိပ်သို့ရောက်သော် စုန့်ကျင်းဝမ်အား သူ လှမ်းကြည့်လိုက်သည်။ သူမသည်လည်း ပြုံးကာ သူ့အား ပြန်၍ ကြည့်လိုက်သဖြင့် ယခင်ကထက်ပင် လှပချောမောနေတော့သည်။
" သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ငါ လာခဲ့တုန်းက မျက်နှာဖုံးတစ်ခုကို အသုံးချပြီး ငါ့ကိုယ်ငါ ညမုဆိုးဆိုတဲ့ လူတစ်ယောက်အဖြစ် ရုပ်ဖျက်ပြီး လာခဲ့တာ။ အဲဒီတုန်းက ငါ့အကြံအစည်က တာအိုလက်တွဲဖော်တစ်ယောက်နဲ့ ငြိစွန်းဖို့ မဟုတ်ဘူး။ ငါက ကျင်းဝမ်ရဲ့ အိပ်ဆောင်ထဲကိုဝင်ပြီး ရတနာတစ်ခု ခိုးယူဖို့ပဲသွားခဲ့တာ "
သူသည် ရယ်မောကာ နှာခေါင်းကိုပွတ်လိုက်ပြီး လိပ်ကလေးအား ထုတ်ယူလိုက်သည်။ လိပ်ကလေးမှာ စောဒကမတက်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ့အား ရှေ့သို့ထုတ်ပြလိုက်ပြီး ဆိုလိုက်တော့သည်။
" ဒီရတနာပေါ့ကွာ။ မြင်ကြလား။ သူ့ကိုခိုးဖို့ ငါ အဲဒီကို ရောက်သွားခဲ့တာပါ။ ငါ့ အနာဂတ်တာအိုလက်တွဲဖော်ရဲ့ နှလုံးသားကိုပါ ခိုးယူနိုင်ခဲ့မယ်လို့တော့ ဘယ်သူက တွေးမိမှာတုန်း "
ပိုင်ရှောင်ချန်းမှာ ရုတ်တရက် သူ့ကိုယ်သူ ကျေနပ်မိသွားတော့သည်။ စုန့်ကျင်းဝမ်မှာမူ မျက်နှာပေါ်မှ အပြုံးတစ်စ ပျောက်ကွယ်သွားပြီး မျက်လုံးပြူးကြီးများဖြင့် သူ့အား စိုက်ကြည့်နေတော့သည်။
ထိုအခါ ပိုင်ရှောင်ချန်းမှာ ရယ်မောလိုက်ပြီး နတ်ဆရာအား လှမ်းကြည့်လိုက်သည်။
" ဒီနေရာမှာ မင်းနဲ့လည်း ငါစတွေ့ခဲ့တာပဲ ဟွန့်ဟွန့်ဆရာ။ အဲဒီတုန်းက မင်းရဲ့ပုံစံကို ငါ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။ မင်းက ကလေးမွေးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်သွားလိမ့်မယ်ဆိုတာကော ဘယ်သူကတွေးမိခဲ့မှာတုန်း "
ယနေ့တွင် ပိုင်ရှောင်ချန်း၏ ရာထူးမှာ ထိုစဥ်ကနှင့် မတူတော့သည် မဟုတ်ပါလော။ သူ၏တာအိုလက်တွဲဖော်များနှင့် ဖက်တီးကျန်းကြီးတို့မှာ သူ့အား ပြန်၍ပြောနိုင်လျှင် ပြောနိုင်ပါသော်လည်း နတ်ဆရာမှာမူ ပြန်၍ပြောနိုင်မည် မဟုတ်ချေ။
သူသည် ရှုံ့မဲ့မဲ့သာ ပြုံးနေနိုင်တော့သည်။ စိတ်ထဲတွင်မူ သူသည်သက်ပြင်းများချကာ ဘဝဆိုသည်မှာ အလွန် ဆန်းကြယ်ကြောင်း တွေးနေတော့သည်။ အကယ်၍ သူသာ ထိုစဥ်က ပိုင်ရှောင်ချန်းနှင့် မဆုံတွေ့ခဲ့ရပါက ယနေ့တွင် သူ ယခုလို ဖြစ်နေမည် မဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ ကောင်းကင်တံတားဒေသအား လှည့်လည်လိုက်ပြီးနောက် မဟာတံတိုင်းကြီးဆီ သွားလိုက်သည်။ ထို့နောက် ၎င်း၏အလွန်ရှိ ကောင်းကင်တံတားဒေသထက်ပင် ပို၍ တိကျကောင်းမွန်စွာ ဖန်တီးထားသည့် မြေရိုင်းဒေသသို့ ဆက်သွားလိုက်သည်။ ထိုနေရာတွင် အမုန်းဝိညာဥ်များ ရှိမနေသည့်အချက်မှလွဲ၍ ကျန်အရာအားလုံးမှာ သူ၏မှတ်ဉာဏ်ထဲကနှင့် တစ်ပုံစံထဲအတိုင်းပင်။
သူနှင့်ကျိုးကျစ်မိုတို့ တိုက်ခိုက်ခဲ့သော မြေရိုင်းဒေသထဲရှိ သင်္ချိုင်းဂူကိုလည်း အသေးစိတ် ပြန်လည်ဖန်တီးထားသည်။ ထိုသင်္ချိုင်းဂူထဲသို့ ရောက်သောအခါ ပိုင်ရှောင်ချန်းက ရယ်မောလိုက်တော့သည်။
ဤနေရာအား ကျိုးကျစ်မို၏မှတ်ဉာဏ်များအပေါ် အခြေခံ၍ တည်ဆောက်ခဲ့ခြင်း ဟုတ်၊မဟုတ် မေးမြန်းနေရန်ပင် မလိုပေ။ သူနှင့် သူမတို့နှစ်ယောက်သာ ထိုနေရာ၏ နောက်ဆုံးအဆင့်ထဲသို့ ရောက်ခဲ့ကြသည် မဟုတ်ပါလော။
သူသည် ပြုံးလိုက်ပြီး သူမအားလှမ်းကြည့်အား ဆိုလိုက်သည်။
" ကျစ်မို ဒီနေရာမှာ မင်း ငါ့ကို သတ်မိတော့မလို့ပဲ။ ငါ ဘယ်လောက်အထိ အသက်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရလဲ မင်း သိလား "
ထိုအခါ ကျိုးကျစ်မိုက သူ့အားစိုက်ကြည့်၍ ပြန်ဖြေလိုက်သည်။
" ငါနင့်ကို တကယ်အသေသတ်ခဲ့မိရင် ပိုကောင်းမှာ "
ပိုင်ရှောင်ချန်းမှာ ရှုံ့မဲ့မဲ့ကာ ပြုံးလိုက်ပြီး ချောင်းဟန့်လိုက်တော့သည်။ ထိုစဥ် လူတိုင်းမှာမူ သူ ဟာသပြောနေသည့်အလား ရယ်မောနေကြသည်။
" ငါတကယ်ပြောနေတာ " သူက ထပ်ပြောလိုက်သည်။ " ဒီနေရာမှာ ငါတကယ်သေခါနီး ဖြစ်သွားရတာ။ ဘာမှမဟုတ်တဲ့ နတ်ဝိညာဥ်လေးတစ်ခုအတွက်နဲ့ ... "
အံ့သြစရာကောင်းလောက်အောင်ပင် ကျိုးကျစ်မိုမှာ အနည်းငယ် ရှက်သွေးဖြာနေ၏။ ထိုစဥ်က သူမသည် နတ်ဝိညာဥ်များအား အလွန်တန်ဖိုးကြီးမားသော ရတနာများအဖြစ် သဘောထားခဲ့ပါသော်လည်း ယခုတွင်မူ ၎င်းတို့ကို သူမအလိုရှိသလောက် ပိုင်ဆိုင်နိုင်သည့် အနေအထားကို ရောက်နေပြီ ဖြစ်သည်။ ထို့နောက် ပိုင်ရှောင်ချန်းတစ်ယောက် ကံဆိုးစွာဖြင့် သူမနှင့် တိုက်ခိုက်ခဲ့ရသည့်ပုံရိပ်များကို ပြန်တွေးမိလိုက်ပြီး အကယ်၍ သူမသာ သူ့အား အမှန်တကယ် သတ်ခဲ့မိပါက ယခုတွင်မည်သို့ဖြစ်ပျက်နေမည်နည်းဟု တွေးနေမိတော့သည်။ ထို့နောက် သူမက ရုတ်တရက် ရယ်မောလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ သင်္ချိုင်းဂူထဲမှ ထွက်လာခဲ့ပြီး သရဲကြီးမြို့တော်ဆီသို့ ဦးတည်သွားလိုက်သည်။ ထိုသို့ရောက်သောအခါ သရဲကြီးဘုရင်မှာ တသသဖြင့် ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုကာ အတိတ်ဟောင်းကို ပြန်ပြောင်းသတိရနေတော့သည်။ သူ၏ရုပ်ထုကြီးနှင့် တော်ဝင်နန်းတော်တို့ကို မြင်လိုက်ရသောအခါ မည်သည့်အရာများ သူ တွေးတောနေမှန်း မသိနိုင်လောက်အောင် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် သက်ပြင်းသာချလိုက်တော့သည်။
" ဟေ့လူ သရဲကြီး "
ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ အော်ခေါ်လိုက်ပြီး မေးလိုက်သည်။
" ဘာလို့ မိစ္ဆာအကျဥ်းထောင်ကို ပြန်မဆောက်ခဲ့တာတုန်း "
" မင်းငါ့ကို ယောက္ခမကြီးလို့ခေါ်စမ်း ကြားလား "
ပိုင်ရှောင်ချန်းမှာ ရယ်မောကာ တက်တက်ကြွကြွ ခေါင်းညိတ်လိုက်ပြီး ပြန်ခေါ်လိုက်သည်။
" ကောင်းပါပြီ ယောက္ခမကြီးရယ် "
" အဲဒီလိုမှပေါ့ကွ။ ထားပါ မိစ္ဆာအကျဥ်းထောင်အကြောင်း မေ့ထားလိုက်တော့။ ဒီမှာ ထည့်ပြီးမဆောက်ထားဘူး "
သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်းအကြောင်း နောကျေနေ၍ ကောင်းကင်တံတားနယ်မြေအား ပြန်လည်တည်ဆောက်မည်ဆိုပါက ဤနေရာသို့ ရောက်လာပြီး သူ၏ဗရုတ်ကျခဲ့မှုများကို ကြွားဝါလိမ့်မည်ဖြစ်ကြောင်း သူ ခန့်မှန်းမိခဲ့သည်။ ယင်းအတွက် ဘေးကင်းစေရန်အလို့ငှာ မိစ္ဆာအကျဥ်းထောင်အား သူ တမင်တကာ ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
" ကျုပ်က မိစ္ဆာအကျဥ်းထောင်ကို တကယ်လွမ်းနေတာဗျ " ပိုင်ရှောင်ချန်းက ဆိုလိုက်သည်။
" ဟေး ... အရင်တုန်းက သရဲကြီးဘုရင် အဲဒီထဲမှာ အကျဥ်းကျနေခဲ့တာကို မင်းတို့အားလုံး သိလား။ အကျဥ်းခန်းတစ်ခန်းထဲက အဘိုးကြီးတစ်ယောက်ကို ငါ သတိထားမိခဲ့လို့ သူ့ကို ငါက .... "
ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်၏မျက်နှာပေါ်ရှိ တင်းမာနေသော မျက်နှာထားကိုလျစ်လျူရှုကာ သူတို့နှစ်ယောက် စတင်ဆုံတွေ့ခဲ့သည့် ဇာတ်လမ်းကို ပြောပြလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်၏ ဦးခေါင်းကို ရိုက်နှက်ခဲ့သည့်ဖြစ်ရပ်များ၊ သူ့အား ဒိုင်းကာတစ်ခုသဖွယ် အသုံးပြု၍ မိစ္ဆာအကျဥ်းထောင်ထဲမှ ဖောက်ထွက်ခဲ့သည်ဖြစ်ရပ်များနှင့် သူ့အား မြို့တစ်လျှောက် တရွတ်တိုက်ဆွဲကာ ရန်သူအမြောက်အမြားကို သတ်ဖြတ်ရန် အသုံးပြုခဲ့ပုံများကို ပြောပြလိုက်သောအခါ လူများစွာ မျက်လုံးပြူးသွားကြတော့သည်။ ထို့နောက် သရဲကြီးဘုရင်အား စာနာသနားစိတ်များ ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ကြတော့သည်။
" မင်းတို့သိလား။ ဒီသရဲကြီးဘုရင်အကြောင်းပြောရင်းနဲ့ ငါ့မှတ်ဉာဏ်တွေတောင် ပြန်ပေါ်လာပြီ။ တော်တော်ချောတဲ့ မုဆိုးမတစ်ယောက်အကြောင်း ငါ ခပ်ရေးရေး မှတ်မိပါသေးတယ်... "
ထိုအခါ သရဲကြီးဘုရင်မှာ ရုတ်တရက် စိုးထိတ်သွားပါသော်လည်း ပိုင်ရှောင်ချန်းမှာ သူ့အား ကျီစယ်လိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး ထိုဇာတ်လမ်းအား ဆက်မပြောတော့ပေ။
ထိုအခါတွင် မဟာကောင်းကင်သခင်မှာ အသက်မပါစွာဖြင့် ရယ်မောလိုက်ပြီး ကောင်းကင်ကိုမော့ကြည့်ကာ အချိန်အားအကဲခတ်လိုက်ပြီး ဆိုလိုက်သည်။
" အရှင်မင်းမြတ်ခင်ဗျား နောက်ကျနေပြီ။ ကျွန်တော်မျိုးတို့ ပြန်ကြရအောင်လား "
" ဘာတွေလောနေတာလဲ မဟာကောင်းကင်သခင်ရဲ့။ ကျုပ် ခင်ဗျားရဲ့အကြောင်းဆီကို မရောက်သေးဘူးလေ "
မဟာကောင်းကင်သခင်မှာ ထွက်ခွာရန် စိုင်းပြင်းနေပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ သူ့အား လုံးဝခွင့်မပြုပေ။ သူ့အား လက်မောင်းမှဆွဲ၍ အခြားလူများနှင့်အတူ ပျောက်ကွယ်သွားပြီး ကောင်းကင်တံတားနယ်မြေမှ ဗဟိုဧကရာဇ်မြို့တော်ထဲတွင် ပြန်၍ပေါ်လာတော့သည်။ အတိအကျဆိုရသော် သူတို့က တော်ဝင်နန်းတော်ထဲရှိ မဟာကောင်းကင်သခင်ခန်းမထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
" မင်းတို့တွေ မြင်ကြလား။ ဒီနေရာမှာ လွန်ခဲ့တဲ့နှစ်တွေတုန်းက လျှို့ဝှက်ဆန်းကြယ်လှပါတယ်ဆိုတဲ့ မဟာကောင်းကင်သခင်က ငါ့ကို အမိန့်တွေတစ်ခုပြီးတစ်ခု ပေးခဲ့တာလေ... "
သူသည် မျက်လုံးကစားကာ မဟာကောင်းကင်သခင်အား ကြည့်လိုက်ပြီး သူနှင့်ပတ်သတ်သော ဇာတ်လမ်းများအားလုံးကို ပြောပြလိုက်တော့သည်။
အဆုံးတွင် မဟာကောင်းကင်သခင်မှာ မျက်လုံးပြူးကြီးများဖြင့် သူ့အားစိုက်ကြည့်နေရတော့သည်။
" အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်ကို နတ်ဝိညာဥ်ဆိုပြီး ဇာတ်လမ်းဆင်ခဲ့တဲ့ အကြံဆိုးကြီးက အရှင့်အကြံ မဟုတ်ဘူးလား။ ပြီးတော့ ဘုံဝါဒကလည်း အရှင့်အကြံပဲလေ "
ပိုင်ရှောင်ချန်းမှာ ရောက်သည့်နေရာတိုင်းတွင် အမြဲတမ်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်သာ ဖြစ်ကြောင်း လူတိုင်း တဖြည်းဖြည်းနှင့် သိလာတော့သည်။ သူ၏ ပြဿနာရှာနိုင်စွမ်းများမှာ ဒဏ္ဍာရီတွင်လောက်သည်။
ရုတ်တရက် မဟာကောင်းကင်သခင်နှင့် အခြားလူအားလုံးမှာ မကြာခင် ပေါ်ထွက်လာတော့မည်ဖြစ်သော သံယောဇဥ်မဲ့လူသား၏ အန္တရာယ်ကြီးမှာ ရေးကြီးခွင်ကျယ်မဟုတ်သည့်အလား ခံစားလိုက်ရတော့သည်။ ပိုင်ရှောင်ချန်းသာ သူတို့ဘက်တွင်ရှိနေပါက အဆုံးသတ်တွင် ထိုအခြေအနေအား ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့က ယုံကြည်နေကြတော့သည်။
ထိုသို့ ရုတ်တရက်ပေါ်ထွက်လာသည် ယုံကြည်ချက်များကြောင့် သူတို့၏ စိတ်များမှာ ရွှင်လန်းသွားကြပြီး ပိုင်ရှောင်ချန်းက ကောင်းကင်တံတားနယ်မြေအသစ်ကို လှည့်လည်ကြည့်ရှုခြင်းအား အဆုံးသတ်လိုက်တော့သည်။ လူတိုင်း အတိတ်အကြောင်းများကို ပြန်၍ပြောဆိုနေကြကာ မှောင်ရီစပျိုးလာသောအခါ ဗဟိုဧကရာဇ်မြို့တော်သို့ ပြန်သွားလိုက်ကြသည်။
နောက်ရက်အနည်းငယ်အထိ ပိုင်ရှောင်ချန်းမှာ မည်သည့်ကျင့်ကြံခြင်းမှ မလုပ်ခဲ့ပေ။ သူ၏မိသားစုနှင့် မိတ်ဆွေများဖြင့်သာ အချိန်ကုန်စေခဲ့ပြီး စုန့်ကျင်းဝမ်၊ ဟိုရှောင်မေ့နှင့် ကျိုးကျစ်မိုတို့အား အချိန်ပို၍ ပေးခဲ့လေသည်။
တပေါက်နှင့် ရှောင်ရှောင်တို့ကိုမူ သူ အချိန်အပေးဆုံး ဖြစ်သည်။
သူသည် ခင်ပွန်းသည်တစ်ယောက်နှင့် ဖခင်တစ်ယောက် ဖြစ်နေပြီဖြစ်၍ ထိုကဲ့သို့သော အချိန်များ ထာဝရရှိနေနိုင်ရန် ဆုတောင်းနေမိတော့သည်။ သို့သော်ငြား ကံမကောင်းစွာပင် ထိုအခိုက်အတန့်များမှာ ပြီးဆုံးသွားရတော့သည်။
သူသည် တံခါးပိတ်ကျင့်ကြံရတော့မည်ဖြစ်ရာ သူတို့အား မည်မျှပင် လွမ်းနေစေကာမူ အခြားရွေးချယ်စရာမရှိသဖြင့် သူ၏ကိုယ်ပိုင် တရားကျင့်စဥ် အခန်းထဲသို့ ဝင်ရတော့မည် ဖြစ်သည်။
သူ အောင်မြင်မလား၊ မအောင်မြင်မလားကို အတိအကျမသိနိုင်သည့်အပြင် အနာဂတ်တွင် မည်သို့ဆက်ဖြစ်သွားမည်ကိုလည်း မသိနိုင်ပေ။ သူ လိုအပ်နေသည့် အဆင့်တက်မှုအား ပြုလုပ်နိုင်ရန်အတွက် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားရမည့် နည်းလမ်းတစ်ခုသာ ရှိသည်။
" ငါ ရအောင် ဖောက်ထွက်ပြီး အခွင့်အရေးတစ်ခုကို အရယူမှ ဖြစ်မယ်။ အဲဒီလိုမှမဟုတ်ရင် ငါ တံခါးပိတ်ကျင့်ကြံတာက နောက်ဆုံးနှုတ်ဆက်ခြင်း ဖြစ်သွားလိမ့်မယ် "
သူသည် အခန်း၏အပေါက်ဝတွင် တစ်ခဏမျှ ရပ်တန့်ကာ သူ၏မိတ်ဆွေနှင့် မိသားစုဝင်များကို လှည့်ကြည့်လိုက်သည်။ ယင်းနောက် သူသည် တံခါးကိုဖြေးညင်းစွာပိတ်၍ သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။