ရည်မှန်းချက်ကြီးမားကာ ရက်စက်ကြမ်းကြုတ်သူ
Vol. 13 Ch. 1287
ကောင်းကင်တံတားတာအိုမှာ သံယောဇဥ်မဲ့လူသား၏ တာအိုကို အမွေဆက်ခံရရှိခဲ့ပြီး သူ၏တပည့်ရင်း ဖြစ်လာခဲ့သည်။ လိုအပ်သော ထောက်ခံချက်ကို ရရှိခဲ့ပြီးဖြစ်သဖြင့် သူသည် မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသော်လည်း ယခုအခါ သူ၏ရင်ထဲတွင် အသက်အန္တရာယ်နှင့်ကြုံနေရသည့် ခံစားချက်ကြီးတစ်ခု ဖုံးလွှမ်းနေပြီဖြစ်သည်။
သူ ရင်ဆိုင်နေရသည့် ရန်သူနှစ်ယောက်စလုံးမှာ သူကဲ့သို့ မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတော်စင်ဧကရာဇ် တစ်ယောက်ထဲနှင့် ရင်ဆိုင်ရလျှင် ပြဿနာမရှိသော်လည်း စုန့်ချွဲမှာ ယခင်က သေဆုံးခဲ့ပြီးသားဖြစ်သည်။ သူသေဆုံးပြီးနောက် ပိုင်ရှောင်ချန်းက သူ့အား ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုအနှစ်သာရများ ကိန်းအောင်းနေသည့် မျှော်စင်ထဲတွင် ထားခဲ့သည်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ထိုမျှော်စင်နှင့် အဖုအထစ်မရှိလောက်အောင် သဟဇာတဖြစ်ခဲ့သည်။ ထိုတာအိုအနှစ်သာများကို သူ စုပ်ယူပြီးနောက် သူ၏ခန္ဓာကိုယ်ထဲရှိ ပုပ်ပွနေသောအရာများမှာ ရှားပါးပြီး မှော်ဆန်သောအရာတစ်ခုအသွင် ပြောင်းလဲသွားခဲ့သဖြင့် သူသည် သေဆုံးသွားပြီဖြစ်ပါသော်လည်း အသက်ပြန်၍ ရှင်သန်လာရခြင်း ဖြစ်သည်။
သူ၏မျက်လုံးများ ပွင့်သွားသည့် အချိန်တွင် သူက လောကတာအို၏ တပည့်ဖြစ်သွားခဲ့သည်။ အကယ်၍ လောကတာအိုသာ မသေဆုံးသေးပါက စုန့်ချွဲနိုးထလာသောအချိန်တွင် မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိနေမည်မဟုတ်ပဲ မိုးမြေဧကရာဇ်အစစ်တစ်ပါး ဖြစ်နေမည်ပင် ဖြစ်သည်။
ထိုကဏ္ဍတွင် သူသည် ကောင်းကင်တံတားတာအိုနှင့် ဆင်တူသည်။ သို့သော် သူတို့နှစ်ယောက်ကြားရှိ အဓိကခြားနားချက်မှာ သံယောဇဥ်မဲ့လူသားမှာ အသက်ရှိနေဆဲ ဖြစ်ပြီး လောကတာအိုမှာ အသက်ရှိမနေတော့ခြင်းပင်။
သို့ရာတွင် ကောင်းကင်တံတားတာအိုအတွက် ကံမကောင်းသည့်အချက်မှာ သံယောဇဥ်မဲ့လူသားက အိပ်ပျော်နေဆဲဖြစ်၍ သူ၏ထောက်ခံချက်ကို ရရှိထားပါသော်လည်း မိုးမြေဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်စွမ်း မရှိပေ။ ထိုအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လှမ်းနိုင်ခဲ့သည်။
သံယောဇဥ်မဲ့လူသား နိုးထလာလျှင် ကောင်းကင်တံတားတာအိုမှာ သူ၏စွမ်းအားများကိုအသုံးချကာ မိုးမြေဧကရာဇ်အဆင့်သို့ အပြီးတိုင် တက်လှမ်းနိုင်မည်ဖြစ်သည်။ သူသည် သံယောဇဥ်မဲ့လူသားနှင့် ယှဥ်ကြည့်ပါက အနည်းငယ် အဆင့်နိမ့်နေမည်ဖြစ်သော်လည်း မိုးမြေဧကရာဇ်တစ်ပါးအဖြစ် ရှိနေမည်သာဖြစ်သည်။
သို့သော် ယခုတွင်မူ သံယောဇဥ်မဲ့လူသား နိုးထလာမည့်အချိန်အထိ ကောင်းကင်တံတားတာအိုမှာ အသက်ရှင်နေနိုင်မည့်ပုံ မပေါ်ပေ။ သူနှင့် စုန့်ချွဲတို့ကြားရှိ တိုက်ပွဲမှာ သံယောဇဥ်မဲ့လူသားနှင့် လောကတာအိုတို့၏ ရန်ငြှိုးမီးတောက်ဟောင်း ဆက်လက်လောင်ကျွမ်းနေသကဲ့သို့ပင်။ ထို့အပြင် ကောင်းကင်တံတားတာအိုအတွက် ကံမကောင်းသည့်အချက်မှာ သူသည် ပြိုင်ဘက်နှစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဖြစ်ပြီး ထိုနှစ်ယောက်မှာ သူ့အား အပြတ်အသတ် အသာရနေခြင်းပင်ဖြစ်သည်။
သူ၏ဆံပင်များမှာ ရှုတ်ပွနေပြီး ရဲရဲနီနေသော မျက်ဝန်းများဖြင့် စိုးရိမ်တကြီး တိုက်ခိုက်နေတော့သည်။ သူ အသာစီးပြန်ရနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် သူ၏လျှာဖျားကို ကိုက်လိုက်ပြီး သွေးခုနစ်ပွက်ထွေးထုတ်လိုက်သည်။ ထိုသို့ထွေးထုတ်လိုက်သည့်အခေါက်တိုင်း သူ၏ဆံပင်များ ဖြူသွားရပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွားရသည်။ အဆုံးတွင် သူသည် ရူးသွပ်နေသော အဘိုးကြီးတစ်ယောက်ပုံစံ ပေါက်သွားတော့သည်။
" မိုးမြေဧကရာဇ် "
သူသည် သဘာဝဥပဒေသ၏ စွမ်းအားများပြည့်နှက်နေပုံရသော အသံဖြင့် အော်ဟစ်လိုက်သည်။
သူ၏အသံလှိုင်းများ ပျံ့လွင့်သွားသောအခါ သူ၏နောက်ဘက်ရှိ ကြယ်တာရာကောင်းကင်ထဲတွင်ရှိနေသည့် ဧရာမ သံယောဇဥ်မဲ့လူသား၏ နဖူးပေါ်တွင် လေပွေတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် ထိုလေပွေထဲမှ နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း ထိုးထွက်လာသည်။
ကောင်းကင်ကိုတုန်ရီသွားစေနိုင်ပြီး မြေပြင်ကိုအက်ကွဲသွားစေနိုင်သည့် ထိုနတ်ဘုရားအာရုံထဲတွင် မျိုးတုန်းသုတ်သင်ခြင်းအတတ်နှင့် အဆုံးမဲ့ သေခြင်းတရား နှစ်မျိုးစလုံး၏ စွမ်းအားကြီးမားသော အငွေ့အသက်တစ်ခု ပါဝင်နေသည်။ ထိုအငွေ့အသက်က အရာအားလုံးကို ဖုံးလွှမ်းသွားပြီး စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့ ပြန်လည်မခုခံနိုင်သည့် တိုက်ကွက်တစ်ကွက်ကို ဖန်တီးလိုက်သည်။
ထစ်ချုန်းသံများ မြည်ဟည်းလာပြီးနောက် သူတို့၏ပါးစပ်များထဲမှ သွေးများအန်ထွက်လာတော့သည်။ ထို့နောက် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ နောက်သို့ဒယိမ်းဒယိုင်ဖြစ်သွားပြီးနောက် သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များထဲမှ သွေးများစီးကျလာတော့သည်။
ထိုနတ်ဘုရားအာရုံမှာ စွမ်းအားကြီးလွန်းနေသည်။ သူတို့က မိုးမြေဧရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများဖြစ်ကြပါသော်လည်း ၎င်းကို လုံးဝ မတောင့်ခံနိုင်ခဲ့ပေ။ ကံကောင်းသည်မှာ ထိုနတ်ဘုရားအာရုံသည် လျှပ်တစ်ပြက် ပေါက်ကွဲမှုတစ်ခုသာ ဖြစ်နေခြင်းပင်။ ထိုသို့သာမဟုတ်ပါက သူတို့ကို အပြင်းအထန် ဒဏ်ရာရအောင်လုပ်ရန်အတွက် ကောင်းကင်တံတားတာအိုမှာ ထပ်၍ အားစိုက်ထုတ်နေရန်ပင် လိုတော့မည်မဟုတ်ပေ။
၎င်းမှာ သံယောဇဥ်မဲ့လူသားထံမှ တိုက်ရိုက်ပေါ်ထွက်လာသော နတ်ဘုရားအာရုံဖြစ်ပြီး ကောင်းကင်တံတားတာအိုက ကြီးကြီးမားမား ပေးဆပ်ကာ ဝှက်ဖဲတစ်ချပ်အဖြစ် ထုတ်သုံးခဲ့ရခြင်း ဖြစ်သည်။
ထိုနတ်ဘုရားအာရုံများကို သူ ထပ်၍ထုတ်လွှတ်ရန် ဆန္ဒမရှိခြင်း မဟုတ်ပေ။ သံယောဇဥ်မဲ့လူသားမှာ အိပ်ပျော်နေသည်ဖြစ်၍ သူ၏နတ်ဘုရားအာရုံမှ သေးငယ်သောအစိတ်အပိုင်းတစ်ခုကိုသာ ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။
ထိုနတ်ဘုရားအာရုံမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပါသော်လည်း သူတော်စင်ဧကရာဇ်နှင့် စုန့်ချွဲတို့မှာ စိတ်ဝိညာဥ်ထဲကပင် တုန်လှုပ်သွားရပြီး ခေတ္တမျှ ဆွံ့အသွားကြသဖြင့် သူတို့နှင့် ကောင်းကင်တံတားတာအိုတို့၏ကြားတွင် မည်သည့်အရာမှ ခြားနားနေခြင်းမရှိတော့သည့် အနေအထားသို့ ရောက်သွားကြတော့သည်။
ထိုသို့ ခေတ္တမျှ အခွင့်အရေးရနိုင်ရန်အတွက်သာ ကောင်းကင်တံတားတာအိုမှာ မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။ သူသည် တွေဝေမနေပဲ လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခုဖော်လိုက်သောအခါ သူ၏လက်တစ်ဖက်စီတွင် မီတာသုံးရာခန့် မြင့်မားသော အနက်ရောင် မီးခိုးလုံးတစ်လုံးစီ ပေါ်ထွက်လာသည်။ ထို့နောက် သူက ထိုမီးခိုးလုံးနှစ်လုံးအား စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့ထံ ပစ်လွှတ်လိုက်သည်။
" သေကြစမ်း "
ကောင်းကင်တံတားတာအိုက အေးစက်သောလေသံဖြင့် ဆိုလိုက်သည်။ ထိုမီးခိုးလုံးနှစ်လုံးမှာ ၎င်းတို့နှင့် ထိတွေ့သမျှအရာအားလုံးကို ဝါးမျိုပစ်ရန်ဆန္ဒရှိနေသည့် အစားကြူးသောစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထိုအချင်းအရာကို မြင်လိုက်ရသောအခါ စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့ နှစ်ယောက်စလုံးမှာ မျက်လုံးများ ပြူးသွားကြတော့သည်။
ထိုမီးခိုးများမှာ အသက်ရှိလုနီးပါးဖြစ်နေသည့်ပုံ ပေါ်နေပြီး ၎င်းတို့၏ အတွင်းမှ အော်ဟစ်သံများလည်း ပေါ်ထွက်နေသည်။ သေသေချာချာကြည့်ရှုလိုက်မည်ဆိုပါက ထိုမီးခိုးလုံးများအတွင်းထဲ၌ အနီရောင် လင်းလက်နေကြောင်း မြင်ရမည်ဖြစ်သည်။
ကောင်းကင်တံတားတာအိုမှာ အရာအားလုံးကို လောင်းကြေးထပ်၍ စွန့်စားလိုက်ပြီဖြစ်သည်။ ထိုမီးခိုးလုံးနှစ်လုံးမှာ သာမန်မဟုတ်သည့်အပြင် ကောင်းကင်တံတားတာအို၏ ခန္ဓာကိုယ်မှာ ၎င်းတို့ကို ထုတ်လွှတ်လိုက်ရသည့်ဒဏ်ကြောင့် အလွန်အမင်း ခြောက်ကပ်သွားတော့သည်။ ဤနေရာတွင် အနှစ်သာရစွမ်းအားကို ထုတ်လွှတ်နိုင်ရန်အတွက် သူ၏သက်စောင့်အားနှင့် သူ၏ဝိညာဥ်တို့ထံမှ စွမ်းအင်အမြောက်အမြားထုတ်ယူခဲ့ရသည်။
" အဲဒီမီးခိုးလုံးတွေ ငါတို့ကိုထိလို့ မဖြစ်ဘူး "
စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့မှာ ထိုသို့တွေးနေကြသည်။ သူတို့နှစ်ယောက်စလုံး အမြန်ဆုံးနည်းဖြင့် နောက်သို့ဆုတ်သွားကြသောအခါ ထိုမီးခိုးလုံးနှစ်လုံးမှာလည်း ဟင်းလင်းပြင်ကို ထိုးခွင်းကာ အမြန်ဆုံးနည်းဖြင့် သူတို့နောက်သို့ မလွတ်တမ်းလိုက်လာကြတော့သည်။ စုန့်ချွဲမှာ စူးရှနေသော မျက်ဝန်းများဖြင့် သူ၏ခေါင်းထိပ်ကို ရိုက်နှက်ကာ သူ့ကိုယ်သူဒဏ်ရာရအောင် လုပ်လိုက်ပြီး ပို၍စိတ်ကြည်လင်ပြတ်သားလာစေရန် သူ၏နတ်ဘုရားဝိညာဥ်ကိုပါ လှုပ်ခတ်လိုက်တော့သည်။ ထို့နောက် သူသည် လုံးဝတွေဝေမနေပဲ နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း ထုတ်လွှတ်လိုက်ပြီး လောကနတ်ဘုရားအဆင့် ကျေးကျွန်နှစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။ သူတို့နှစ်ယောက်မှာ သူနှင့် သူတော်စင်ဧကရာဇ်တို့၏ ရှေ့တွင် ချက်ချင်းပေါ်ထွက်လာကြပြီး သူတို့အစား ထိုမီးခိုးလုံးများကို ဝင်ခံပေးလိုက်ကြသည်။
ဖြစ်ရပ်အားလုံးမှာ မြန်ဆန်လွန်းနေသဖြင့် ကောင်းကင်တံတားတာအိုမှာ ထိုမီးခိုးလုံးနှစ်လုံး၏ လမ်းကြောင်းကို အချိန်မီ မပြောင်းလဲလိုက်နိုင်သောကြောင့် ၎င်းတို့မှာ လောကနတ်ဘုရားအဆင့် ကျေးကျွန်များအား ဝင်တိုက်သွားကြတော့သည်။
သူ၏ ဗျူဟာမှာ စုန့်ချွဲကြောင့် ပျက်စီးရတော့မည့် အခြေအနေသို့ ရောက်နေကြောင်း သိလိုက်ရသောအခါ ကောင်းကင်တံတားတာအို၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ လောင်ကျွမ်းလာတော့သည်။ သူသည် ပြတ်သားသောလူတစ်ယောက်ဖြစ်၍ တွေဝေမနေပဲ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး မိစ္ဆာတစ်ကောင်၏ လေသံမျိုးနှင့် ဆိုလိုက်သည်။
" နမေိစ်ဆာ၊ လမိစ်ဆာ "
ထိုအခါ ရှေးဟောင်းကာလများမှ အစပြုလာပုံရသည့် အော်ဟစ်သံကြီးတစ်သံ ပေါ်ထွက်လာသဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားပြီး ထာဝရအင်မော်တယ်နယ်မြေများမှာ အမှောင်ဖုံးသွားတော့သည်။ ထိုအော်ဟစ်သံထဲတွင် ဖော်ပြ၍မရနိုင်သော စွမ်းအားများ ကိန်းအောင်းနေပြီး ထိုအသံကြီး ပျံ့လွင့်သွားသောအခါ မီးခိုးလုံးနှစ်လုံးက လောကနတ်ဘုရားအဆင့် ကျေးကျွန်များကို ဝါးမျိုကာ သူတို့၏ခန္ဓာကိုယ်များကို တိုက်စားသွားပြီး သူတို့၏သက်စောင့်အားများကို စုပ်ယူသွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း လောကနတ်ဘုရားအဆင့် ကျေးကျွန်နှစ်ယောက်တို့၏ ဝိညာဥ်မှာ ထုတ်ယူခံလိုက်ရပြီး သူတို့၏အသွေးအသားအားလုံး စုပ်ယူ စားသုံးခံလိုက်ရတော့သည်။
သူတို့ကို လောကတာအိုက ချုပ်နှောင်ကာ ထားရစ်ခဲ့ခြင်းဖြစ်ပါသော်လည်း ယခု လောကတာအိုမှာ အသက်မရှိတော့ပေ။ ထို့အပြင် ကောင်းကင်တံတားတာအို ထုတ်သုံးခဲ့သည့် ကျောချမ်းဖွယ် မှော်အတတ်ကြီးကြောင့် သူတို့က ထိုမီးခိုးများကို မခုခံနိုင်ခဲ့ပေ။ ထို့နောက် ထိုမီးခိုးလုံးနှစ်လုံးမှာ အရွယ်အစား ပို၍ကြီးမားလာရုံသာမက စွမ်းအားများပါ ပို၍ကြီးထွားလာပြီးနောက် စူးရှတောက်ပနေသောနေမင်းတစ်စင်းနှင့် ဝိုင်းစက်နေသောလမင်းတစ်စင်းပုံစံသို့ အသွင်ပြောင်းသွားတော့သည်။
ထိုအခါ ထာဝရအင်မော်တယ်နယ်မြေများထဲမှ ကျင့်ကြံသူများမှာ သူတို့အပေါ်သို့ ကြီးမားသောဖိအားများ သက်ရောက်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် အသက်ပင်မရှူနိုင်လောက်အောင် ဖြစ်သွားကြတော့သည်။ အများစုမှာ ဖြစ်ပျက်နေသောအရာများကို မမြင်နိုင်ပါသော်လည်း မဟာကောင်းကင်သခင်နှင့် အခြားသောကောင်းကင်ဧကရာဇ်များကမူ မြင်နိုင်ပေသည်။ အကယ်၍ ဤအခိုက်အတန့်တွင် ကောင်းကင်တံတားတာအိုသာ အသာစီးပြန်ရသွားမည်ဆိုပါက အကျိုးဆက်များမှာ အလွန်ဆိုးရွားသွားမည်ဖြစ်ကြောင်း သူတို့ကသိသည်။
" ကောင်းကင်တံတားတာအို ... "
" သူ့ကြောင့်သာမဟုတ်ရင် ထာဝရအင်မော်တယ်နယ်မြေတွေထဲကို ကောင်းကင်နယ်မြေကလူတွေ စစဝင်ရောက်တုန်းက အသေအပျောက် များခဲ့မှာမဟုတ်ဘူး။ သူ့ကြောင့် ငါတို့တွေ အများကြီးပေးဆပ်နစ်နာခဲ့ရတာ "
လူတိုင်း၏ရင်ထဲတွင် ကောင်းကင်တံတားတာအိုနှင့်ပတ်သတ်၍ ခံစားချက်အမျိုးမျိုး ရှိနေကြပါသော်လည်း အဓိကအချက်မှာမူ သူတို့အားလုံးသည် ပိုင်ရှောင်ချန်းမုန်းတီးသလောက် သူ့အား မုန်းတီးနေကြသည်သာ ဖြစ်သည်။
သို့သော်လည်း သူသည် ကြောက်ခမန်းလိလိ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူတို့အားလုံး လက်ခံရမည်သာဖြစ်သည်။ သူသည် အံ့သြဖွယ်ကောင်းသော ပင်ကိုအရည်အချင်းများကို ပိုင်ဆိုင်ထားပြီး မူလကောင်းကင်တံတားနယ်မြေထဲတွင်လည်း အင်အားစုစည်းကာ ဗဟိုဘိုးဘေးကြီး၏ သွေးမျိုးဆက်အား အဆုံးသတ်နိုင်လုနီးပါး စွမ်းဆောင်နိုင်ခဲ့သည်။ ထိုနယ်မြေထဲမှ လွတ်မြောက်နိုင်ရန် သူသည် မိသားစုအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာများကို လျစ်လျူရှုခဲ့ပြီး ဗဟိုဘိုးဘေးကြီး၏ ခန္ဓာကိုယ်အား ဖျက်ဆီးနိုင်မည်ဆိုလျှင် အရာအားလုံးကို စတေးရန်အသင့်ရှိနေခဲ့သည်လည်း ဖြစ်သည်။
သူ့အား ရည်မှန်းချက်ကြီးမားပြီး အကြင်နာကင်းမဲ့သောသူဟုသာ နာမည်ကင်ပွန်းတပ်နိုင်မည် ဖြစ်သည်။ ထိုအရည်အချင်းများကြောင့်လည်း သူသည် စိန်ခေါ်နိုင်မည့်လူ မရှိသလောက်နည်းပါးသော ကျင့်ကြံခြင်းအခြေခံတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူများစွာက သူ့အား မုန်းတီးနေကြပါသော်လည်း သူက အံ့သြဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်ကြောင်း အသိအမှတ်ပြုကြရမည်သာ ဖြစ်သည်။
ထို့အပြင် အလွန်ကြီးမားသော အန္တရာယ်ထဲသို့ ကျရောက်နေပါသော်လည်း ယခုလို သူ ပြတ်ပြတ်သားသား ပြုမူခဲ့သည့်အတိုင်း လိုက်၍လုပ်နိုင်မည့်သူကို ရှာတွေ့နိုင်ရန်ထက် ဖီးနစ်ငှက်မွေးတစ်ချောင်း သို့မဟုတ် ချီလင် ဦးချိုတစ်ချောင်းကို ရှာတွေ့ရန်မှာ ပို၍ပင်လွယ်မည် ဖြစ်သည်။
ကောင်းကင်တံတားတာအိုမှာ သူ၏တိုက်ပွဲထဲ အသာစီးပြန်လည်ရရှိနေချိန်တွင် ပိုင်ရှောင်ချန်း၏ သက်စောင့်အားနှင့် နတ်ဘုရားအာရုံများ ပါဝင်သော နောက်ဆုံး ဒုဓလီစေ့များမှာ ဟင်းလင်းပြင်ကြီး၏ အဝေးဆုံးရှိ နေရာများတွင် ဆင်းသက်နေကြပြီဖြစ်သည်။
ထိုအစေ့များ ရောက်ရှိဖြတ်သန်းခဲ့ပြီးဖြစ်သည့် နေရာအားလုံး၏ သုံးပုံတစ်ပုံခန့်တွင် ငွေစန္ဒာပန်းများပွင့်ကာ လင်းလက်တောက်ပနေကြပြီဖြစ်သည်။ ယခုတွင်မူ အလင်းရောင်အားနှင့် အမှောင်ထုအားတို့၏ကြားတွင် ယှဥ်ပြိုင်မှုတစ်ခု ပေါ်ထွက်လာသည်ကို သိသိသာသာမြင်နေရပြီဖြစ်သည်။