တန်ရဲ့လား
Vol. 13 Ch. 1290
အင်မော်တယ်ကမ္ဘာထဲတွင် ပိုင်ရှောင်ချန်းက လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းရာတွင် ရယူအသုံးပြုခဲ့သည့် ချီစီးဆင်းမှု အနည်းငယ်ရှိနေသကဲ့သို့ ဤကမ္ဘာကြီးထဲတွင်လည်း အနည်းငယ်ခန့် ရှိခဲ့ပေသည်။ သို့သော် ယခုတွင်မူ ကောင်းကင်တံတားတာအိုအတွက် ထိုချီစီးဆင်းမှု အနည်းငယ်မျှပင် မရှိတော့ပေ။
စုန့်ချွဲမှာ နိုးထလာသည်နှင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ပြီး တာအိုအနှစ်သာရတောင်ကြီးကို အားမာန်အပြည့်ဖြင့် မြစ်ကိုဖြတ်သွားစေလိုက်ပြီး ကောင်းကင်တံတားတာအိုထံ ပစ်လွှတ်လိုက်သည်။
ကောင်းကင်တံတားတာအိုက ရှေ့သို့ အရှိန်အဟုန်ဖြင့် နောက်တစ်ဖန် ထိုးထွက်ရန် ပြင်နေပါသော်လည်း ထိုတောင်ကြီး သူ့ထံ ဦးတည်လာနေသည်ကို မြင်လိုက်ရတော့သည်။ ထို့အပြင် စုန့်ချွဲက မြစ်ကိုထိန်းချုပ်လိုက်သဖြင့် ၎င်းမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်သွားတော့သည်။
ချက်ချင်းပင် မြစ်ရေစီးဆင်းမှုများမှာ ပြောင်းပြန်ဖြစ်သွားပြီး တဆက်တည်း ကောင်းကင်တံတားတာအိုအား ဝန်းရံလိုက်ကြတော့သည်။
ထိုအခိုက် တာအိုအနှစ်သာရတောင်ကြီးမှာ အရွယ်အစား အဆမတန် ကြီးမားလာပြီး အနှစ်သာရစွမ်းအားများ ထုတ်လွှတ်၍ အောက်သို့ ကျဆင်းလာတော့သည်။
" တောက် "
သံယောဇဥ်မဲ့လူသား၏ မျက်နှာပုံရိပ်မှာ ထိုဒဏ်ကို တောင့်ခံနိုင်ပါသော်လည်း အခြေအနေဆိုးနေပြီဖြစ်သည့် ကောင်းကင်တံတားတာအိုမှာမူ မျှော်လင့်ချက်များ ပျက်သုဥ်းနေသည့် မျက်လုံးများဖြင့်သာ ကြည့်နိုင်လိုက်ပြီး သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ပေါက်များထဲမှ သွေးများစီးကျလာတော့သည်။
သူသည် ရုန်းကန်နေပါသော်လည်း အချည်းနှီးပင်။ တာအိုအနှစ်သာရတောင်ကြီးမှာ ဆက်လက်ကျဆင်းလာနေဆဲဖြစ်၍ လေထဲတွင် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ထစ်ချုန်းသံများ ပဲ့တင်ထပ်လာတော့သည်။ ကောင်းကင်တံတားတာအိုမှာ မြစ်ထဲတွင် ပိတ်မိနေသည်ဖြစ်၍ ဖီဆန်လိုသောလေသံဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ သူ့ထံတွင် မပြီးမြောက်သေးသောအကြံအစည်များစွာ ရှိနေသေးသည့်အပြင် မိုးမြေဧကရာဇ်အစစ်တစ်ယောက်လည်း မဖြစ်သေးပေ။ ရေရှည်အတွက် စီစဥ်ထားသည့် အကြံအစည်များပင် ရှိနေသေးသည်ဖြစ်၍ ယခု ဤကဲ့သို့ သေဆုံးရတော့မည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
ပို၍ဆိုးဝါးသည်မှာ သူက ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်နေခြင်းပင် မဟုတ်။ ထိုသို့တိုက်ခိုက်၍ ရှုံးသွားပါက သူလက်ခံနိုင်ဦးမည်ဖြစ်ပါသော်လည်း ယခုတွင်မူ နာမည်မရှိသောလူတစ်ယောက်နှင့် တိုက်ခိုက်နေရသည်ဖြစ်ရာ သေဆုံးခြင်းထက်ပင် ပို၍ဆိုးဝါးသော အရှက်တကွဲအကျိုးနည်းမှုကြီးပင် ဖြစ်နေတော့သည်။
အဆုံးသတ်တွင် သူသည် နာကျည်းစွာ ရယ်မောလိုက်ပြီး ခေါင်းငုံ့လိုက်တော့သည်။ ယခုတွင် အလွန်ပူပြင်းသောမီးတောက်များ၏ ဖုံးအုပ်ခြင်းကို ခံထားရပြီဖြစ်၍ သူ၏မျက်နှာကိုပင် မမြင်ရတော့သလို သူ၏အသွင်အပြင်မှာလည်း မီးခဲကြီးတစ်ခဲသာသာ ဖြစ်နေပြီဖြစ်သည်။
" ပိုင်ရှောင်ချန်း "
သူသည် အောက်ဘက် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ ဗဟိုဧကရာဇ်မြို့တော်၏ တော်ဝင်နန်းတော်ထဲမှ ကိုယ်ပိုင်အခန်းတစ်ခန်းအတွင်းကို ဖောက်ထွင်း၍ ကြည့်နေသည့်အလား တလက်လက်တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့် အော်ဟစ်လိုက်သည်။
သူက ထိုအခန်းတွင် တရားထိုင်နေသည့် ပိုင်ရှောင်ချန်းအား မျက်ဝါးထင်ထင် မြင်နေရသည့်အလားပင်။
သူ၏နှုတ်မှ ပိုင်ရှောင်ချန်း၏ နာမည် ထွက်ပေါ်လာပြီးနောက် လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်သောအခါလက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲမှ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော မီးတောက်များချောက်ချားဖွယ်ကောင်းသော မီးတောက်များ ထပ်၍ပေါ်ထွက်လာတော့သည်။
သူသည် မကြာသေးခင်က သူ၏စွမ်းအားကိုအနည်းငယ်ချုပ်တည်းကာ သူ၏အသား၊သွေးနှင့် သက်စောင့်အားတို့ကိုသာ လောင်ကျွမ်းစေခဲ့သည်။ သို့သော်ငြား သူ၏ဝိညာဥ်နှင့် သံယောဇဥ်မဲ့လူသားထံမှ ရရှိခဲ့သည့် တာအိုတို့ကိုမူ မလောင်ကျွမ်းစေခဲ့ပေ။
ယခုအခါ သူက ဂရုမစိုက်တော့ပဲ သူ၏ဝိညာဥ်နှင့်တာအိုတို့ကိုပါ မီးရှို့လိုက်သောအခါ တဟုန်းဟုန်းတောက်လောင်နေသော မီးပင်လယ်တစ်စင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် နာကျည်းမှုများ ပြည့်နှက်နေသည့် အော်သံတစ်သံ ပေါ်ထွက်လာတော့သည်။
" မျိုးတုန်းသုတ်သင်ခြင်း ပုံရိပ် "
သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်များက လှိုင်းထသကဲ့သို့ ပေါ်ထွက်လာကာ သံယောဇဥ်မဲ့လူသား၏ မျက်နှာပုံရိပ်နှင့် ချိတ်ဆက်သွားပြီးနောက် ခန္ဓာကိုယ်တစ်ခု၏ပုံရိပ်အသွင် ပြောင်းလဲသွားတော့သည်။
ယခု သံယောဇဥ်မဲ့လူသား၏ ခန္ဓာရှိသော ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီ ဖြစ်သည်။
ကောင်းကင်တံတားတာအိုမှာ မျိုးတုန်းသုတ်သင်ခြင်းတာအိုထဲမှ ဝှက်ဖဲတစ်ချပ်ကို ရရှိနိုင်ရန်အတွက် နတ်ဘုရားအစွမ်းတစ်ခုကိုအသုံးပြု၍ သူ့ကိုယ်သူ ဗလာနတ္ထိဖြစ်သွားအောင် မီးရှို့လိုက်ခြင်း ဖြစ်သည်။
သူသည် အလွန်ကြီးမားစွာပေးဆပ်လိုက်ရပါသော်လည်း အပြန်အလှန်အနေဖြင့် အံ့သြမှင်တက်ဖွယ်ကောင်းသော စွမ်းအားများကို ပြန်လည်ရရှိလိုက်တော့သည်။ တာအိုအနှစ်သာရတောင်ကြီး ရောက်ရှိလာသောအခါ သူက နားစည်များပင်ကွဲအက်သွားစေနိုင်လောက်သည့် အသံဖြင့်အော်ဟစ်လိုက်သောအခါ ကြယ်တာရာကောင်းကင်ကြီး တုန်ရီသွားပြီး ကမ္ဘာကြီးတစ်ခုလုံးမှာလည်း ခါယမ်းသွားတော့သည်။
" အပြင်ကို ထွက်လာခဲ့စမ်း "
ကောင်းကင်တံတားတာအိုမှာ သံယောဇဥ်မဲ့လူသား၏ ပုံစံတူ ပုံရိပ်တစ်ခုအနေဖြင့် လက်များကိုဆန့်ထုတ်လိုက်ပြီး ထိုတောင်ကြီးထံ အားများကို ထုတ်လွှတ်လိုက်သဖြင့် ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများထလာပြီး ၎င်းမှာ ပျက်စီးသွားရတော့သည်။
တောင်ကြီး၏ အကြွင်းအကျန်အစအနများ အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်သွားစဥ် သူက မီးတောက်နေသောလက်ကို လက်သီးဆုပ်လိုက်ပြီး ထိုးနှက်လိုက်သည်။
ဖော်ပြ၍ မရနိုင်လောက်အောင် စွမ်းအားကြီးမားသော အငွေ့အသက်များ လွင့်ပျံလာပြီး မြစ်ကြီး တုန်ရီသွားသဖြင့် ရေမှုန်ရေမွှားမြောက်မြားစွာ ကြယ်တာရာကောင်းကင်ထဲသို့ လွင့်စင်သွားကြတော့သည်။
သက်ရှိများအားလုံး တုန်ရီနေကြစဥ် ကောင်းကင်တံတားတာအိုက သူနှင့်ပုံစံတူ ပုံရိပ်ကို သံယောဇဥ်မဲ့လူသားအစစ်ထံ တည့်မတ်စွာ ဆုတ်ခွာသွားစေလိုက်သည်။
သူ၏နောက်ဆုံးပန်းတိုင်မှာ အသက်ရှင်နေရန် ဖြစ်သည်။ သူသည် သူ၏ဝိညာဥ်နှင့် တာအိုတို့ကို မီးရှို့ခဲ့သည်ဖြစ်၍ ထိုဒဏ်ရာမှ ပြန်၍သက်သာလာစေရန် အချိန်များစွာပေးရမည် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူက အသက်ဆက်ရှင်နေရန် ဆန္ဒရှိနေဆဲပင် ဖြစ်သည်။
ယပ်တောင်ထဲရှိ ပိုင်ရှောင်ချီ၏ သက်လုံမှာ အပြင်းအထန်ထိခိုက်ထားပြီ ဖြစ်သည်။ ထိုအချင်းအရာများကို သူ မြင်လိုက်ရသောအခါ စိတ်မချမ်းမြေ့စွာ အော်ဟစ်လိုက်သည်။ စုန့်ချွဲ၏မျက်လုံးများမှာမူ ဒေါသအရိပ်အယောင်များဖြင့် တောက်ပလာပြီး သူ့ထံမှ စွမ်းအားကြီးအငွေ့အသက်များ ပေါ်ထွက်လာတော့သည်။
ထိုအငွေ့အသက်များကို တုန့်ပြန်သည့်အနေဖြင့် မိုးမြေဧကရာဇ်လက်ကြီးက ရုတ်တရက် နေရောင်ကဲ့သို့ မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များဖြင့် တောက်ပလာတော့သည်။
ပြင်းထန်သော စွမ်းအားများ ထိုးထွက်လာကာ ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး ၎င်းမှာ ထိုပြင်းအားကြောင့် ကွေးကောက်သွားရသည်အထိပင်။ ထိုစွမ်းအား၏ ပစ်မှတ်မှာ ကောင်းကင်တံတားတာအိုပင်ဖြစ်သည်။
သံယောဇဥ်မဲ့လူသား၏ခန္ဓာကိုယ်ပုံရိပ်မှာ ချက်ချင်းပင် တုန်ရီကာတွန့်လိမ်သွားသဖြင့် ကောင်းကင်တံတားတာအိုမှာ လုံးဝရူးသွပ်သွားရတော့သည်။
ကောင်းကင်တံတားတာအို၏ သက်စောင့်အားမီးတောက်မှာ မတည်မငြိမ် ဖြစ်လာပါသော်လည်း ထိုမျှနှင့် ပြီးမသွားသေးပေ။ သူ့အား မိုးမြေဧကရာဇ်လက်ကြီးဖြင့် ရိုက်နှက်ပြီးနောက် စုန့်ချွဲက နီမြန်းနေသောမျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ပြီး ပို၍စွမ်းအားကြီးမားသော အငွေ့အသက်များကို ထပ်၍ထုတ်လွှတ်လိုက်ပြန်သည်။
သူသည်လည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းစွာ သူ့ကိုယ်သူ မီးရှို့နေသည်။
" ကျုပ်မသေသေးဘူး ငမိုက်သား ကောင်းကင်တံတား "
သူက မတ်တတ်ထရပ်လိုက်သောအခါ မီးများတောက်လောင်လာပြီး သူ၏သက်စောင့်အား၊ တာအိုအနှစ်သာရနှင့် သူ့အား ဖွဲ့စည်းထားသောအရာအားလုံးကို အသုံးပြုကာ သူ၏နောက်တွင် ဧရာမပုံရိပ်ယောင် လူ့ဘီလူးကြီးတစ်ကောင်ကို ဆင့်ခေါ်လိုက်တော့သည်။
ထိုလူ့ဘီလူးကြီးမှာ တာအိုဝတ်ရုံတစ်ခုကိုဆင်မြန်းထားပြီး အလွန်ရုပ်ရည်ချောမောကာ ကြယ်ရောင်ကဲ့သို့ စူးရှတောက်ပသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ ဤနေရာတွင်ရှိနေပါက ထိုလူကိုချက်ချင်းပင် မှတ်မိလိုက်မည်သာဖြစ်သည်။ စုန့်ချွဲဆင့်ခေါ်လိုက်သည့်ပုံရိပ်ကား လောကတာအိုပင် ဖြစ်ပေသည်။
သူသည် လက်ကိုဆန့်ထုတ်ကာ မြစ်ကြီးထဲမှ ရေမှုန်တစ်မှုန်စီတိုင်းကို သူ့ဆီသို့ပြန်၍ ဆွဲယူလိုက်ပြီး ၎င်းတို့အား လူ့ဘီလူးကြီး၏ အသွေးအသားများအဖြစ် ပြောင်းလဲသွားစေလိုက်သည်။ ယခုအခါ လောကတာအိုမှာ အပြည့်အဝ ရုပ်လုံးပေါ်လာပြီဖြစ်သည်။
ထို့နောက် သူသည်အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး တာအိုအနှစ်သာရတောင်၏ အကျိုးအပဲ့များအားလုံးကို ပြန်လည်ဆွဲယူကာ သူ၏ညာဘက်တွင် ရစ်ဝဲနေစေလိုက်သည်။ ယပ်တောင်ထဲရှိ ပိုင်ရှောင်ချီမှာ စိတ်လှုပ်တရှားကြည့်နေပြီး ယပ်တောင်ကြီးအား လောကတာအို၏ ဘယ်ဘက်ဆီသို့ မောင်းနှင်သွားလိုက်သည်။
ထိုအရာများမှာ ဖော်ပြရသည်သာကြာသော်လည်း မီးတစ်ခတ်စာအချိန်အတွင်း ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ကောင်းကင်တံတားတာအိုက ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားနေစဥ်မှာပင် စုန့်ချွဲက ဤနတ်ဘုရားအစွမ်းကို ထုတ်လွှတ်၍ ရှေ့သို့လှမ်းကာ သူ၏လမ်းကို ပိတ်လိုက်တော့သည်။
စုန့်ချွဲမှာ လောကတာအို အသက်ပြန်ရှင်လာသည်နှင့် တူညီလုနီးပါးဖြစ်နေပြီး ကောင်းကင်ကိုတုန်ရီသွားစေကာ ကောင်းကင်တံတားတာအိုထံ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
" သေစမ်း "
သူသည် ရူးသွပ်မှုများ တောက်လောင်နေသော မျက်ဝန်းတစ်စုံဖြင့် အော်ဟစ်လိုက်သည်။ ပိုင်ရှောင်ချန်းတစ်ယောက်သာ ကောင်းကင်တံတားတာအိုကို မုန်းနေသည် မဟုတ်။ စုန့်ချွဲမှာလည်း ကောင်းကင်တံတားနယ်မြေမှဖြစ်၍ ထိုလူကြီးအား သူ၏အရိုးများထဲမှနေ၍ မုန်းတီးနေပေသည်။ လောကတာအို၏ အသွင်တူပုံရိပ်ကြီးက အနီးသို့ရောက်သွားသောအခါ စုန့်ချွဲက ညာလက်သီးကိုဆုပ်လိုက်ပြီး ကောင်းကင်တံတားတာအိုအား ထိုးနှက်လိုက်တော့သည်။
ထိုလက်သီးချက်ထဲတွင် စုန့်ချွဲကို ဖန်တီးထားသည့် အရာအားလုံးပါဝင်နေသည်။ ၎င်းမှာ ကောင်းကင်တံတားတာအို၏ ပုံရိပ်အား မျက်စိကျိန်းမတတ် စူးရှတောက်ပသည့် ကြယ်တစ်လုံးအသွင် ပြောင်းလဲသွားစေပြီး ယင်းနောက် စုန့်ချွဲက ကြယ်တာရာကောင်းကင်ကို တဟုန်ထိုး သွားလိုက်တော့သည်။
ကောင်းကင်တံတားတာအို မျက်နှာပျက်သွား၏။ အကယ်၍ မိုးမြေဧကရာဇ်လက်ကြီးသာ ထိုနေရာတစ်ဝိုက်ကို ကွေးညွှတ်အောင် မပြုလုပ်ထားပါက သူ၏ပန်းတိုင်သို့ အရောက်သွားနိုင်ခြေ ရှိဦးမည်ဖြစ်သည်။ သို့သော် ယခုတွင် အချိန်မရှိတော့။ ဤကဲ့သို့ အသက်တမျှအရေးကြီးနေသော အခိုက်အတန့်တွင် သူသည် နာကျည်းစွာရယ်မောလိုက်ပြီး နောက်သို့ချာကနဲလှည့်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်တော့သည်။ ထိုအခါ ချက်ချင်းပင် သံယောဇဥ်မဲ့လူသား ပုံရိပ်၏ လက်နှစ်ဖက်ကြားတွင် အနက်ရောင်လေပွေတစ်ခု ပေါ်ထွက်လာသည်။ သူသည် လုံးဝတွေဝေမနေပဲ ထိုလေပွေအား သူ့ထံ ဦးတည်လာနေသည့် လောကတာအိုဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ယခုအချိန်ထိ ဤတိုက်ပွဲကြီးတွင် ပေါ်ထွက်ခဲ့သည့် အသံတိုင်းထက် ပို၍ကျယ်လောင်သော အသံကျယ်ကြီးတစ်သံ မြည်ဟည်းထွက်ပေါ်လာပြီး ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ ကွဲအက်သွားသည်အထိ တုန်ခါသွားတော့သည်။ ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးပင် ပြိုလဲပျက်စီးသွားတော့မည့်အလား။ အောက်ဘက် ထာဝရအင်မော်တယ်နယ်မြေများထဲတွင် တောင်တန်းများ ပြိုလဲပျက်စီးကုန်ကြပြီး ထာဝရပင်လယ်ထဲမှ ရေများမှာ ဘေးနားတစ်ဝိုက်ရှိ ကုန်းမြေများကို ဖုံးလွှမ်းသွားကြသည်။
စုန့််ချွဲနှင့် ကောင်းကင်တံတားတာအိုကြား၊ လောကတာအို၏ပုံရိပ်နှင့် သံယောဇဥ်မဲ့လူသား၏ပုံရိပ်ကြားတွင် ကြောက်မက်ဖွယ် အနက်ရောင်ကျင်းကြီးတစ်ကျင်း ပေါ်ထွက်လာသည့်အလားပင်။
အဆုံးသတ်တွင် ကောင်းကင်တံတားတာအို၏ ပုံရိပ်မှာ ထပ်၍မတောင့်ခံနိုင်တော့ပဲ အနက်ရောင်မီးတောက်များ ပြိုလဲပျက်သုဥ်းသွားကြတော့သည်။ တချိန်တည်းမှာပင် စုန့်ချွဲ၏ ပတ်ပတ်လည်ရှိ လောကတာအိုပုံရိပ်ကြီးမှာလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။
စုန့်ချွဲမှာ နောက်သို့လူးလွန့်သွားပြီး သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်။ သူသည် တတ်နိုင်သမျှ ကြိုးစားခဲ့ပြီးဖြစ်ရာ ယခုအခါ လေပြင်းထဲတွင်ရောက်နေသော ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ငြိမ်းသက်ပျောက်ကွယ်တော့မည့်အလား ဖြစ်နေတော့သည်။ ကံကောင်းသည်မှာ သူတော်စင်ဧကရာဇ်ရှိနေသည်ဖြစ်ပြီး သူသည်ဒဏ်ရာများရထားပါသော်လည်း စုန့်ချွဲအားဖမ်းဆုပ်၍ နောက်သို့ ဆုတ်ခွာသွားလိုက်တော့သည်။
ကောင်းကင်တံတားတာအိုမှာမူ သံယောဇဥ်မဲ့လူသား၏ ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကြယ်တာရာကောင်းကင်ထဲတွင် ဆံပင်များရှုပ်ထွေးကာ ဖြူဆုတ်နေသောမျက်နှာကြီးဖြင့် ပြန်၍ပေါ်လာတော့သည်။ သူ၏ကိုယ်ပေါ်တွင် မည်သည့် မီးတောက်ကိုမှ မမြင်ရတော့ပါသော်လည်း ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေဆဲဖြစ်ပြီး သူ့တွင်ကျန်ရှိနေသေးသည့် နောက်ဆုံးသော သက်စောင့်အားများကို စုပ်ယူစားသုံးနေဆဲပင်။
သူ ရုတ်တရက် အလွန်တည်ငြိမ်သွားတော့သည်။ သူ၏ အတွေးထဲတွင် စုန့်ချွဲ၊ သူတော်စင်ဧကရာဇ် သို့မဟုတ် ထာဝရအင်မော်တယ်နယ်မြေထဲရှိ မရေမတွက်နိုင်သော သက်ရှိမြောက်မြားစွာတို့ လုံးဝ ရှိမနေတော့ပေ။ ပိုင်ရှောင်ချန်းအကြောင်းကိုလည်း သူ တွေးတောမနေတော့။ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ အရပ်မျက်နှာတစ်ခုဘက်သို့သာ သူ စိုက်ကြည့်နေလေတော့သည်။
ပါပါး ... တန်လို့လား...
သမီးက ပါပါးရဲ့ သမီးလေ.....
တောင်းပန်ပါတယ် ပါပါးရယ်။ သမီးတောင်းပန်ပါတယ်…
သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က တုလင်ဖေးနှင့် ပိုင်ရှောင်ချန်းတို့အား အတင်းအကြပ် ပေါင်းစည်းခိုင်းခဲ့စဥ် တုလင်ဖေး ပြောခဲ့သော စကားသံများကို ပြန်လည်ကြားယောင်နေမိတော့သည်။
" တန်ရဲ့လား " သူ့ကိုယ်သူ ပြန်၍မေးလိုက်မိသည်။
" တကယ်ရော တန်ရဲ့လား … "
သူသည် ရုတ်တရက် သူ၏လက်ဖမိုးပေါ်တွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သောအခါ အရည်တစ်စက်ကို မြင်လိုက်ရသည်။ ၎င်းမှာ မျက်ရည်တစ်စက်ဖြစ်ပြီး ထိုနေရာသို့ မည်သို့ ရောက်ရှိနေကြောင်း သူ မသိလိုက်ပေ။ သို့သော် ထိုမျက်ရည်စက်မှာ သူ၏ လောင်ကျွမ်းနေသော အသားနှင့် ထိတွေ့လိုက်သောအခါ သူ၏ခန္ဓာကိုယ်အနှံ့သို့ နာကျင်မှုများ ပျံ့နှံ့သွားတော့သည်။ ထို့နောက် သူ၏လက် ပြာကျသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ၏လက်မောင်းမှာလည်း ထိုနည်းတူပင်။ ထိုကဲ့သို့ ဆက်လက်၍ ပြာကျသွားလေသည်။
" ငါ အမြဲတမ်းတော့ ဒီလိုမဟုတ်ခဲ့ဘူးမလား..... "
သူ့ကိုယ်သူ ပြန်မေးမိလိုက်သည်။ ထို့နောက် သူသည် အဖြေရှာမရတော့ပဲ နာကျည်းစွာဖြင့် မျက်လုံးများကို မှိတ်လိုက်တော့သည်။ သူ၏ဦးခေါင်းမှစ၍ ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်းချင်း ပြာကျသွားပြီဖြစ်သည်။ သူ၏မှတ်ဉာဏ်များမှာလည်း ပျက်သုဥ်းသွားပြီး သူ၏သမီး သူ့အားပြောခဲ့သည့် နောက်ဆုံးစကားလုံးများမှာလည်း ပျက်စီးပျောက်ကွယ်သွားတော့သည်။