ပိုင်ရှောင်ချန်း၏တာအို
Vol. 13 Ch. 1283
သူ၏ကိုယ်ပိုင်အခန်းတံခါးကား သူ့ကို ပြင်ပကမ္ဘာကြီးထံမှ ပိတ်ဆို့လိုက်တော့သည်။
သူသည် တင်ပျဥ်ခွေထိုင်ချကာ မျက်လုံးများ မှိတ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည်။ အချိန်အနည်းငယ်ခန့် ကြာသွားသောအခါ သူက မသက်ဆိုင်သော အတွေးများအားလုံးကို ပယ်ရှားနိုင်သွားတော့သည်။ ထို့နောက် သူ၏မျက်လုံးများပြန်ပွင့်လာသောအခါ ပြတ်သားမှုများဖြင့် တောက်ပနေကြပြီ ဖြစ်သည်။
ယခု သူက မြင်ရခဲသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာတိုင်အောင် တဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်ဖြစ်ပြီး သူ၏ဘဝထဲတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် အလှည့်အပြောင်းများကြောင့် သူ ရင့်ကျက်လာခဲ့ပြီဖြစ်ကြောင်း ရိပ်မိနေခဲ့သည်။
ပြန်လည်တည်ဆောက်ထားသော ကောင်းကင်တံတားနယ်မြေဆီသို့ သွားရောက်လည်ပတ်ကာ သူ လျှောက်လှမ်းခဲ့သည့် လမ်းအားပြန်၍လှည့်ကြည့်ခဲ့ပြီးနောက် သူ၏စိတ်နှလုံးမှာ တဖြည်းဖြည်းနှင့် ပို၍သာ တည်ငြိမ်လာခဲ့ရသည်။
တချိန်တည်းမှာပင် သူသည် ထာဝရမယ်တော် အရိပ်အမြွက်ဖော်ညွှန်းခဲ့သည့် အတွေးစများကို စတင်ဖော်ထုတ်လိုက်တော့သည်။
" သံယောဇဥ်မဲ့လူသားရဲ့ တာအိုက အရာခပ်သိမ်းကို မျိုးတုန်းအောင် ဖျက်ဆီးဖို့ပဲ။ ကြယ်တာရာကောင်းကင်ကြီးကို ဖယောင်းတိုင်မီးငြှိမ်းသလိုငြှိမ်း၊ အရာရာတိုင်းကို အမှောင်ဖုံးအောင်လုပ်ပြီးတော့ သက်ရှိတိုင်းကို သေဆုံးအောင် လုပ်ဖို့ပဲ "
" သူ့တာအိုရဲ့ဆန့်ကျင်ဘက်ဆိုရင် ပြောင်းပြန်ကိုလုပ်ရမှာပေါ့။ ငြိမ်းသက်နေပြီးဖြစ်တဲ့ ကြယ်တာရာကောင်းကင်ကို မီးပြန်တောက်လာအောင် အသက်သွင်းရမှာ။ သံယောဇဥ်မဲ့လူသားက မျိုးတုန်းသုတ်သင်ခြင်းကို ကိုယ်စားပြုတယ်ဆိုရင် ငါ့တာအိုက ထွန်းလင်းတောက်ပမှုနဲ့ အလင်းရောင်ကို ကိုယ်စားပြုမှရမယ် "
ပိုင်ရှောင်ချန်းမှာ တဖျပ်ဖျပ် လက်နေသော မျက်ဝန်းများဖြင့် ထိုကိစ္စကို တွေးတောသုံးသပ်နေတော့သည်။ ထိုအချက်မှာ ဤတံခါးပိတ်ကျင့်စဥ်တစ်ခုလုံး၏ အဓိကပန်းတိုင်ပင် ဖြစ်သည်။
ထိုသို့ပြုလုပ်ရမည့်နည်းလမ်းကိုမူ ပိုင်ရှောင်ချန်း တွေးထားပြီးသားဖြစ်သည်။ ထိုနည်းလမ်းမှာ သူ ယခင်က ရရှိခဲ့သည့် အပင်တစ်ပင်ကို အသုံးပြုရမည်ပင် ဖြစ်သည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး တစ်စုံတစ်ရာကို စိတ်ထဲမှ တိုးညင်းစွာ လှမ်း၍ခေါ်လိုက်သောအခါ သူ၏ကိုယ်ပိုင်အခန်းတစ်ခုလုံး တုန်ခါသွားသည်။ တော်ဝင်နန်းတော်ကြီးတစ်ခုလုံးပင် ယိမ်းထိုးသွားပြီးနောက် ဗဟိုဧကရာဇ်မြို့တော်တစ်ခုလုံးပါ တုန်ခါသွားရတော့သည်။
မြို့သားများမှာ ကြောင်အန်းအန်းဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။ သိပ်မကြာခင် မြို့တော်ထဲတွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုအက်ကွဲကြောင်းထဲမှ နွယ်ပင်နှင့်တူသော အပင်ကြီးတစ်ပင်ပေါ်ထွက်လာတော့သည်။ အတန်ငယ်အကြာတွင် ဒုတိယမြောက်နွယ်ပင်တစ်ပင် ထပ်မံပေါ်ထွက်လာပြီးနောက် တတိယမြောက် ... စတုတ္ထမြောက်နွယ်ပင်များပါ ပေါ်ထွက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း နွယ်ပင်ပေါင်းတစ်ရာကျော် ထွက်ပေါ်လာကြပြီး လေထဲတွင် ကခုန်ဝှေ့ယမ်းနေကြတော့သည်။
" အဲဒါ ဘာတွေလဲ "
" မင်းမေဘ၊ ဒီလိုမျိုးအပင်ကြီး ဗဟိုဧကရာဇ်မြို့ရဲ့ အောက်မှာရှိနေတာ ငါဖြင့် မယုံနိုင်ဘူး "
" အဲဒီအငွေ့အသက်က... နတ်ဘုရားတစ်ပိုင်းအဆင့်ထက်ကို ကျော်နေပြီပဲ။ ကောင်းကင်ဧကရာဇ်အဆင့်နဲ့ ပိုတောင်တူနေသေးတယ် "
လူအများမှာ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြစဥ် ထိုအပင်များမှာ ပိုင်ရှောင်ချန်း၏ လှမ်းခေါ်သံကို တုံ့ပြန်လိုက်သည့်အလား ကခုန်၍ လရောင်များဖြင့် တောက်ပလာကြသည်။ ထိုလရောင်များမှာ လေပေါ်သို့ မြင့်တက်သွားကြပြီး မြို့တော်၏အထက်တွင် လေပွေတစ်ခုကဲ့သို့ လည်ပတ်နေတော့သည်။
လူတိုင်းမှာ ထိုမြင်ကွင်းအား အံ့သြမှင်တက်စွာကြည့်နေကြစဥ် ထိုလရောင်များမှာ စုဆုံသွားပြီး လူတိုင်း၏စိတ်နှလုံးများကို တုန်ခါသွားစေနိုင်သည့် အလင်းရောင်များ ထုတ်လွှတ်ပေးနေသော ထိန်ထိန်သာနေသည့် လမင်းကြီးတစ်စင်းအသွင် ပြောင်းလဲသွားသည်။ ၎င်းမှာ လအစစ်တစ်လုံးသာနေသည့်အလားပင် ဖြစ်နေပြီး ဗဟိုဧကရာဇ်မြိုတော်၏အထက်ရှိ ကောင်းကင်ယံတွင် လင်းထိန်နေတော့သည်။ ထို့နောက် ထိုလမင်းကြီးက အောက်သို့ပြုတ်ကျလာတော့သည်။
မည်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် ထိုလမင်းကြီးမှာ ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်အခန်းဆီသို့ ဦးတည်၍ ပျံသန်းသွားတော့သည်။ မဟာကောင်းကင်သခင်နှင့် အခြားသောတန်ခိုးရှင်များက ထိုလမင်းကြီးကို ဝင်တားရန်ပြင်လိုက်ပါသော်လည်း ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက သူတို့ကို လမ်းဖယ်ပေးရန် အမိန့်ပေးလိုက်သည်။ ထိုအခါ သူတို့က လမ်းဖယ်ပေးလိုက်ကြပြီး ထိုလမင်းကြီးက ပိုင်ရှောင်ချန်း၏ တရားမှတ်သည့် အခန်းထဲသို့ တဖြည်းဖြည်းနှင့် ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ကြတော့သည်။
ထိုအခန်းထဲတွင် ပိုင်ရှောင်ချန်းက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ထိုတောက်ပနေသည့်အလင်းရောင်များကို ဖမ်းဆုပ်လိုက်သောအခါ ၎င်းတို့မှာ သူတို့၏ သခင်ထံ ပြန်ရောက်သွားသကဲ့သို့ ပျော်ရွှင်မြူးထူးစွာ ကဆုန်ပေါက်နေကြတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ထွက်လာပြီး သူ၏ နတ်ဘုရားအာရုံအချို့ကို ထုတ်လွှတ်လိုက်သောအခါ သူ၏လက်ထဲရှိ အလင်းရောင်များမှာ တလက်လက်တောက်ပသွားပြီး လရောင်ဖြင့် ဖန်တီးထားသည့် သစ်စေ့တစ်စေ့ ပေါ်ထွက်လာတော့သည်။ ထိုသစ်စေ့၏တောက်ပမှုကြောင့် သူ့ကိုယ်ပိုင်အခန်း၏ ထောင့်အားလုံးဆီသို့ ခပ်မှိန်မှိန် အလင်းရောင်တစ်ခု ပြန့်ထွက်သွား၏။
၎င်းမှာ ... သူ၏ငွေစန္ဒာပန်းပင် ဖြစ်သည်။
သူသည် ပထမဦးဆုံး တံခါးပိတ်ကျင့်စဥ်ဝင်ခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က ထိုငွေစန္ဒာပန်းအား မြို့တော်၏အောက်တွင် စိုက်ထားခဲ့သည်ဖြစ်ပြီး မြို့တော်ကို ကာကွယ်ရာတွင် လျှို့ဝှက်လက်နက်တစ်ခုအဖြစ် အသုံးပြုရန်အတွက် ၎င်းအားထားရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် မြို့တော်ကို ထိုသို့ကာကွယ်စရာ မလိုခဲ့ပေ။ ယခု သူ၏အဆင့်တက်မှုအတွက် လိုအပ်သည့် အကြံအစည်တစ်ခုကိုဖန်တီးရန် တွေးတောကြံဆလိုက်သည့်အခါမှ ထိုငွေစန္ဒာပန်းမှာ သော့ချက်ဖြစ်နေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
ပို၍တိတိကျကျဆိုရမည်ဆိုလျှင် မူလ ကောင်းကင်တံတားနယ်မြေထဲတွင် ရှိခဲ့စဥ်က ထိုငွေစန္ဒာပန်းမှာ ကြီးထွားနေရင်း မရေမတွက်နိုင်လောက်အောင် များပြားသော ဒုဓလီစေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်ကမ္ဘာမြေတစ်ခွင် ပျံ့နှံ့သွားခဲ့သည်ကို သူ မှတ်မိလိုက်သည်။ ထိုဖြစ်ရပ်ကို သူ၏မျက်လုံးများဖြင့် တပ်အပ်မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
ထိုအခိုက်အတန့်မှာ အလွန်ဆန်းကြယ်နက်နဲလွန်းခဲ့သည်ဖြစ်ပြီး နောက်ပိုင်းတွင် သူဖြစ်ရပ်များစွာ ထပ်၍ကြုံတွေ့ခဲ့ရသည့်တိုင်အောင် ၎င်းအား မမေ့နိုင်ခဲ့ပေ။
" ငါက သံယောဇဥ်မဲ့လူသားရဲ့ ဆန့်ကျင်ဘက်အတိုင်း လိုက်လုပ်ချင်တယ်ဆိုရင်.... " သူကရေရွတ်လိုက်သည်။
" အတိတ်က ကြယ်တာရာကောင်းကင်ထဲမှာ လင်းလက်တောက်ပခဲ့ပြီး အခုငြိမ်းသက်နေတဲ့ မီးတောက်တွေအကုန်လုံးကို ပြန်ပြီးတော့ ထွန်းညှိပေးမှရမယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် ငွေစန္ဒာပန်းရဲ့ စွမ်းအားကိုလိုအပ်တယ် "
ဤအကြံအစည်ကို သူ စဥ်းစားမိခဲ့သည်မှာ အနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး ယခု လက်တွေ့အကောင်ထည်ဖော်နိုင်တော့မည်ဖြစ်ရာ သူ၏မျက်ဝန်းထဲတွင် ပြတ်သားမှုများဖြင့် တောက်ပလာတော့သည်။
" တခြားနည်းလမ်းတွေလည်း အလုပ်ဖြစ်ရင်ဖြစ်နိုင်ပေမဲ့ အချိန်ကမရှိတော့ဘူး။ အမြန်ဆုံးနည်းလမ်းကတော့ ငွေစန္ဒာပန်းနဲ့ တစ်သားထဲဖြစ်အောင် ပေါင်းစည်းလိုက်ပြီး သူ့ရဲ့ ဆတိုးပွားပြီး ပျံ့နှံ့နိုင်တဲ့ အစွမ်းကိုသုံးပြီး ငါ့နတ်ဘုရားအာရုံတွေကို သစ်စေ့တွေပုံစံနဲ့ ဟင်းလင်းပြင်ကြီးထဲကို စေလွှတ်ဖို့ပဲ "
ဤအကြံအစည်မှာ အကောင်းဆုံးဖြစ်ကြောင်း သူက သေချာသွားသဖြင့် တွေဝေမနေတော့ပဲ ငွေစန္ဒာပန်းသစ်စေ့အား သူ၏နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံလိုက်တော့သည်။
ထိုသို့ လွှမ်းခြုံလိုက်ပြီးနောက် ထိုသစ်စေ့အားလက်ဖြင့်ဆုပ်လိုက်သောအခါ ၎င်းမှာပျောက်ကွယ်သွားသည်။ ထို့နောက် ၎င်းမှာ သူ၏စိတ်ထဲတွင်ပြန်ပေါ်လာကာ ချက်ချင်းပင် အညွှန့်များပေါက်လာပြီး နွယ်ပင်နှာမောင်းများအား သူ၏ခန္ဓာကိုယ်တစ်လျှောက်သို့ ထုတ်လွှတ်လိုက်တော့သည်။ မကြာခင် သူသည် သူနှင့် ငွေစန္ဒာပန်းနှစ်ခုစလုံးကို မထိခိုက်စေသောနည်းလမ်းဖြင့် ထိုငွေစန္ဒာပန်းနှင့် တစ်သားထဲ ဖြစ်သွားတော့သည်။ အကယ်၍ သူ၏အကြံအစည်သာ အောင်မြင်သွားပြီး အပြင်ဘက်ရှိ မှောင်မိုက်နေသော ဟင်းလင်းပြင်ကြီးဆီသို့ အလင်းရောင်များ ပြန်၍ဆောင်ကျဥ်းပေးနိုင်မည်ဆိုပါက ထိုငွေစန္ဒာပန်းမှာ သူ၏အဖော်မွန်အပင်ဖြစ်သွားမည် ဖြစ်ပြီး အချို့သော ကဏ္ဍများတွင် ထာဝရပန်းပွင့်တစ်ပွင့်ကဲ့သို့ပင် ဖြစ်သွားမည်လည်း ဖြစ်သည်။
ငွေစန္ဒာပန်းမှာ ထိုအချက်ကို နားလည်သိရှိထားသဖြင့် ထိုပေါင်းစည်းခြင်းလုပ်ငန်းစဥ်ကို ဆန့်ကျင်မနေခဲ့ပေ။ ၎င်းမှာ ပိုင်ရှောင်ချန်းနှင့် တစ်သားထဲဖြစ်အောင် ပေါင်းစည်းသွားရင်း အိပ်မောကျသွားပြီး ၎င်းအား ထိန်းချုပ်ခွင့်ကို ပိုင်ရှောင်ချန်းထံသို လွှဲပြောင်းပေးလိုက်တော့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း မသိနိုင်ပေ။ ပိုင်ရှောင်ချန်းမှာ သူ၏အလုပ်ထဲတွင် စိတ်နှစ်ထားနေသည်အတွက် အခြားအရာအားလုံးကို မေ့ပျောက်သွားတော့သည်။ တခဏအကြာတွင် သူသည် ငွေစန္ဒာပန်းအသွင်ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲမှ လရောင်များ ခပ်ရေးရေးပေါ်ထွက်လာပြီးနောက် သူ၏တရားမှတ်ရာအခန်းအပြင်သို့ လွင့်ပျံ့သွားကာ ကောင်းကင်ယံသို့ မြင့်တက်သွားတော့သည်။
စစချင်း အလင်းမှုန်ဆယ်မှုန်ခန့်သာ ဟင်းလင်းပြင်ကြီးထဲသို့ ဝင်ရောက်သွားပြီး ထာဝရအင်မော်တယ်နယ်မြေမှ ဝေးရာသို့ စီးမျောသွားကြသည်။ သို့သော် ထိုအလင်းမှုန်များမှာ တခဏအကြာတွင် ပွားလာတော့သည်။ အဆုံးတွင် အလင်းမှုန်ပေါင်း တစ်ရာ...တစ်ထောင်...တစ်သောင်းအထိ ရောက်သွားသည်။ ထို့နောက် ထိုအရေအတွက်မှာ ထပ်၍များပြားလာပြန်သည်။ တစ်သန်း၊ဆယ်သန်း၊ သန်းတစ်ရာ ... တခဏအကြာတွင် ၎င်းတို့မှာ မရေမတွက်နိုင်လောက်အောင် ဖြစ်သွားကြပြီး အဆုံးမရှိသော အလင်းတန်းကြီးတစ်တန်းအသွင်ဖြင့် ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ ၎င်း၏အလွန်ရှိ ဟင်းလင်းပြင်ကြီးထဲသို့ ဝင်ရောက်သွားတော့သည်။
သူတို့မှာ လရောင်ဖြင့်ဖန်တီးထားသော တလက်လက်တောက်ပနေသည့် ဒုဓလီစေ့များနှင့် တူပြီး အလွန်အာရုံဖမ်းစားနိုင်စွမ်းရှိသဖြင့် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ သက်ရှိအားလုံး ၎င်းတို့အား သတိထားမိလိုက်ကြတော့သည်။ ၎င်းတို့နှင့် ၎င်းတို့၏တာဝန်ကို မည်သူမှအတိအကျ မသိကြပါသော်လည်း ၎င်းတို့ထဲတွင် ပါဝင်နေသည့် စွမ်းအားကြီးမားသော သက်စောင့်အားမီးတောက်များကိုမူ သူတို့ အာရုံခံနိုင်ပေသည်။
၎င်းတို့မှာ ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံတစ်ခုထဲ၏ သရုပ်သကန် မဟုတ်ပေ။ ၎င်းတို့ထဲတွင် သူ၏သက်စောင့်အား၊ သူ့တာအိုနှင့် သူ့ကို ဖွဲ့စည်းတည်ဆောက်ထားသော အရာအားလုံး ပါဝင်နေခြင်း ဖြစ်သည်။
တရားမှတ်ရာအခန်းထဲတွင် သူ၏ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ ခြောက်သွေ့ကာ တဖြည်းဖြည်း အိုမင်းရင့်ရော်လာပြီးနောက် အဆုံးတွင် အခွံလွတ်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ သူ၏ဝိညာဥ်၊ သူ၏တာအို၊ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အခြားသူ၏ အစိတ်အပိုင်းအားလုံး ထိုဒုဓလီသစ်စေ့များထဲသို့ ရောက်ရှိသွားကြပြီဖြစ်ပြီး ယခု ဟင်းလင်းပြင်ကြီးတစ်ခွင် ပျံ့နှံ့နေကြပြီ ဖြစ်သည်။
ထိုသစ်စေ့များမှာ ဦးတည်ရာမဲ့ မျောလွင့်နေသည်တော့ မဟုတ်ပေ။ သူတို့အားလုံးထံတွင် ကိုယ်ပိုင်ပန်းတိုင် အသီးသီးရှိကြသည်။ ထိုပန်းတိုင်များမှာ ယခင်က အလင်းရောင်များ တောက်ပခဲ့ပါသော်လည်း နောက်ပိုင်းတွင် ငြှိမ်းသက်ခံလိုက်ရသည့်နေရာများဖြစ်သော ဟင်းလင်းပြင်ကြီးထဲတွင် ပြည့်နှက်နေသည့် အပျက်အစီးများပင် ဖြစ်သည်။
ထိုနေရာသို့ ရောက်သည့်အခါတိုင်း ဒုဓလီသစ်စေ့တစ်စေ့မှာ ထိုနေရာတွင် အခြေချကာ အညွန့်များပေါက်လာကြသည်သာ ဖြစ်သည်။
ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူအားလုံး မကြာမီကျရောက်လာတော့မည့် ကပ်ဘေးကြီးကို စိုးထိတ်နေဆဲဖြစ်သော်လည်း သူတော်စင်ဧကရာဇ်နှင့် ပိုင်ရှောင်ချန်းတို့ နှစ်ယောက်စလုံးမှာ မျှော်လင့်ချက် ပေါ်ထွက်လာနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားနေကြသည်ဖြစ်ကြောင်း သူတို့က သိသည်။
ထို့ကြောင့် သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စောင့်ဆိုင်းကာ သူတို့၏ကျင့်ကြံခြင်းများထဲတွင် အားထုတ်ရန်သာ ဖြစ်သည်။ သူတို့၏ကျင့်ကြံခြင်းအခြေများ အဆင့်မြင့်လာခြင်းမှာ အဆုံးသတ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ပါသော်လည်း အသာစီးရနိုင်ခြေရှိသည့် အခွင့်အရေးများကို မည်သူကမှ အဆုံးရှုံးမခံလိုကြပေ။ ထို့အပြင် ထိုလုပ်ရပ်များမှာ သူတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေသည် မဟုတ်ပါလော။
မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်၍ လက်မြှောက်အရှုံးပေးလိုက်သူများလည်း ရှိနေဆဲပင်။ သို့သော် တော်ဝင်မင်းဆက်ကြီးနှစ်ဆက်မှ ကောင်းကင်ဧကရာဇ်များမှာ ထိုလမ်းကြောင်းများ ပပျောက်စေရန် အကောင်းဆုံးကြိုးစားနေကြပြီး ကြင်နာစိတ် ပျောက်ကွယ်နေသည့်လူများကို လိုက်လံသုတ်သင်နေကြသည်။
ထိုသို့ဖြင့် ထာဝရအင်မော်တယ်နယ်မြေများထဲတွင် အခြေအနေအများစုမှာ တည်တည်ငြိမ်ငြိမ်နှင့် ဆက်လက်၍ ရှိနေဆဲပင်။
အဆုံးသတ်တွင် ဆယ်နှစ်တိတိ ကုန်ဆုံးသွားသည်။ ရှောင်ပေါက်မှာ ယခုတွင် အသက်ဆယ်နှစ်ရှိနေပြီဖြစ်ပြီး သူ၏စိတ်နေစိတ်ထားမှာ သူ၏ဖခင်နှင့် အလွန်ဆင်တူပေသည်။ သူ၏ ရွှတ်နောက်နောက် အပြုအမူများနှင့် သေဆုံးရမည်ကိုကြောက်ရွံ့နေသည့် အမူအရာများကို ဟိုရှောင်မေ့နှင့် သူ၏ကျန်မိသားစုဝင်များ မြင်လိုက်ရတိုင်း ပိုင်ရှောင်ချန်း၏ တရားမှတ်ရာအခန်းထဲသို့ တသသနှင့် လှမ်းကြည့်မိလိုက်ကြစမြဲပင်။
ထိုအခန်းထဲတွင် ပိုင်ရှောင်ချန်းမှာ ဆယ်စုနှစ်တစ်ခုတိတိ မလှုပ်မယှက်နှင့် တင်ပျဥ်ခွေထိုင်နေဆဲပင်။