အလင်းတစ်စ
Vol. 13 Ch. 1284
ထိုဆယ်နှစ်တာကာလအတွင်း ပိုင်ရှောင်ချန်း၏ သက်စောင့်အားများနှင့် နတ်ဘုရားအာရုံများ ပါဝင်နေကြသည့် မရေမတွက်နိုင်လောက်အောင် များပြားသော ဒုဓလီစေ့များမှာ ဟင်းလင်းပြင်ကြီးအနှံ့ ပျံ့နှံ့သွားခဲ့ကြသည်။ သူတို့က ကျင့်ကြံသူများ၏ သဘောပေါက်နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေသည့် အမြန်နှုန်မျိုးဖြင့် ရွေ့လျားနေခဲ့ကြသည်ဖြစ်ရာ ပိုင်ရှောင်ချန်းကိုယ်တိုင်ထက်ပင် ပို၍လျင်မြန်စွာဖြင့်် ထိုဟင်းလင်းပြင်ကြီးတစ်ခွင် ထိုးဖောက်နေခဲ့သည်။
အချို့အစေ့များမှာ အမျိုးမျိူးသော အပျက်အစီးများပေါ်သို့ ကျရောက်သွားကြပြီး တချို့က ဆက်၍ ပျံ့လွင့်ကာ ထာဝရအင်မော်တယ်နယ်မြေများနှင့် အလွန်ဝေးကွာသော နေရာများအထိ ရောက်ရှိသွားကြသည်။ အခြေကျ၍ အမြစ်များပေါက်လာကြသည့် ဒုဓလီစေ့များမှာမူ ပြောင်းလဲစပြုလာတော့သည်။
ဟင်းလင်းပြင်ကြီးထဲရှိ တစ်နေရာတွင် သက်ရှိကင်းမဲ့နေသော အပျက်အစီးအတန်းလိုက်ကြီးတစ်ခု ရှိသည်။ ထိုနေရာမှာ လူသူကင်းမဲ့ကာ ခြောက်ကပ်နေပြီး သေခြင်းတရားအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ထိုနေရာ၏အထက်တွင် ရွှံ့ညွန်များနှင့်ပင်တူသော မြူနှင်းမှုန်များ ဖုံးလွှမ်းနေသည်။
ထိုမြူမှုန်များထဲသို့ ဒုဓလီစေ့တစ်စေ့ ကျဆင်းကာ ပျောက်ကွယ်သွားသည်။ နှစ်အနည်းငယ်ကြာပြီးနောက် ထိုမြူခိုးများမှာ သေခြင်းတရားအငွေ့အသက်များနှင့်အတူ ပျောက်ကွယ်စပြုလာတော့သည်။
နောက်ထပ် သုံးနှစ်တိတိ ကုန်ဆုံးသွားသောအခါ ထိုမြူခိုးနှင့် သေခြင်းတရားအငွေ့အသက်တို့ လုံးဝပျောက်ကွယ်သွားပြီး အောက်ဘက်ရှိ ရွံ့အိုင်ထဲမှ နုနယ်သော အညှောက်တစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ အလွန်သေးငယ်သော အညှောက်ကလေးတစ်ခုသာ ဖြစ်သော်လည်း ရှင်သန်ခြင်းကို ကိုယ်စားပြုနေဆဲပင်။
၎င်းမှာ အချုပ်အနှောင်တစ်ခု၊ ကျိန်စာတစ်ခုကို ဖောက်ထွက်လိုက်သည့်ပုံပေါ်ပြီး သက်စောင့်အားများကို ဖြန့်ကြက်ကာ ၎င်း၏ပတ်ပတ်လည်ရှိ အပျက်အစီးများကို လုံးဝပြောင်းလဲလိုက်တော့သည်။
နောက်ထပ်သုံးနှစ်တိတိ ထပ်၍ကုန်ဆုံးသွားပြီးနောက် ထိုအညှောက်မှာဝေဆာပွင့်ဖူးလာကာ လတစ်စင်းနှင့်တူသော ပန်းပွင့်တစ်ပွင့် ပေါ်ပေါက်လာတော့သည်။
၎င်းမှာ... ငွေစန္ဒာ ပန်းတစ်ပွင့်ပင် ဖြစ်သည်။
ထိုငွေစန္ဒာပန်းပွင့်လာသောအခါ ၎င်းထံမှ တလက်လက်တောက်ပနေသည့် ခပ်မှိတ်မှိန်အလင်းရောင်တစ်ရောင် ပေါ်ထွက်လာသည်။ ထိုအလင်းရောင်မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် လင်းလက်မနေပါသော်လည်း ဟင်းဟင်းပြင်ကြီးထဲရှိ အမှောင်ထုများထဲတွင်မူ ရင်သပ်ရှုမောစရာ ကောင်းနေသည်မှာ အမှန်ပင်။
ထိုအလင်းရောင်မှာ တဖြည်းဖြည်း ပို၍တောက်ပလာပြီး အမှောင်ထုများကို ပပျောက်သွားစေကာ ပို၍တည်ငြိမ်လာတော့သည်။ တဖြည်းဖြည်းနှင့် ဟင်းလင်းပြင်ကြီးထဲရှိ ထိုနေရာလေးမှာ လင်းလက်တောက်ပလာပြီဖြစ်သည်။
၎င်းမှာ အပျက်အစီးများစွာထဲမှ တစ်ခုသာရှိသေးသည်။ သိပ်မကြာခင် ဒုတိယမြောက် အလင်းရောင်တစ်ခုပေါ်ထွက်လာပြီးနောက် နောက်ထပ်တစ်ခု...ထို့နောက် နောက်ထပ်တစ်ခု ပေါ်ထွက်လာပြန်သည်။ မီးပွားမီးစကဲ့သို့ အလင်းရောင်လေးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေတော့သည်။
၎င်းတို့မှာ ယခုတွင် မီးပွားတစ်ခုချင်းစီသာ ဖြစ်နေကြပါသော်လည်း ၎င်းတို့ပူးပေါင်းမိသွားပြီး တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားနိုင်မည်မဟုတ်ဟု မည်သူမှ မဆိုနိုင်ပေ။
ဒုဓလီသစ်စေ့များက အပျက်အစီးများကိုထပ်၍ ရှာတွေ့သွားသည်နှင့်အမျှ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီး အလင်းရောင်များမှာလည်း ထပ်၍ထွက်ပေါ်လာကြတော့သည်။ ယခု ပိုင်ရှောင်ချန်း တံခါးပိတ်ကျင့်စဥ်ထဲသို့ ရောက်နေသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်သွားပြီ ဖြစ်သည်။
ရှောင်ပေါက်မှာ ယခုဆိုလျှင် လူငယ်လေးတစ်ယောက်ပင် ဖြစ်နေပြီဖြစ်ပြီး သူ၏ဖခင်နှင့်ပတ်သတ်၍ သူသိထားသည့်တစ်ခုတည်းသောအရာမှာ တံခါးပေါက်၏ နောက်တွင် အခန်းပိတ်ကျင့်ကြံနေသည်ဆိုသော အချက်သာဖြစ်သည်။ သို့သော် သူ့အစ်ကိုနှင့်အစ်မတို့၏ ပြောစကားများကြောင့် သူ၏ဖခင်မှာ ခမ်းနားကြီးကျယ်လှပြီး ဘုန်းတန်ခိုးကြီးမားသော လူတစ်ယောက်ဖြစ်ကြောင်း သိထားသည်။
တပေါက်မှာ အမွေဆက်ခံသူအနေဖြင့် ဗဟိုဧကရာဇ်မင်းဆက်ကို တာဝန်ယူအုပ်ချုပ်နေသည်ဖြစ်ပြီး မဟာကောင်းကင်သခင်နှင့် အခြားသောတန်ခိုးရှင်များ၏ အကူအညီဖြင့် ယခင်က မိစ္ဆာဧကရာဇ်မင်းဆက်ကို စည်းရုံးသိမ်းသွင်းလိုက်သည်။
ရှောင်ရှောင်မှာ ကောင်းကင်ဧကရာဇ်အဆင့်ထိ ရောက်သွားပြီဖြစ်သော်လည်း ထာဝရမယ်တော်၏ အသိအမှတ်ပြုခြင်းကို မရရှိသေးပေ။ သို့သော် သူမထံတွင် ပိုင်ရှောင်ချန်း၏ အသိအမှတ်ပြုခြင်းရှိနေပြီး သူက ဒုဓလီစေ့များအသွင်ဖြင့် ဟင်းလင်းပြင်ကြီးတစ်ခွင် ပျံ့နှံ့နေသည်ဖြစ်ရာ ထိုအစေ့များနှင့် သူမတို့ကြားရှိ ချိတ်ဆက်နေသောကံတရားကြောင့် သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ တမုဟုတ်ခြင်း မြင့်တက်နေတော့သည်။ ထိုတိုတောင်းလှသော အနှစ်နှစ်ဆယ်ကာလအတွင်း သူမသည် ကောင်းကင်ဧကရာဇ်အလယ်ပိုင်းအဆင့်အထိ ရောက်ရှိသွားခဲ့သည်။
ထိုအချိန်တွင် ထူးဆန်းသော လက္ခဏာများ ပေါ်လာတော့သည်။
သံယောဇဥ်မဲ့လူသားမှာ နှစ်ပေါင်းနှစ်ဆယ်တိတိ မလှုပ်မယှက်ရှိနေခဲ့ပါသော်လည်း ရုတ်တရက် သူ တုန်ရီသွားတော့သည်။ ထိုအခါ ထာဝရအင်မော်တယ်နယ်မြေများထဲမှ လူများအားလုံး ထိုအချက်ကို သတိထားမိလိုက်ကြသဖြင့် ချက်ချင်းပင် စိုးထိတ်သွားကြတော့သည်။
ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်နှစ်ယောက်စလုံး တံခါးပိတ်ကျင့်ကြံနေကြသည်ဖြစ်ရာ ထာဝရအင်မော်တယ်နယ်မြေတွင် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်တစ်လေပင် မရှိတော့ပေ။ ကံကောင်းသည်မှာ ယခုအကြိမ်တွင် မည်သည့် ဥက္ကာခဲမှ ကျဆင်းမလာခြင်းပင်။ သို့သော်လည်း သံယောဇဥ်မဲ့လူသား၏ နဖူးပေါ်တွင် လေပွေတစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် ကောင်းကင်တံတားတာအို ပေါ်ပေါက်လာတော့သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ပိုင်ရှောင်ချန်းကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရပါသော်လည်း ယခုတွင်မူ ပြန်၍ ပေါ်ထွက်လာပြီဖြစ်သည်။ သူသည် မျက်နှာပျက်နေသော အမူအရာဖြင့် သံယောဇဥ်မဲ့လူသားအား ချုပ်နှောင်ထားသည့် မန္တန်အစီအရင်ကို ပထမဦးစွာ ကြည့်လိုက်ပြီးနောက် ထာဝရအင်မော်တယ်နယ်မြေများကို ငုံ့ကြည့်လိုက်သည်။
အကယ်၍ သူ၏ဆန္ဒအတိုင်းသာဆိုပါက ထာဝရအင်မော်တယ်နယ်မြေများ ပျက်စီးသွားသည်ကို သူ တွေ့မြင်စရာလိုမည် မဟုတ်ပေ။ သို့သော် အိပ်မောကျနေသည့် သံယောဇဥ်မဲ့လူသားမှာ အန္တရာယ်ကြီးတစ်ခု စုဝေးကာဖြစ်တည်နေသည်ကို အာရုံခံမိလိုက်သည်ဖြစ်၍ သူ့အား အလွန်တိကျသော တာဝန်တစ်ခု ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
" မန္တန်အစီအရင်ကို ဖောက်ထွက်။ ပိုင်ရှောင်ချန်း တရားမှတ်နေတာကို ရအောင်အဆုံးသတ်လိုက်... "
ကောင်းကင်တံတားတာအိုမှာ ပိုင်ရှောင်ချန်းနှင့်ပတ်သတ်၍ ရောယှက်နေသော ခံစားချက်ပေါင်းစုံ ရှိနေခဲ့သည်။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည့်တိုင်အောင် သူသည် ထိုခံစားချက်များထံမှ အဖြေလုံးဝမရှာနိုင်ခဲ့ပေ။
ကောင်းကင်တံတားတာအိုမှာ ဤကိစ္စနှင့်ပတ်သတ်၍ သူ့တွင် ရွေးချယ်စရာမရှိကြောင်း သိသည်။ ထို့နောက် အကယ်၍သူသာ အတိတ်သို့သွား၍ သုညမှပြန်စနိုင်ခဲ့မည်ဆိုပါက မတူညီသော အရာများကို ရွေးချယ်ခဲ့လေမလားဟု သူ့ကိုယ်သူ ပြန်၍မေးမိနေတော့သည်။ သို့သော် ထိုမေးခွန်းအတွက် အဖြေမှန်မှာ ရှိမည်မဟုတ်ပေ။ သူသည် သူ၏ညှိုးငယ်စိတ်များကို ချုပ်တည်းလိုက်ပြီး အေးစက်သောမျက်ဝန်းများဖြင့် ကြည့်လိုက်တော့သည်။ သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ သံယောဇဥ်မဲ့လူသား၏ နဖူးထဲရှိ လေပွေမှာ ဝဲတစ်ခုကဲ့သို့ လည်ပတ်သွားတော့သည်။ ထို့နောက် အရေအတွက်များပြားစွာပါဝင်သော မကောင်းဆိုးဝါးတစ္ဆေတစ်အုပ် ထွက်ပေါ်လာသဖြင့် အော်ဟစ်မြည်တမ်းသံများနှင့် ဟိန်းဟောက်သံများကို ကြားလိုက်ရတော့သည်။
ထိုမိစ္ဆာများ၏ အရေအတွက်မှာ များပြားလွန်းလှပြီး ကောင်းကင်တံတားတာအို၏ လက်အောက်မှ စစ်တပ်ကြီးတစ်တစ်တပ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ထိုစစ်တပ်ကြီးမှာ တွေဝေမနေပဲ ပိုင်ရှောင်ချန်းက အချိန်အနှစ်သာရကို အသုံးပြု၍ တည်ဆောက်ထားသော မန္တန်အစီအရင်ဆီသို့ ဒုန်းစိုင်းပျံသန်းလာကြတော့သည်။
ဟင်းလင်းပြင်ကြီးထဲသို့ တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထွက်သွားပြီး အောက်ဘက် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ကျင့်ကြံသူများမှာ ၎င်းတို့အား လျင်မြန်စွာပင် သတိထားမိသွားတော့သည်။ သူတို့ အံ့သြတုန်လှုပ်သွားကြပြီး ပြန်လည်ခုခံရန်အတွက် သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို လည်ပတ်စေလိုက်တော့သည်။
ထိုအချက်မှာ ဤမန္တန်အစီအရင်၏ အံ့သြဖွယ်ရာ အချက်များထဲအနက် တစ်ခု ဖြစ်သည်။ ထိုအစီအရင်တစ်ခုလုံးထဲတွင် ရှိနေသော မန္တန်အစီအရင်ဆုံချက်တိုင်းကို ကျင့်ကြံသူတစ်ယောက်ချင်းစီနှင့် ချိတ်ဆက်ထားသည်ဖြစ်ရာ ၎င်းကို ဖျက်ဆီးရန် မဖြစ်နိုင်လုနီးပါးပင်။
သို့သော် ထိုဆုံချက်များထဲမှ ပမာဏတစ်ခုအထိ ပျက်စီးသွားခဲ့မည်ဆိုပါက ထိုမန္တန်အစီအရင်မှာ ပြိုလဲသွားရမည်သာ ဖြစ်သည်။ ထိုသို့ပြိုလဲသွားရန်မှာလည်း အချိန်အနည်းငယ်သာ လိုအပ်သည်။
ထိုမန္တန်အစီအရင်အား သုံးနှစ်သုံးမိုးတိတိ သဲကြီးမဲကြီး တိုက်ခိုက်ကြသည်။
ထိုသုံးနှစ်အတွင်း နေ့ရောညပါ ထာဝရအင်မော်တယ်နယ်မြေများ၏ အထက်ကောင်းကင်ယံတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်နေခဲ့သည်။ ကောင်းကင်တံတားတာအိုမှာ အချိန်မည်မျှပင် ကုန်ဆုံးစေကာမူ စိုးရိမ်မှုလုံးဝမရှိပေ။ သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါး မိစ္ဆာများမှာ မရေမတွက်နိုင်လောက်အောင် အမြောက်အမြားရှိနေသည်ဖြစ်ရာ သူတို့အားလုံး သေဆုံးသွားလျှင်တောင် ကောင်းကင်တံတားတာအို ဂရုစိုက်မည်မဟုတ်ပေ။ ထိုသုံးနှစ်အတွင်း မကောင်းဆိုးဝါးမိစ္ဆာစစ်တပ်မှာ အလွန်အထိနာခဲ့ရပါသော်လည်း ကောင်းကင်တံတားတာအိုမှာ ထိုးစစ်ကို မရပ်တန့်စေခဲ့ပေ။
ထို့အပြင် ထိုသို့ အဆက်မပြတ် တိုက်ခိုက်နေမှုကြောင့် မန္တန်အစီအရင်မှာလည်း ပေါက်ကွဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ၎င်း၏ မျက်နှာပြင်တစ်ခွင် အနက်ရောင် အမှတ်အသားများ ပျံ့နှံ့ကာ အချိန်၏အနှစ်သာရပေါ်တွင်စွန်းထင်းသွားကြသဖြင့် မန္တန်အစီအရင်မှာ တဖြည်းဖြည်းချင်း အင်အားချည့်နဲ့လာနေသည်ကို မြင်နေရပြီ ဖြစ်သည်။
" သိပ်မကြာတော့ပါဘူး... "
ကောင်းကင်တံတားတာအိုက ရေရွတ်လိုက်သည်။ သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်ရန်အတွက် မကောင်းဆိုးဝါးမိစ္ဆာများအား ထပ်၍ပင် ဆင့်ခေါ်လိုက်ပြန်သည်။
ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ကျင့်ကြံသူများမှာ အခက်တွေ့နေရပြီ ဖြစ်သည်။ မည်သူကမှ ကျင့်ကြံခြင်းထဲတွင် အာရုံမစိုက်နိုင်ကြတော့ပေ။ သူတို့က တင်ပျဥ်ခွေထိုင်ကာ သူတို့၏စွမ်းအင်များအားလုံးကို မန္တန်အစီအရင်ပေါ်တွင် အာရုံစိုက်ထားရပြီး ၎င်းအား သူတို့၏ကျင့်ကြံခြင်းအခြေခံများဖြင့် အားဖြည့်ကာ မကောင်းဆိုးဝါးမိစ္ဆာများ၏ ကျူးကျော်မှုကို တွန်းလှန်နေကြရသည်။
ထိုနှစ်ဖွဲ့မှာ မန္တန်အစီအရင်၏ ခြားနားခြင်းကို ခံထားရပါသော်လည်း အလွန်တမူထူးခြားသော ပုံစံဖြင့် အသေအကျေ တိုက်ခိုက်နေကြတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်း၏ သက်စောင့်အားနှင့် နတ်ဘုရားအာရုံများ ပါဝင်သော ဒုဓလီအစေ့များမှာ ဟင်းလင်းပြင်ကြီးတစ်ခွင်ရှိ တစ်နေရာမကျန် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့မှာ နေရာတိုင်းရှိ အပျက်အစီးများအပေါ်သို့ ဆင်းသက်သွားခဲ့ကြသည်။ သူ ယခင်က ကြုံခဲ့ရသည့် မျောလွင့်နေသော အခေါင်းများထဲသို့ပင် ကျရောက်သွားခဲ့ကြသည်။
အချိန်တစ်နှစ်ကုန်ဆုံးသွားတိုင်း အလင်းရောင်များထပ်၍ ပေါ်ထွက်လာခဲ့သည်။ ယခုတွင် ဟင်းလင်းပြင်ကြီးထဲသို့ လှမ်းကြည့်လိုက်ပါက မျက်စိကျိန်းစရာကောင်းသော ကြယ်အလင်းရောင်များကို နေရာတိုင်းတွင်မြင်နေနိုင်ပြီ ဖြစ်သည်။ ယခုတွင်မူ ၎င်းအား ကြယ်တာရာကောင်းကင်ဟု အမှန်တကယ်ပြန်လည်ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။
ထိုအပြောင်းအလဲများကြောင့် အိပ်ပျော်နေသည့် သံယောဇဥ်မဲ့လူသားမှာ ပို၍ဂနာမငြိမ် ဖြစ်လာရပြီး ကောင်းကင်တံတားတာအိုမှာလည်း သူ့နည်းတူ စိုးထိတ်လာရတော့သည်။ သူသည် သံယောဇဥ်မဲ့လူသား၏ အမျက်ဒေါသကို အာရုံခံမိနေပြီဖြစ်ပြီး နီမြန်းနေသောမျက်ဝန်းကြီးများဖြင့် လျင်မြန်စွာပျက်စီးနေသော မန္တန်အစီအရင်ကို လှမ်းကြည့်နေတော့သည်။
" အရာအားလုံးကို လက်စသတ်ဖို့ အချိန်ကျပြီ။ ပိုင်ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံနေတာ။ ပြီးတော့ သံယောဇဥ်မဲ့လူသားကြောင့် ငါက မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နေပြီ။ အခုလောလောဆယ်မှာ ငါ့ကိုဘယ်သူမှ မတားဆီးနိုင်ဘူးကွ "