← Chapters

အဖိုးတန်သဲနာရီ

Vol. 13 Ch. 1295

အဖိုးတန်သဲနာရီ

Vol. 13 Ch. 1295

အတိတ်က ထာဝရအသက်ရှည်လိုသည်ဖြစ်၍ သေခြင်းတရားကို ပိုင်ရှောင်ချန်း ကြောက်ရွံ့ခဲ့သည်။

အတိတ်က မည်သည့်အတွက် တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို သူ နားမလည်ခဲ့။

သို့သော်ငြား ၎င်းတို့က အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။ သူ့နှလုံးသားထဲ၌ အတိတ်က ရိုးသားဖြူစင်မှု အနည်းငယ်ခန့် ကျန်ရှိနေသေးသော်လည်း သူ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။ မိုးမြေဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်၍ ထာဝရအသက်ရှည်ရန် ဆန္ဒရှိပါက သေခြင်းတရားကို ကြောက်ရွံ့နေ၍မဖြစ်ကြောင်း သူ သိလာသည်။

တိုက်ခိုက်သတ်ဖြတ်ခြင်းများအား အဆုံးသတ်လိုပါက သူ ပြိုင်ဘက်ကင်းနေရမည်ကိုလည်း သိလာသည်။

သို့ဖြစ်၍ သူက နီမြန်းသော မျက်ဝန်းများဖြင့် လေပွေကိုးခုကို ရင်ဆိုင်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မိုးမြေဧကရာဇ်အရှိန်အဝါများ ဖြာထွက်လာသည်။

ထို့နောက် သူက မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန် ဖော်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ အတိတ် ”

ချက်ချင်းပင် ကြယ်တာရာကောင်းကင်ကြီးကို နိဂုံးချုပ်ပေးနိုင်ရလောက်အောင် ဖျက်ဆီးစွမ်းအားများ ကိန်းအောင်းနေသည့် လေပွေကိုးခုမှာ သိမ့်ခနဲ ရပ်တန့်သွားကြပြီး ၎င်းတို့အထဲမှ မှော်သင်္ကေတများ ဒလဟော ထွက်လာကြသည်။

လေပွေကိုးခုဆိုသည်မှာ သံယောဇဉ်မဲ့လူသား၏ မျိုးတုန်းသုတ်သင်ခြင်း ခံခဲ့ရသော ကြယ်တာရာကောင်းကင်ကိုယ်စီ ပိုင်ဆိုင်ထားသည့် ပြန့်ကျဲနေသော ကမ္ဘာကိုးကမ္ဘာမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ယင်းကြောင့် ပိုင်ရှောင်ချန်း၏ အတိတ်ပြန်လည်ဝင်စားခြင်း သုတ္တန်က သက်ရှိများ၏ မှတ်ဥာဏ်များကိုသာမက ကြယ်တာရာကောင်းကင်များ၏ မှတ်ဥာဏ်များကိုပါ ပြန်လည် တူးဆွနေတော့သည်။

အတိတ်က ထိုကြယ်တာရာကောင်းကင်များ ဖျက်ဆီးခံလိုက်ရပြီး ရုပ်ထုများအသွင် ပြောင်းလဲခံလိုက်ရပါသော်လည်း ၎င်းတို့၏မှတ်ဥာဏ်များက ရှိနေဆဲပင်။

ထိုမှော်သင်္ကေတများက မရေမတွက်နိုင်လောက်အောင် များပြားသော သက်ရှိများအသွင် ပြောင်းလဲသွားသည်။ လူအို၊လူပျို၊ ယောက်ျား၊ မိန်းမ မရွေး ပါဝင်နေသည်သာမက တိရစ္ဆာန်များနှင့် အခြားထူးဆန်းသော သတ္တဝါများပင် ရှိနေသည်။ သူတို့အားလုံးက မကျေမချမ်းဖြင့် ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ ပိုင်ရှောင်ချန်းထံ မဟုတ်ဘဲ သူတို့ ပေါ်ထွက်လာခဲ့ရာ လေပွေများထံ ပြန်လည်ပျံသန်းသွားကြလေသည်။

သံယောဇဉ်မဲ့လူသားမှာ အံ့အားသင့်သွားရပါသော်လည်း ကိစ္စရပ်များက သည်ရွေ့သည်မျှဖြင့် ရပ်မသွားပေ။ ပိုင်ရှောင်ချန်းက သူ့ခန္ဓာကိုယ်ထဲရှိ မိုးမြေဧကရာဇ်စွမ်းအားများ ဆုတ်ယုတ်သွားသည်ကို ခံစားမိလိုက်ပါသော်လည်း နောက်ထပ် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်လေသည်။

“ ပစ္စုပ္ပန် ”

ပစ္စုပ္ပန် ရှင်သန်ခြင်းနှင့် သေခြင်းတရား သုတ္တန် …

ပိုင်ရှောင်ချန်းက မိုးမြေဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်ရာ ထိုနတ်ဘုရားအတတ်က ကြောက်ခမန်းလိလိ အစွမ်းထက်လာပြီ ဖြစ်သည်။ ထိုအတတ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြယ်တာရာကောင်းကင်ကြီး တုန်ခါသွားကာ သူ၏နောက်တွင် ဧရာမ ရှေးဟောင်းဂိတ်တံခါးကြီး ပေါ်ထွက်လာသည်။

ယခင်က သူ အသုံးပြုလေ့ရှိသည့် သေမင်းဂိတ်တံခါး မဟုတ်တော့ဘဲ ရှင်သန်ခြင်း ဂိတ်တံခါး ဖြစ်နေပေသည်။

လေပွေများ၏နောက်တွင်မူ ဂိတ်တံခါးကိုးပေါက် ပေါ်ထွက်လာကာ ၎င်းတို့အားလုံး သေခြင်းတရား ဂိတ်တံခါးများ ဖြစ်ကြသည်။

ပစ္စုပ္ပန်ရှင်သန်ခြင်းနှင့် သေခြင်းတရား သုတ္တန်က ရှင်သန်ခြင်းနှင့် သေခြင်းတရားကို ပြောင်းပြန်လှန်ပစ်နိုင်ပါသော်လည်း ယခုတစ်ကြိမ်တွင် ရှင်သန်ခြင်းမှ သေခြင်းတရားသို့ ရောက်သွားမည် မဟုတ်ဘဲ ဆန့်ကျင်ဘက်ဖြစ်သော အမှောင်ကိုခွင်း၍ အလင်းဆောင်မည့် သေခြင်းတရားမှ ရှင်သန်ခြင်းသို့ ရောက်သွားမည်ဖြစ်သည်။ ထိုလေပွေကိုးခုက မှော်သင်္ကေတများ၏ အဆက်မပြတ် တိုက်ခိုက်ခံနေရပြီး ၎င်းတို့၏အခြေခံအုတ်မြစ်များ အပြင်းအထန်တုန်ခါလာသည်။ ၎င်းတို့ ပတ်လည်တွင် ဝန်းရံနေသည့် သေခြင်းတရား အငွေ့အသက်များ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်လာ၏။

ထို့ထက် တုန်လှုပ်ချောက်ချားစရာကောင်းသည်မှာ သေခြင်းတရားအငွေ့အသက်များ ပျောက်ကွယ်လာသည်နှင့်အမျှ မျိုးတုန်းသုတ်သင်ခြင်း အခိုးအငွေ့များပါ လွင့်ပျယ်သွားပြီး မကြာခင် သက်စောင့်အားများ ပြန်လည် ကိန်းအောင်းလာတော့မည့်အလားပင်။

၎င်းတို့က အတိတ်က တည်ရှိခဲ့ဖူးသော ကမ္ဘာကြီးကိုးကမ္ဘာအသွင် ပြောင်းလဲသွားတော့မည့်အလား။

ထိုအခါ သံယောဇဉ်မဲ့လူသားမှာ ခပ်ကြာကြာ အံ့အားသင့်မနေနိုင်တော့။ သူက အေးစက်စက်နှာမှုတ်၍ ညာလက်ကို ဆန့်ထုတ်ကာ မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။

“ ပျက်စီးစေ ”

သူက အေးတိ​အေးစက် ရေရွတ်လိုက်သည်။ ချက်ချင်းပင် လေပွေကိုးခုက မငြိမ်မသက်ဖြစ်လာပြီး ပြိုလဲပျက်စီးစ ပြုလာသည်။ ဤအနေအထားအတိုင်း ဆက်သွားနေမည်ဆိုပါက အန္တရာယ်အလွန်များမည်ဖြစ်ကြောင်း သူ သိသည်။ ယင်းအပြင် ဖြစ်နိုင်လျှင် ပိုင်ရှောင်ချန်းကို သူ အမြန်ဆုံး သတ်ချင်နေ၏။

သို့သော်ငြား လေပွေကိုးခုက လုံးလုံးလျားလျား ပျက်စီးမသွားခင် ပိုင်ရှောင်ချန်းက နီမြန်းနေသော မျက်ဝန်းများဖြင့် အော်ဟစ်လိုက်သည်။

“ အနာဂတ် ”

ရုတ်တရက် ဝိညာဉ်အချိတ်အဆက်တစ်ခု ပေါ်ထွက်လာပြီး ကံကြမ္မာအငွေ့အသက်က အာရုံခံနိုင်လောက်အောင် ပေါ်လာကာ ၎င်း၏ပစ်မှတ်သည်ကား သံယောဇဉ်မဲ့လူသား ဖြစ်ပေသည်။

လေပွေကိုးခုက ချက်ချင်းပင် ကြေမွပျက်စီးသွားပြီး ၎င်းတို့အတွင်းရှိ မျိုးတုန်းသုတ်သင်ခြင်း စွမ်းအားများက တောင်များကို ပြိုလဲကာ ပင်လယ်များအား ခမ်းခြောက်သွားစေနိုင်သည့် ပြင်းအားမျိုးဖြင့် ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ဦးတည်လာကြတော့သည်။

ထိုစွမ်းအားများမှာ ရပ်တန့်၍ ရနိုင်ဟန်မတူသည့်အပြင် မိုးမြေဧကရာဇ်တစ်ပါးအား လွယ်လင့်တကူ သတ်ဖြတ်နိုင်လောက်သည်အထိ အစွမ်းထက်ပေသည်။ သို့ပေမည့် ပိုင်ရှောင်ချန်းက အတိတ်သုတ္တန်ကို အသုံးချ၍ ထိုလေပွေများအား အင်အားချည့်နဲ့အောင် ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။ ယင်းအပြင် ရှင်သန်ခြင်းနှင့် သေခြင်းတရား ဂိတ်တံခါးများကလည်း ၎င်းတို့၏စွမ်းအားများကို စုပ်ယူထားခဲ့သည်။

ယင်းအတွက် ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေဆဲ ဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်းကို သတ်ဖြတ်နိုင်လောက်သည်အထိ အစွမ်းမထက်ချေ။ အတိတ်သုတ္တန်၏ မှော်သင်္ကေတများ တစ်စစီကြေမွသွားပြီး ရှင်သန်ခြင်းနှင့် သေခြင်းတရား ဂိတ်တံခါးများသည်လည်း အစိတ်စိတ်အမြွှာမြွှာ ပြိုလဲသွားကြသည်။ ယင်းနောက် ပိုင်ရှောင်ချန်း၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာကာ သူ နောက်သို့ လူးလွန့်သွားရသည်။ တချိန်တည်း အနာဂတ်သုတ္တန်၏စွမ်းအားက သံယောဇဉ်မဲ့လူသားကို တူညီစွာ ထိုးနှက်လိုက်သည်။

သံယောဉ်ဇဉ်မဲ့လူသားက အော်ဟစ်ကြုံးဝါးကာ တန်ပြန်ဒဏ်များကို လျစ်လျူရှု၍ ပိုင်ရှောင်ချန်းကို ဖမ်းဆုတ်တော့မည့်အလား သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။

သူ့လက်ကြီးက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသောအခခါ ထိုပတ်လည်ရှိ ကြယ်တာရာကောင်းကင်ကြီး ကြေမွပျက်စီးသွားတော့သည်။

ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက နောက်သို့ဆုတ်ကာ အလျင်အမြန် လက်ကွက်ဖော်လိုက်ပြီး အချိန်၏အနှစ်သာရကို ဆွဲအား ဇီဝိန်ခြွေအတတ်အဖြစ် ထုတ်လွှတ်လိုက်သည်။

၎င်းမှာ မိုးမြေဧကရာဇ်တစ်ပါး ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပိုင်ရှောင်ချန်းက ဆွဲအား ဇီဝိန်ခြွေအတတ်ကို အသုံးပြုခြင်း ဖြစ်သည်။ကြယ်တာရာကောင်းကင်ကြီး၏ ငါးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်လာနိုင်ခဲ့ပြီး တာအိုကိုယ်ပွား အမြောက်အမြား ဖန်တီးလာနိုင်ခဲ့ပြီးနောက် သူ၏ အချိန်အနှစ်သာရကို ထိန်းချုပ်မှုက တိုးတက်လာခဲ့သည်ဖြစ်ရာ ဆွဲအားဇီဝိန်ခြွေအတတ်သည်လည်း များစွာ စွမ်းအားကြီးမားလာပြီ ဖြစ်သည်။ သူက ကြယ်တာရာကောင်းကင်ကြီးထဲရှိ အရပ်မျက်နှာတစ်ခုသို့ လက်ကို ဆန့်ထုတ်ကာ ဖမ်းဆုပ်သည့် အမူအရာ ပြုလုပ်လိုက်သည်။

“ အချိန်သဲနာရီ ”

ထိုအခါ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက သူ ရှာတွေ့ခဲ့သော သဲနာရီနယ်မြေကြီး ရုတ်ချည်း တုန်ခါသွားပြီး ထိုနေရာတွင် တာအိုကိုယ်ပွားတစ်ခု ပေါ်ထွက်လာသည်။

ပိုင်ရှောင်ချန်းက ထိုအဖိုးတန်ရတနာကို လိုအပ်လာပါက အဆင်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ထားခဲ့သည်မှာ အချိန်ကြာခဲ့ပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ၎င်းကို လှမ်း၍ဆင့်ခေါ်လိုက်ပြီး သူ့အချိန်အနှစ်သာရ ဖြစ်တည်လာသည်နှင့် သဲနာရီဒေသကြီး တုန်ရီကာ ပျောက်ကွယ်သွားတော့သည်။

၎င်း ပြန်လည်ထွက်ပေါ်လာသောအခါ ကြယ်တာရာကောင်းကင်ကြီးအတွင်းရှိ တစ်ခါက ထာဝရအင်မော်တယ်နယ်မြေများ တည်ရှိခဲ့ဖူးသည့်နေရာသို့ ရောက်နေပြီဖြစ်သည်။

ယခု ထိုနေရာတွင် ဧကရာမ သဲနာရီကြီးတစ်လုံး ရောက်နေလေပြီ။

ပိုင်ရှောင်ချန်းက အချိန်အနှစ်သာရကို ထိန်းချုပ်နိုင်ပါသော်လည်း ထိုသဲနာရီကြီးကို အပြည့်အဝ မထိန်းချုပ်နိုင်ပေ။ ၎င်းကို သူ မပိုင်ဆိုင်သေးသည် မဟုတ်ပါလား။ အချိန်လုံလုံလောက်လောက် ရပါက ၎င်းအား ပြန်လည်မွမ်းမံကာ သူ့အပိုင်အဖြစ် သိမ်းပိုက်နိုင်မည်ဖြစ်ပါသော်လည်း ယခုတွင်မူ ထိုသို့လုပ်နေရန် အချိန်မရှိပေ။ ၎င်း၏ စွမ်းအားအပြည့်အဝကို သူ အသုံးချမည်မဟုတ်ဘဲ ၎င်းအား တင်းပုတ်သဖွယ် သုံး၍ ရန်သူအား ရိုက်နှက်မည်သာ ဖြစ်သည်။

သူက သံယောဇဉ်မဲ့လူသားအား တစ်ခါက သူ့ဆရာ ပိုင်ဆိုင်ခဲ့ဖူးသည့် မှော်လက်နက်ဖြင့် တိုက်ခိုက်မည် ဖြစ်ပေသည်။

ထိုသဲနာရီ ပေါ်ထွက်လာချင်း သံယောဇဉ်မဲ့လူသား၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ ထိုသဲနာရီကို ချက်ချင်း မှတ်မိသွားကာ သူ့ဆရာ ချန်ရစ်ခဲ့သော အဖိုးတန်ရတနာတစ်ပါးဖြစ်ကြောင်း တန်း၍ သိလိုက်သည်။ သူ့ဆရာ သေသွားခဲ့စဉ်အခါက ထိုသဲနာရီကြီးက အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။

၎င်းကို သူ လိုက်ရှာခဲ့ပါသော်လည်း အချည်းနှီးပင်။ နောက်ဆုံး၌ ၎င်းက ထာဝရပျောက်ကွယ်သွားပြီဟု သူ ယူဆလိုက်တော့သည်။ သို့ဖြစ်၍ ပိုင်ရှောင်ချန်းက ၎င်းအား တိုက်ပွဲထဲ ဆင့်ခေါ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူ အံ့သြတုန်လှုပ်သွားရသည်။

ထိုသဲနာရီကြီး ရုပ်လုံးပေါ်လာသည်နှင့် သဲယောဇဉ်မဲ့လူသား၏ ပတ်ပတ်လည်တွင် သဲနာရီပေါင်းမြောက်မြားစွာ စုဝေးဖြစ်တည်လာကြပြီး အချိန်စီးဆင်းမှုကို ပြောင်းလဲကာ အချုပ်အနှောင်စွမ်းအားတစ်ခုကို ဖန်တီးလိုက်တော့သည်။ ပိုင်ရှောင်ချန်းက သံယောဇဉ်မဲ့လူသားအား ချုပ်နှောင်ရန် ဆန္ဒရှိနေသည်မှာ သေချာသည်။

သံယောဇဉ်မဲ့လူသားက မျက်လုံးများကို ခေတ္တမျှပိတ်လိုက်ပြီး ပြန်ဖွင့်၍ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးခိုးများ ဒလဟော ထွက်လာသည်။ ထိုမီးခိုးများအတွင်းရှိ သေခြင်းတရားနှင့် မျိုးတုန်းသုတ်သင်ခြင်း စွမ်းအားများက ချက်ချင်းပင် သူ့့ပတ်လည်ရှိ သဲနာရီများထံ ဝုန်းခနဲ ပြေးဝင်သွားကြသည်။

ထိုသဲနာရီကြီးကို ယခင်က သူ့ဆရာ ပိုင်ဆိုင်ခဲ့သည်ဖြစ်ပြီး ၎င်းတွင် ထူးခြားသော အစွမ်းများလည်း ရှိနေသည်။ သံယောဇဉ်မဲ့လူသားက အစွမ်းထက်ပါသော်လည်း အချိန်အနှစ်သာရသခင်တစ်ပါး မဟုတ်သဖြင့် သူ ထုတ်လွှတ်လိုက်သော မီးခိုးများက သဲနာရီများကို ချုပ်တည်းရာတွင် အခက်တွေ့နေတော့သည်။

သို့သော် သဲနာရီများ၏အစွမ်းများသည်လည်း ကန့်သတ်ခံထားရသည်။ သံယောဇဉ်မဲ့လူသားကို ယာယီ ချုပ်နှောင်ထားနိုင်ပါသော်လည်း အဆုံးတွင် သူ လွတ်မြောက်သွားမည်သာ ဖြစ်သည်။

ထိုအချက်ကို အစကတည်းက ပိုင်ရှောင်ချန်း သိထားသည်။ သူက သံယောဇဉ်မဲ့လူသားအား လျစ်လျူရှုကာ မျက်လုံးများ မှိတ်လိုက်သည်။ ယင်းနောက် နတ်ဘုရားအာရုံအား ထုတ်လွှတ်ကာ သူ ထိန်းချုပ်ထားသော ကြယ်တာရာကောင်းကင်ကြီး၏ ငါးဆယ်ရာခိုင်နှုန်းထဲတွင် ရှိနေသည့် တာအိုကိုယ်ပွားများဖြင့် ထိတွေ့စေလိုက်တော့သည်။

ထိုအခါ သိန်းဂဏန်းများစွာသော အပျက်အစီးကမ္ဘာများထဲတွင် ရှိနေသည့် တာအိုကိုယ်ပွားများမှာ ချက်ချင်းပင် မျက်လုံးများ ပွင့်လာကြသည်။ ထိုကိုယ်ပွားတစ်ခုချင်းစီတိုင်းက ပိုင်ရှောင်ချန်းဖြစ်နေပြီး ၎င်းတို့အား သူ့ခန္ဓာကိုယ်အစစ်ကဲ့သို့ သူ ထိန်းချုပ်နိုင်ပေသည်။ အမှန်တကယ်တော့ ကဏ္ဍအများစုတွင် ၎င်းတို့မှာ ကိုယ်ပွားများနှင့်ပင် မတူကြပေ။

All Chapters