သံယောဇဥ်မဲ့လူသားကို တိုက်ခိုက်ခြင်း
Vol. 13 Ch. 1294
" လင်းရောင်ခြည် တာအိုပါလား "
သံယောဇဥ်မဲ့လူသားက ဒေါတသကြီး အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများမှာ ကျင်းနက်ကြီးများသဖွယ် ဖြစ်နေပါသော်လည်း ရေခဲတမျှ အေးစက်စက် တောက်ပနေဆဲပင်။ တန်ပြန်ဒဏ်ကြောင့် သူ၏လက်ကြီးမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီးနောက် ညဥ့်နက်သန်းခေါင်ယံအလား မှောင်မည်းလာကာ ထပ်၍ ကျဆင်းလာပြန်တော့သည်။
ထိုလက်ကြီးက ယခင်ကထက်ပင် ပို၍စွမ်းအားကြီးမားနေသည်ဖြစ်ပြီး ၎င်း၏ပတ်ပတ်လည်ရှိ အရာအားလုံးကို ပြိုလဲပျက်စီးသွားစေတော့သည်။ ထာဝရအင်မော်တယ်နယ်မြေများထဲရှိ သက်ရှိများအားလုံးမှာ သွေးများအန်ထွက်လာကြပြီး လေပေါ်သို့ မြောက်တက်နေကြသည့် တောင်တန်းပေါင်းများစွာ ကြေမွပျက်စီးကုန်ကြသည်။
အရာရာတိုင်းကို ချေမှုန်းဖျက်ဆီးပစ်နိုင်သည့်ပုံပေါ်နေသော ကြောက်မက်ဖွယ်အငွေ့အသက်များ လွင့်ပျံလာပြီး ထာဝရအင်မော်တယ်နယ်မြေအားလုံးကို လွှမ်းခြုံတော့မည့်အလား ဖြစ်သွားသည်။ သို့သော်ငြား ပိုင်ရှောင်ချန်းက မတ်တတ်ထရပ်လိုက်ပြီးနောက် အထက်သို့ လှစ်ခနဲ ပျံတက်သွားတော့သည်။ ထိုအခိုက် ထိုကြောက်မက်ဖွယ် အငွေ့အသက်များမှာ ၎င်းတို့၏ပြိုင်ဘက်နှင့် ရင်ဆိုင်လိုက်ရသည့်အလား ရှေ့သို့ဆက်၍ မတိုးနိုင်တော့ပေ။ နောက်သို့ပင်အနည်းငယ် ကျုံ့ဝင်သွားကြသည်။
တစ်ခဏအကြာတွင် ပိုင်ရှောင်ချန်းက ကောင်းကင်ယံတွင် ပြန်၍ပေါ်လာပြီး သံယောဇဥ်မဲ့လူသား၏ လက်ကြီး အောက်တည့်တည့်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုလက်ကြီးနှင့် ယှဥ်လိုက်ပါက သူက အလွန်သေးငယ်ကာ မမြင်ရလုနီးပါးပင် ဖြစ်နေပါသော်လည်း သူ၏အရှိန်အဝါက မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို သွက်သွက်ခါအောင် တုန်ခါသွားစေနိုင်သည်။ သူ၏အရွယ်အစားမှာ သေးနုပ်နေပါသော်လည်း ရှိရှိသမျှလူတိုင်းအတွက်မူ သူက ထိုဧရာမလက်ကြီးကို သေချာပေါက် လွှမ်းမိုးအနိုင်ယူနိုင်မည့်ပုံ ပေါ်နေသည်။
ပိုင်ရှောင်ချန်းက ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ညာလက်သီးကို ဆုပ်လိုက်ပြီး သူ၏အရှိန်အဝါကို စုစည်းလိုက်သည်။ ယခု သူ၏အတွေးများမှာ ရှင်းလင်းပြတ်သားနေပြီဖြစ်သည်။ သူက မိုးမြေဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်သော်လည်း မပျော်နိုင်ပေ။ သူ၏စိတ်ထဲတွင် တစ်ခုတည်းသောအရာကိုသာ အာရုံစိုက်ထားရသည်။
" ဘာပဲပေးဆပ်ရပေးဆပ်ရ ခင်ဗျားကို ကျုပ် အနိုင်ယူပြမယ် "
သူ၏လက်သီးထဲမှ မိုးမြေဧကရာဇ်အငွေ့အသက်များ ပေါ်ထွက်လာပြီး တစ်ဆက်တည်း မသဲကွဲသောလူရိပ်တစ်ခု သူ၏နောက်တွင် ပေါက်ပေါက်လာသည်။ ပိုင်ရှောင်ချန်းကား သူ၏ ထာဝရမိုးမြေဧကရာဇ်လက်သီးကို အသုံးပြုနေခြင်းပင် ဖြစ်ပေသည်။
ယခင်က ထိုလက်သီးချက်အား ထာဝရမိုးမြေဧကရာဇ်လက်သီးဟု အမည်တပ်ခဲ့ရသည်မှာ မဆီလျော်ခဲ့ပေ။ ယခုအခါတွင်မူ သူက မိုးမြေဧကရာဇ်တစ်ပါးဖြစ်သွားပြီ ဖြစ်၍ ထိုလက်သီးချက်က သူ မတွက်ချက်နိုင်လောက်အောင်ပင်အစွမ်းထက်လာပြီ ဖြစ်သည်။ သူသေချာသိနေသည့် တစ်ခုတည်းသောအချက်မှာ ထိုလက်သီးချက်က သံယောဇဥ်မဲ့လူသား၏လက်ကြီး မကျဆင်းလာနိုင်အောင် တားဆီးနိုင်မည်ဆိုသည့်အချက်သာ ဖြစ်သည်။
ထိုယုံကြည်ချက်မှာ ယခု သူ မိုးမြေဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်သောကြောင့် ပေါ်ထွက်လာဟန်တူသည်။ ထိုလက်သီးချက်ကြီးကို သူ ထိုးနှက်လိုက်သောအခါ သူ၏နောက်ရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကိုပင် ပင့်ထားပေးနိုင်လောက်အောင် ကြီးမားသည့် လူရိပ်ကြီးသည်လည်း ထိုးနှက်လိုက်သည်။ ထိုထိုးနှက်ချက်များမှ ပေါ်ထွက်လာသော လက်သီးချက်ကြီးက သံယောဇဥ်မဲ့လူသား၏ လက်ဖဝါးအရွယ်အစားနီးပါးခန့် ကြီးမားပေသည်။ ထိုလက်သီးချက်ကြီးနှင့် လက်ဖဝါးကြီးတို့မှာ တစ်ခုကအပေါ် တစ်ခုကအောက်မှနေ၍ မျက်နှာချင်းဆိုင် ဦးတည်လာကြပြီး ထိပ်တိုက်တွေ့ဆုံသွားကြသည်။
အမှန်တွင် ဤတွေ့ဆုံမှုက ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့ကြားရှိ ပထမဆုံးသော ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။
ဝုန်းခနဲ မြည်ဟည်းသွားပြီး ကြယ်တာရာကောင်းကင်ကြီး အက်ကွဲကာ ထပ်ခြမ်းကွဲသွားတော့မည့်ပုံပေါ်သွားသည်။ ဧရာမတုန်ခါလှိုင်းကြီးတစ်လှိုင်းလည်း လွင့်ပျံသွားသဖြင့် လေထုကြီးပင် တွန့်လိမ်ကောက်ကွေးကာ ပုံပျက်သွားရပြီး အရာအားလုံး တုန်ရီသွားကြသည်။
ထာဝရအင်မော်တယ်နယ်မြေများ တုန်ခါသွားကြပါသော်လည်း ပိုင်ရှောင်ချန်းက ၎င်းတို့အား ကာကွယ်ရန် အသင့်ရှိနေသည်ဖြစ်ပြီး ထိုပြင်းအား၏ဒဏ်ကို အစားဝင်ခံပေးလိုက်သည်။ ထာဝရအတွဲမှ ကုစားနိုင်စွမ်းများကို ပိုင်ဆိုင်ထားသည့် မိုးမြေဧကရာဇ်တစ်ပါး ဖြစ်နေသည့်တိုင်အောင် သူ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
ထာဝရအင်မော်တယ်နယ်မြေများမှာမူ တုန်ခါသွားပြီး တောင်များစွာ ပြိုလဲသွားကြပါသော်လည်း ခြုံငုံကြည့်လိုက်ပါက ဘေးကင်းနေသေးသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ထိုရိုက်ခတ်မှု၏ ပြင်းအားကြောင့် ၎င်းတို့က တိုက်ပွဲ၏ဝေးရာသို့ လွင့်မျောသွားကြတော့သည်။
ထိုသို့ဖြစ်သွားစေရန် ပိုင်ရှောင်ချန်း မျှော်လင့်ထားခဲ့သည်လည်း ဖြစ်သည်။ သံယောဇဥ်မဲ့လူသားမှာမူ ထိုရိုက်ခတ်မှုကြောင့် သူ့လက်ကြီး တုန်ရီသွားရသည်ကို သိလိုက်ရသောအခါ သူ၏မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် အဝေးသို့လွင့်မျောသွားနေသည့် ထာဝရအင်မော်တယ်နယ်မြေများကို လျစ်လျူရှုလိုက်ပြီး သူ၏နတ်ဘုရားအာရုံကို ပိုင်ရှောင်ချန်းတစ်ယောက်တည်းအပေါ် စူးစိုက်လိုက်တော့သည်။
ပိုင်ရှောင်ချန်းက အရွယ်အစားကြီးမားသော သံယောဇဥ်မဲ့လူသားကို ကြောက်ရွံ့နေခြင်းမရှိပဲ ပြန်၍ တည့်မတ်စွာ စိုက်ကြည့်လိုက်သည်။ မိုးမြေဧကရာဇ်တစ်ပါးဖြစ်နေပြီ ဖြစ်သောကြောင့် အကယ်၍ သူသာ ဆန္ဒရှိပါက ထိုအရွယ်အစားအထိ ကြီးမားသွားအောင်ပြုလုပ်နိုင်ကြောင်း သူ သိထားသည် မဟုတ်ပါလား။
သို့သော်လည်း လက်ရှိတွင် သူက သံယောဇဥ်မဲ့လူသားကို ယှဥ်နိုင်ဦးမည် မဟုတ်ကြောင်းကိုလည်း သိထားသည်။ ကြယ်တာရာကောင်းကင်၏ ငါးဆယ်ရာခိုင်နှုန်းကို သူ ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း သံယောဇဥ်မဲ့လူသားမှာလည်း ထိုနည်းတူပင် မဟုတ်ပါလား။ ထို့အပြင် သံယောဇဥ်မဲ့လူသားက နှစ်ပေါင်း ကုဋေကဋာများစွာ တည်ရှိနေခဲ့သည်လည်း ဖြစ်သည်။ သို့ဖြစ်၍ ဤတိုက်ပွဲတွင် သူ့အတွက် ရွေးချယ်စရာတစ်ခုသာ ရှိပေသည်။
" ငါ ကြယ်တာရာကောင်းကင်ကြီးကို ပိုပြီး ထိန်းချုပ်ဖို့လိုတယ်။ အပျက်အစီးကမ္ဘာတွေ ဒီထက်ပိုပြီး လင်းလက်တောက်ပလာဖို့လည်း လိုတယ်။ ပြီးတော့ တာအိုကိုယ်ပွားတွေလည်း ထပ်လိုသေးတယ် "
ဤဗျူဟာတစ်ခုသာ အောင်မြင်နိုင်မည့် အလားအလာရှိကြောင်း ပိုင်ရှောင်ချန်းက သိသည်။ သူ မိုးမြေဧကရာဇ်တစ်ပါးအဖြစ်သို့ စရောက်သွားခဲ့စဥ်က ဤကြယ်တာရာကောင်းကင်ကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ်ကာ အဖြေမထုတ်နိုင်လောက်အောင် နက်နဲသော အရာတစ်ခု ရှိနေကြောင်း အာရုံခံမိခဲ့သည်။
၎င်းမှာ မည်သည့်အရာဖြစ်စေကာမူ ဤအရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်နေမည်မှာ အသေအချာပင်။ ထို့အပြင် သူက ၎င်းအား အာရုံခံနိုင်ပါသော်လည်း မထိတွေ့နိုင်ခဲ့ပေ။ သို့သော်လည်း တာအိုကိုယ်ပွားတစ်ခုပြီးတစ်ခု ထပ်၍ ပေါ်ထွက်လာပြီး အပျက်အစီးကမ္ဘာများ ပို၍တောက်ပလာတိုင်း ထိုအရာကြီးသည်လည်း ပို၍ရှင်းလင်းသိသာလာခဲ့သည်။
" မိုးမြေဧကရာဇ်အဆင့်ပြီးရင် ထာဝရအဆင့်ပဲ။ ငါ နေရာတိုင်းမှာ အာရုံခံမိနေတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလွန်းတဲ့အရာကြီးက ထာဝရအဆင့်ကို တက်လှမ်းနိုင်မဲ့ လမ်းကြောင်းများဖြစ်နေမလား "
သူသေချာသိထားသည့် တစ်ချက်တော့ရှိသည်။ ထာဝရအင်မော်တယ်နယ်မြေများကို ဝါးမျိုခြင်းမှာ ထာဝရအဆင့်သို့ တက်လှမ်းနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သော်လည်း ထိုလမ်းကြောင်းကို သူ လုံးဝ ရွေးချယ်မည် မဟုတ်သည့် အချက်ပင်။
ထိုအချိန်တွင် သံယောဇဥ်မဲ့လူသားထံမှ စကားသံတစ်သံ ထွက်ပေါ်လာတော့သည်။
" ငါ့လက်ဝါးရိုက်ချက်ကို ခုခံနိုင်တဲ့လူနဲ့ မတွေ့ရတာတောင် တော်တော်ကြာပြီပဲ "
သူ့အတွက်မူ ထာဝရအင်မော်တယ်နယ်မြေများ အဝေးသို့လွင့်မျောသွားနေလည်း ကိစ္စမရှိပေ။ သူဆန္ဒရှိပါက အချိန်မရွေး လိုက်၍ဖမ်းနိုင်သည် မဟုတ်ပါလော။ သို့သော် ပိုင်ရှောင်ချန်းရှိနေမှုကြောင့် သူ အနည်းငယ် စိတ်တထင့်ထင့် ဖြစ်နေရပြီး ထိုသို့ စိတ်ပူပန်နေသည့် အမူအရာ မပေါ်လွင်စေရန်လည်း အတတ်နိုင်ဆုံး ကြိုးစား၍ လျှို့ဝှက်နေရသည်။
ပိုင်ရှောင်ချန်း မိုးမြေဧကရာဇ်တစ်ယောက်အဖြစ် တက်လှမ်းခဲ့သည့် နည်းလမ်းမှာ သံယောဇဥ်မဲ့လူသားထံမှ အခွင့်အလမ်းများကို လုယူ၍ သူ့စိတ်ဆန္ဒ၏ အမှောင်ထုများကို ပယ်ရှားခဲ့သည် မဟုတ်ပါလော။ ထိုအချက်မှာ သူ့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေမည်မှာ မလွဲဧကန်ပင်။
" ငါ့စစ်သင်္ဘောဆီက အဓိက အောင်လံတံခွန် ပျောက်နေတာကွ။ ငါ မျိုးတုန်းသုတ်သင်ခြင်းအတတ်ကိုသုံးပြီး မင်းကို ဝဋ်ကျွတ်အောင်လုပ်ပြီးတာနဲ့ မင်းရဲ့ဝိညာဥ်ကိုအသုံးပြုပြီး ပျောက်နေတဲ့ အစိတ်အပိုင်းကို ပြန်လည်ဖန်တီးရမယ် "
ထိုသို့ဆိုကာ သံယောဇဥ်မဲ့လူသားက လက်ကိုဆန့်ထုတ်လိုက်သည်။ သို့သော် မန္တန်လက်ကွက်တစ်ကွက်မဖော်ပဲ ပိုင်ရှောင်ချန်းအား ရိုးရှင်းစွာ လက်ညှိုးထိုးလိုက်သည်သာ ဖြစ်သည်။
" ကမ္ဘာသင်္ချိုင်း "
သူ၏ ရှေးဆန်သောအသံကြီးက ကြယ်တာရာကောင်းကင်ထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ ရုတ်တရက် ပိုင်ရှောင်ချန်း၏ ရှေ့ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ကွေးကောက်ကာ ပုံပျက်သွားပြီး ရုပ်ထုကိုးခု ပေါ်ထွက်လာသည်။
ထိုရုပ်ထုတစ်ခုချင်းစီက မီတာသုံးသောင်းအထိ မြင့်မားပြီး သေခြင်းတရားနှင့် မျိုးတုန်းသုတ်သင်ခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
အမှန်တွင် ထိုရုပ်ထုများကို ပိုင်ရှောင်ချန်း ကြည့်လိုက်သောအခါ ၎င်းတို့မှာ ရုပ်ထုကိုးခုမဟုတ်ပဲ ထာဝရနယ်မြေများကဲ့သို့ ဧရာမကမ္ဘာကြီး ကိုးခုဖြစ်နေကြောင်း သိလိုက်ရသည်။
၎င်းတို့မှာ ယခင်က ကြယ်တာရာကောင်းကင်ကြီးထဲတွင် တည်ရှိခဲ့ဖူးသည့် ဧရာမကမ္ဘာကြီးကိုးခုဟု ထင်ရပေသည်။
ထို့နောက် သံယောဇဥ်မဲ့လူသားက ထပ်၍ စကားပြောလိုက်ပြန်သည်။
" ထာဝရကမ္ဘာ ... ဒါမှမဟုတ် ထာဝရနယ်မြေလို့ပဲ ငါခေါ်ရမလား။ အဲဒီထာဝရနယ်မြေက အရင်က ကြယ်တာရာကောင်းကင်ကိုးခု၊ ကမ္ဘာကြီးကိုးခုရဲ့ အလယ်ဗဟို ဖြစ်ခဲ့ဖူးတယ်။ ဟိုးအတိတ်တုန်းက အဲဒီကမ္ဘာကိုးခုကို ငါ ချေမှုန်းခဲ့တာပေါ့။ အဲဒီလိုချေမှုန်းပြီးမှ ဒီနေရာကို မျိုးတုန်းသုတ်သင်ခြင်း ယူဆောင်ဖို့ ရောက်လာခဲ့တာပဲ... "
သံယောဇဥ်မဲ့လူသားမှာ အသံကျယ်ကြီးနှင့် ပြောနေခြင်း မဟုတ်ပါသော်လည်း သူ၏စကားသံက ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးကို တုန်ရီသွားစေနိုင်လောက်အောင် စွမ်းအားကြီးမားနေဆဲပင်။
သူ၏နှုတ်မှ ထိုစကားသံများ ထွက်လာသောအခါ ထိုရုပ်ထုကြီးကိုးခုမှာ အနက်ရောင်အလင်းရောင်များဖြင့် တောက်ပလာပြီး ဧရာမလေပွေကြီးကိုးခုကို ဖန်ဆင်းကာ ပိုင်ရှောင်ချန်းထံ စေလွှတ်လိုက်သည်။
ထိုလေပွေများထဲတွင် မရေမတွက်နိုင်လောက်အောင်များပြားသော မကောင်းဆိုးဝါးတစ္ဆေများ ပါဝင်နေပြီး ၎င်းတို့က ရူးသွပ်စွာအော်ဟစ်မြည်တမ်း၍ ပိုင်ရှောင်ချန်းအား ဝါးမျိုရန်အတွက် အပြင်ဘက်သို့ အလုအယက် ထွက်နေကြတော့သည်။
ထိုရုပ်ထုတစ်ခုချင်းစီက မိုးမြေဧကရာဇ်အဆင့်နှင့် တူညီရုံသာမက ထိုအဆင့်ထက်ပါ ပို၍သာလွန်နေသည့် ဖိအားများကို ထုတ်လွှတ်နေသဖြင့် ပိုင်ရှောင်ချန်း၏ အမူအရာ လှစ်ခနဲ ပြောင်းလဲသွားတော့သည်။
" အဲဒီတော့ " ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
" ထာဝရကမ္ဘာကြီးအပြင် တခြားကမ္ဘာကြီးကိုးခုလည်း ရှိခဲ့သေးတာပဲ "
ထိုအချက်ကို ပိုင်ရှောင်ချန်း တစ်ခါမှ သတိမထားမိခဲ့ပေ။ လောကတာအို၏ မှတ်ဉာဏ်များထဲမှာပင် မသိခဲ့ရပေ။
ဤရုပ်ထုကိုးခုထဲမှ တစ်ခုချင်းစီတွင် ထာဝရကမ္ဘာကြီးနှင့် ဆင်တူသော အဖျက်စွမ်းအားများပါဝင်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း ယခင်က မကြားခဲ့ဖူးသည့် နတ်ဘုရားအစွမ်းတစ်ခုစီလည်း ကိန်းအောင်းနေသည်။
သူသည် ယခုလေးတင် မိုးမြေဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဖြစ်ပြီး အတိတ်က အခြားမိုးမြေဧကရာဇ်များနှင့် တိုက်ခိုက်ခဲ့ဖူးပါသော်လည်း ထိုရန်သူများမှာ အားအင်ချည့်နဲ့နေသည့် ဝိညာဥ်ပုံရိပ်များသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် မိုးမြေဧကရာဇ်များ အသုံးပြုနိုင်သည့် နတ်ဘုရားအစွမ်းများအကြောင်းကို သူ သေသေချာချာ မသိခဲ့ရပေ။
လောကတာအို၏ မှတ်ဉာဏ်များပင် ထိုအကြောင်းနှင့်ပတ်သတ်၍ မကူညီနိုင်ခဲ့ပေ။ သို့သော် သူ တုန်လှုပ်ချောက်ချားသွားရသည့်တိုင်အောင် နောက်သို့မဆုတ်ပေ။ အကယ်၍ သူသာ ဤတိုက်ကွက်ကို ရှောင်တိမ်းလိုက်မည်ဆိုပါက ထိုလေပွေကိုးခုမှာ နောက်သို့ဆုတ်ခွာသွားနေသည့် ထာဝရအင်မော်တယ်နယ်မြေများ၏နောက်သို့ လိုက်သွားမည်မှာ အမှန်ပင်။
သို့ဖြစ်၍ သူက နီမြန်းနေသောမျက်ဝန်းများဖြင့် တွေးလိုက်တော့သည်။
" ငါ့မှာ ရွေးချယ်စရာ တစ်ခုပဲရှိတယ်။ အဲဒါ တိုက်ခိုက်ဖို့ပဲ "