ထာဝရမျက်လုံး
Vol. 13 Ch. 1288
ထာဝရအင်မော်တယ်နယ်မြေများကို အုပ်မိုးနေသော ကြယ်တာရာကောင်းကင်ကြီး၏ အောက်တွင် ကောင်းကင်တံတားတာအိုမှာ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်ပြီ ဖြစ်သည်။ နေမိစ္ဆာနှင့် လမိစ္ဆာ အတတ်ကို သူ ထိန်းချုပ်အသုံးချနေစဥ် သူ၏ဆံပင်နှင့် အဝတ်အစားများမှာ တလူလူလွင့်နေကြပြီး အဝေးမှကြည့်လိုက်ပါက သူသည် ပြိုင်ဘက်ကင်းမဲ့နေသကဲ့သို့ အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်ကို မြင်နိုင်သည်။
သို့သော် သူသည် လုံးဝ ဘေးရန်ကင်းသွားသည်တော့ မဟုတ်သေးပေ။ စုန့်ချွဲ ဆင့်ခေါ်ထားခဲ့သည့် ဧရာမမြစ်ကြီးက သူ့အား ခြိမ်းခြောက်နေဆဲဖြစ်ပြီး အထီးကျန်လှေကလေးပေါ်မှ ကျားခုံကြီးမှာလည်း ထိုနည်းတူပင်။ တာအိုအနှစ်သာရတောင်နှင့် ဧရာမမိုးမြေဧကရာဇ်ကြီး၏ လက်တို့လည်း ရှိနေသေးသည်။
စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့ နှစ်ယောက်စလုံး ဖရိုဖရဲဖြစ်နေကြပြီ ဖြစ်သည်။ စုန့်ချွဲမှာ ပို၍ပင် အခြေအနေဆိုးပြီး လောကနတ်ဘုရားအဆင့် ကျေးကျွန်များကို ဆုံးရှုံးလိုက်ရသဖြင့် သူ၏နတ်ဘုရားဝိညာဥ်မှာ တစ်စစီ ဆုတ်ပြဲလုနီးပါး ဖြစ်နေပြီလည်း ဖြစ်သည်။ သူသည် ယပ်တောင်ကြီး၏ အစွမ်းအမျိုးမျိုးကို ထိန်းချုပ်ချင်ပါသော်လည်း သူ့နတ်ဘုရားဝိညာဥ်၏ အခြေအနေမှာ ဆိုးရွားလွန်းနေသဖြင့် ပိုင်ရှောင်ချီပေါ်တွင်သာ အားထားနေရတော့သည်။
ပိုင်ရှောင်ချီမှာ သူ ထိန်းချုပ်သကဲ့သို့ ထိုအစွမ်းများကို မထိန်းချုပ်နိုင်ပါသော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ စုန့်ချွဲက သူ၏လက်ထဲရှိ ယပ်တောင်ထဲသို့ နတ်ဘုရားအာရုံအချို့ စေလွှတ်လိုက်ပြီး ပိုင်ရှောင်ချီအား သတင်းတစ်ခုပေးပို့လိုက်သည်။ တခဏကြာပြီးနောက် သူက တင်ပျဥ်ခွေ ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းကာ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းလိုက်တော့သည်။
သူသည် သူတော်စင်ဧကရာဇ်အား လှမ်းကြည့်၍ ဆိုလိုက်သည်။
" ကျုပ် အသက်ရှူကြိမ် အကြိမ်သုံးဆယ် လိုအပ်တယ် "
ထို့နောက် သူက မျက်လုံးများကို မှိတ်လိုက်တော့သည်။
စုန့်ချွဲမှာ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း သူတော်စင်ဧကရာဇ်က သိသဖြင့် ချက်ချင်းပင် ဓမ္မအစောင့်အရှောက်တစ်ယောက်အဖြစ် သူ့ကို ကာကွယ်ပေးလိုက်တော့သည်။
ထိုစဥ် ကြီးမားကျယ်ပြန့်လှသော မြစ်ကြီး၏အလယ်တွင် ရောက်နေသည့် ကောင်းကင်တံတားတာအိုက ခေါင်းကိုနောက်ပစ်၍ မိုးခြိမ်သံထက်ပင် ပို၍ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်တော့သည်။ သူ၏လက်များကို ရှေ့သို့ အရှိန်ဖြင့် ဆန့်ထုတ်လိုက်ပြီး နေမင်းနှင့်လမင်းတို့အား ရှေ့သို့ထုတ်ကာ ထိုမြစ်ကို ဖျက်ဆီးပစ်တော့မည့်အလား ထိုးခွင်းသွားလိုက်တော့သည်။
နေမိစ္ဆာနှင့် လမိစ္ဆာတို့ထံမှ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ ထွက်ပေါ်လာပြီး ကောင်းကင်တံတားတာအိုမှာ အသွားထက်သော မြားတစ်စင်းကဲ့သို့ မြစ်ကြီးကို ထိုးခွင်းသွားတော့သည်။
အချိန်မှာ အသက်တမျှ အရေးကြီးနေပြီဖြစ်ကြောင်း သူက သိသည်။ အကယ်၍ စုန့်ချွဲ၏ဒဏ်ရာများသာ အချိန်မီ ပျောက်ကင်းသွားခဲ့ပါက အန္တရာယ်ကြီးတစ်ခုထဲသို့ သူ ကျရောက်သွားတော့မည် ဖြစ်သည်။ ထို့ကြောင့် သူသည် တိုက်ပွဲ၏အခြေအနေတစ်ရပ်လုံးကို ထိန်းချုပ်နိုင်ရန်အတွက် အင်အားအနည်းငယ်မျှပင် ထိန်ချန်မထားတော့ပဲ အစွမ်းကုန် ကြိုးစားလိုက်တော့သည်။
" ပျက်စီးစေ "
သူသည် အရောင်လက်နေသောမျက်ဝန်းများဖြင့် အော်ဟစ်လိုက်သည်။ သို့သော် သူ၏ နေမိစ္ဆာနှင့် လမိစ္ဆာတို့ တောက်ပစွာ လင်းလက်သွားပြီး မြစ်ကြီး တုန်ရီစပြုလာသောအခါတွင် ယပ်တောင်ထဲရှိ ပိုင်ရှောင်ချီထံမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး ကျားခုံကြီးကို ထိန်းချုပ်လိုက်တော့သည်။ ထိုကျားခုံကြီးမှာ ချက်ချင်းပင် ပျောင်ကွယ်သွားကာ တခဏအကြာတွင် ကောင်းကင်တံတားတာအို၏ အရှေ့တည့်တည့်၌ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပနေသော အလင်းရောင်များနှင့်အတူ ပြန်၍ပေါ်ထွက်လာတော့သည်။
ထိုအလင်းရောင်များမှာ ကျားခုံပေါ်ရှိ ကျားရုပ်အမျိုးမျိုးထံမှ ထိုးထွက်လာကြသည့် လောကနတ်ဘုရားအလင်းတန်း သုံးရာ့ခြောက်ဆယ့်တစ်တန်း၏ အလင်းရောင်များ ဖြစ်ကြသည်။ ထိုအလင်းတန်း တစ်တန်းချင်းစီထဲတွင် လောကနတ်ဘုရားအဆင့် မဟာစက်ဝန်း စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့မှာ တစ်တန်းချင်းစီဆိုပါက မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်တွင်ရှိသော ကောင်းကင်တံတားတာအိုအား မယှဥ်နိုင်ပါသော်လည်း သူတို့အားလုံးပူးပေါင်းထားသော စွမ်းအားမှာမူ သူ၏မျက်ဝန်းများထဲတွင် တုန်လှုပ်ခြောက်ခြားမှု အရိပ်အယောင်များဖြင့် လင်းလက်သွားစေတော့သည်။
ထိုလောကနတ်ဘုရားအလင်းတန်း သုံးရာ့ခြောက်ဆယ့်တစ်တန်းက ကောင်းကင်တံတားတာအို၏ နေမိစ္ဆာနှင့် လမိစ္ဆာတို့ကို ဝင်တိုက်သွားကြသဖြင့် နားစည်များပင် ကွဲအက်သွားစေနိုင်လောက်သည့် အုန်းခနဲ မြည်သံကြီးတစ်သံ ပဲ့တင်ထွက်ပေါ်လာပြီး တုန်ခါလှိုင်းကြီးတစ်လှိုင်းသည်လည်း ကြယ်တာရာကောင်းကင်ကြီးထဲသို့ လွင့်ပျံသွားသည်။
စွမ်းအားကြီးမားလှသော နေမိစ္ဆာနှင့် လမိစ္ဆာတို့မှာ ပြိုလဲပျက်စီးစပြုလာကြတော့သည်။ အကယ်၍ ၎င်းတို့သာ အပြီးတိုင်ပျက်စီးသွားမည်ဆိုပါက သူ အကြံကုန်သွားမည်ဖြစ်ပြီး ဤတိုက်ပွဲအား ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေသည့် သူ၏အားထုတ်မှုမှာလည်း အဆုံးသတ်သွားမည်ဖြစ်ကြောင်း ကောင်းကင်တံတားတာအိုက သိလိုက်သည်။
" မျိုးတုန်းသုတ်သင်ခြင်း ပါးစပ်ပေါက် "
သူသည် နီမြန်းနေသောမျက်ဝန်းကြီးများဖြင့် သူ၏ခေါင်းထိပ်ကို တို့ထိလိုက်သောအခါ သူ၏ပါးစပ်ထဲမှ သွေးတန်းတစ်တန်း ပန်းထွက်လာသည်။ တချိန်တည်းမှာပင် သူသည် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက် နောက်တစ်ကွက် ထပ်ဖော်လိုက်သောအခါ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး နေမိစ္ဆာနှင့် လမိစ္ဆာတို့၏ ပျက်စီးနေခြင်းမှာလည်း ရပ်တန့်သွားသည်။ တချိန်တည်းမှာပင် သူ၏ရှေ့တွင် လေပွေတစ်ခု ပေါ်ထွက်လာသည်။
ထိုလေပွေကြီးမှာ ထိုနေမင်းနှင့်လမင်းတို့ထက်ပင် ကြီးမားပြီး ၎င်းပေါ်ထွက်လာချိန်တွင် အမည်းရောင်လေပွေကြီးတစ်ခုမျှသာ ရှိသည်။ ၎င်းမှာ သေခြင်းတရားအငွေ့အသက်တစ်ခုသာကမက မျိုးတုန်းသုတ်သင်ခြင်းအတတ်၏ အငွေ့အသက်တစ်ခုကိုပါ ထုတ်လွှတ်နေပြီး တစ်ဆက်တည်း ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးကို ၎င်းဆီသို့ ဆွဲယူနေတော့သည်။
၎င်းမှာ ဧရာမပါးစပ်ပေါက်ကြီးတစ်ပေါက်နှင့်ပင်တူပြီး စွမ်းအားကြီးမားလွန်းလှသဖြင့် ကျားခုံပေါ်ရှိ ကျားရုပ်များပင် ၎င်း၏ဆွဲငင်အားကို မခုခံနိုင်ပဲ ၎င်းထံ ကပ်သွားကြတော့သည်။ ကျားခုံကြီးတစ်ခုလုံးမှာလည်း တုန်ရီစပြုလာပြီး ကောင်းကင်တံတားတာအိုက မာန်သွင်းအော်ဟစ်လိုက်သောအခါ တစ်စစီကြေမွသွားရတော့သည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တံတားတာအိုမှာ သက်ရှိအားလုံးထဲတွင် အမြင့်မြတ်ဆုံး၊အခမ်းနားဆုံး သက်ရှိတစ်ယောက်ပုံစံ ပေါက်သွားတော့သည်။ သူ၏အငွေ့အသက်မှာ အနည်းငယ် အားအင်ချည့်နဲ့နေပြီ ဖြစ်ပါသော်လည်း သူ၏ နေမိစ္ဆာနှင့် လမိစ္ဆာတို့မှာ ၎င်းတို့နှင့်ထိတွေ့သမျှအရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသွားပြီး ဆက်လက်၍ အားအင်ယုတ်လျော့မနေတော့ပေ။ ၎င်းတို့၏ အငွေ့အသက်များမှာ ယခင်ကအတိုင်း ပြန်၍ ကြောက်မက်ဖွယ်ကောင်းလာပြီး ကောင်းကင်တံတားတာအိုမှာ ၎င်းတို့အား အသုံးချ၍ မြစ်ကြီးအား နောက်ထပ်တစ်ကြိမ် ထုနှက်လိုက်ပြန်တော့သည်။
ကျားကစားသည့် ကျားခုံပျက်စီးသွားသည်ကိုမြင်လိုက်ရသောအခါ ယပ်တောင်ထဲရှိ ပိုင်ရှောင်ချီမှာ မျက်လုံးများနီမြန်းသွားရတော့သည်။ သူသည် အသံကုန်အော်ဟစ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီး သူ့နတ်ဘုရားအာရုံအစွမ်းကို ထုတ်လွှတ်၍ အထီးကျန်လှေကလေးကို ထိန်းချုပ်လိုက်သည်။
ထိုအခါ မြစ်ထဲတွင်စီးမျောနေသည့် လှေကလေးမှာ ချက်ချင်းပင် အံ့သြမှင်တက်ဖွယ်ကောင်းသော ငွေရောင်အလင်းတန်းများဖြင့် တောက်ပလာပြီး ဓားပျံတစ်ချောင်းအသွင်ဖြင့် ကောင်းကင်တံတားတာအိုထံ တိုးဝင်သွားတော့သည်။ ၎င်းမှာ တောက်ပလွန်းလှသည့်အတွက် အောက်ဘက် ထာဝရအင်မော်တယ်နယ်မြေထဲရှိ လူအားလုံးမှာ ၎င်းအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။
၎င်းမှာ ဓားပျံအစစ်တစ်ချောင်းတော့ မဟုတ်ပေ။ သို့သော် ထိုအထီးကျန်လှေကလေးထံမှ အလင်းရောင်များ ထိုးထွက်လာသောအခါ အက်ကွဲသံများပေါ်ထွက်လာပြီး ၎င်းမှာ သူ့ကိုယ်သူ အားပြင်းစွာ ဖောက်ခွဲလိုက်တော့သည်။
အကောင်းဆုံးသော ရွေးချယ်မှုမှာ ထိုလှေကလေးကို အသုံးပြု၍ ကောင်းကင်တံတားတာအိုအား ရပ်တန့်ရန်ဖြစ်ကြောင်း ပိုင်ရှောင်ချီက သိသည်။ ထို့အပြင် သူသည် တွန့်ဆုတ်နေ၍ မရကြောင်းကိုလည်း သူကသိသည်။ ထို့ကြောင့် သူသည် လှေကလေးကို ဖောက်ခွဲလိုက်ပြီး ၎င်း၏စွမ်းအားကိုအသုံးချ၍ ကောင်းကင်တံတားတာအိုအား တိုက်ခိုက်လိုက်တော့သည်။ ထိုတိုက်ကွက်မှာ သူ့အား ထာဝရ မတွန်းလှန်ထားနိုင်ပါသော်လည်း အသက်ရှူကြိမ်တစ်ဒါဇင်ဝန်းကျင်ခန့်တော့ ထိန်းထားလိုက်နိုင်သည်။
စုန့်ချွဲက သူ၏ နတ်ဘုရားဝိညာဥ်ကို စတင်ပြုပြင်ခဲ့ချိန်မှစ၍ ယခုအထိ အသက်ရှူကြိမ် ဆယ်ကြိမ်သာ ကုန်ဆုံးသေးသည်လည်းဖြစ်သည်။
သာမန်ကျင့်ကြံသူများအတွက်မူ အသက်ရှူကြိမ်ဆယ်ကြိမ်ဆိုသည်မှာ ကြာမြင့်သော အချိန်အတိုင်းအတာ တစ်ခု မဟုတ်ပေ။ သို့သော် ကောင်းကင်တံတားတာအိုနှင့် စုန့်ချွဲတို့အတွက်မူ ထိုအချိန်အတွင်း ကိစ္စပေါင်းမြောက်မြားစွာ ဖြစ်သွားနိုင်သည်ဖြစ်ပြီး အသက်အန္တရာယ်ရှိသော အခြေအနေမြောက်မြားစွာကိုလည်း ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည်။
" မင်းမှာ အောင်မြင်နိုင်ခြေ လုံးဝမရှိဘူးကွ " ကောင်းကင်တံတားတာအိုက မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန်ဖော်လိုက်သည်။ ထိုအခါ ရုတ်တရက် နေမိစ္ဆာ၊ လမိစ္ဆာနှင့် ဧရာမပါးစပ်ပေါက်ကြီးတို့မှာ တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားပြီး မျက်နှာတစ်ခု၏ ခပ်ရေးရေးပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
နေမိစ္ဆာနှင့် လမိစ္ဆာတို့မှာ မျက်လုံးများ ဖြစ်သွားကြပြီး ၎င်းတို့၏အောက်တွင် ထိုဧရာမပါးစပ်ပေါက်ကြီး ပေါ်ထွက်လာသကဲ့သို့ပင်။ လှေကလေး၏ ပေါက်ကွဲမှုထံမှ ပေါ်ထွက်လာသည့် ပြင်းအားမှာ ဓားပျံတစ်ချောင်းကဲ့သို့ ထိုမျက်နှာကြီးနှင့် ရိုက်ခတ်မိသွားသဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် ကျယ်လောင်သော ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။
နားစည်များပင် ကွဲအက်သွားစေနိုင်သည့် တအုန်းအုန်းမြည်သံများလည်း ပေါ်ထွက်လာသည်။ လှေကလေး၏ သူ့ကိုယ်သူဖောက်ခွဲမှုမှ ပေါ်ထွက်လာသည့် ပြင်းအားကြောင့် ကောင်းကင်တံတားတာအို၏ ပါးစပ်ထဲမှ သွေးများစွာ ပန်းထွက်လာပါသော်လည်း မျက်နှာပုံရိပ်ကြီးမှာ ဘာမှဖြစ်မသွားခဲ့ပေ။ ထို့အပြင် ထိုမျက်နှာကြီးမှာ အထီးကျန်လှေကလေးထံမှ ကွဲထွက်လာသည့် မရေမတွက်နိုင်လောက်အောင် များပြားသော အကျိုးအပဲ့များကိုပါ အမှုန့်ချေပစ်လိုက်ပြီး အရှိန်အနည်းငယ်ပင်လျော့ကျမသွားပဲ ရှေ့သို့ဆက်၍ ချီတက်လာတော့သည်။
ထိုမျက်နှာကြီး၏ အမြန်နှုန်းမှာ အတိအကျဖော်ပြရန် မဖြစ်နိုင်လောက်အောင် မြန်ဆန်လွန်းနေသည်ဖြစ်၍ ပိုင်ရှောင်ချီမှာ မြစ်ကိုမည်သည့်အရာမှ မလုပ်နိုင်ခင် ၎င်းမှာ ထိုမြစ်အားဝင်တိုက်လိုက်တော့သည်။
မျက်နှာကြီးကြောင့် မြစ်မှာ ရှည်ထွက်ကာ ပုံပျက်သွားပြီး မြစ်ရေများမှာ မျက်နှာကြီးပေါ်ရှိ အရေပြားကဲ့သို့ပင် ဖြစ်သွားတော့သည်။
၎င်း၏ မျက်နှာသွင်ပြင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပြီး ထာဝရအင်မော်တယ်နယ်မြေများထဲမှ လူများမှာ ၎င်းကို မြင်လိုက်ရသောအခါ ထိုမျက်နှာကြီးအား ချက်ချင်းပင် မျက်မှန်းတန်းမိသွားကြတော့သည်။
" ကောင်းကင်အလွန်က ရန်သူကြီး "
" မိုးမြေဧကရာဇ်ဘီလူးကြီး "
၎င်းမှာ သံယောဇဥ်မဲ့လူသား၏ မျက်နှာပင် ဖြစ်သည်။ ထိုမျက်နှာကြီးကြောင့် မြစ်ထဲတွင်စီးဆင်းနေသောရေများမှာ တဖြည်းဖြည်းခန်းခြောက်သွားနေသည်ဖြစ်၍ ကောင်းကင်တံတားတာအို၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ယှက်သန်းလာတော့သည်။ ထိုအချိန်တွင် ထာဝရကုန်းမြေများထဲရှိ နက်ရှိုင်းသောတစ်နေရာမှ ခေါင်းလောင်းသံတစ်သံပေါ်ထွက်လာသည်ကို ရုတ်တရက် ကြားလိုက်ရတော့သည်။
ထာဝရမယ်တော်၏ စိတ်ဆန္ဒပေါ်ပေါက်လာပြီး ထာဝရအင်မော်တယ်နယ်မြေများထဲသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာသည်ဖြစ်၍ သူတော်စင်ဧကရာဇ်မှာ အသားများ တုန်ရီသွားပြီး သူ၏မျက်လုံးများမှာ တလက်လက်တောက်ပသွားတော့သည်။ သူ၏နဖူးပေါ်ရှိ သူမ၏ အမှတ်အသားဖြစ်သော ဝေဆာပွင့်ဖူးဟန်ရှိသော ပန်းပွင့်တစ်ပွင့် တောက်ပလာတော့သည်။ ထိုပန်းပွင့်မှာ ပွင့်နေသောမျက်လုံးတစ်လုံးနှင့်ပင် ဆင်တူနေသည်။
ထာဝရမယ်တော်မှာ သူမ၏စိတ်ဆန္ဒအလျောက် နိုးထလာခဲ့ခြင်း ဖြစ်သည်။
သူမသည် သံယောဇဥ်မဲ့လူသားကို တိုက်ခိုက်ရန် သူမ၏စွမ်းအားများကို အသုံးပြုနေသည် မဟုတ်ပေ။ ကောင်းကင်တံတားတာအိုအား တားဆီးနိုင်ရန်နှင့် ပိုင်ရှောင်ချန်းအား ကာကွယ်ရန် ရှိသမျှစွမ်းအင်အကုန်လုံးကို ထုတ်နေခြင်းသာဖြစ်သည်။