← Chapters

တာအိုကိုယ်ပွားများ

Vol. 13 Ch. 1292

တာအိုကိုယ်ပွားများ

Vol. 13 Ch. 1292

သံယောဇဥ်မဲ့လူသား နိုးထလာနေသည်ဖြစ်၍ သူ၏ခန္ဓာကိုယ်ပေါ်မှ ကျောက်စကျောက်နများနှင့် အကျိုးအပဲ့များက မိုးရေစက်များပမာ တဖွဲဖွဲ ကျဆင်းလာနေစဥ် ပိုင်ရှောင်ချန်းမှာ သက်ရောက်မှုမရှိသည့်အလား တင်ပျဥ်ခွေလျက် ထိုင်နေဆဲပင်။

သူ၏ခန္ဓာကိုယ် ခြောက်သွေ့ကာ အငွေ့အသက်များ လွင့်ပါးနေဟန်တူပြီး သူ့မျက်လုံးများ မှိတ်နေသည့်အပြင် သူ့ဆံပင်ရှည်များမှာလည်း သူ၏ပတ်ပတ်လည်တွင် လွင့်မျောနေသည်။ သူနှင့်ပတ်သက်၍ တစ်ခုခု ထူးဆန်းနေပါသော်လည်း သူ အသက်ရှိနေသေးလား၊ သို့တည်းမဟုတ် သေဆုံးနေပြီလားဆိုသည်ကို တပ်အပ် မသိနိုင်ချေ။

မည်သည့်အကြောင်းကြောင့်တော့ မသိပေ။ ထိုအခန်းထဲတွင် တင်ပျဥ်ခွေထိုင်နေသည်မှာ လူသားတစ်ယောက်၏ခန္ဓာကိုယ် မဟုတ်ဘဲ နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေသည်။

အပြင်ဘက် ကြယ်တာရာကောင်းကင်ကြီးထဲရှိ ဒုဓလီစေ့များ ဆင်းသက်ခဲ့ပြီးဖြစ်သော အပျက်အစီးများမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပုံစံပြောင်းနေကြပြီ ဖြစ်သည်။

၎င်းတို့ထံမှ ပေါ်ထွက်လာနေသည့် အလင်းရောင်များမှာ ပို၍ စူးရှတောက်ပလာပြီး အမှောင်ထုကို ပယ်ရှားကာ သက်စောင့်အားများကို တိုးပွားစေ၍ အလင်းများ ဖြန့်ကျက်လာစေသည်။

ဟင်းလင်းပြင်ကြီးထဲတွင် အလင်းပျောက်လေးများဖြင့် ပြည့်နှက်လာပြီး ၎င်းတို့က ထိုဟင်းလင်းပြင်ကြီးအား လှုပ်နှိုးကာ အပြီးတိုင် ပျက်သုဥ်းနေရာမှ ပြန်လည်မွေးဖွားလာစေနိုင်ရန် တွန်းအားပေးနေကြတော့သည်။

ယခင်က အမှောင်ထုသာ ကြီးစိုးနေခဲ့သော ဟင်းလင်းပြင်ကြီးတစ်ခုတည်းသာ ရှိခဲ့ပါသော်လည်း ပြောင်းလဲစပြုလာပြီ ဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ရာ စိတ်ဆန္ဒတစ်ခုက နေရာတိုင်း လူးလွန့်ပေါ်ထွက်လာပြီ ဖြစ်သည်။

ထိုစိတ်ဆန္ဒက အမှောင်ထုကြီးကို တုန်ရီသွားစေပြီး ထိုအမှောင်ထုအား စူးရှတောက်ပသော အလင်းတစ်ခုနှင့် ခမ်းနားကြီးကျယ်သော တိုက်ပွဲကြီးတစ်ခုကို စတင်စေလိုက်တော့သည်။

အကယ်၍ ကြယ်တာရာကောင်းကင်ကြီးအား အပေါ်စီးမှနေ၍ ကြည့်လိုက်မည်ဆိုပါက သာမန် ညအခါသမယ မိုးသားကောင်းကင်နှင့် ဆင်တူနေမည် ဖြစ်သည်။

မရေမတွက်နိုင်သော အလင်းပျောက်လေးများ တလက်လက်တောက်ပနေကြပြီး အလင်းရောင်များ ထုတ်လွှတ်ပေးနေကြတော့သည်။ ထိုအလင်းရောင်များမှာ တစ်ခုချင်းစီဆိုပါက မှေးမှိန်နေပါသော်လည်း ပေါင်းစည်းသွားကြသောအခါ တဖြည်းဖြည်းပို၍ တောက်ပလာကြတော့သည်။

ဟင်းလင်းပြင်ကြီးထဲရှိ အမှောင်ထုမှာ ဖယ်ရှားခံလိုသည့်ပုံမပေါ်ပဲ အပျက်အစီးများအား အမှောင်ထုများဖြင့် ထပ်၍ဖုံးလွှမ်းရန် ကြိုးစားလိုက်သည်။ သို့သော်ငြား ထိုခုခံမှုမှာ အလိုအလျောက်ပေါ်ထွက်လာခြင်းသာ ဖြစ်ပြီး အသိဉာဏ်ရှိမနေပေ။

မျိုးတုန်းသုတ်သင်ခြင်းအတတ်မှာ ကြယ်တာရာကောင်းကင်ကြီးထဲရှိ နေရာအားလုံးတွင် သက်စောင့်အားများနှင့် ယှဥ်ပြိုင်တိုက်ခိုက်နေကြတော့သည်။

ပို၍ထူးဆန်းသည်မှာ အပျက်အစီးများထဲရှိ အလင်းရောင်များ ပိုမိုတောက်ပလာသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ ပို၍ လျှို့ဝှက်ဆန်းကြယ်သည့်ပုံစံ ဖြစ်လာပြီး ကြောက်ခမန်းလိလိ အစွမ်းထက်သော နတ်ဘုရားတစ်ပါးနှင့် တဖြည်းဖြည်းပို၍ ဆင်တူလာခြင်းပင် ဖြစ်သည်။

သံယောဇဥ်မဲ့လူသားမှာ သတ်မှတ်ထားသည့်အချိန်ထက် စောလျင်စွာ နိုးထလာခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကြိုးစားနေခဲ့သည်ဖြစ်၍ အလွန်ခိုင်မာသော အခြေခံတစ်ခုကို တည်ဆောက်ပြီးနေပြီ ဖြစ်သည်။ ယခုအခါ ကြယ်တာရာကောင်းကင်ကြီးထဲရှိ အပျက်အစီးများအားလုံး၏ တစ်ဝက်ကျော်မှာ စူးရှတောက်ပသောအလင်းရောင်များဖြင့် ထွန်းလင်းနေကြပြီ ဖြစ်သည်။

သို့ပေမည့် သူထိုသို့ လုပ်နိုင်ခဲ့သည်မှာ သံယောဇဥ်မဲ့လူသား အိပ်ပျော်နေခဲ့၍ သူ့အား မခုခံမတွန်းလှန်နိုင်ခဲ့သောကြောင့်သာ ဖြစ်ပေသည်။

ယခုတွင် သံယောဇဥ်မဲ့လူသား နိုးထလာပြီဖြစ်၍ အမှောင်ထုကြီးမှာ ယခင်က အလိုအလျောက်စနစ်ဖြင့်သာ ပြန်လည်တုံ့ပြန်ခုခံခဲ့ပါသော်လည်း ယခုတွင်မူ သက်ဝင်လှုပ်ရှားလာသည့်ပုံ ပေါ်လာတော့သည်။ ကြယ်တာရာကောင်းကင်ကြီးမှာ ထိုလှုပ်ရှားမှုကို သတိထားမိလိုက်သည့်အလား တုန်ရီသွားပြီး အမှောင်ထုကြီးမှာလည်း ပိုင်ရှောင်ချန်းအား တွန်းလှန်စပြုလာကာ တချိန်တည်းမှာပင် အလင်းရောင်များဖြင့် တောက်ပနေပြီဖြစ်သော အပျက်အစီးများကိုပါ ပြန်လည်ဖုံးလွှမ်းနိုင်ရန် ကြိုးပမ်းနေတော့သည်။

အလင်းရောင် ပေါ်ထွက်မလာသေးသည့် အပျက်အစီးများမှာ တိုက်ခိုက်ခံလိုက်ရပြီဖြစ်၍ ကျရှုံးတော့မည့်အခြေအနေသို့ ရောက်သွားကြတော့သည်။ အလင်းရောင်များ ပေါ်ထွက်နေပြီး ဖြစ်သော အပျက်အစီးများမှာမူ အမှောင်ထုကြီး၏ အရူးအမူး ထုနှက်ခြင်းများကို ခံနေရပါသော်လည်း တောင့်ခံထားနိုင်ဆဲပင်။

ပိုင်ရှောင်ချန်းမှာ

ရှေ့မတိုးသာ နောက်မဆုတ်သာသည့် အခြေအနေတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ ဖြစ်သွားပြီး အမှောင်ထုများ ပြန်လည်ကြီးစိုးလာမည်ကို တားမြစ်လိုက်နိုင်ပါသော်လည်း အပျက်အစီးများကို ထပ်မံ၍ အလင်းရောင်များ မပေးစွမ်းနိုင်တော့ပေ။

ထိုအချင်းအရာများကို မည်သူမှမမြင်ရပေ။ ပိုင်ရှောင်ချန်းပင် အပါအဝင် ဖြစ်သည်။ ယခုလောလောဆယ် သူ့ထံတွင် အာရုံများမရှိတော့ပဲ ပင်ကိုသိစိတ်အလျောက်သာ ပြုမူလှုပ်ရှားနေခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူက ရပ်တန့်သွားပြီဖြစ်ပြီး သူ၏အလုပ်ကို ဆက်မလုပ်နိုင်တော့ပေ။ ထိုစဥ် အင်မော်တယ်ကမ္ဘာနှင့် အနီးစပ်ဆုံးသော အပျက်အစီးများထဲတွင် တောက်ပနေသော ဒုဓလီစေ့တစ်စေ့ ရှိနေသည်။ ထိုဒုဓလီစေ့ထံမှ ပေါ်ထွက်လာသည့် အလင်းရောင်မှာ တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားပြီး လူတစ်ယောက်အသွင် ပြောင်းလဲသွားသည်။

ထိုလူမှာ တင်ပျဥ်ခွေထိုင်ကာ တရားမှတ်နေပြီး တခဏအကြာတွင် သူ၏မျက်နှာသွင်ပြင်များမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာတော့သည်။ ထိုလူမှာ ပိုင်ရှောင်ချန်းပင် ဖြစ်သည်။

သူသည် ကိုယ်ပွားတစ်ခုနှင့် တူနေပါသော်လည်း တချိန်တည်းမှာပင် ကိုယ်ပွားတစ်ခု မဟုတ်ပေ။ သူ့ထံတွင် တာအိုတစ်ခု၊ သက်စောင့်အားနှင့် အနှစ်သာရစွမ်းအားများပင် ပါဝင်နေသည်။

မည်သူမှ သူ့အား မမြင်ရပါသော်လည်း အကယ်၍ မြင်နိုင်မည်ဆိုပါက ပိုင်ရှောင်ချန်းအစစ် ဟုတ်၊မဟုတ် အတိအကျ ပြောနိုင်ကြမည် မဟုတ်ချေ။

အမှန်မှာ သူက တာအိုကိုယ်ပွားတစ်ခုပင် ဖြစ်သည်။

၎င်းမှာ ပိုင်ရှောင်ချန်းက သူ၏တာအိုကို ရှာဖွေဖော်ထုတ်နေရင်း အလိုလိုလုပ်မိနေသည့် အရာတစ်ခု ဖြစ်သည်။ သူ ထိုသို့ လုပ်နေစဥ် သံယောဇဥ်မဲ့လူသားမှာ နိုးထလာပြီး ပိုင်ရှောင်ချန်းက ကြယ်တာရာကောင်းကင်ကြီးအား အလင်းပေးနေသည်ကို တားမြစ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူက အခြားဗျူဟာတစ်ခုသို့ ပြောင်းလဲလိုက်တော့သည်။

သူသည် အလင်းရောင်များကို ဆက်၍ မဖြန့်တော့ပဲ သူ့ထံတွင် ရှိနေသော ထိန်းချုပ်မှု ငါးဆယ်ရာခိုင်နှုန်းကို အသုံးချ၍ မိုးမြေဧကရာဇ်တစ်ပါးအဖြစ်သို့ ကူးပြောင်းတော့မည် ဖြစ်သည်။

သူ၏တာအိုကိုယ်ပွား ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အပျက်အစီး အစုအဝေးများစွာထဲမှ တောက်ပနေသော အလင်းရောင်များမှာ ပို၍ လင်းလက်လာကြသည်။ ထိုနေရာတစ်ဝိုက်ရှိ အမှောင်ထုများ ကွယ်ပျောက်သွားကြပြီး ဒေါသတကြီးအော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။ သို့သော်ငြား ထိုအမှောင်ထုမှာ အခြားမည်သည့်အရာမှ ပြန်မလုပ်နိုင်ခဲ့ပေ။

ပိုင်ရှောင်ချန်း၏ ပထမဦးဆုံး တာအိုကိုယ်ပွား ပေါ်ထွက်လာသည့်အချိန်တွင် သံယောဇဥ်မဲ့လူသား၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်လာပြီး သူ၏ခန္ဓာကိုယ်မှာလည်း အပြင်းအထန်တုန်ရီလာတော့သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ကျောက်စကျောက်နများနှင့် အညစ်အကြေးအမြောက်အမြား ကွာကျလာပြီး ဥက္ကာခဲများအသွင်ဖြင့် ထာဝရအင်မော်တယ်နယ်မြေပေါ်သို့ ရွာကျလာကြတော့သည်။

ထာဝရအင်မော်တယ်နယ်မြေများထဲမှ လူများပင် သံယောဇဥ်မဲ့လူသားကြီး အလွန်စိုးရိမ်နေသည်ဖြစ်ကြောင်း အာရုံခံမိလိုက်ကြသည်။

" သူ စိုးရိမ်ထိတ်လန့်နေတာပါလား ”

စုန့်ချွဲက ရေရွတ်လိုက်သည်။

သူတော်စင်ဧကရာဇ်သည်လည်း ထိုအချင်းအရာကို အာရုံခံမိလိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြပြီးနောက် အောက်ဘက် ထာဝရအင်မော်တယ်နယ်မြေထဲတွင် တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေသည့် ပိုင်ရှောင်ချန်းအား ငုံ့ကြည့်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွား ပေါ်ထွက်လာသည်နှင့် သူ့ခန္ဓာကိုယ်အစစ်၏ ပတ်ပတ်လည်တွင် ဝန်းရံနေသည့် လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်များက ပျံ့နှံ့သွားပြီး သူ၏ပတ်ပတ်လည် မီတာသုံးရာခန့်အထိ ဖုံးအုပ်သွားတော့သည်။

ထိုနေရာတစ်ဝိုက်တွင် ကြေမွပျက်စီးနေပြီး ဖြစ်သော ကုန်းမြေများမှာ ပြန်လည်ပေါ်ထွက်လာပြီး သက်စောင့်အားများဖြင့် ပြည့်ဝလာကြသည်။ ထို့နောက် ပိုင်ရှောင်ချန်းထံမှ အနှစ်သာရအငွေ့အသက်များ ပေါ်ထွက်လာသဖြင့် စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့ ပို၍ပင် အံ့အားသင့်သွားကြတော့သည်။

များမကြာမီ တာအိုကိုယ်ပွား နောက်ထပ်နှစ်ခု ပေါ်ထွက်လာပြီး အနီးနားရှိ ဒုတိယမြောက်နှင့် တတိယမြောက် အပျက်အစီးအစုအဝေးများထဲရှိ ဒုဓလီပန်းပွင့်များမှာ လင်းလက်စွာ တောက်ပလာကြတော့သည်။

၎င်းတို့က ထိုသို့တောက်ပစွာလင်းလက်လာပြီး ကြယ်တာရာကောင်းကင်ကြီးကို ပြောင်းလဲသွားစေသဖြင့် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူတိုင်း မော့ကြည့်လိုက်ကြတော့သည်။

ထိုသို့ တောက်ပလင်းလက်လာချိန်တွင် ဧရာမ သံယောဇဥ်မဲ့လူသားမှာ ခေါင်းမော့လာပြီး အသက်ရှင်နေသမျှလူတိုင်း၏ စိတ်ဝိညာဥ်ကို တုန်ရီသွားစေနိုင်သည့် လေသံဖြင့် ဆိုလိုက်တော့သည်။

" တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပါလား "

ထိုစကားသံကြီးမှာ အေးစက်ကာ ရှေးဆန်လွန်းလှပြီး ၎င်းပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် လှုပ်ရှားလာတော့သည်။

ထိုအခါ ကောင်းကင်ကြီး တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ကျောက်စကျောက်နများနှင့် အညစ်အကြေးများမှာ အဆက်မပြတ် ကျဆင်းလာတော့သည်။

ယခုတွင် သံယောဇဥ်မဲ့လူသားမှာအချုပ်အနှောင်မှော်အတတ်အားလုံးထံမှ လုံးလုံးလျားလျား လွတ်မြောက်သွားပြီ ဖြစ်သည်။

သူသည် ကြယ်တာရာကောင်းကင်ကြီးထဲတွင် မျောလွင့်နေသည့် ဘီလူးကြီးတစ်ကောင်ဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေများမှာ သူ၏ရှေ့တွင် ကလေးကစားစရာ ဘောလုံးတစ်လုံးကဲ့သို့ ရှိနေသည်သာ ဖြစ်သည်။ ထိုနယ်မြေများပေါ်ရှိ လူများမှာမူ သူ့အတွက် အင်းဆက်ပိုးမွှားများထက် မပိုပေ။

ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူအားလုံးမှာ စိုးရိမ်တုန်လှုပ်သွားကြပြီး သူတို့၏အတွေးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။ ယခင်က သူတို့ထဲမှအချို့မှာ သံယောဇဥ်မဲ့လူသား နိုးထလာပါက လွတ်မြောက်အောင် ထွက်ပြေးနိုင်ဦးမည်ဟု ယုံကြည်ထားခဲ့ကြပါသော်လည်း သူ အမှန်တကယ် နိုးထလာသောအချိန်တွင်မူ ထွက်ပြေးရန်မှာ မဖြစ်နိုင်ကြောင်း သိလိုက်ကြတော့သည်။

သူတို့ရင်ထဲရှိ ယုံကြည်ချက်များအားလုံး ပျက်သုဥ်းသွားကာ ထာဝရအင်မော်တယ်နယ်မြေများကို ဆုပ်ကိုင်တော့မည့်အလား ညာလက်ကို လှုပ်ရှားလိုက်သော သံယောဇဥ်မဲ့လူသားအား အသက်မဲ့နေသည့်မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ကြသည်။

သူ၏ညာလက်တစ်ဖက်တည်းသည်ပင် ထာဝရအင်မော်တယ်နယ်မြေအားလုံးနီးပါး ကြီးမားနေသည်ဖြစ်၍ ထိုလက်ကြီး လှုပ်ရှားလိုက်ရုံနှင့် ကောင်းကင်ကြီးကိုပင် ပြိုလဲသွားစေနိုင်သည့်အလားပင်။

" ငါ ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းတိတိကို အပြီးတိုင်ချေမှုန်းခဲ့လို့ ထာဝရပန်းပွင့် ပေါ်ထွက်လာခဲ့တာ။ ဒီနေ့ ငါ အဲဒီပန်းပွင့်ကိုယူပြီး ထာဝရအဆင့်ကို တက်လှမ်းမယ် "

All Chapters