← Chapters

မျက်လုံးများ ပွင့်လာပါသော

Vol. 13 Ch. 1293

မျက်လုံးများ ပွင့်လာပါသော

Vol. 13 Ch. 1293

သံယောဇဥ်မဲ့လူသား၏ စကားသံက ကြယ်တာရာကောင်းကင်ကြီးကို တုန်ရီသွားစေတော့သည်။ ထိုစကားသံတွင် ရှိရှိသမျှ အရာခပ်သိမ်းကို မျိုးတုန်းသုတ်သင်ပစ်ရန် ဆန္ဒရှိနေသည့် သူ၏တာအိုလည်း ပါဝင်နေသည်။

ပိုင်ရှောင်ချန်း သိမ်းပိုက်ထားခဲ့သည့် ကြယ်တာရာကောင်းကင်ထဲရှိ နေရာများသည်လည်း တုန်ရီသွားပြီး တချိန်တည်းမှာပင် အမှောင်ထုက ဒီရေ တိုးလာသည့်ပမာ ပျံ့နှံ့သွားတော့သည်။

သံယောဇဥ်မဲ့လူသား၏ လက်က ပျက်စီးလုနီးပါးဖြစ်နေသော ထာဝရအင်မော်တယ်နယ်မြေများ၏ အနီးသို့ ရောက်လာသောအခါ ကောင်းကင်ကြီး ကွယ်ပျောက်လုနီးပါး ဖြစ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် သက်ရှိအားလုံးမှာ ချောက်ချားစွာ ငေးကြည့်၍ တုန်ရီနေရုံမှတစ်ပါး အခြားမလုပ်နိုင်တော့ချေ။ စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့မှာလည်း အသက်ရှူသံများ မြန်လာကြသည်။ သူတို့က မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများဖြစ်၍ အခြားလူများလောက် ဒဏ်မခံရပါသော်လည်း လက်ရှိအခြေအနေကြီးကို တုံ့ပြန်နိုင်ရန် ကြိုးစားရုန်းကန်နေရဆဲပင်။

စုန့်ချွဲ၏ မျက်နှာနှင့် လည်ပင်းပေါ်တွင် သွေးကြောပြာကြီးများ ထောင်လာပြီး ကောင်းကင်ကြီးကို ဖျက်ဆီးတော့မည့်အလား ခြိမ်းခြောက်နေသည့် မည်းနက်နေသော ဧရာမလက်ကြီးကို သူ မော့ကြည့်လိုက်တော့သည်။ အောက်ဘက်ရှိ ကုန်းမြေများ တုန်ရီနေကြပြီး ထာဝရအင်မော်တယ်နယ်မြေများ ပျက်စီးလုဆဲဆဲ ဖြစ်နေချိန်တွင် သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ ထို့နောက် တုံးတိုက်တိုက် ကျားကိုက်ကိုက် စွန့်စားကာ သူ့အား ဖျက်ဆီးရန် ကြိုးစားနေသည့် ဖိအားကြီးကို လျစ်လျူရှုလိုက်ပြီး သူ့ကိုယ်သူ မီးထပ်မြှိုက်၍ ဧရာမလက်ကြီးကို ရင်ဆိုင်ရန် ပျံတက်သွားလိုက်တော့သည်။

သူတော်စင်ဧကရာဇ်မှာလည်း နာကျည်းစွာ ရယ်မောလိုက်ပြီး သူ့ကိုယ်သူ မီးမြှိုက်၍ စုန့်ချွဲ၏ ပြတ်သားမှုမျိုးဖြင့် သူ၏ နောက်သို့ လိုက်ပါသွားတော့သည်။

ထိုဧရာမလက်ကြီးနှင့် ယှဥ်လိုက်ပါက သူတို့မှာ စာဖွဲ့စရာပင်မရှိပါသော်လည်း ပြန်လည်ခုခံတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဤဝမ်းနည်းဖွယ်ကောင်းပြီး စိတ်နှလုံးကိုလှုပ်ရှားသွားစေနိုင်သော မြင်ကွင်းကို အောက်ဘက်ရှိ သက်ရှိများက မမြင်နိုင်ပေ။ သို့သော် ထာဝရအင်မော်တယ်နယ်မြေများဆီတွင် ထာဝရမယ်တော်ဟူသော ဝိညာဥ်တစ်ခုရှိနေသည်ဖြစ်ပြီး သူမက အားနည်းနေပါသော်လည်း ထိုဖြစ်ရပ်ကို အစအဆုံး မြင်နေရသေးသည်။

စုန့်ချွဲနှင့် သူတော်စင်ဧကရာဇ်တို့က သံယောဇဥ်မဲ့လူသား၏ လက်ကြီးအနီးသို့ ရောက်သွားသောအခါတွင် လူတိုင်း၏ စိတ်နှလုံးများထဲမှသာမက အပင်နှင့် အသီးအရွက်များထဲကပါ ပူဆွေးသောကများဖြင့် ပြည့်နှက်နေသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီး ပျံ့လွင့်သွားတော့သည်။

သူတို့နှစ်ယောက်စလုံး အသံကုန်အော်ဟစ်နေကြပြီး သူတို့၏ခန္ဓာကိုယ်ထဲမှ မျက်စိကျိန်းမတတ် စူးရှတောက်ပနေသောအလင်းရောင်များမှာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်နေကြသည်။ သို့သော်လည်း သူတို့ကိုယ်သူတို့ မီးမြှိုက်ထားသည့်တိုင်အောင် ထိုလက်ကြီးကို မတားဆီးနိုင်လိုက်ပေ။

သူတို့က ရှိသမျှ ခွန်အားအကုန်ထုတ်၍ တိုက်ခိုက်လျှင်တောင် သူတို့အပေါ်သို့ ကျရောက်လာနေသော သံယောဇဥ်မဲ့လူသား၏ လက်ကြီးကို နှောင့်နှေးသွားစေမည်ပင် မဟုတ်ပေ။

ထစ်ချုန်းသံများ တအုန်းအုန်း ပေါ်ထွက်လာပြီး စုန့်ချွဲ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်။ သူသည် လူးလွန့်ကာ အောက်သို့ပြုတ်ကျသွားပြီး သူ၏ခန္ဓာကိုယ် ပျက်စီးလုနီးပါး ဖြစ်သွားသည်။ သူတော်စင်ဧကရာဇ်မှာလည်း ထိုနည်းတူပင်ဖြစ်ပြီး သွေးများပန်းထွက်နေသော ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ချေမွခံလိုက်၍ ပျော့စိစိဖြစ်ကာ သွေးများဖြင့် စိုရွှဲနေပြီဖြစ်ပြီး အသက်ငွေ့ငွေ့သာ ရှိတော့သည်။ ကံကောင်းသည်မှာ ထာဝရမယ်တော်၏ အငွေ့အသက်က သူတို့အား အတိုင်းအတာတစ်ခုအထိ အကာအကွယ် ပေးခဲ့လိုက်ခြင်းပင်။ ထိုသို့သာမဟုတ်ပါက သူတို့နှစ်ယောက်စလုံး ချက်ချင်းပင် သေဆုံးသွားကြမည်ဖြစ်သည်။

စုန့်ချွဲမှာ သတိရှိနေသေး၍ လက်ရှိအခြေအနေကို သိနေဆဲဖြစ်ရာ နာကျည်းစွာဖြင့် ရယ်မောလိုက်တော့သည်။ သူသည် မျှော်လင့်ချက်များ ကင်းမဲ့စွာဖြင့် သံယောဇဥ်မဲ့လူသားကို မော့ကြည့်လိုက်ပြီးနောက် တပ်ပျဥ်ခွေထိုင်နေဆဲဖြစ်သည့် ပိုင်ရှောင်ချန်းအား လှမ်း၍ကြည့်လိုက်သည်။ သို့သော်လည်း ထိုဧရာမလက်ကြီး ကောင်းကင်ယံတွင် တဖြည်းဖြည်းအရွယ်အစားကြီးမားလာနေသည်ကို စုန့်ချွဲမှာ ထိုင်နေကြည့်ရုံမှတစ်ပါး အခြားမလုပ်နိုင်လောက်အောင် အားအင်ချည့်နဲ့နေပြီ ဖြစ်သည်။

အကယ်၍ သံယောဇဥ်မဲ့လူသား၏ ထိုလက်ကြီးကိုသာ မရပ်တန့်နိုင်ပါက မည်သို့ဖြစ်သွားမည်ကို သူ ကောင်းကောင်း ပုံဖော်နိုင်ပေသည်။ ထာဝရအင်မော်တယ်နယ်မြေထဲရှိ လူများအားလုံး သေဆုံးသွားကြမည်ဖြစ်ပြီး မြေပြင်များ အက်ကွဲပျက်စီးကုန်ကြမည်ဖြစ်သည်။ အဆုံးတွင် သံယောဇဥ်မဲ့လူသားက ထာဝရအင်မော်တယ်နယ်မြေများ၏ အပျက်အစီးများကို စုပ်ယူကာ သူ၏ပန်းတိုင်ဖြစ်သော ထာဝရအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

" ဒါ အရာအားလုံးရဲ့ အဆုံးသတ်လား... "

စုန့်ချွဲမှာ ပူဆွေးသောကကြီးစွာဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကို မှိတ်လိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ မျက်ခွံများမှာ ဆတ်ခနဲ တွန့်သွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အငွေ့အသက်တစ်ခု ထိုးထွက်လာတော့သည်။

သူ၏အငွေ့အသက်မှာ ယခင်က မီတာသုံးရာပတ်ပတ်လည်အထိသာ ပျံ့နှံ့နေခဲ့ပါသော်လည်း ယခုတွင် မီတာသုံးသောင်းအထိ ရောက်ရှိသွားတော့သည်။ ထို့နောက် တစ်ခဏလေးပင် ရပ်တန့်မသွားပဲ မီတာသုံးသိန်း၊ ထို့နောက် မီတာသုံးသန်းအထိ ရောက်ရှိသွားတော့သည်။

ပိုင်ရှောင်ချန်း၏ အငွေ့အသက်သာမက သူ၏အနှစ်သာရစွမ်းအားမှာ လှိုင်းဂယက်များကဲ့သို့ ပျံ့နှံ့လာပြီးနောက် မိုးမြေဧကရာဇ်တစ်ပါး၏ အရှိန်အဝါပါ ပေါ်ထွက်လာတော့သည်။

ထိုမိုးမြေဧကရာဇ်အရှိန်အဝါကား ပွက်ပွက်ဆူနေသော ဆီပူများထည့်ထားသည့် အိုးထဲသို့ ကျသွားသည့် ရေစက်တစ်စက်ကဲ့သို့ပင်။ တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သံယောဇဥ်မဲ့လူသား၏လက်ကြီး အနီးသို့ရောက်လာစဥ် ပိုင်ရှောင်ချန်း၏ အရှိန်အဝါများမှာ တောက်ပနေသော ဒိုင်းကာတစ်ခုအသွင်ဖြင့် ကောင်းကင်ယံထိ လွင့်ပျံသွားသည်။ ထိုဒိုင်းကာကြီးမှာ လူသားများ၊ ဗဟိုဧကရာဇ်မင်းဆက်၊ အင်မော်တယ်နယ်မြေငါးခုနှင့် သက်ရှိများအားလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် ၎င်းက သံယောဇဥ်မဲ့လူသား၏ လက်ကြီးနှင့် ထိတွေ့သွားတော့သည်။

ထိုရိုက်ခတ်မှုကြီးကြောင့် နားစည်များပင် ကွဲအက်သွားစေနိုင်သော အသံတစ်သံပေါ်ထွက်လာပြီး သက်ရှိများအားလုံး၏ နားထဲတွင် ပြည့်နှက်သွားသောအခါ စုန့်ချွဲမှာ မျက်လုံးများ ပွင့်လာတော့သည်။ ပိုင်ရှောင်ချန်းက ထာဝရအင်မော်တယ်နယ်များထဲရှိ သက်ရှိများအားလုံးပေါ်တွင် အကာအကွယ်ဒိုင်းကာတစ်ခုဖြင့် အုပ်မိုးပေးလိုက်သည်ကို စုန့်ချွဲ အာရုံခံမိလိုက်ပြီး ယခု ပိုင်ရှောင်ချန်းထံမှ ဖြာထွက်နေသည့် စူးရှတောက်ပသော အလင်းရောင်များကို မြင်နေရပြီ ဖြစ်သည်။

" ဗဟိုဧကရာဇ်ပဲ "

" ဗဟိုဧကရာဇ် တံခါးပိတ်ကျင့်စဥ်ထဲက ထွက်လာပြီဟေ့ "

" ရှောင်ချန်း ... "

" ဖေဖေ... "

မြေပြင်ပေါ်တွင် အံ့အားသင့်မှုများနှင့် ပျော်ရွှင်မှုများ ရောယှက်ပါဝင်နေသည့် မရေမတွက်နိုင်သော အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ခြောက်သွေ့နေသော ခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားကာ သူက ဖြည်းညင်းစွာဖြင့် မတ်တတ်ထလာသည်။

ထို့နောက် သူ ခေါင်းမော့လာပြီး မျက်လုံးများ ဖွင့်လိုက်တော့သည်။

ထိုအခါ ထာဝရအင်မော်တယ်နယ်မြေများနှင့် ကြယ်တာရာကောင်းကင်ကြီးထဲတွင် တဝီဝီမြည်သံတစ်သံဖြင့် ပြည့်နှက်သွားသည်။ ထိုအသံကြီးကို လူတိုင်း ကြားနိုင်ပါသော်လည်း ၎င်း၏ အမျိုးအစားကို မဆုံးဖြတ်နိုင်ကြပေ။ ကြယ်တာရာကောင်းကင်ထဲရှိ အပျက်အစီးများအားလုံးထဲတွင်လည်း မရေမတွက်နိုင်သော သဘာဝဥပဒေသများနှင့် မှော်ဥပဒေသများကိန်းအောင်းနေသည့်အလား ထိုအသံများဖြင့် ပြည့်နှက်သွားတော့သည်။

ကြယ်တာရာကောင်းကင်ကြီးထဲရှိ ပိုင်ရှောင်ချန်း ထိန်းချုပ်ထားသည့် အပျက်အစီး ငါးဆယ်ရာခိုင်နှုန်းမှာ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ တောက်ပလာပြီးနောက် အတူတကွပေါင်းစည်းသွားကြပြီး ထိုနေရာများရှိ အမှောင်ထုများကို ပယ်ရှားလိုက်ကြတော့သည်။ တာအိုကိုယ်ပွားများပင် ထိုအသံများ မြည်လာကြတော့သည်။

သို့သော် ထိုအသံ၏ မူရင်းဇာတ်မြစ်မှာ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ရပ်နေသည့် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အစစ်ပင် ဖြစ်သည်။

သူ၏မျက်လုံးများထဲတွင် မျက်ဝန်းများနှင့် မျက်ဆံများ လုံးဝမရှိတော့ပေ။ ၎င်းတို့မှာ ရှိရှိသမျှအရာအားလုံးကို အထင်မြင်သေးစွာကြည့်နိုင်သည့် အလင်းတစ်ခုဖြင့် တောက်ပနေပြီ ဖြစ်သည်။ သူ့ပတ်လည်တွင် မိုးမြေဧရာဇ်တစ်ပါး၏ အရှိန်အဝါများ ဖြာထွက်နေသဖြင့် လေပြင်းများတိုက်ခတ်လာပြီး ကြယ်တာရာကောင်းကင်ကြီး၏ တစ်ဝက်တိတိကို တုန်ခါသွားစေတော့သည်။

သံယောဇဥ်မဲ့လူသား၏ တာအိုမှာ အဆုံးတိုင်အောင် ဖျက်ဆီးခြင်းဖြစ်သည့် မျိုးတုန်းသုတ်သင်ခြင်းတာအို ( ဝါ ) လောကပျက်သုဥ်းခြင်းတာအို ဖြစ်သည်။ သူသည် ကြယ်တာရာကောင်းကင်ထဲရှိ အလင်းရောင်အားလုံးကို ငြှိမ်းသက်ပြီး အရာအားလုံးကို အမှောင်ဖုံးသွားအောင်လုပ်ရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော တာအိုမျိုးမှာ မည်သည့်ကမ္ဘာ၏ ထောက်ခံမှုကိုမှ မလိုပေ။ အမှန်အတိုင်းဆိုရမည်ဆိုပါက မည်သည့်ကမ္ဘာကမှ ၎င်းကို ထောက်ခံရလောက်အောင် အရည်ချင်းပြည့်မီမှု မရှိပေ။ ၎င်းမှာ လူတစ်ယောက်အား စွမ်းအားအကြီးဆုံး မိုးမြေဧရာဇ်တစ်ပါးအဖြစ်သို့ တွန်းပို့ပေးနိုင်သည့် တာအိုမျိုး ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူပင်။ သူ၏တာအိုမှာ ရှင်သန်ခြင်းကို နိုးထစေသည်။ သူက အသက်မဲ့နေသော ဟင်းလင်းပြင်ကြီးတစ်ခွင် တာအိုသစ်စေ့များကို ဖြန့်ကြဲခဲ့ပြီးနောက် ကြယ်တာရာကောင်းကင်ကြီးကို ဖြည်းညင်းစွာ မီးထွန်းညှိပေးနေသည့် အလင်းရောင်များကို ထုတ်လွှတ်ပေးနေသော တာအိုကိုယ်ပွားများကို ဖန်တီးခဲ့သည်။

သူ၏တာအိုမှာ မည်သည့်ကမ္ဘာ၏ ထောက်ခံချက်ကိုမှမလိုပေ။ ၎င်းအား ထောက်ခံနိုင်လောက်အောင် အရည်အချင်းပြည့်မီသည့် ကမ္ဘာတစ်ခုတစ်လေပင် မရှိပေ။ ၎င်းမှာ စွမ်းအားအကြီးဆုံး တာအိုအမျိုးအစားဖြစ်သည်။

သူက လောကနတ်ဘုရားအဆင့်မှဖောက်ထွက်၍ မိုးမြေဧကရာဇ်အဆင့်သို့ ဝင်ရောက်သွားရာတွင် သံယောဇဥ်မဲ့လူသားကဲ့သို့ စွမ်းအားအကြီးဆုံး မိုးမြေဧကရာဇ်တစ်ပါး ဖြစ်သွားသည်။

" သံယောဇဥ်မဲ့လူသား "

ပိုင်ရှောင်ချန်းမှာ သူဖန်တီးထားသည့် ဒိုင်းကာကြီး၏ တားမြစ်ပိတ်ဆို့မှုကို ခံလိုက်ရသော ဧရာမလက်ကြီးကို ကြည့်မနေပေ။ ကြယ်တာရာကောင်းကင်ထဲတွင်ရှိနေပြီး သူ့အား ထူးဆန်းသောအလင်းရောင်များ တောက်ပနေသည့် မျက်ဝန်းများြဖင့် ငုံ့ကြည့်နေသည့် သံယောဇဥ်မဲ့လူသားကို လှမ်း၍ ကြည့်နေခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်မှာ တစ်ခဏမျှ အကြည့်ချင်းဆုံသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ မတ်တတ်ရပ်ပြီး ဖြစ်သွားတော့သည်။ ထို့နောက် သူ့ထံမှ ပေါက်ကွဲအားကောင်းသော စွမ်းအင်တစ်မျိုးနှင့် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါတစ်မျိုး ပေါ်ထွက်လာသည်။ ထိုအချိန်တွင် သူဖန်တီးထားသည့် ဒိုင်းကာကြီးနှင့် ထိနေဆဲဖြစ်သည့် သံယောဇဥ်မဲ့လူသား၏ လက်ကြီးမှာ အပုတ်ခံလိုက်ရသည့်အလား နောက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။

All Chapters