နိုးထလာသော သံယောဇဥ်မဲ့လူသား
Vol. 13 Ch. 1291
ကောင်းကင်တံတားတာအို သေဆုံးသွားပြီဖြစ်သည်။
ကောင်းကင်တံတားနယ်မြေထဲတွင် ရှိခဲ့စဥ်က လက်ဖျားခါရလောက်အောင် ထူးချွန်သော သူ၏အရည်အချင်း၊ သူ၏ကြီးမားလှသောစွမ်းအားနှင့် သူ၏လိမ္မာပါးနပ်သော ပရိယာယ်များကြောင့် ဗဟိုဧကရာဇ်မြို့တော်ကြီး ပျက်စီးသွားခဲ့ရသည်။ ဗဟိုဧကရာဇ်များ၏ အမွေဆက်ခံခြင်းကို အဆုံးသတ်နိုင်လုနီးပါးဖြစ်ခဲ့ပြီး မြေရိုင်းဒေသကို ပေါ်ထွက်လာစေခဲ့သည်။ အဆုံးတွင် သူကိုယ်တိုင် ကောင်းကင်တံတားနယ်မြေကို ဖျက်ဆီးခဲ့လေသည်။ ယခုတွင်မူ သူ၏ဘဝဇာတ်ကြောင်းမှာ အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။ သူက ပြာမှုန့်များအဖြစ် ကြယ်တာရာကောင်းကင်ကြီးထဲတွင် မျောလွင့်နေပြီဖြစ်ပြီး သူ၏ဝိညာဥ်မှာလည်း ထာဝရပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ၏နောက်ဆုံးစကားများကို မည်သူမှမကြားလိုက်သည့်အပြင် ဤကဲ့သို့ ပေးဆပ်လိုက်ရသည့်အပေါ် တန်သည်ဟု သူ တွေးနေလား၊ မတန်ဘူးဟု သူ တွေးနေမလားကိုလည်း မည်သူမှ မသိကြပေ။
သင်္ချိုင်းစောင့်ကြီးသာ ရှေးဟောင်းပြဋ္ဌာန်းချက်များကို ဖောက်ဖျက်၍ ကောင်းကင်တံတားတာအိုအား ဗဟိုဧကရာဇ်မင်းဆက်ကို ဦးဆောင်ခိုင်းခဲ့မည်ဆိုပါက မည်ကဲ့သို့ ဖြစ်သွားနိုင်ကြောင်းကိုလည်း မည်သူမှမသိပေ။
သင်္ချိုင်းစောင့်ကြီးမှာ ဗဟိုဘိုးဘေးကြီး၏ ဆန္ဒများအတိုင်း လေးစားလိုက်နာခဲ့ပြီး ဗဟိုဧကရာဇ်များ၏ တာအိုမှော်အတတ်အား မကျင့်ကြံထားသည့်သူများကို ကောင်းကင်တံတားနယ်မြေ၏လူများအား ဦးဆောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။
ကောင်းကင်တံတားတာအိုမှာ ရင်သပ်ရှုမောဖွယ်ရာ ဘဝတစ်ခုကို ရှင်သန်နေထိုင်ခဲ့ရပါသော်လည်း ယခုတွင်မူ သူ၏ အကြင်နာတရားကင်းမဲ့သော ရည်မှန်းချက်ပန်းတိုင်များမှာ အဆုံးသတ်သွားရပြီဖြစ်သည်။
စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့ နှစ်ယောက်စလုံးမှာ ခံစားချက်မျိုးစုံ ရောယှက်နေသည့်မျက်ဝန်းများဖြင့် ကောင်းကင်တံတားတာအို၏ အကြွင်းအကျန်များဖြစ်သော ပြာမှုန့်များ ဟင်းလင်းပြင်ကြီးထဲသို့ စီးမျောလွင့်ပါသွားသည်ကို ကြည့်နေတော့သည်။
ထာဝရအင်မော်တယ်နယ်မြေများထဲရှိ အခြားသက်ရှိများ၊ အထူးသဖြင့် ဗဟိုဧကရာဇ်မင်းဆက်မှ ကျင့်ကြံသူများမှာ ယခုလေးတင်ဖြစ်ပွားသွားခဲ့သည့် တိုက်ပွဲကြီးကြောင့် ဆွံ့အနေကြတော့သည်။ သူတို့က အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါသော်လည်း ကောင်းကင်တံတားတာအို သေဆုံးသွားသည်ကိုမူ အာရုံခံမိလိုက်ကြသဖြင့် ခေတ္တမျှတိတ်ဆိတ်သွားကြပြီးနောက် အားပေးကြွေးကြော်သံများ ပွက်ပွက်ညံအောင် ထွက်ပေါ်လာကြတော့သည်။
သူတို့အားလုံးက ကောင်းကင်တံတားတာအိုကို ရင်ထဲမှမုန်းတီးနေကြခြင်း ဖြစ်သည်။ သူတို့၏ အားပေးကြွေးကြော်သံများ လေထုထဲတွင် ပြည့်နှက်နေစဥ်တွင် စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့မှာ ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ပြန်ရောက်လာကြသည်။
ထိုအခါ သူတို့နှစ်ယောက်စလုံး၏မျက်နှာများ ကွက်ခနဲ ပျက်သွားကြသည်။
ကြယ်တာရာကောင်းကင်ကြီးတစ်ခွင် ပြည့်နှက်သွားနိုင်ပြီး သက်ရှိတိုင်းပေါ်သို့ ဖိအားများသက်ရောက်သွားစေနိုင်သည့် အဆုံးအစမဲ့ကာ မြင့်မြတ်ထူးကဲလှသည့် အငွေ့အသက်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်။ ကြယ်တာရာကောင်းကင်၏ အတွင်းထဲတွင်ဖြစ်စေ၊ အပြင်ဘက်တွင်ဖြစ်စေ ထိုအငွေ့အသက်မှာ အထွတ်အထိပ်အဆင့်တွင်ရှိနေသော ဖြစ်တည်မှုတစ်ခုဖြစ်ပြီး ၎င်းမှာ ရုပ်ထုကြီးနှင့်တူသော ဧရာမ သံယောဇဥ်မဲ့လူသားထံမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ကောင်းကင်ကြီး တုန်ရီသွားပြီး ထာဝရအင်မော်တယ်နယ်မြေများမှာ တုန်ခါသွားသဖြင့် နေရာတိုင်းတွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာတော့သည်။ ထာဝရပင်လယ်ကြီးပင် ၎င်း၏ဒဏ်ကိုခံလိုက်ရပြီး မျက်လုံးဖြင့်မမြင်နိုင်သော အားတစ်ခုကြောင့် အောက်ဘက်သို့ ကျွံဝင်သွားတော့သည်။
ထာဝရအင်မော်တယ်နယ်မြေထဲရှိ လူတိုင်း ရိုးတွင်းချဥ်ဆီထိတိုင်အောင် တုန်လှုပ်ချောက်ချားသွားကြပြီး စိတ်ဝိညာဥ်ထဲထိအောင် တုန်ရီသွားကြတော့သည်။ သူတို့၏အတွေးများနှင့် အသိစိတ်များ ပျက်သုဥ်းပျောက်ကွယ်သွားပြီး စိတ်ထဲမှ အလိုအလျောက်ပေါ်ထွက်လာသည့် ကြောက်စိတ်နှင့် ထိတ်လန့်မှုများကိုသာ ခံစားနိုင်တော့သည့်အလား ဖြစ်သွားကြတော့သည်။ သူတို့က အန္တရာယ်အကြီးမားဆုံးနှင့် အရက်စက်ဆုံး ရန်သူကြီး၏ရှေ့သို့ ရုတ်တရက် ချက်ချင်း ရောက်သွားသကဲ့သို့ပင်။
အကယ်၍ ထိုမျှလောက်သာဆိုပါက ရေးကြီးခွင်ကျယ် မဟုတ်သေးပေ။ သို့သော် ထူးဆန်းသည်မှာ ထိုအငွေ့အသက်ထဲတွင် ဆွဲငင်အားကဲ့သို့သော သဘာဝဥပဒေသ၏စွမ်းအားတစ်ခုပါဝင်နေသည့်ပုံပေါ်၍ မကြာသေးခင်က အောက်ဘက်သို့ ကျွံဝင်သွားခဲ့သည့် ထာဝရပင်လယ်ထဲမှ ရေများမှာ ရုတ်တရက် လေထဲသို့ မြောက်တက်လာကြတော့သည်။
ထာဝရပင်လယ်တစ်ခုထဲ ထိုသို့ဖြစ်နေသည် မဟုတ်ပေ။ တောင်တန်းများမှာလည်း မြေပြင်ပေါ်မှ ပြတ်ထွက်ကုန်ကြပြီး အပေါ်သို့ မြောက်တက်သွားကြသည်။ လူများပင်အပါအဝင်ဖြစ်သည်။ မည်သည့်ကျင့်ကြံခြင်းအဆင့် ရှိနေစေကာမူ သူတို့အားလုံးမှာ သူတို့၏ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ကြတော့ပဲ လေပေါ်သို့ မြောက်တက်သွားကြတော့သည်။
မြို့တော်များ၊ နန်းတော်များ၊ အပင်များ၊ အသီးအရွက်များ၊ တိရိစ္ဆာန်များလည်း အပါအဝင်ဖြစ်သည်။ ထာဝရအင်မော်တယ်နယ်မြေထဲရှိ အရာအားလုံး ထိုဆွဲငင်အားကြီး၏ ဒဏ်ကို ခံစားနေရသည့် ပုံပင်။
ထိုမြင်ကွင်းကြီးမှာ အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှပေသည်။
ပိုင်ရှောင်ချန်းပင် သူ၏ကိုယ်ပိုင်အခန်းနှင့်အတူ လေပေါ်သို့မြောက်တက်သွားသည်။ မည်သည့် အကာအကွယ်မန္တန်အစီရင်မှ အလုပ်မဖြစ်ချေ။ သူ၏အခန်းတံခါးပင် ထိုဒဏ်ကို ခံစားလိုက်ရသဖြင့် ကြေမွပျက်စီးသွားကာ ထွက်ပေါ်လာသော အကျိုးအပဲ့ အစအနများမှာလည်း ဖြည်းညင်းစွာ မြောက်တက်သွားကြတော့သည်။
ယခုတွင်မူ အခန်းထဲ၌ တင်ပျဥ်ခွေထိုင်နေသော ခြောက်သွေ့ကာ ကျိုးပဲ့လွယ်သည့် ခန္ဓာကိုယ်နှင့် ပိုင်ရှောင်ချန်းအား မြင်နေရပြီဖြစ်သည်။ သူ အသက်ရှိနေသေးသလား၊ သေဆုံးသွားပြီလားကိုမူ အတိအကျ မသိနိုင်ပေ။
သူသည်လည်း ထာဝရအင်မော်တယ်နယ်မြေထဲရှိ အခြားအရာအားလုံးကဲ့သို့ ဆွဲငင်ခံနေရသည် ဖြစ်သော်လည်း ထိုအရာများနှင့် မတူသည်မှာ သူက မလှုပ်မယှက်နှင့် တင်ပျဥ်ခွေထိုင်နေဆဲပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းတစ်ယောက်သာ ထိုသို့ ဖြစ်နေသည်။ သူတော်စင်ဧကရာဇ်နှင့် စုန့်ချွဲတို့ပင် သံခြေချင်းများဖြင့် ရစ်ပတ်ခံလိုက်ရသကဲ့သို့ တုန်ရီနေကြသည်။ သူတို့က ခက်ခက်ခဲခဲကြိုးစား၍ နောက်သို့လှည့်ကြည့်လိုက်သောအခါ သံယောဇဥ်မဲ့လူသား စတင်၍လှုပ်လာသည်ကို မြင်လိုက်ရသည်။
သူသည် ကြယ်တာရာကောင်းကင်ပေါ်တွင်ရစ်ဝဲနေလျက် သူ၏လက်များမှာ ဆန့်ငင်ဆန့်ငင် လှုပ်ရှားသွားပြီး သူ၏ဦးခေါင်းဆီမှ အက်ကွဲသံများ ပေါ်ထွက်လာသည်။ တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် နှစ်ပေါင်းများစွာတိုင်အောင် စုဝေးနေခဲ့ကြသည့် အညစ်အကြေးနှင့် ကျောက်သားများမှာ အက်ကွဲစပြုလာတော့သည်။
ထာဝရအင်မော်တယ်နယ်မြေများထဲရှိ သက်ရှိများမှာ မည်သည်ကိုမှ မတွေးတောနိုင်တော့ပဲ ကုန်းမြေများပင် ဖြည်းညင်းစွာဖြင့် အပေါ်ဘက်သို့ရွေ့လျားလာတော့သည်။
သူတော်စင်ဧကရာဇ်နှင့် စုန့်ချွဲတို့မှာမူ အံ့သြတုန်လှုပ်မှုလှိုင်းများဖြင့် ဖုံးလွှမ်းခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
" သူ ... သူ ... "
သူတော်စင်ဧကရာဇ်မှာ အကြောက်တရားများထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့လာသော အက်ကွဲကြောင်းများကိုကြည့်၍ အသားများတုန်ရီလာတော့သည်။
စုန့်ချွဲမှာ မျက်နှာဖြူဆုတ်နေပြီဖြစ်သည်။ သူနှင့် သူတော်စင်ဧကရာဇ်တို့နှစ်ယောက်စလုံးမှာ အားအကုန်ထုတ်၍ ကောင်းကင်တံတားတာအိုနှင့် တိုက်ခိုက်ခဲ့ပြီး အဆုံးသတ်တွင် သူ့အား သတ်နိုင်ခဲ့ပါသော်လည်း သူတို့၏တိုက်ပွဲမှာ သံယောဇဥ်မဲ့လူသား၏ စိတ်ကူးနှင့်ပင်မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားသောစွမ်းအားကို ပို၍ပင် သိသာထင်ရှားလာစေတော့သည်။
" သူက...သတ်မှတ်ထားတဲ့အချိန်ထက်ပိုပြီး စောစောနိုးထလာနေတာပဲ... "
ထိုအချိန်တွင် သံယောဇဥ်မဲ့လူသား၏ မျက်ခွံများမှာ ဆတ်ခနဲတွန့်သွားပြီး ကျယ်လောင်သောထစ်ချုန်းသံများ ပဲ့တင်ထွက်လာတော့သည်။ ယခုကျဆင်းလာနေသည့် ကျောက်စကျောက်နနှင့် အညစ်အကြေးများကိုကြည့်၍ သံယောဇဥ်မဲ့လူသားက သူ၏မျက်လုံးများကိုဖွင့်ရန် ကြိုးပမ်းနေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဗဟိုဧကရာဇ်ကို ကိုယ်စားပြုသော အချုပ်အနှောင်စာရွက်မှာမူ အသက်ရှူကြိမ်အနည်းငယ်အတွင်း လုံးဝဥဿုံ ပျောက်ကွယ်သွားတော့သည်။
၎င်းပျောက်ကွယ်သွားချိန်တွင် ဗျက်စောင်းကြိုးတစ်ကြိုး ပြတ်သွားသည့်အသံနှင့်ဆင်တူသော အသံတစ်သံ ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။
ထိုသို့ဖြင့် သံယောဇဥ်မဲ့လူသား၏ မျက်ခွံများမှာ ချုပ်နှောင်ခံခဲ့ရသည့် အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ပွင့်သွားပြီး နေနှစ်စင်းနှင့်တူသော အရာများကို မြင်လိုက်ရတော့သည်။
မှောင်မည်းနေသည့် ကြယ်တာရာကောင်းကင်ထဲတွင် ထိုနေလုံးများ ပေါ်ထွက်လာပါသော်လည်း မျက်စိကျိန်းမတတ် စူးရှအောင် တောက်ပနေခြင်း မရှိပေ။ ထိုနေလုံးကြီးများမှာ အနက်ရောင်ရှိနေပြီး အနက်ရောင်ကျင်းများကို ကိုယ်စားပြုနေသည်။
ထိုအနက်ရောင်ကျင်းများမှာ သံယောဇဥ်မဲ့လူသား၏ မျက်လုံးများ ဖြစ်ကြသည်။
သံယောဇဥ်မဲ့လူသား နိုးထလာလေပြီ။
ထိုအချိန်တွင် ရှေးအကျဆုံးအချိန်ကာလများမှ အစပြုထွက်ပေါ်လာသည်ဟု ထင်ရသော သက်ပြင်းချသံတစ်သံ ပေါ်ထွက်လာည်။ ထိုအသံမှာ ပဲ့တင်ထပ်သွားပြီး သက်ရှိများအားလုံးနှင့် ကြယ်တာတာရာကောင်းကင်ကြီးတို့သာမက ယခင်က ရှိခဲ့ဖူးသည့် မရေမတွက်နိုင်လောက်အောင်များပြားသော သက်ရှိများ၏ အကြွင်းအကျန်များဖြစ်သော အပျက်အစီးများထဲမှာပင် ပြည့်နှက်သွားတော့သည်။
ထိုသက်ပြင်းချသံကြောင့် ထာဝရအင်မော်တယ်နယ်မြေထဲရှိ သက်ရှိများအားလုံး၏ အသိစိတ်များမှာ ချာချာလည်သွားကြပြီး သူတို့အားလုံး တွေဝေငေးမောနေရာမှ ချက်ချင်းပင် သတိပြန်လည်လာတော့သည်။ သူတို့ လေပေါ်သို့မြောက်တက်နေကြသည်ကိုပင် အာရုံမစိုက်နိုင်တော့ပဲ ကောင်းကင်ထဲရှိ သံယောဇဥ်မဲ့လူသား၏ မျက်လုံးများကို မော့ကြည့်လိုက်ကြတော့သည်။
အလန့်တကြားအော်ဟစ်သံများ ပေါ်ထွက်မလာပဲ သူတို့အားလုံး၏ အတွေးများထဲတွင် ကြောက်စိတ်များနှင့် ကူရာကယ်ရာမဲ့နေသည့် ခံစားချက်များ ပြည့်နှက်သွားသဖြင့် ပင့်သက်ရှိုက်သံ အမြောက်အမြားသာ ပေါ်ထွက်လာကြသည်။
ထို့နောက် အလွန်ရှေးကျပြီး အချိန်အနှစ်သာရများ ကိန်းအောင်းနေဟန်တူေသာ စကားသံတစ်သံထွက်ပေါ်လာပြီး ထိုအသံကိုကြားလိုက်ရသည့်အရာအားလုံး အိုမင်းရင့်ရော်သွားကြတော့သည်။
" ငါ နိုးထလာရတဲ့ အကြောင်းအရင်းက တစ်ခုတည်းပဲရှိတယ်။ မျိုးတုန်းသုတ်သင်ဖို့ပဲ... "
ထိုအခိုက်အတန့်တွင် ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံး ရုတ်ချည်း မီးခိုးရောင်အဖြစ် ပြောင်းလဲစပြုလာတော့သည်။
ယခုအခါ သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်လောက်အောင်များပြားသော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ ထို့နောက် သူလှုပ်ရှားရန် ပထမဆုံးအကြိမ်အဖြစ် အားထုတ်လိုက်သဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထွက်ပေါ်လာတော့သည်။