← Chapters

စုန့်ချွဲ

Vol. 13 Ch. 1286

စုန့်ချွဲ

Vol. 13 Ch. 1286

" ဘာမှ တကယ်လို့တွေ လုပ်မနေနဲ့တော့... "

အနက်ရောင် အလင်းထဲမှ ကောင်းကင်တံတားတာအို၏ အေးစက်စက် စကားသံကြီး ထွက်ပေါ်လာပြီး သူတော်စင်ဧကရာဇ်ထံ တည့်မတ်စွာ ပျံသန်းလာတော့သည်။

ကောင်းကင်တံတားတာအိုက သူ့အား ဝင်မတိုက်မိခင် နောက်ဆုံးအချိန်ကလေးတွင် သူတော်စင်ဧကရာဇ်၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများဖြင့် တောက်ပလာတော့သည်။ အမှန်မှာ သူသည် သူ့ကိုယ်သူချုပ်တည်းလိုက်ပြီး လာရောက်မတိုက်ခိုက်ရန် ရွေးချယ်ခဲ့နိုင်သည်။ ထို့အပြင် သူ၏မျက်လုံးများကို ဖွင့်လိုက်စဥ်ကတည်းက ကောင်းကင်တံတားတာအိုအား လုံးဝယှဥ်နိုင်မည်မဟုတ်ကြောင်းကိုလည်း သူ သိထားခဲ့သည်။

သို့သော်ငြား ဤနယ်မြေမှာ သူ၏အိမ်ဖြစ်ပြီး သူသည် ထာဝရမယ်တော်ထံမှ ဆင်းသက်လာသည့် တာအိုကိုပိုင်ဆိုင်ထားသော သူတော်စင်ဧကရာဇ်ဖြစ်သည်။ ထို့အပြင် သူ ထိုသို့ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ထဲတွင် ထိုအရာများထက် ပို၍အရေးကြီးသော အချက်တစ်ချက်ရှိနေသေးသည်။ ၎င်းမှာ ပိုင်ရှောင်ချန်းပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သူနှင့်မတူညီသော လမ်းတစ်ခုကို ရွေးချယ်ခဲ့သည်ဖြစ်ပြီး အစောပိုင်းက ထိုရွေးချယ်မှုကို သူ နားမလည်ခဲ့ပေ။ ယခုတွင် သူ ဉာဏ်အလင်းပွင့်သွားပြီဖြစ်သည်။ ထာဝရမယ်တော်၏ ထောက်ခံမှုကို သူ ရရှိခဲ့ပြီးနောက် ပိုင်ရှောင်ချန်းမှာ နားမလည်နိုင်လောက်အောင် ခက်ခဲလွန်းလှသော လမ်းစဥ်တစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သူ သိသွားတော့သည်။

သူ၏တာအိုမှာ အခြားမည်သူနှင့်မှ မသက်ဆိုင်ပေ။ သူ၏တာအိုမှာ သူ၏ကိုယ်ပိုင် ဖြစ်သောကြောင့် အကယ်၍ သူသာ ၎င်းကို ရယူနိုင်ခဲ့မည်ဆိုပါက အခြားအရာများနှင့် မတူညီသော အဆင့်တစ်ခုတွင် ရှိနေမည်ဖြစ်ပြီး သံယောဇဥ်မဲ့လူသား၏ တာအိုနှင့် ဆင်တူသွားမည် ဖြစ်သည်။

သူတော်စင်ဧကရာဇ်မှာ ကောင်းကင်တံတားတာအိုအား အနိုင်မယူနိုင်ကြောင်း သိပါသော်လည်း တိုက်ခိုက်ရန် ရောက်လာခဲ့ဆဲပင် ဖြစ်သည်။ အကယ်၍ ကောင်းကင်တံတားတာအိုအား တစ်ခဏလေးမျှပင် ရပ်တန့်သွားစေနိုင်မည် ဆိုလျှင်တောင် သူသည် သူ့ကိုယ်သူဖောက်ခွဲ၍ သူ၏ခန္ဓာသာမက ဝိညာဥ်ကိုပါ စတေးပစ်ရန် အသင့်ရှိနေသည်။

သို့သော် သူတော်စင်ဧကရာဇ်က မည်သည့်အရာမှ မလုပ်နိုင်ခင် ကောင်းကင်တံတားတာအိုဖြစ်သော အနက်ရောင်အလင်းကြီးက သူ့အားဝင်တိုက်ခါနီးတွင် ရုတ်တရက် လောကနတ်ဘုရားအလင်းတန်းတစ်တန်းက လေဟုန်ခွင်း၍ ပေါ်ထွက်လာတော့သည်။

ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်နှင့် စတုတ္ထမြောက်အလင်းတန်းများ ပေါ်ထွက်လာသည်။. မျက်စိတစ်မှိတ်အတွင်း လောကနတ်ဘုရားအလင်းတန်းပေါင်း သုံးရာခန့်က လောကနတ်ဘုရားအဆင့်စွမ်းအားများ ထုတ်လွှတ်၍ ကောင်းကင်တံတားတာအိုထံ ဦးတည်လာနေကြပြီ ဖြစ်သည်။ ထိုကဲ့သို့ အလင်းတန်း တစ်တန်းမျှသာဆိုလျှင် ကောင်းကင်တံတားတာအိုအတွက် ကြောက်စရာကောင်းနေမည် မဟုတ်ပါသော်လည်း ယခုပေါ်ထွက်လာသော အလင်းတန်းပေါင်းအားလုံး၏ စွမ်းအားကြောင့် သူ ချက်ချင်းပင် ရပ်တန့်သွားရတော့သည်။

ပို၍ အရေးကြီးသည့်အချက်မှာ သူတော်စင်ဧကရာဇ်အတွက်ဖြစ်စေ၊ ကောင်းကင်တံတားတာအိုအတွက်ဖြစ်စေ၊ ထာဝရအင်မော်တယ်နယ်မြေများထဲမှ ကျင့်ကြံသူအားလုံးအတွက်ဖြစ်စေ လောကနတ်ဘုရားအလင်းတန်း ကိုယ်စားပြုနေသည့်အရာမှာ တစ်ခုတည်းသာ ရှိသည့်အချက် ဖြစ်သည်။

" ပိုင်ရှောင်ချန်း "

သူတော်စင်ဧကရာဇ်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

" ပိုင်ရှောင်ချန်းပါလား "

ကောင်းကင်တံတားတာအို၏ မျက်နှာပေါ်တွင် အလွန်တည်ကြည်သော အမူအရာတစ်ခုပေါ်လာပြီး သူသည်လည်း ကောင်းကင်ပေါ်သို့မော့ကာ ကောင်းကင်အလွန်မှ သူ့ထံ ချဥ်းကပ်လာနေသည့် တုန်လှုပ်ခြောက်ခြားဖွယ် စွမ်းအင်များကို လှမ်း၍ကြည့်လိုက်တော့သည်။

သူတို့နှစ်ယောက်သာ ထိုသို့ဖြစ်သွားကြသည် မဟုတ်ပေ။ ဗဟိုဧကရာဇ်မြို့တော်ထဲတွင် စုန့်ကျင်းဝမ်၊ ဟိုရှောင်မေ့၊ ကျိုးကျစ်မိုနှင့် ကုန်းစွန်းဝမ်အာတို့အားလုံးမှာလည်း မယုံကြည်နိုင်လောက်အောင် ပြူးကျယ်နေကြသည့် မျက်လုံးများဖြင့် မော့ကြည့်လိုက်ကြတော့သည်။

ထိုစဥ် ရှောင်ရှောင်၊ တပေါက်နှင့် ရှောင်ပေါက်တို့မှာ ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်စဥ်အခန်းဘက်သို့ လှမ်း၍ကြည့်လိုက်ကြသည်။ မဟာကောင်းကင်သခင်နှင့် အခြားသော တန်ခိုးရှင်များမှာလည်း ထိုနည်းတူပင်။

သူတို့အားလုံး မည်သို့မည်ဖုံ ဖြစ်ပျက်နေမှန်း ဝေခွဲ၍မရနိုင်လောက်အောင် ဖြစ်နေကြသည်။ သို့သော် သူတို့ထဲမှ အများစုမှာ ပိုင်ရှောင်ချန်း၏ လောကနတ်ဘုရားအလင်းတန်းကို မှတ်မိနေကြသည်ဖြစ်၍ စိတ်လှုပ်ရှားစပြုလာတော့သည်။

" အဲဒါ ဗဟိုဧကရာဇ်ပဲ "

" ဗဟိုဧကရာဇ် တံခါးပိတ်ကျင့်စဥ်ထဲက ထွက်လာပြီဟေ့ "

ထိုသို့ အားပေးကြွေးကြော်သံများ ဆူညံသွားသောအခါ ကောင်းကင်တံတားတာအို မျက်မှောင်ကြုတ်သွားတော့သည်။ သူ့ထံ ဦးတည်လာနေသည့် စွမ်းအင်မှာ အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေသည်မှာ မှန်ကန်သော်လည်း သူမှတ်မိသလောက်ဆိုလျှင် ၎င်းမှာ ပိုင်ရှောင်ချန်း၏စွမ်းအင်နှင့် လုံးဝမတူပေ။

သူတော်စင်ဧကရာဇ်မှာလည်း တစ်စုံတစ်ရာ ထူးဆန်းနေကြောင်း အာရုံခံမိလိုက်သည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်စလုံး ထာဝရအင်မော်တယ်နယ်မြေများဆီသို့ လျင်မြန်စွာ ဦးတည်ပျံဝဲလာနေသည့် ဧရာမယပ်တောင်ကြီးကို မြင်လိုက်ရပြီး လေထုထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားသည်ကို ကြားလိုက်ရသည်။

၎င်းမှာ ပိုင်ရှောင်ချန်း၏ ရတနာယပ်တောင်ကြီးပင် ဖြစ်သည်။ ထိုယပ်တောင်၏ မျက်နှာပြင်ပေါ်ရှိ လောကတာအို ချန်ရစ်ခဲ့သော အနှစ်သာရများကို သိုလှောင်ထားသော မျှော်စင်ထဲတွင် စုန့်ချွဲ၏ ရုပ်အလောင်းက တင်ပျဥ်ခွေ ထိုင်နေသည်။

သူ၏မျက်နှာမှာ ဖြူဆုတ်နေပြီး အသက်မရှိတော့သည့်ပုံ ပေါ်နေပြီဖြစ်သည်။ သို့သော် သူ့ထံမှ သေခြင်းတရားအငွေ့အသက်တစ်ခုအပြင် စွမ်းအားကြီးမားသော သက်စောင့်အားတစ်ခုလည်း ပေါ်ထွက်နေသည်။

ထို့အပြင် ယခင်က ထိုမျှော်စင်ထဲတွင် စိမ့်ဝင်ပျံ့နှံ့နေခဲ့သည့် ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရများမှာလည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး စုန့်ချွဲ၏ခန္ဓာကိုယ်ထဲတွင် ရှိနေကြပြီဖြစ်သည်။

သူ၏နဖူးပေါ်တွင် အမှတ်အသားတစ်ခုကို မြင်နိုင်သည်။ ၎င်းမှာ လောကတာအို၏ မျက်နှာပင်ဖြစ်သည်။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုမျက်နှာမှာ စုန့်ချွဲ၏ မျက်နှာနှင့် အလွန်ဆင်တူနေကြောင်း တွေ့နိုင်သည်။ ထိုသို့ ဖြစ်နေရသည့် အကြောင်းအရင်းမှာ လောကတာအိုမှာ သေဆုံးသွားပြီဖြစ်ပြီး သူ၏တာအိုကို စုန့်ချွဲကစုပ်ယူခဲ့သောကြောင့် ဖြစ်သည်။ ယခုတွင် သူသည် လောကတာအို၏ အမှတ်အသားကို ပိုင်ဆိုင်ထားပါသော်လည်း ၎င်းမှာ သူ၏ကိုယ်ပိုင်ဖြစ်သွားပြီဖြစ်၍ သူ လိုအပ်သလို ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။

ထိုယပ်တောင်ကြီး အနီးသို့ရောက်လာသောအခါ ကောင်းကင်တံတားတာအိုမှာ မျက်လုံးများမှေးသွားပြီး လူအုပ်ကြီးမှာ အားပေးသံများနှင့် ညံနေတော့သည်။

ထိုအချိန်တွင် စုန့်ချွဲမှာ မျက်လုံးများပွင့်လာတော့သည်။

သူ၏မျက်လုံး တစ်လုံးက အနက်ရောင်ဖြစ်နေပြီး အခြားတစ်လုံးက အဖြူရောင်ဖြစ်နေကာ ထိုနှစ်လုံးစလုံးတွင် မျက်ဆံများ မပါပေ။

တချိန်တည်းမှာပင် သူ၏နဖူးပေါ်မှ အမှတ်အသားက တလက်လက်တောက်ပလာပြီး သူ့ထံမှ မိုးမြေဧကရာဇ်အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။ သူ မတ်တတ်ထရပ်လိုက်ပြီး ယပ်တောင်အောက်သို့ ဆင်းလာသောအခါ သူ၏ပတ်ပတ်လည်တွင် မိုးသက်မုန်တိုင်းနှစ်ခုက အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့သည်။

ထို့နောက် သူက ပျောက်ကွယ်သွားကာ ထာဝရအင်မော်တယ်နယ်မြေထဲတွင် ပြန်၍ပေါ်လာပြီး ကောင်းကင်တံတားတာအို၏ ရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။

" မင်း ရှေ့ဆက်မတိုးစေရဘူး "

သူက လေသံမာမာဖြင့် ဆိုလိုက်သည်။ သူ၏အဖြူရောင်တစ်ဖက် အနက်ရောင်တစ်ဖက်ဖြစ်နေသော မျက်လုံးများကြောင့် ကောင်းကင်တံတားတာအို၏ မျက်ဆံများပင် ကျဥ်းမြောင်းသွားရတော့သည်။ သူတော်စင်ဧကရာဇ်မှာမူ စုန့်ချွဲအား မသိပါသော်လည်း ဗဟိုဧကရာဇ်မြို့တော်ထဲမှ စုန့်ကျင်းဝမ်၏ လှမ်းအော်သံကို ကြားလိုက်ရသည်။

" ချွဲအာ… "

စုန့်ချွဲမှာ သူမ၏အော်ဟစ်သံကိုကြားလိုက်ရသဖြင့် လှမ်း၍ ငုံ့ကြည့်လိုက်သောအခါ သူ၏တင်းမာနေသော မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ကောင်းကင်တံတားတာအိုမှာ မှုန်ဝါးနေသော အနက်ရောင် အလင်းရောင်တစ်ခုအသွင် ပြောင်းလဲသွားပြီး သူ့ထံ တည့်မတ်စွာ ဦးတည်လာတော့သည်။

" မျိုးတုန်းသုတ်သင်ခြင်းအတတ် ဟုတ်လား " စုန့်ချွဲကဆိုလိုက်သည်။

" ဒီနေရာမှာတော့ တည်ငြိမ်နေတာကိုပဲ မြင်နေရတယ်ကွ။ ဘာမျိုးတုန်းသုတ်သင်ခြင်းကိုမှ မတွေ့ဘူး "

ထိုသို့ဆိုကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်တံတားတာအို အသုံးပြုနေသည့် အနက်ရောင်အလင်းနှင့် လုံးဝနီးပါးဆင်တူသော အနက်ရောင်အလင်းတစ်ခု ပေါ်ထွက်လာတော့သည်။ ထို့နောက် သူသည်လုံးဝတွေဝေမနေတော့ပဲ စတင်တိုက်ခိုက်လိုက်တော့သည်။

အုန်းခနဲမြည်သံတစ်သံ ပေါ်ထွက်လာပြီး အနက်ရောင် အလင်းရောင်အသွင်ဖြင့် ရှိနေသော ကောင်းကင်တံတားတာအိုမှာ ပထမဆုံးအကြိမ်အဖြစ် သိမ့်ခနဲ တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ်အစစ်ပေါ်ထွက်လာကာ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင်ဖြစ်သွားရသဖြင့် စုန့်ချွဲအား အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်မိတော့သည်။

စုန့်ချွဲမှာမူ အရောင်လက်နေသော မျက်လုံးများဖြင့် ဆိုလိုက်သည်။

" ရှင်သန်ခြင်းနဲ့သေခြင်းတရား အနှစ်သာရကို လောကတာအို ဖန်တီးခဲ့တာက သူချစ်ရတဲ့လူကို အသက်ပြန်သွင်းဖို့လည်းဟုတ်သလို သံယောဇဥ်မဲ့လူသားကို တွန်းလှန်ခုခံဖို့ဆိုလည်း ဟုတ်တယ်ကွ "

" ဒီအနှစ်သာရက သံယောဇဥ်မဲ့လူသားကို တိုက်ခိုက်ရလောက်အောင် စွမ်း၊မစွမ်း ငါမသိပေမဲ့ မင်းကိုတိုက်ခိုက်ဖို့အတွက်ဆိုရင်တော့ လိုတာထက်တောင် ပိုနေသေးတယ် "

ထိုသို့ဆိုကာ သူက လှစ်ခနဲလှုပ်ရှားလိုက်ပြီး ကောင်းကင်တံတားတာအိုထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်တော့သည်။

သူတော်စင်ဧကရာဇ်၏မျက်နှာအမူအရာ ဝင်းလက်သွားပြီး ရှေ့သို့ပျံသန်းသွားလိုက်ကာ စုန့်ချွဲနှင့် ပူးပေါင်းလိုက်သည်။ မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော ကျင့်ကြံသူနှစ်ယောက်မှာ ယခုတွင် အဆက်မပြတ် ပူးပေါင်းတိုက်ခိုက်နေကြပြီး ကောင်းကင်တံတားတာအိုအား ထပ်ခါထပ်ခါ ထိုးကြိတ်နေကြတော့သည်။

အသက်ရှူကြိမ်အနည်းငယ်အတွင်း တအုန်းအုန်း မြည်သံများ တရစပ်ထွက်ပေါ်လာသဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားတော့သည်။ ထို့နောက် သူတို့သုံးယောက်က တဖြည်းဖြည်းနှင့် လေပေါ်သို့ မြင့်တက်သွားကြပြီး နောက်ဆုံးတွင် ထာဝရအင်မော်တယ်နယ်မြေများ၏ အပြင်ဘက်ရှိ ကြယ်တာရာကောင်းကင်ထဲအထိ ရောက်ရှိသွားကြကာ ထိုနေရာတွင် ဆက်လက်တိုက်ခိုက်နေကြတော့သည်။

ကောင်းကင်တံတားတာအိုမှာ သူတို့သုံးယောက်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။ သို့သော် သူသည် စုန့်ချွဲ၏ အနှစ်သာရမှော်အတတ်ကို ရင်ဆိုင်ရာတွင် အခက်တွေ့နေရသဖြင့် ဒဏ်ရာများစွာ ရရှိနေပြီဖြစ်သည်။ အကယ်၍ သူသာ စုန့်ချွဲအား တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုလျှင် ပြဿနာမရှိပါသော်လည်း ယခုတွင်မူ သူတော်စင်ဧကရာဇ်ကိုပါ ရင်ဆိုင်နေရသေးသည်။

သူသည် မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော ကျင့်ကြံသူနှစ်ယောက်အား တစ်ပြိုင်နက်ထဲ ရင်ဆိုင်နေရသည်ဖြစ်ပြီး ထိုလူနှစ်ယောက်အနက်တစ်ယောက်မှာ သူ့အားရင်ဆိုင်ရန် သီးသန့်တီထွင်ထားသော ဗျူဟာများကို အသုံးပြုနေသည်လည်း ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် အသာစီးပြန်ရရန်မှာ မဖြစ်နိုင်တော့ပေ။ မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများ တိုက်ခိုက်ရာတွင် အသေးငယ်ဆုံးသော ဟာကွက်လေးတစ်ခုသည်ပင် ကြီးမားသော နောက်ဆက်တွဲပြဿနာများကို ပေါ်ထွက်လာနိုင်စေသည် မဟုတ်ပါလော။ ကောင်းကင်တံတားတာအို၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ထပ်ခါထပ်ခါ ဆုတ်ခွာနေရတော့သည်။ အချို့သောအချိန်များတွင် သူသည် စုန့်ချွဲ၏ ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရကို ရှောင်တိမ်းလိုက်နိုင်ပါသော်လည်း သူတော်စင်ဧကရာဇ် အသုံးပြုနေသည့် ထာဝရပန်း၏နတ်ဘုရားအစွမ်းများဖြင့် ရိုက်နှက်ခံလိုက်ရသည်သာ ဖြစ်သည်။

ကောင်းကင်တံတားတာအိုမှာ သွေးပွက်တစ်ပွက် အန်ထွက်လာပြီး ထွက်ပြေးရန်ပြင်လိုက်ပါသော်လည်း စုန့်ချွဲက သူ၏လက်ကိုဝှေ့ယမ်းကာ ယပ်တောင်ကြီးအား ဆင့်ခေါ်လိုက်သဖြင့် ၎င်းမှာ သူ့ထံသို့ ပျံဝဲလာပြီး သူ၏လက်ဖြင့် ဆုပ်ကိုင်နိုင်လောက်သည့် အရွယ်အစားအထိ ကျုံ့ဝင်သွားသည်ကို တွေ့လိုက်ရသည်။

စုန့်ချွဲမှာ ရှင်သန်ခြင်းနှင့်သေခြင်းတရားတို့၏ တာအိုအနှစ်သာရကို ပိုင်ဆိုင်ထားသည့်အတွက် လောကတာအို၏ အရိုးရှင်းဆုံးသော အမွေအနှစ်အတတ်ပညာများကို အသုံးပြုနိုင်စွမ်း ရှိပေသည်။ ဝိညာဥ်အစောင့်အရှောက် ပိုင်ရှောင်ချီပင် သူ၏အမိန့်များကို နာခံရသည်။ ထိုအချင်းအရာကို ပိုင်ရှောင်ချန်း လုံးဝ စိတ်ကူးထားမိမည် မဟုတ်ပေ။

ပိုင်ရှောင်ချန်းကိုယ်တိုင် ဝင်မတားသရွေ့ ပိုင်ရှောင်ချီမှာ စုန့်ချွဲခိုင်းသမျှ အရာအားလုံးကို လုပ်နေမည်သာ ဖြစ်သည်။

ထိုအရွယ်အစား သေးငယ်သွားသော ယပ်တောင်မှာ စုန့်ချွဲ၏ ရှေ့တွင်ပေါ်ထွက်လာသောအခါ ၎င်းကိုဆုပ်ကိုင်လိုက်ပြီး သူ၏ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မြစ်ကြီးတစ်စင်း ချက်ချင်း စီးဆင်းပေါ်ထွက်လာကာ ကြယ်တာရာကောင်းကင်ထဲတွင် အလျင်အမြန်ပြည့်နှက်သွားသဖြင့် ကောင်းကင်တံတားတာအိုမှာ ဖုံးလွှမ်းခံလိုက်ရပြီး မထွက်ပြေးနိုင်တော့ပေ။

ထို့နောက် လောကနတ်ဘုရားအလင်းရောင်များဖြင့် တောက်ပနေသည့် အထီးကျန်သောလှေကလေးတစ်စင်းမှာလည်း ပေါ်ထွက်လာသည်။ ထိုလှေပေါ်မှ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ ချက်ချင်းပင် တိုက်ခိုက်ရန် ခုန်ထွက်လာကြသည်။ သို့သော် ထိုမျှနှင့် မပြီးသေးပေ။ ကြယ်တာရာကောင်းကင်ထဲတွင် ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုမျှော်စင်နှင့်အတူ ၎င်း၏အောက်ဘက်ရှိ တောင်ကြီးပါ ပေါ်ထွက်လာသဖြင့် ကောင်းကင်တံတားတာအိုမှာ အံ့အားသင့်ကာ ထိတ်လန့်သွားရတော့သည်။ ထိုအရာများအပြင် မိုးမြေဧကရာဇ်လက်ကြီးတစ်ဖက်ပါ ပေါ်ထွက်လာတော့သည်။

ဤအရာများအားလုံးမှာ မှော်ပစ္စည်း၏ စွမ်းအားအစစ်အမှန် ဖြစ်သည်။

ကြယ်တာရာကောင်းကင်ထဲတွင် စီးဆင်းနေသည့် မြစ်ထဲတွင် စုန့်ချွဲ၏ ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုအနှစ်သာရနှင့် အပြည့်အဝ ကိုက်ညီမှုရှိသည့် အချုပ်အနှောင်စွမ်းအားတစ်ခု ပါရှိသည်။ လောကတာအိုကိုယ်တိုင် အသုံးပြုနိုင်သည့်အဆင့်လောက် မမြင့်မားပါသော်လည်း ၎င်းနီးပါးလောက်တော့ ရှိပေသည်။ သို့ဖြစ်၍ ကောင်းကင်တံတားတာအိုမှာ မည်မျှပင် အော်ဟစ်ရုန်းကန်နေစေကာမူ မလွတ်မြောက်နိုင်ပေ။

ထိုအချိန်တွင် တောင်ကြီးနှင့် မိုးမြေဧကရာဇ်လက်တို့မှာ သူ့အပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။

All Chapters