← Chapters

အချိန်ခရီးသွားတိုက်ပွဲ

Vol. 13 Ch. 1298

အချိန်ခရီးသွားတိုက်ပွဲ

Vol. 13 Ch. 1298

" ဒီအတိုင်းဆို အဆင်မပြေတော့ဘူး... " ပိုင်ရှောင်ချန်းက တွေးလိုက်သည်။

" အပျက်အစီးပေါင်း တစ်သန်းရှစ်သောင်းနဲ့ လောက်မှာ မဟုတ်ဘူး။ ငါ သံယောဇဥ်မဲ့လူသားကို အနိုင်ယူချင်တယ်ဆိုရင် ပြင်ပစွမ်းအားတွေ ပိုပြီး လိုအပ်တယ် ... "

သူသည် နီမြန်းနေသော မျက်ဝန်းများဖြင့် အော်ဟစ်လိုက်တော့သည်။

" ပဝေသဏီအတွဲ "

ပဝေသဏီအတွဲတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်သုတ္တန်များ ပါရှိကာ အချိန်အနှစ်သာရပေါ်တွင် အခြေခံထားကြသည့် နတ်ဘုရားအတတ်များ ဖြစ်ကြသည်။

ပိုင်ရှောင်ချန်းမှာ မိုးမြေဧကရာဇ်တစ်ပါး မဖြစ်သေးခင်က ထိုသုတ္တန်များ၏စွမ်းအားများကို ပေါင်းစည်း၍ ပဝေသဏီအတွဲ၏ စစ်မှန်သော စွမ်းအင်ကို မထုတ်သုံးနိုင်ခဲ့ပေ။

ယခု မိုးမြေဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်၍ အနှစ်သာရနှင့် ကျင့်ကြံခြင်းအခြေခံနှစ်ခုစလုံးကို ပို၍ ကောင်းမွန်စွာ ထိန်းချုပ်နိုင်နေပြီဖြစ်ရာ ယခင်က အနေအထားနှင့် လုံးဝ မတူတော့ပေ။

ပဝေသဏီအတွဲ၏ ပေါင်းစည်းထားသော စွမ်းအားနှင့်ပတ်သတ်၍ ပိုင်ရှောင်ချန်းပင် သေသေချာချာ မသိပေ။ သို့သော် ၎င်းကို သူ ဖန်တီးထားသည်ဖြစ်၍ အရိပ်အမြွက်မျှတော့ ပုံဖော်နိုင်ခဲ့သည်။

ယခင်က ပဝေသဏီအတွဲ၏ စွမ်းဆောင်နိုင်ရည်များအပေါ် ထားရှိခဲ့သည့်် သူ၏ယူဆချက်များမှာ အလွန်တရာမှ အဓိပ္ပါယ်မရှိနိုင်ဟု ထင်မိခဲ့သည်။ သို့သော် ယခုတွင်မူ သူသည် အချိန်အနှစ်သာရကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီဖြစ်၍ သူ၏စိုးရိမ်ကြောင့်ကြမှုများ မှားယွင်းနေနိုင်ကြောင်း ရုတ်တရက်ဆိုသလို ရိပ်မိသွားတော့သည်။

" အတိတ် "

သူက အော်ဟစ်လိုက်ပြီး သူ၏နဖူးကို တို့ထိလိုက်သည်။ ချက်ချင်းပင် သူ၏မှတ်ဉာဏ်များက မှော်သင်္ကေတများအသွင် ပြောင်းလဲသွားပြီး ဝဲကေတာ့ကဲ့သို့ လည်ပတ်ကာ လေပွေတစ်ခုကို ဖန်တီးလိုက်တော့သည်။

" ပစ္စုပ္ပန် "

ရှင်သန်ခြင်းနှင့်သေခြင်းတရား ဂိတ်တံခါးများ ပေါ်ထွက်လာသည်။ ဂိတ်ပေါက်တစ်ပေါက်မှာ သံယောဇဥ်မဲ့လူသား၏နောက်တွင်ဖြစ်ပြီး အခြားတစ်ပေါက်မှာ သူ၏နောက်တွင် ဖြစ်သည်။

" အနာဂတ် "

ယခုတွင် သံယောဇဥ်မဲ့လူသား ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့၏ ကံကြမ္မာများမှာ ရစ်ပတ်နှောင်ချည်သွားပြီ ဖြစ်သည်။ ထို့အပြင် သံယောဇဥ်မဲ့လူသားမှာ ထိုချိတ်ဆက်မှုအား ဖြတ်တောက်နိုင်စွမ်း ရှိပါသော်လည်း ပိုင်ရှောင်ချန်းက သူ့အား အချိန်မပေးပေ။ သူသည် ရပ်တန့်မနေပဲ သူ၏နဖူးကိုတို့ထိလိုက်ပြီး တဆက်တည်း သံယောဇဥ်မဲ့လူသားအား လက်ညှိုးထိုးလိုက်သည်။

" ပဝေသဏီ၊ ထာဝရတည်မြဲခြင်း။ ပေါင်းစည်းစေ "

ပိုင်ရှောင်ချန်းအား ဝန်းရံနေသည့် လေပွေကြီးမှာ အရွယ်အစားကြီးမားလာပြီး တဂျုန်းဂျုန်းမြည်ဟည်းသံများ ပေါ်ထွက်လာတော့သည်။ ထိုလေပွေကြီးမှာ တစ်နည်းနည်းဖြင့် အခြားအမျိုးအမည်မသိနိုင်သော နေရာတစ်ခုနှင့် ချိတ်ဆက်နေသည့်ပုံပင်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းနှင့် သံယောဇဥ်မဲ့လူသားတို့၏ ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်ကြီး တွန့်လိမ်ကွေးကောက်ကာ လည်ပတ်လာတော့သည်။ ထို့နောက် ထူးဆန်းသော ပုံရိပ်များနှင့် မြင်ကွင်းများဖြင့် ပြည့်နှက်နေသည့် အချိန်မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့သည်။

ထိုအချိန်မုန်တိုင်းနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပေါ်ထွက်လာပြီး သံယောဇဥ်မဲ့လူသား၏ ဇီဝိန်ခြွေလက်ချောင်းနှင့်အတူ ကြယ်တာရာကောင်းကင်ထဲရှိ ကမ္ဘာပေါင်း တစ်သန်းရှစ်သောင်းထဲတွင် ရှိနေကြသော သူ၏တာအိုကိုယ်ပွားများထံမှ ထွက်ပေါ်လာသည့် တိုက်ကွက်များမှာ အားအင်လျော့နည်းသွားကြတော့သည်။

" အချိန်နဲ့အာကာသ မြစ်ပါလား "

သံယောဇဥ်မဲ့လူသား၏ နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။

" မဖြစ်နိုင်တာ။ ခဏနေပါဦး။ ဒါ အချိန်နဲ့အာကာသမြစ် မဟုတ်ဘူးပဲ။ ဒါက ... အချိန်နဲ့အာကာသမြစ်ရဲ့ အပြင်ဘက်မှာ တည်ရှိနေတာပါလား "

ထိုစဥ် သူတို့၏ပတ်ပတ်လည်ရှိ လေပွေများမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး အရာအားလုံး နဂိုအတိုင်း ပြန်ဖြစ်သွားသဖြင့် ပိုင်ရှောင်ချန်းမှာ တအံ့တသြ ဖြစ်သွားတော့သည်။ သို့သော် မကြာခင် ခပ်လှမ်းလှမ်းရှိ ယခင်က ကြယ်တာရာကောင်းကင်ကင်ထဲရှိ ထာဝရပန်းပွင့် ရှိခဲ့ဖူးသည့်နေရာတွင် ကြီးမားသော မကောင်းဆိုးဝါးတစ္ဆေစစ်တပ်ကြီးတစ်တပ် ပေါ်ထွက်လာသဖြင့် နှစ်ယောက်စလုံး အံ့သြတုန်လှုပ်သွားကြသည်။

ထိုစစ်တပ်၏နောက်ရှိ ဧရာမဘီလူးကြီးတစ်ကောင်က ထာဝရပန်းပွင့်ဆီသို့ ဦးတည်လာနေသည်။

ထိုဘီလူးကြီးကား သံယောဇဥ်မဲ့လူသားပင်။

ဤသည်မှာ အတိတ်က သံယောဇဥ်မဲ့လူသားက ရှိရှိသမျှအရာအားလုံးကို ဖျက်ဆီးခဲ့ပြီးနောက် ထာဝရပန်းပွင့်ဆီသို့ ရောက်ရှိလာခဲ့သည့် ဖြစ်ရပ်၏ ပုံရိပ်တစ်ခုပင်။

ပဝေသဏီ၊ ထာဝရတည်မြဲခြင်းမှာ အတိတ်၊ပစ္စုပ္ပန်နှင့် အနာဂတ်တို့၏ ပေါင်းစည်းမှု ဖြစ်သည်။ ၎င်းမှာ သမိုင်းကိုပြန်၍ ဆင့်ခေါ်ပြီး အတိတ်သို့ သွားကြည့်နိုင်သည့် တာအိုမှော်အတတ် တစ်ခုပင် ဖြစ်သည်။

သို့သော် ၎င်းမှာ ဒဏ္ဍာရီလာ အချိန်နှင့်အာကာသမြစ် နှင့် မတူညီပေ။ ထိုမြစ်ထဲသို့ ဝင်ရောက် လိုက်ပါက အတိတ်သို့ပြန်၍သွားကာ ထိုအတိတ်အား ပြောင်းလဲနိုင်သည်ဟု ဒဏ္ဍာရီများထဲတွင် ဖော်ပြခဲ့ပေသည်။ သို့သော် မည်သူမှတော့ ထိုသို့ မလုပ်ခဲ့ဖူးပေ။ သံယောဇဥ်မဲ့လူသားပင် ထိုအချိန်နှင့်အာကာသမြစ်ထဲသို့ မဝင်ရောက်နိုင်ခဲ့ပေ။

ပုံမှန်ဆိုလျှင် ပိုင်ရှောင်ချန်း၏ ပဝေသဏီအတွဲမှာလည်း ထိုသို့ဝင်ရောက်နိုင်မည်တော့ မဟုတ်ပေ။ ၎င်းမှာ ထိုမြစ်၏ ပုံရိပ်ကို ထင်ဟပ်စေနိုင်သည့် မှန်တစ်ချပ်နှင့် ပို၍ဆင်တူသည်။ သို့သော်လည်း ထိုသို့ထင်ဟပ်လာသည့် ပုံရိပ်က အတုအယောင်တော့ မဟုတ်ပေ။

မည်သူမှ အတိတ်ကို ပြန်၍မပြောင်းလဲနိုင်ပါသော်လည်း အကယ်၍ ဤအတိတ်ပုံရိပ်ထဲရှိ ဖြစ်ရပ်နှင့်သတ္တဝါများကြောင့် တစ်စုံတစ်ယောက်သာ ဒဏ်ရာရသွားခဲ့မည်ဆိုပါက ဤမှန်ကြီးပျောက်ကွယ်သွားသည့်တိုင်အောင် ထိုဒဏ်ရာများမှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ပိုင်ရှောင်ချန်းတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် သူတစ်ယောက်ထဲအားဖြင့် သံယောဇဥ်မဲ့လူသားကို အနိုင်ယူနိုင်မည်မဟုတ်သလို သူ၏တစ်သန်းရှစ်သောင်းသော တာအိုကိုယ်ပွားများမှာလည်း အနိုင်ရနိုင်မည် မဟုတ်ကြောင်း သိထားသည်။ ထို့ကြောင့် ပြင်ပမှအကူအညီကို သူ လိုအပ်ပေသည်။ ထိုသို့ဖြင့် သူ၏ပဝေသဏီအတွဲကို အသုံးပြု၍ အတိတ်သို့ပြန်သွားကာ ထိုအတိတ်ထဲတွင် အနိုင်ယူနိုင်မည့် နည်းလမ်းတစ်ခုကို သွား၍ရှာဖွေလိုက်ခြင်း ဖြစ်သည်။

" ဒီနေရာမှာ မင်းက တိုက်ချင်တာလား "

သံယောဇဥ်မဲ့လူသားက မေးလိုက်သည်။ ထို့နောက် သူက ရယ်မောလိုက်ပြီး ထာဝရအင်မော်တယ်နယ်မြေများ၏ အထက်တွင် ရှိနေသည့် သူ၏ပုံရိပ်ဆီသို့ လက်ကိုဆန့်ထုတ်လိုက်သည်။ ထိုအခြားသော သံယောဇဥ်လူသားမှာမူ သူ့အား ေကြောင်အန်းအန်းဖြင့် လှမ်းကြည့်လိုက်သည်။ ထိုအခိုက် အတိတ်မှ သံယောဇဥ်မဲ့လူသား၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးခိုးများ ရုတ်တရက် ဒလဟောထွက်လာပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာများစွာအသွင် ပြောင်းလဲသွားသဖြင့် ပိုင်ရှောင်ချန်း တုန်လှုပ်သွားရသည်။ ထို့နောက် ထိုမျက်နှာများမှာ ပစ္စုပ္ပန်မှ သံယောဇဥ်မဲ့လူသား၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာကြတော့သည်။

" မဟုတ်သေးပါဘူး... "

ပိုင်ရှောင်ချန်းမှာ ရှုံ့မဲ့နေတော့သည်။ သူက ပဝေသဏီအတွဲကို အသုံးပြုထားခဲ့သဖြင့် အလွန်အမင်း အားအင်ကုန်ခန်းနေပြီ ဖြစ်သော်လည်း အံကိုကြိတ်လိုက်ပြီး အချိန်ကို ထပ်မံပြောင်းလဲလိုက်ပြန်သည်။

ထိုအခါ ထစ်ချုန်းသံများ မြည်ဟည်းလာကာ သူနှင့် သံယောဇဥ်မဲ့လူသားတို့နှစ်ယောက်စလုံး၏ ပတ်ပတ်လည်တွင် နောက်ထပ်လေပွေတစ်ခု ပေါ်ထွက်လာပြီး ကြယ်တာရာကောင်းကင်ကြီးအား ဖုံးလွှမ်းသွားသဖြင့် အမြင်အာရုံနှင့် နတ်ဘုရားအာရုံများကို အသုံးပြု၍ မရနိုင်လောက်အောင် ဖြစ်သွားသည်။ အခြေအနေများ သာမန်အတိုင်း ပြန်ဖြစ်သွားသောအခါ သူတို့က အတိတ်ကာလရှိ အခြားအချိန်တစ်ခုဆီသို့ ရောက်သွားကြပြီး သူတို့၏ပတ်ပတ်တွင် ဟင်းလင်းပြင်ကြီးမှလွဲ၍ မည်သည့်အရာမှ မရှိပေ။

" ကစားလို့ ပြီးပြီလား "

သံယောဇဥ်မဲ့လူသားက စိတ်မပါလက်မပါ မေးလိုက်သည်။ ထို့နောက် သူက အချိန်ကိုထပ်မံပြောင်းလဲရန် ကြိုးစားနေသော ပိုင်ရှောင်ချန်းထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ အားအင်ပြန်ပြည့်ရန် အချိန်အနည်းငယ်ခန့် လိုအပ်နေသေးသည်ဖြစ်၍ သူက နောက်သို့သာ ဆုတ်ခွာလိုက်ရတော့သည်။ သံယောဇဥ်မဲ့လူသားက သူ့ကို တစ်ချက်ထိုးနှက်လိုက်သဖြင့် တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာပြီး သူ့ပါးစပ်ထဲမှ သွေးများပန်းထွက်ကာ နောက်သို့ လူးလွန့်သွားရတော့သည်။ သို့ပေမည့် သူက အချိန်ကိုထပ်၍ပြောင်းလဲရန် စွမ်းအားအလုံလောက် ပြန်ရသွားပြီဖြစ်သည်။

ထိုသို့ဖြင့် သူနှင့် သံယောဇဥ်မဲ့လူသားတို့မှာ အတိတ်ရှိ အချိန်ကာလအမျိုးမျိုးထဲတွင် ခေါက်တုံ့ခေါက်ပြန် ကူးပြောင်းနေကြတော့သည်။ ပိုင်ရှောင်ချန်းမှာ သူ အသာစီးရပြီး အနိုင်ရရှိနိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေပါသော်လည်း ကံမကောင်းစွာပင် သူက အတိတ်ကိုကြည့်ရုံမျှသာ ကြည့်နိုင်ပြီး မပြောင်းလဲနိုင်ပေ။ ထို့အပြင် သူ ပြန်၍ပေါ်ထွက်လာသည့် အချိန်တိုင်း ထပ်၍ထွက်ပြေးနေရသည်သာ ဖြစ်သည်။

သူသည် သူရှာဖွေနေသော အခွင့်အလမ်းကို ရှာမတွေ့ခဲ့ပါသော်လည်း သံယောဇဥ်မဲ့လူသားက ဝှက်ဖဲများစွာကိုအသုံးပြု၍ သူ့အားသတ်ရန်ကြိုးစားခဲ့သည် ဖြစ်ရာ ဤကဲ့သို့ အချိန်ခရီးသွားနေခြင်းမှာ သူ့ကိုယ်သူကာကွယ်နိုင်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်နေတော့သည်။

သံယောဇဥ်မဲ့လူသား၏ မျက်နှာအမူအရာမှာမူ ပို၍ တင်းမာလာပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ခံဘက်မှဖြစ်နေသည်ဟု ခံစားနေရပါသော်လည်း သံယောဇဥ်မဲ့လူသားသည်လည်း ထိုနည်းတူ ခံစားနေရပေသည်။ ဤကဲ့သို့ အချိန်ခရီးသွားနေခြင်းမှာ သူ့အား ဆိုးဆိုးရွားရွား ထိခိုက်အောင် မလုပ်နိုင်ပါသော်လည်း ပိုင်ရှောင်ချန်းအား မသတ်နိုင်ပဲ ဖြစ်နေရသည့်အတွက် တဖြည်းဖြည်းနှင့် မခံမရပ်နိုင်အောင် ဖြစ်လာရတော့သည်။

" ဒီကောင် ဘာကောင်တုန်း။ သူ့ကျင့်ကြံခြင်းလမ်းစဥ်က သူ့ကို ဒီအဆင့်ထိ ခေါ်လာနိုင်တာကို ကြည့်ရုံနဲ့ သူက သာမန်လူတစ်ယောက်မဟုတ်ဘူးဆို တာ သိနိုင်တယ်။ ပြီးတော့ သူက ငါ့လို ကိုယ်ပိုင်တာအိုကို ရှာဖွေခဲ့လို့ အဲဒီအပိုင်းမှာ ငါနဲ့တူတူပဲ။ ဒါပေမဲ့ ဘာလို့သူနဲ့တိုက်ခိုက်ရတာက ကလေးကလားဆန်နေရတာတုန်း "

သံယောဇဥ်မဲ့လူသားမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ အမြီးတက်နင်းခံလိုက်ရသော ကြွက်တစ်ကောင်ကဲ့သို့ ဖမ်းရခက်လွန်းလှသည့် ပိုင်ရှောင်ချန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။

ပို၍ဆိုးဝါးသည်မှာ ပိုင်ရှောင်ချန်းသည် သူတို့အချိန်ခရီးသွားနေစဥ်အတွင်း သံယောဇဥ်မဲ့လူသားက သူ့အား အန္တရာယ်မပြုနိုင်ကြောင်းကို သိရှိလိုက်သဖြင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်လာခြင်းပင်။

" ဟေး သံယောဇဥ်မဲ့လူသားကြီး … ဆွေးနွေးညှိနှိုင်းရအောင်လား။ ခင်ဗျားကလည်း ကျုပ်ကိုမသတ်နိုင်၊ ကျုပ်ကလည်း ခင်ဗျားကိုမသတ်နိုင်ဆိုမှတော့ ကျုပ်တို့တွေ ကျေအေးလိုက်ရအောင်လား "

" ခင်ဗျားကိုယ်ခင်ဗျား ပြန်နိုးထလာအောင် လုပ်ဖို့ မလွယ်ကူခဲ့ဘူးဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ရဲ့အိမ်ကို တကယ်ကြီး စားမှရမှာလားဗျ။ ဒီလိုလုပ်ဗျာ … ခင်ဗျားက ထာဝရအင်မော်တယ်နယ်မြေတွေကို ဘယ်တော့မှ မထိနဲ့တော့။ အဲဒါဆို ကျုပ်တို့နှစ်ယောက် မိတ်ဆွေဖွဲ့လို့ရပြီလေ "

" ဒီလို တိုက်ခိုက် သတ်ဖြတ်နေစရာ မလိုပါဘူးဗျာ။ အဆင်ပြေအောင် လုပ်လို့ရတဲ့ အခြားနည်းတွေအများကြီးပါ။ ခင်ဗျားဆီမှာ ဘာအခက်အခဲတွေရှိရှိ ကျုပ်တို့ ဖြေရှင်းနိုင်မှာပါ။ လာပါလာပါ။ ဆွေးနွေးကြတာပေါ့။ ခင်ဗျား ထာဝရအဆင့်ကို ရောက်နိုင်မဲ့ နည်းလမ်းတစ်ခုခုလောက် ကျွန်တော်တို့ ရှာတွေ့မှာပါ "

" ကဲ လုပ်စမ်းပါ။ ကျုပ်ကို စကားပြန်ပြောပါဦး "

ပိုင်ရှောင်ချန်းက ထိုသို့ တတွတ်တွတ် အဆက်မပြတ် ပြောနေစဥ် သံယောဇဥ်မဲ့လူသားမှာ ဒေါသအမျက်ချောင်းချောင်းထွက်ကာ သူ၏မျက်နှာကြီး အစိမ်းရောင် သန်းလာရတော့သည်။

" ပါးစပ်ပိတ်ထားစမ်း "

ပိုင်ရှောင်ချန်းမှာ လန့်ဖျန့်သွားပြီး အလျင်အမြန်ပင် အချိန်ကိုထပ်၍ ပြောင်းလဲကာ သူနှင့်သံယောဇဥ်မဲ့လူသားတို့အား အတိတ်သို့ထပ်၍ ခေါ်သွားပြန်တော့သည်။ သူတို့ ပြန်ပေါ်လာသောအခါတွင် အချိန်အတိအကျမသိသော ကာလတစ်ခုသို့ ရောက်နေသည်ဖြစ်ပြီး သူတို့ ဆက်၍ တိုက်ခိုက်နေကြတော့သည်။

ထိုစဥ် အပျက်အစီးအစုအဝေးပေါင်း တစ်သန်းရှစ်သောင်းတိတိထဲတွင် သူတို့၏ တာအိုကိုယ်ပွားများမှာ အသေအကျေ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

အကြိမ်ပေါင်းများစွာ အချိန်ခရီးသွားကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် သံယောဇဥ်မဲ့လူသားမှာ ရူးသွပ်လုမတတ် ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာလည်း စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စပြုလာပြီ ဖြစ်သည်။ ထာဝရပန်းပွင့်ကိစ္စနှင့်ပတ်သတ်၍ သံယောဇဥ်မဲ့လူသားနှင့်ညှိနှိုင်းရန် သူ ဆက်လက်ကြိုးစားခဲ့ပါသော်လည်း မထူးခြားပေ။ နောက်ဆုံးတွင် သူက အစမှနေ၍ ယခုအထိသွားခဲ့ဖူးသည့် အကြိမ်များထက် ပို၍အလှမ်းကွာဝေးသော အချိန်ကာလတစ်ခုသို့ သွားနိုင်ရန်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံထဲမှ စွမ်းအားများကို ပို၍ထုတ်သုံးလိုက်တော့သည်။

All Chapters