← Chapters

ကြယ်တာရာကောင်းကင်ကြီးက ဆေးပေါင်းဖိုလော

Vol. 13 Ch. 1296

ကြယ်တာရာကောင်းကင်ကြီးက ဆေးပေါင်းဖိုလော

Vol. 13 Ch. 1296

တာအိုကိုယ်ပွားသိန်းပေါင်းများစွာ ရုပ်လုံးပေါ်လာကာ စူးရှတောက်ပသောအလင်းရောင်များကို ထုတ်လွှတ်နေပြီ ဖြစ်သည်။ ထိုသို့ အလင်းထုတ်လွှတ်သည့်နှုန်းမှာ မြန်ဆန်လွန်းလှ၍ အလင်းဟူ၍ စိုးစဥ်းမျှမရှိဘဲ အမှောင်ထုကြီးစိုးနေသော ကြယ်တာရာကောင်းကင်ကြီး၏ အခြားအစိတ်အပိုင်းများထံ ပျံ့နှံ့သွားလေသည်။

ထိုသည်ကား ပိုင်ရှောင်ချန်း၏ အကြံပင် ဖြစ်သည်။ သံယောဇဥ်မဲ့လူသားအား ယှဥ်နိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် သူ့အား ယာယီမျှ ချုပ်နှောင်ပြီး ရရှိလာသောအချိန်တွင် အသာစီးရရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်ပေသည်။

" ခြောက်ဆယ်ရာခိုင်နှုန်းပဲ။ တကယ်လို့ ငါသာ ကြယ်တာရာကောင်းကင်ကြီးရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်မယ်ဆိုရင် သံယောဇဥ်မဲ့လူသားနဲ့ တန်းတူ ဖြစ်သွားနိုင်ပြီ "

ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော သူ၏တာအိုကိုယ်ပွားပေါင်း မြောက်မြားစွာက ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့နှံ့သွားကြတော့သည်။ သံယောဇဥ်မဲ့လူသားမှာမူ ကြီးမားသောဖိအားတစ်ခုအောက်သို့ ရောက်နေပါသော်လည်း ထိုအဖြစ်အပျက်များကို ရိပ်စားမိလိုက်သည်။ ထိုသည်နှင့် သူက ပိုင်ရှောင်ချန်းအား လှမ်းကြည့်၍ ပြုံးလိုက်တော့သည်။

" မင်းက အရင်ဆုံး အချိန်အနှစ်သာရပါတဲ့ နတ်ဘုရား အတတ်ကို အသုံးပြုခဲ့တယ်။ ပြီးတော့ ငါ့ဆရာရဲ့ တန်ဖိုးကြီးရတနာကို အသုံးပြုခဲ့တယ်။ အခုလည်း တိုက်ပွဲမှာ အသာစီးရအောင် လုပ်နေပြန်ပြီ။ မင်းကို ရင်ဆိုင်ရတာ ဘယ်ဆိုးလို့လဲကွ "

ထိုအခိုက် သူ၏အငွေ့အသက်မှာ ရုတ်ချည်း ပြောင်းလဲသွားပြီး သူ၏မျက်ဝန်းများ အရောင်လက်သွားတော့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်လောင်အောင်များပြားသော အမည်းရောင်မီးခိုးတန်းများစွာ ထိုးထွက်လာသည်။

ထိုမီးခိုးတန်းများမှာ သိန်းဂဏန်းများစွာ ရှိနေသည်ဖြစ်ပြီး ရေတွက်၍ မရနိုင်လောက်အောင်ပင်။ ၎င်းတို့မှာ တွေဝေတွန့်ဆုတ်မနေဘဲ ကြယ်တာရာကောင်းကင်ကြီးထဲသို့ ထိုးတက်သွားကြသည်။ ထိုအခါ သံယောဇဥ်မဲ့လူသားမှာ အရွယ်အစား သေးငယ်လာပြီး သာမန်လူသားတစ်ယောက်၏ အရွယ်အစားအထိ ရောက်ရှိသွားတော့သည်။

တခဏအကြာတွင် ထိုအမည်းရောင်မီးခိုးတန်းများက ကြယ်တာရာကောင်းကင်ကြီး၏ အမှောင်ဖုံးနေသော အခြမ်းတွင် ပေါ်လာကြပြီးနောက် အပျက်အစီးကမ္ဘာ သိန်းပေါင်းများစွာထဲသို့ သစ်စေးများအလား မြုပ်ဝင်သွားတော့သည်။ ထို့နောက် သူတို့က ပတ်ပတ်လည်ရှိ သေခြင်းတရားနှင့် မျိုးတုန်းသုတ်သင်ခြင်း အငွေ့အသက်များကို စုပ်ယူလိုက်ကြပြီး တဖြည်းဖြည်းနှင့်

သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများအသွင် ပြောင်းလဲသွားကြသည်။

သူတို့က သူနှင့်တစ်ပုံစံတည်းဖြစ်ပြီး သူတို့၏ အေးစက်နေသော မျက်လုံးများပွင့်သွားကြသည်နှင့် ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွားများထံ အမြန်ဆုံး ဦးတည်သွားလိုက်ကြတော့သည်။ သူတို့၏ ပန်းတိုင်မှာ ထိုကိုယ်ပွားအားလုံးကို သတ်ဖြတ်ပစ်ရန် ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ၏အကြံကို စတင်လိုက်သည့်အချိန်မှစ၍ သံယောဇဥ်မဲ့လူသားက ပြန်လည်တုံ့ပြန်ခဲ့သည့် အချိန်ထိ အချိန်အနည်းငယ်မျှသာ ရှိသေးသည်။ ထို့နောက် ထိုတာအိုကိုယ်ပွား အုပ်စုနှစ်စုက ကြယ်တာရာကောင်းကင်ကြီးထဲတွင် ထိပ်တိုက်တွေ့ဆုံသွားကြပြီး ဧရာမတိုက်ပွဲကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

တာအိုကိုယ်ပွားပေါင်း တစ်သန်းကျော်၏ အပြန်အလှန် တိုက်ခိုက်မှုကြောင့် ထာဝရကမ္ဘာကြီး တုန်ရီနေပြီး ကြယ်တာရာကောင်းကင်ကြီးထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံများဖြင့် ပြည့်နှက်နေတော့သည်။

ထိုမြင်ကွင်းကြီးမှာ လွန်စွာတုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည့်အပြင် အလွန်ထူးဆန်းနေပေသည်။ တာအိုကိုယ်ပွားပေါင်း တစ်သန်းကျော် ရှိနေပါသော်လည်း အမျိုးအစားမှာ နှစ်ခုတည်းသာ ရှိနေသည် မဟုတ်ပါလော။ ထိုစစ်ပွဲမျိုးမှာ ယခင်က တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသည့် စစ်ပွဲမျိုးဖြစ်ပြီး မရေမတွက်နိုင်လောက်အောင် များပြားသော ကျင့်ကြံသူများ၏ အတွေးစိတ်ကူးများထက်ပင် လွန်ကဲနေပေသည်။

ထိုစဥ် ယခင်က ထာဝရအင်မော်တယ်နယ်မြေများ ရှိခဲ့သောနေရာတွင် သံယောဇဥ်မဲ့လူသားမှာ သာမန်အရွယ်အစားသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ သူသည် သဲနာရီ၏ ဖိနှိပ်ထားသော စွမ်းအားမှ ဖောက်ထွက်၍ လှစ်ခနဲ လှုပ်ရှားကာ ပိုင်ရှောင်ချန်း၏ရှေ့တွင် ပေါ်ထွက်လာပြီး လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားပြီး သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ထို့နောက် သူ နောက်သို့ လူးလွန့်သွားပြီး သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။

သံယောဇဥ်မဲ့လူသားမှာမူ ခေါင်းယမ်းလိုက်ပြီး နောက်ထပ်တစ်ချက် ထပ်၍ထိုးနှက်လိုက်ပြန်သည်။

အချိန်တိုလေးအတွင်း သံယောဇဥ်မဲ့လူသားက ပိုင်ရှောင်ချန်းအား အချက်ပေါင်းတစ်ရာကျော်အထိ ထိုးနှက်လိုက်သဖြင့် တအုန်းအုန်းမြည်သံများ အဆက်မပြတ်ပေါ်ထွက်လာတော့သည်။ တစ်ကြိမ်တွင် ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြီး သူ၏ထည့်စရာအိတ်ကိုပုတ်၍ ဆေးလုံးအမြောက်အမြားကို ထုတ်ယူလိုက်တော့သည်။

သူ အလွန်စိုးရိမ်ထိတ်လန့်စပြုလာပြီဖြစ်ပြီး သူ၏အပြင်ခန္ဓာကိုယ်မှာ သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်လောက် အဆင့်မမြင့်သေးကြောင်းကိုလည်း အထင်အရှား သိလိုက်ရတော့သည်။ ထိုအချက်ကို သူ ယခင်ကတည်းက သိထားခဲ့ပါသော်လည်း လက်တွေ့ခံစားလိုက်ရသည့်အတွက် ပို၍ပင် သိသာသွားစေတော့သည်။

သူ၏ထာဝရအတွဲမှ ပြန်လည်ကုစားနိုင်သည့် အစွမ်းများပင် သူ့အား ကုသပေးနိုင်တော့မည် မဟုတ်ကြောင်း သူက သိလိုက်သည်။ ပို၍ဆိုးဝါးသည်မှာ သံယောဇဥ်မဲ့လူသား၏ ပြန်လည်ကုစားနိုင်သည့်အစွမ်းများမှာလည်း သူ့ကဲ့သို့ တမူထူးခြားနေခြင်းပင်။

" ဆေးလုံးတွေ သုံးဖို့ကလွဲပြီး ငါ့မှာ အခြားရွေးချယ်စရာ မကျန်တော့ဘူး "

သူက အလွန်စိုးထိတ်နေသည်ဖြစ်၍ ဆေးလုံးများကို ထုတ်လိုက်တော့သည်။ ဆေးလုံးအများစုမှာ သူ တစ်ခါမှ စမ်း၍ မသုံးဝံ့ခဲ့သော လျှို့ဝှက်ဆန်းကြယ်ဆေးလုံးများဖြစ်သည်။ ထို့အပြင် ကာမအားတိုးဆေးလုံးများ၊ ဝိညာဥ်စုစည်းဆေးလုံးများ၊ စိတ်ကူးယဥ်ဆေးလုံးများအပြင် သူနှင့်ရင်းနှီးသော အခြားဆေးလုံးများစွာလည်း ပါနေသေးသည်။

ထိုသို့ အရေးကြီးလှသော အခိုက်အတန့်တွင် ထိုဆေးလုံးများ၏ အမျိုးအစားများကို သူ အာရုံစိုက်မနေနိုင်တော့ပေ။ သူက တွေဝေတွန့်ဆုတ်မနေဘဲ သူ့တွင်ရှိသမျှ ဆေးလုံးအားလုံးကို ပစ်ထုတ်လိုက်တော့သည်။

" ပေါက်ကွဲစေ "

" ပေါက်ကွဲစေ "

" ပေါက်ကွဲစေ "

တခဏအကြာတွင် ဆေးလုံးတစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားကြသဖြင့် ထိုနေရာတစ်ဝိုက်တွင် ရောင်စုံမီးခိုးများဖြင့် ပြည့်နှက်သွားတော့သည်။

အလွန် တန်ခိုးကြီးလှပါသည်ဆိုသော သံယောဇဥ်မဲ့လူသားပင် ထိုဆေးဒဏ်များကို မရှောင်တိမ်းနိုင်လိုက်ပေ။ သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားရပြီး နောက်သို့ ဆုတ်ခွာသွားရတော့သည်။

" ဒါဘာတွေတုန်း "

သူသည် သူ့ကိုယ်သူကာကွယ်ရန် စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်ပြီး မီးခိုးများကို ပယ်ရှားလိုက်သည်။ မည်သည့်အကြောင်းကြောင့်တော့မသိ၊ သူ၏စိတ်ထဲတွင် ထူးဆန်းသော အပူဓာတ်ကြီးတစ်ခု လောင်မြိုက်လာသည်ဟု ခံစားနေရပြီ ဖြစ်သည်။

သူသည် မျက်မှောင်ကြုတ်၍ ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။ သူ အချုပ်နှောင်မခံရခင်က ပိုင်ရှောင်ချန်းအား ရင်ဆိုင်ရန် ခက်ခဲသည့်ပြိုင်ဘက်တစ်ယောက်ဟုသာ သတ်မှတ်ထားခဲ့သည်။ အမှန်အတိုင်း ဆိုရလျှင် သူ၏တိုက်ခိုက်လိုစိတ်ပင် မြင့်တက်သွားခဲ့သည်။ သို့သော် ယခုတွင်မူ သူ၏အထင်နှင့်အမြင် လွဲချော်သွားခဲ့ပြီ ဖြစ်ကြောင်း ရုတ်ချည်း သိသွားတော့သည်။

သံယောဇဥ်မဲ့လူသား နောက်သို့ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်ပြီး အလားတူပင် ဆုတ်ခွာသွားတော့သည်။ သူ ကိုယ်တိုင်သည်လည်း ထိုဆေးလုံးများမှထွက်လာသော မီးခိုးထုကြီးကို မထိရဲပေ။ တချိန်တည်းမှာပင် ဤတိုက်ပွဲကို အနိုင်ယူနိုင်မည့် အဓိကသော့ချက်မှာ သံယောဇဥ်မဲ့လူသားအား ချုပ်နှောင်၍ အချိန်ဆွဲရန်ဖြစ်ကြောင်း သူက သိလိုက်သည်။ အကယ်၍ သူသာ အသာစီးမရပါက သူ၏ပြိုင်ဘက်မှာ သေစေနိုင်သော အတတ်များဖြင့် ထပ်၍ တိုက်ခိုက်လာမည်ဖြစ်ပြီး ဆိုးရွားသောအနေအထားသို့ ရောက်ရှိသွားရမည်ဖြစ်သည်။

" အသက်ရှည်မီးအိမ် "

သူသည် အော်ဟစ်လိုက်ပြီး မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန် ဖော်လိုက်သည်။ ချက်ချင်းပင် ကြယ်တာရာကောင်းကင်ယံထဲတွင် မရေမတွက်နိုင်လောက်အောင်များပြားသော အသက်ရှည်မီးအိမ် အမြောက်အမြားပေါ်ထွက်လာပြီး သံယောဇဥ်မဲ့လူသားကို ဝန်းရံသွားတော့သည်။

ထို့နောက် သူသည် တစ်ခဏလေးပင် တွေဝေမနေပဲ အော်ဟစ်လိုက်တော့သည်။

" ပျက်စီးစေ "

ချက်ချင်းပင် ထိုအသက်ရှည်မီးအိမ်များမှာ ပေါက်ကွဲသွားသဖြင့် ဧရာမတုန်ခါမှုလှိုင်းကြီးများက သံယောဇဥ်မဲ့လူသားကို ရိုက်ခတ်သွားကြပြီးနောက် လေပွေအမြောက်အမြား ပေါ်ထွက်လာတော့သည်။

ယင်းနောက် အချိန်၏အနှစ်သာရ ပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းမှာ အံ့သြဖွယ်ရာကောင်းစွာပင် သံယောဇဥ်မဲ့လူသားကို ချုပ်နှောင်ရန် ထပ်မံကြိုးစားနေသည်။

သူသည်လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။

" ကြယ်တာရာကောင်းကင်က ဆေးပေါင်းဖိုဖြစ်စေ "

ပိုင်ရှောင်ချန်းမှာ သူ၏မိုးမြေဧကရာဇ် စွမ်းအားအကုန်လုံးကို အသုံးပြု၍ ထိုနေရာတစ်ဝိုက်ရှိ ကြယ်တာရာကောင်းကင်ကြီးအား ဧရာမဆေးပေါင်းဖိုကြီးတစ်လုံးအသွင် ပြောင်းလဲလိုက်သည်။

သံယောဇဥ်မဲ့လူသားမှာ ၎င်း၏ အလယ်တည့်တည့်တွင် ရောက်နေသည်။

၎င်းမှာ သံယောဇဥ်မဲ့လူသားကို ချုပ်နှောင်မည့် ဒုတိယအကြံအစည်ဖြစ်သည်။ဆေးဖော်စပ်ခြင်းအတတ်ကိုအသုံးပြု၍ သူ့အား သန့်စင်မည် ဖြစ်သည်။

သို့သော် ကြယ်တာရာကောင်းကင် ဆေးပေါင်းဖိုကြီး ပေါ်ပေါက်လာသောအခါတွင် သံယောဇဥ်မဲ့လူသားမှာ မျက်မှောင်ကြုတ်သွားပြီး အသက်ရှည်မီးအိမ်များကြောင့် ပေါ်ထွက်လာသည့် လေပွေများထံ တစ်လှမ်းလှမ်းလိုက်သည်။ သူ ထိုလေပွေများကို မဖြတ်ကျော်နိုင်ခင် ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။

" ထာဝရမယ်တော် "

ထာဝရအင်မော်တယ်နယ်မြေများမှာ အဝေးသို့ လွင့်မျောသွားနေဆဲပင်။ ထိုနယ်မြေများထဲရှိ ထာဝရမြစ်၏အဆုံးတွင် ခေါင်းလောင်းကြီးတစ်လုံးရှိနေပြီး ထိုခေါင်းလောင်ကြီးထဲ၌ ခပ်ရေးရေးမျှသာ တောက်ပနေသည့် အလင်းစက်လုံးတစ်လုံးရှိနေသည်။ ထိုစက်လုံးမှာ ယခင်ကထက် မှေးမှိန်နေပြီ ဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်း၏အော်ခေါ်သံကို တုံ့ပြန်နိုင်ဆဲပင်ဖြစ်ပြီး မျက်စိကျိန်းမတတ် စူးရှတောက်ပလာတော့သည်။

ထိုအလင်းရောင်မှာ ထာဝရအင်မော်တယ်နယ်မြေများ၏ အပြင်ဘက်သို့ ထိုးထွက်သွားပြီး ဟင်းလင်းပြင်ကြီးကိုဖြတ်၍ သံယောဇဥ်မဲ့လူသား၏ဘေးသို့ ရောက်သွားတော့သည်။ ထို့နောက် ၎င်းမှာ လေပွေများကို ထိုးဖောက်သွားကာ ၎င်းတို့အား ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တောက်ပသွားစေပြီး သံယောဇဥ်မဲ့လူသား၏ တိုက်ခိုက်မှုကို ခုခံတွန်းလှန်လိုက်တော့သည်။

" ကျုပ်သာ ခင်ဗျားကြီးကို ပြန်ပြီးပြုပြင်မွမ်းမံဖို့ လိုအပ်မနေဘူးဆိုရင် အစကတည်းက သတ်ပြီးနေပြီ ထာဝရမယ်တော်။ ကျုပ်ကို ခုခံလောက်အောင်အထိ ခင်ဗျားကြီးက အတင့်ရဲလှပါလား "

သံယောဇဥ်မဲ့လူသားမှာ အေးစက်စက်နှာမှုတ်လိုက်ပြီး လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။

ထိုအခါ လေပွေများမှာတုန်ခါသွားပြီး ထာဝရမယ်တော်၏စိတ်ဆန္ဒမှာ ပြိုလဲပျက်စီးတော့မည့်အလား ဖြစ်သွားသည်။ ထိုသို့ အရေးကြီးလှသော အခိုက်အတန့်လေးတွင် သူတော်စင်ဧကရာဇ်နှင့် စုန့်ချွဲတို့အပါအဝင် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ လူတိုင်းမှာ ထာဝရမယ်တော်က သူတို့အား စကားပြောလိုက်သည်ကို ကြားလိုက်ရတော့သည်။

" ကလေးတို့ရေ။ မယ်မယ်… သားတို့ဆီက စွမ်းအားတွေ ... လိုတယ်... "

ထိုအခါ လူ၊ တိရိစ္ဆာန်များနှင့် အပင်များအပါအဝင် သက်ရှိများအားလုံး တုန်ရီသွားကြကာ သူတို့၏သက်စောင့်အားများနှင့် သူတို့၏ဝိညာဥ်များပင် ထိုစကားသံကို တုံ့ပြန်လိုက်ကြပြီး ၎င်းအား သူတို့၏စွမ်းအားများကို ပေးအပ်လိုက်ကြတော့သည်။

ထာဝရအင်မော်တယ်နယ်မြေများဆီမှ မရေမတွက်နိုင်လောက်အောင်များပြားသော အလင်းမှုန်မြောက်မြားစွာ မြင့်တက်လာကြကာ သံယောဇဥ်မဲ့လူသားအား ဝန်းရံနေသည့် လေပွေများထံသို့ ဦးတည်ပျံသန်းလာကြပြီး ၎င်းတို့နှင့်အတူ တစ်သားထဲပေါင်းစည်းသွားသဖြင့် ထိုလေပွေများထံမှ စူးရှတောက်ပသောအလင်းရောင်များ ဖြာထွက်လာကြကာ အမှောင်ထုကြီးအား ရင်ဆိုင်တိုက်ခိုက်လိုက်ကြတော့သည်။

All Chapters