← Chapters

အာကာသတိုက်ပွဲ

Vol. 13 Ch. 1297

အာကာသတိုက်ပွဲ

Vol. 13 Ch. 1297

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ထာဝရမယ်တော် ပြောလိုက်သည့်စကားကို ကြားလိုက်ရသည်။

" မင်း အသက်ရှူကြိမ် ဆယ်ကြိမ်ရမယ် "

ထိုသို့ ကြားလိုက်ရသောအခါ သူက မန္တန်လက်ကွက်တစ်ကွက် လျင်မြန်စွာ ဖော်လိုက်ပြီး လက်နှစ်ဖက်စလုံးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါ ကြယ်တာရာကောင်းကင်ကြီး အောက်သို့ အိကျသွားပြီး ဆေးပေါင်းဖိုကြီးတစ်လုံးအသွင် သံယောဇဥ်မဲ့လူသားအား ဝန်းရံသွားတော့သည်။

ထိုဆေးပေါင်းဖိုထဲရှိ သံယောဇဥ်မဲ့လူသားမှာ ကွက်ခနဲ မျက်နှာပျက်သွားရပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန် ဖော်လိုက်တော့သည်။ ထို့နောက် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သောအခါ အနက်ရောင်မီးခိုး အမြောက်အမြား တလိပ်လိပ်ထွက်ပေါ်လာပြီး ဆေးပေါင်းဖိုကြီးအား ရိုက်နှက်လိုက်ကြတော့သည်။

မကြာသေးမီအချိန်တိုင်အောင် ဤဆေးပေါင်းဖိုကြီးထဲမှ အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်ဟု သူ ယူဆထားခဲ့သည်။ သို့သော် ထာဝရမယ်တော်မှာ ၎င်းအား ထာဝရအင်မော်တယ်နယ်မြေများထဲရှိ သက်ရှိများအားလုံး၏ စွမ်းအင်များဖြင့် အားဖြည့်ပေးထားသည်ဖြစ်၍ အသက်ရှူကြိမ်ဆယ်ကြိမ်အတွင်း သူ မလွတ်မြောက်နိုင်လောက်အောင် ဖြစ်သွားရသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်း၏ အသံ ထပ်၍ ပေါ်ထွက်လာတော့သည်။

" အသက်ရှည် ပါဝင်ပစ္စည်းတွေ။ ဒီမိုးမြေဧကရာဇ်ကို ဆေးလုံးတစ်လုံးအသွင် ရောင်သွားအောင် ဖော်စပ်လိုက်ကြစမ်း "

သူက မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သောအခါ ထိုဖော်စပ်ချင်းလုပ်ငန်းစဥ် စတင်သွားသည်။ ထိုအချိန်တွင် အသက်ရှူကြိမ်ဆယ်ကြိမ် ကုန်ဆုံးသွားပြီး ထာဝရအင်မော်တယ်နယ်မြေများထဲရှိ သက်ရှိများအားလုံး သွေးများအန်ထွက်လာကြပြီး အလင်းစက်လုံးတစ်လုံးအသွင်ဖြင့် ရှိနေသည့် ထာဝရအင်မော်တယ်နယ်မြေများမှာလည်း ပျက်စီးသွားတော့မည့်အလား အလွန်အမှေးမှိန်သွားတော့သည်။

သို့သော် သူတို့၏ တစ်ခုတည်းသော ပန်းတိုင်မှာ ပိုင်ရှောင်ချန်းအတွက် အချိန်ဆွဲပေးရန်ပင် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ စွမ်းအင်များ ပျောက်ကွယ်သွားသောအချိန်တွင် ကြယ်တာရာကောင်းကင် ဆေးပေါင်းဖိုကြီး၏ ပတ်ပတ်လည်ရှိ လေပွေများမှာ ဆေးပင်များအသွင် ပြောင်းလဲသွားပြီး ဆေးပေါင်းဖိုကြီးမှာ အပြီးတိုင်ပိတ်သွားတော့သည်။ ထို့နောက် အချိန်မီးတောက်မှာ ထိုလုပ်ငန်းစဥ်အား ပြီးမြောက်စေလိုက်သည်။

၎င်းမှာ သာမန်ဆေးဖော်စပ်ခြင်း လုပ်ငန်းစဥ်တစ်ခု မဟုတ်ပေ။ ပိုင်ရှောင်ချန်းက သူ၏မိုးမြေဧကရာဇ်ကျင့်ကြံခြင်းအခြေခံကို အသုံးပြု၍ စွမ်းအားကြီး နတ်ဘုရားအစွမ်းတစ်ခုကို ထုတ်လွှတ်ပြီး သံယောဇဥ်မဲ့လူသား၏ စိတ်ထဲတွင် နှစ်ပေါင်းများစွာတိုင်အောင် မခံစားဖူးခဲ့သော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရင်ဆိုင်နေရသည့် ခံစားချက်များ ပေါ်ထွက်လာအောင် ပြုလုပ်နေခြင်း ဖြစ်သည်။

အခြားသော ပြိုင်ဘက်တစ်ယောက်ဆိုလျှင် အချိန်အပိုင်းအခြား တစ်ခု၊ နှစ်ခုလောက်အထိ ချုပ်နှောင်နိုင်စွမ်းရှိမည် ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ဤကြယ်တာရာကောင်းကင် ဆေးပေါင်းဖိုကြီးကိုသုံး၍ ထိုသို့ချုပ်နှောင်ရုံသာမက အခြားအရာများကိုပါ လုပ်ရန်ဆန္ဒရှိနေသည် ဖြစ်ကြောင်း သံယောဇဥ်မဲ့လူသားက သိလိုက်သည်။ ထိုအချိန်တွင် သူ၏မျက်ဝန်းများမှာ အရောင်လက်သွားပြီး ရုတ်တရက် အသက်ပြင်းပြင်း ရှူသွင်းလိုက်တော့သည်။

ထိုအခါ ကြယ်တာရာကောင်းကင်ထဲတွင် ရှိနေကြသော တာအိုကိုယ်ပွားသိန်းပေါင်းများစွာ ရုတ်တရက် ပြိုလဲပျက်စီးကာ အနက်ရောင်မီးခိုးများအသွင် ပြောင်းလဲသွားကြပြီး ပျောက်ကွယ်သွားကြတော့သည်။

သူတို့ ပြန်ပေါ်လာသောအခါတွင် ကြယ်တာရာကောင်းကင် ဆေးပေါင်းဖိုကြီးကို ထိုးခွင်း၍ သံယောဇဥ်မဲ့လူသားထံ ပြန်သွားနိုင်ရန် ကြိုးပမ်းနေကြပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး ထိုသို့မဖြစ်အောင် တားဆီးရန် ကြိုးစားလိုက်ပါသော်လည်း မအောင်မြင်ပေ။ မျက်စိတစ်မှိတ်အတွင်း ဆေးပေါင်းဖိုကြီးထဲတွင် ကြီးမားသော အဖျက်စွမ်းအားတစ်ခု စုဝေးလာပြီး ပေါက်ကွဲတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်သွားတော့သည်။

ဆေးပေါင်းဖိုကြီးမှာ ထိုပြင်းအားကို တောင့်မခံနိုင်တော့ပဲ ပေါက်ကွဲသွားသဖြင့် တာအိုကိုယ်ပွား သိန်းပေါင်းများစွာထံမှ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်သည့် အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။

ထိုဆေးပေါင်းဖိုကြီး ပေါက်ကွဲသွားသောအခါ အချိန်မီးတောက်မှာ ထိုပြင်းအားကို တောင့်မခံနိုင်တော့ပဲ ပျက်စီးပျောက်ကွယ်သွားသည်။ ထို့နောက် သေခြင်းတရားနှင့် မျိုးတုန်းသုတ်သင်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသော အဆုံးအစမဲ့လှသည့် အနက်ရောင်မီးခိုးများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသည်။

ထိုအနက်ရောင် မီးခိုးထဲမှ သံယောဇဥ်မဲ့လူသားက သတ်ဖြတ်လိုစိတ်များတောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ပေါ်ထွက်လာသည်။

" ကြည့်ရတာ ငါမင်းကို လျှော့တွက်ခဲ့မိ.... "

သူက ရေခဲတမျှအေးစက်နေသည့် လေသံဖြင့် ဆိုလိုက်သည်။ သို့သော် သူ စကားမဆုံးခင်မှာပင် မျက်နှာဖြူဆုတ်နေပြီဖြစ်သည့် ပိုင်ရှောင်ချန်းမှာ ထူးဆန်းသောအလင်းရောင် တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ့အား ကြည့်လိုက်လေသည်။ ပိုင်ရှောင်ချန်းမှာ သူ့အား ယခုထပ်ပို၍ကြာကြာ ချုပ်နှောင်ထားချင်ပါသော်လည်း ဖြစ်နိုင်မည်မဟုတ်ကြောင်း ကြိုတင်သိရှိထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် သူက လုံးဝတွေဝေမနေပဲ သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများ မရှိတော့သော အခိုက်အတန့်ကို အခွင့်ကောင်းယူလိုက်ပြီး သူ၏တာအိုကိုယ်ပွားများကို ရုတ်တရက် ပေါက်ကွဲသွားစေလိုက်တော့သည်။

အလွန်ဝေးကွာလှသော နေရာတွင် သိန်းပေါင်းများစွာသော တာအိုကိုယ်ပွားများမှာ ဒုဓလီစေ့များအသွင် ပြောင်းလဲသွားကြပြီး ကြယ်တာရာကောင်းကင်တစ်ခွင်သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားကြတော့သည်။

စောစောကဆိုလျှင် သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများမှာ ၎င်းတို့ကို တားဆီးနိုင်ဦးမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏တိုက်ပွဲဗျူဟာထဲတွင် ဟာကွက်တစ်ကွက် ထွက်ပေါ်လာခဲ့သည်ဖြစ်ပြီး ပိုင်ရှောင်ချန်းက ၎င်းအား အမိအရ အသုံးချလိုက်ပြီဖြစ်သည်။ သံယောဇဥ်မဲ့လူသားမှာ သူ့အား မတားဆီးနိုင်ခင် ဒုဓလီစေ့များမှာ အဖြူရောင်သမုဒ္ဒရာတစ်စင်းအသွင် ပြန့်ထွက်သွားကြကာ ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးထဲတွင် ပြည့်နှက်သွားပြီး အပျက်အစီးအစုအဝေးပေါင်း တစ်သန်းရှစ်သောင်းပေါ်သို့ ကျဆင်းသွားကြတော့သည်။

ထိုသို့ကျဆင်းသွားပြီးနောက် ဒုဓလီစေ့များမှာ တာအိုကိုယ်ပွားများအသွင် ပြန်လည်ပြောင်းလဲသွားကြပြီး စူးရှတောက်ပသောအလင်းရောင်များကိုထုတ်လွှတ်၍ အမှောင်ထုများအား တိုက်ခိုက်တော့သည်။

သံယောဇဥ်မဲ့လူသားမှာ သူ့အား ပြန်၍ခုခံမည် ဖြစ်ပါသော်လည်း အစွမ်းကုန် ထုတ်သုံးမည် မဟုတ်ကြောင်း ပိုင်ရှောင်ချန်း တွက်ဆထားခဲ့သည်။ သံယောဇဥ်မဲ့လူသားက သူ့ကို အာရုံလွှဲနိုင်ရန်အတွက် ထာဝရအင်မော်တယ်နယ်မြေများကို ခြိမ်းခြောက်နိုင်ခြေများစွာ ရှိသည် မဟုတ်ပါလား။ သူက သံယောဇဥ်မဲ့လူသားအား မယှဥ်နိုင်ပါသော်လည်း သံယောဇဥ်မဲ့လူသား အစွမ်းကုန်မထုတ်သ၍ သူသည်လည်း အချိန်တိုအတွင်းတော့ ရှုံးနိမ့်သွားမည်မဟုတ်ပေ။ ထို့ကြောင့် အကယ်၍ သံယောဇဥ်မဲ့လူသားသာ သူ၏တာအိုကိုယ်ပွားများကို တားဆီးရန် မကြိုးစားပါက အဆုံးသတ်ရလဒ်မှာ အလွယ်တကူပင် ပေါ်ထွက်လာတော့မည် ဖြစ်သည်။

အကယ်၍ သံယောဇဥ်မဲ့လူသားသာ ထာဝရပန်းပွင့်ကို စားသုံးလိုက်ပါက စွမ်းအားကင်းမဲ့သွားမည့်လူမှာ ပိုင်ရှောင်ချန်းဖြစ်သွားမည် မဟုတ်ပါလော။ အဘယ့်ကြောင့် သူက ထိုသို့ အဖြစ်ခံနိုင်ပါမည်နည်း။

ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့ နှစ်ယောက်စလုံးမှာ အမျိုးမျိုးသော ဖြစ်နိုင်ခြေအလားအလားများကို နားလည်ထားကြပေသည်။ ပိုင်ရှောင်ချန်းမှာ ပိုးဟပ်တစ်ကောင်ကဲ့သို့ပင်။ သူ့ကို အမြစ်ပြတ်ချေမှုန်းရုံမှလွဲ၍ အခြားရင်ဆိုင်နိုင်မည့်နည်းလမ်းမှာ မရှိသလောက်ပင်။

သံယောဇဥ်မဲ့လူသားမှာ ယခုတွင် အသာစီးမရနေပါသော်လည်း အံ့သြမှင်တက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေဆဲပင် ဖြစ်သည်။ ပိုင်ရှောင်ချန်းကြောင့် အနည်းငယ် အားအင်လျော့နည်းသွားရပါသော်လည်း သူသည် အမူအရာမပြောင်းလဲပဲ ပေါက်ကွဲသွားပြီး အနက်ရောင် မီးခိုးတန်း တစ်သန်းရှစ်သောင်းတိတိအား ကြယ်တာရာကောင်းကင်ထဲသို့ ထုတ်လွှတ်လိုက်တော့သည်။ တစ်ခဏလေးအတွင်း သူသည် တာအိုကိုယ်ပွားပေါင်း တစ်သန်းရှစ်သောင်းတိတိကို ပိုင်ဆိုင်သွားတော့သည်။

ကြယ်တာရာကောင်းကင်ကြီးထဲတွင်ရှိနေသည့် အပျက်အစီးအစုအဝေး တစ်ခုချင်းစီထဲတွင် သံယောဇဥ်မဲ့လူသား၏ တာအိုကိုယ်ပွားများမှာ ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွားများဖြင့် စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ယခုတွင် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သည့် တိုက်ပွဲတစ်ပွဲအစား တိုက်ပွဲပေါင်း တစ်သန်းရှစ်သောင်းတိတိမှာ ကြယ်တာရာကောင်းကင်ကြီးတစ်ခွင် ဖြစ်ပွားနေကြပြီဖြစ်၍ တအုန်းအုန်း၊ တဂျုန်းဂျုန်းမြည်သံများ အဆက်မပြတ် ပေါ်ထွက်လာနေကြတော့သည်။

သံယောဇဥ်မဲ့လူသားမှာ ပိုင်ရှောင်ချန်းအား တင်းမာသောအမူအရာဖြင့် ကြည့်၍ဆိုလိုက်သည်။

" ငါ့ကို ဒီလိုပုံစံနဲ့ တိုက်ခိုက်ပြီး ဒီလိုအနေအထားမျိုးရောက်အောင် လုပ်နိုင်တာ မင်းက ပထမဆုံးပဲ "

သူသည် ပိုင်ရှောင်ချန်းလောက် ဆိုးဆိုးရွားရွား ဒဏ်ရာမရထားပါသော်လည်း သူတို့နှစ်ယောက်ထဲတွင် မည်သူ၏ အားအင်ပြန်ပြည့်နိုင်စွမ်းမှာ ပို၍ကောင်းမွန်ကြောင်းကိုမူ ယခုထိ သေချာမသိသေးပေ။

သို့သော် ပိုင်ရှောင်ချန်းမှာ သံယောဇဥ်မဲ့လူသားကဲ့သို့ အားပြင်းသည့်တိုက်ကွက်များ မထုတ်နိုင်ပါသော်လည်း သံယောဇဥ်မဲ့လူသား၏ တိုက်ကွက်များကို သူ အားအကုန်သုံး၍ ခုခံကာကွယ်ခဲ့သည့်တိုင်အောင် ဒဏ်ရာရသွားခဲ့ရသည် မဟုတ်ပါလော။

" ဒါပေမဲ့ အဲဒါတွေက အရေးမကြီးပါဘူး။ ကိစ္စတွေကို အဆုံးသတ်ဖို့ အချိန်ကျပြီ "

သူသည် မျက်လုံးများမှေးလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာရင်း ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ၏လက်ညှိုးမှာ ပကတိ မည်းနက်သွားပြီး ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်ကြီးနှင့် ချက်ချင်းပင် သဟဇာတဖြစ်သွားသော မျိုးတုန်းသုတ်သင်ခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေသည့် အနက်ရောင်ကျင်းကြီးတစ်ကျင်းအသွင် ပြောင်းလဲသွားသည်။

" ဝိညာဥ်ခြွေလက်ချောင်း "

သူသည် အမူအရာမပျက်ပဲ ဆိုလိုက်သည်။ ထိုအခါ သူ၏တာအိုကိုယ်ပွား တစ်သန်းရှစ်သောင်းတိတိမှာလည်း သူ့ကဲ့သို့ပင် ညာလက်များကို ဆန့်ထုတ်လိုက်ကြသည်။ သူတို့၏လက်ညှိုးများသည်လည်း မည်းနက်သွားကြပြီး သူတို့သာ်လည်း ထိုဝိညာဥ်ခြွေလက်ချောင်းကို အသုံးပြုလိုက်ကြသည်။

ထိုဝိညာဥ်ခြွေလက်ချောင်းများစွာ၏ စွမ်းအားများကြောင့် ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားရတော့သည်။ သူနှင့်အတူ သူ၏တာအိုကိုယ်ပွားများမှာ နောက်သို့ဆုတ်လိုက်ကြရသည်။

သို့သော် ဝိညာဥ်ခြွေလက်ချောင်းများမှာ ၎င်းတို့၏ ပစ်မှတ်ကို မှတ်သားထားပြီးဖြစ်၍ သူပင် နောက်ဆုတ်သွားစေကာမူ မလွတ်မြောက်နိုင်ပေ။ သံယောဇဥ်မဲ့လူသား၏လက် ကျဆင်းလာပြီး ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံး တုန်ရီသွားတော့သည်။ လက်ပေါင်း တစ်သန်းရှစ်သောင်းတိတိ ကျဆင်းလာကြပြီး စွမ်းအားများ ပေါက်ကွဲပေါ်ထွက်လာတော့သည်။

ထိုသို့ အန္တရာယ်နှင့် ကြုံတွေ့နေရသည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် အော်ဟစ်ကာ ထာဝရအတွဲကို အပြည့်အဝလည်ပတ်စေလိုက်ပြီး တောင်ဖြိုသိုင်း၊ ထာဝရပြုစားခြင်းအတတ်နှင့် အဆုံးတွင် လည်မျိုဖမ်းဆုပ်ကွက်တို့အားလုံးကို အသုံးပြု၍ ဝိညာဥ်ခြွေလက်ချောင်းကို ပြန်လည်တိုက်ခိုက်လိုက်တော့သည်။

သူ၏တစ်သန်းရှစ်သောင်းသော တာအိုကိုယ်ပွားများမှာလည်း ထိုသို့တိုက်ခိုက်လိုက်ကြသဖြင့် ပတ်ပတ်လည်ရှိ အပျက်အစီးများထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားကြသည်။

ဤကြယ်တာရာကောင်းကင်ထဲတွင် ထိုအသံထက်ပို၍ကျယ်သောအသံ မထွက်ပေါ်ခဲ့ဖူးပေ။ အတန်ငယ်အကြာတွင် ပိုင်ရှောင်ချန်း၏ တာအိုကိုယ်ပွားများအားလုံး နောက်သို့ဒယိမ်းဒယိုင်ဖြစ်သွားကြပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်ကာ ခန္ဓာကိုယ်များ ဖရိုဖရဲဖြစ်သွားကြသလို သက်စောင့်အားများမှာလည်း ပျက်စီးလုမတတ် ဖြစ်သွားကြတော့သည်။ ဝိညာဥ်ခြွေလက်ချောင်း၏ တုန်လှုပ်ခြောက်ခြားဖွယ်အစွမ်းကို သူ၏ထာဝရအတွဲက မယှဥ်နိုင်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။ ထိုတိုက်ကွက်မှာ သူ၏ဝိညာဥ်ကိုပင် တုန်ခါသွားစေခဲ့သည်။

ဝိညာဥ်ခြွေလက်ချောင်းဖြင့် ပိုင်ရှောင်ချန်းနှင့် သူ၏တာအိုကိုယ်ပွားများအားလုံးကို ထိုးနှက်ပြီးသွားသည်နှင့် သံယောဇဥ်မဲ့လူသားက အေးစက်စက်လှမ်းကြည့်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော နောက်ဆက်တွဲ တိုက်ကွက်တစ်ကွက်ကို ထပ်မံထုတ်ဖော်ရန် ဟန်ပြင်လိုက်လေသည်။

" ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် … "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။

" ငါ သေချာပေါက် သေတော့မှာပဲ "

All Chapters